အခန်း (၄၁၂)
Vol. 28 Ch. 412
သို့သော် ၎င်းက အစသာရှိသေးသည်။
မိုးကြိုးချီလင်က ဟိန်းဟောက်လိုက်၏။ ၎င်းက စစ်မှန်သော သက်ရှိ ချီလင်မဟုတ်ဘဲ ကောင်းကင်ဘုံ၏ အလိုဆန္ဒကြောင့် မိုးကြိုးကပ်ဘေးမှ ဖြစ်ပေါ်လာခြင်းဖြစ်ပေသည်။
သို့သော် ၎င်းထံမှ ကောင်းကင်နှင့် မြေပြင်အား ဖျက်ဆီးနိုင်သော စွမ်းအားများ ပိုင်ဆိုင်ထား၏။
တစ်ချက်ရိုက်ခံလိုက်ရတိုင်း ရွှမ်ယီ အပြင်းအထန်ဒဏ်ရာရသွားပြီး စိတ်ဝိညာဉ်ဒြပ်စင်များ အဆက်မပြတ် ပေါက်ကွဲနေခဲ့သည်။
အမွှေးတိုင် တစ်ချောင်းစာအချိန်အတွင်း သူ၏ စိတ်ဝိညာဉ်ဒြပ်စင် (၃၆)ခု ပျက်စီးသွားခဲ့ချေပြီ။
သို့သော် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရပြီး ဒဏ်ရာများရနေသည့်တိုင် ရွှမ်ယီက ဂရုမစိုက်ခဲ့ချေ။ မျက်နှာထက်၌ အပြုံးတစ်ခုပင် ရှိနေခဲ့၏။
‘ မပျက်စီးဘဲ ဘယ်လို အသစ်ပြန်တည်ဆောက်နိုင်မှာလဲ…”
ကျင့်ကြံမှုအား ကိုယ့်ဟာကိုယ် ဖျက်ဆီးရန်ထက် မိုးကြိုးကပ်ဘေးကို အားကိုးခြင်းက ပို၍ လွယ်ကူပေသည်။
ထို့အပြင် မိုးကြိုးဝိညာဉ် ချီလင် တိုက်ခိုက်လိုက်တိုင်း ပြစ်ဒဏ်လျှပ်စီးများအတွင်း၌ ပါ၀င်သော ဥပဒေသစွမ်းအားများက သူ့ကို ပို၍ တိုးတက်လာစေ၏။
ဘန်း…
စိတ်ဝိညာဉ်ဒြပ်စင်များ အားလုံး ပျက်စီးသွားချေပြီ။
ရုတ်တရက် ရွှမ်ယီ၏ ခန္ဓာကိုယ်မှ အနှိုင်းမဲ့ တောက်ပသော အလင်းများ ထွက်ပေါ်လာခဲ့သည်။
ဝုန်း…
နီဗားနားကျင့်စဉ်ကလည်း စတင်၍ လည်ပတ်လာ၏။
ထိုအခိုက်အတန့်တွင် ဟွမ်ဂျီဆုဒြာဖြင့် ဖွဲ့စည်းတည်ဆောက်ခဲ့သော အပ်စိုက်မှတ်ပေါင်း (၄၈၀၀၀)က နီဗားနား ကျမ်းစာ၏ ပုံစံသို့ လုံး၀ကူးပြောင်းသွားခဲ့သည်။
ရွှမ်ယီ၏ ပတ်၀န်းကျင်တွင် ဧရာမစုပ်ဝဲကြီးတစ်ခု ဖြစ်ပေါ်လာ၏။
နီဗားနားကျမ်းစာ၏ စွမ်းအားများ စတင်ပျံ့နှံ့လာသည့်နှင့် တစ်ပြိုင်နက် ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်ချီစွမ်းအားများအား အရူးအမူးစုပ်ယူတော့သည်။
ထို့နောက် ရွှမ်ယီ၏ နောက်ကျောဘက် ကောင်းကင်ထက်၌ ယခင် စိတ်ဝိညာဉ်ဒြပ်စင်များထက် ပိုမိုတောက်ပသော ကြယ်အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။
တစ်ဖျတ်ဖျတ်လက်နေသော ရွှေရောင်ကြယ်တစ်ပွင့်( ရွှေရောင်စိတ်ဝိညာဉ်ဒြပ်စင်)….
ရွှမ်ယီက ကောင်းကင်ထက်၌ တင်ပလင်ခွေထိုင်နေခဲ့ပြီး မိုးကြိုးဝိညာဉ်အား ၀င်မလာနိုင်စေရန် အစွမ်းကုန် တားဆီးထားခဲ့သည်။
လက်ရှိအချိန်တွင် နတ်အလင်းများဖြင့် တောက်ပနေသော သူ၏ ပုံစံက အင်မော်တယ် နတ်ဘုရားတစ်ပါးအလားပင်။
ကောင်းကင်ထက်၌ တင်ပလင်ခွေထိုင်နေခဲ့ပြီး ကောင်းကင်နှင့် မြေပြင်အကြားမှ စိတ်ဝိညာဉ်ချီစွမ်းအင်များအား အရူးအမူး ဝါးမျိုးနေခဲ့သည်။
ရွှစ်.. ရွှစ်…ရွှစ်…
သူ၏ ရုပ်ခန္ဓာကိုယ် ပြန်လည်တည်ဆောက်နေခဲ့ပြီး စိတ်ဝိညာဉ်ဒြပ်စင်များလည်း ဖွဲ့စည်းနေခဲ့သည်။
မိုးကြိုးဝိညာဉ်က စိတ်မရှည်တော့သည့်အလား ရှေ့သို့တိုး၀င်လာသည်နှင့်အမျှ ရွှမ်ယီ၏ အရှိန်အဝါကလည်း ပိုမိုအားကောင်းလာနေသည်။
မျက်စိတစ်မှိတ်အတွင်း ကောင်းကင်ထက်၌ ရွှေရောင်ကြယ်ကိုးလုံး ရှိနေခဲ့ချေပြီ။
မီတာ(၁၀၀၀)ပတ်လည်မှ စိတ်ဝိညာဉ်ချီစွမ်းအင်များလည်း ကုန်ခမ်းသွားပြီဖြစ်၏။
“ အခု မင်းအလှည့်ပဲ…”
ရွှမ်ယီက အေးစက်သော အပြုံးတစ်ခုနှင့်အတူ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူ့နောက်ကျောဘက်တွင် ဓားရှည်(၇)ချောင်း အစီအရီ ရှိနေခဲ့၏။
ထို့နောက် ၎င်းတို့အား မိုးကြိုးချီလင်ထံသို့ ဦးတည် ပစ်လွှတ်လိုက်လေသည်။
အလွန်တောက်ပသော မိုးကြိုးလျှပ်စီးများက ကောင်းကင်နှင့် မြေပြင်တစ်ခွင်လုံး ဖုံးလွှမ်းနေပြီး ၎င်းတို့ထံ၌ အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များ ပါဝင်နေခဲ့သည်။
လူတိုင်း ထိတ်လန့် အံ့ဩစွာဖြင့် လျှပ်စီးပင်လယ်ကြီးအား လှမ်းကြည့်နေကြ၏။ လက်ရှိအချိန်တွင် မည်သူမှ စကားမပြောနိုင်လောက်အောင် အံ့အားသင့်နေခဲ့ကြသည်။
ထိုအထဲတွင် မိုးတိမ်အင်ပါယာပင် ခြွင်းချက်မဟုတ်ပေ။
ထိုအချိန်တွင် ရွှမ်ယီက ရုတ်ရက် လျှပ်စီးပင်လယ်၏ အလယ်ဗဟိုမှ ကောင်းကင်ထက်သို့ အရှိန်အဟုန်ပြင်းစွာ ခုန်တက်သွားပြီး မိုးကြိုးဝိညာဉ်ထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး ပတ်ဝန်းကျင်မှ မြေပြင်များ အက်ကွဲကာ တောင်များလည်း ပြိုကျသွား၏။
ရွှမ်ယီ၏ ဦးခေါင်းထက်တွင် နေငယ်လေးများကဲ့သို့ ရွှေရောင်ဒြပ်စင် (၁၈) ခုရှိနေခဲ့သည်။
နီဗားနား ကျမ်းစာအား တစ်ကြိမ်လှည့်ပတ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲ၌ မိုးခြိမ်းသံကဲ့သို့ အသံများ ပဲ့တင်ထပ်သွားပြီး အလွန် ထုထည်ကြီးမားသော စိတ်ဝိညာဉ်စွမ်းအင်များအား သန့်စင်ပေးနေသည်။ ၎င်းက သူ၏ စွမ်းအင်ပြည့်ဖြိုးမှုကို အလွန်ကြောက်မက်ဖွယ်ကောင်းလောက်အောင် လျှင်မြန်စေပြီး အရှိန်အဝါများအား စစ်နတ်ဘုရားတစ်ပါးအလား မြင့်တက်သွားစေ၏။
“ အစောပိုင်း ကောင်းကင်ဘုရင်အဆင့်… ဒါပေမယ့်သူက အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူတွေနဲ့ ယှဉ်နိုင်စွမ်းရှိနေပြီ… (၇) သွယ်ဘုရင်လိုမျိုး အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူတွေပဲ သူနဲ့ အနည်းအပါး ယှဉ်နိုင်လိမ့်မယ်ထင်တယ်…”
တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် တစ်စုံတစ်ယောက်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
ရွှမ်ယီ၏ ကောင်းကင်ဘုရင်အဆင့်သို့ ချိုးဖျက်ခြင်းက အောင်မြင်သွားခဲ့ပြီး ဒဏ္ဍာရီများအတွင်း၌ မှတ်တမ်းတင်ထားရမည့် ကိစ္စတစ်ခုဖြစ်လာခဲ့သည်။
ထို့အပြင် ရွှမ်ယီက ၎င်းအား အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ယုံသာမက မဖြစ်နိုင်သော စံချိန်တစ်ခုသဖွယ်ဖြစ်သည့် သူ၏ စိတ်ဝိညာဉ်ဒြပ်စင်များကိုပင် ပြန်လည်တည်ဆောက်ခဲ့သေးသည်။
ယခုအချိန်တွင် သူ၏ အခြေခံအုတ်မြစ်က အတိုင်းအဆမရှိ ခိုင်ခံ့နေပြီဖြစ်၏။
သူက အစောပိုင်းကောင်းကင်ဘုရင်အဆင့်၌သာ ရှိသေးသော်လည်း အင်ပါယာတစ်ဝက်အဆင့်များပင် သူနှင့် ယှဉ်နိုင်ရန် မလွယ်ကူပေ။
ထို့အပြင် သူက အင်ပါယာတစ်ဝက်အဆင့်သို့ ရောက်ရှိရန်မှာ အချိန်တစ်ခုသာ လိုအပ်သည်။
ရွှမ်ယီသာ အင်ပါယာတစ်ဝက်အဆင့် ကျင့်ကြံသူဖြစ်လာပါက အင်ပါယာအဆင့် ကျင့်ကြံသူ (၃) ယောက်နှင့် တန်းတူ တောင်ပိုင်းတိုက်ကြီး၌ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ဖြစ်လာပေလိမ့်မည်။
ထို့အပြင် အင်ပါယာအဆင့် ကျင့်ကြံသူများက နှစ်ပေါင်းများစွာ တိတ်တဆိတ်ကျင့်ကြံနေတတ်ပြီး တောင်ပိုင်းတိုက်ကြီးမှ အရေးကိစ္စများကို ဝင်ရောက်စွတ်ဖက်ခဲသည်။ ၎င်းတို့က တောင်ပိုင်းတိုက်ကြီးမှ လူသားမျိုးနွယ်၏ ရှင်သန် ရပ်တည်ခြင်းနှင့် ပတ်သက်သော ကိစ္စများ ရှိလာမှသာ လှုပ်ရှားလေ့ရှိ၏။
တစ်နည်းအားဖြင့်ဆိုရလျှင် ရွှမ်ယီက လက်ရှိအချိန်တွင် တောင်ပိုင်းတိုက်ကြီး၌ နံပါတ် (၁) ပုဂ္ဂိုလ် ဖြစ်နေပြီးချေပြီ။
သို့သော် သူတို့ မသိကြသည်မှာ ရွှမ်ယီ၏ တိုက်ခိုက်နိုင်စွမ်းက သူတို့ မျှော်မှန်းထားသည်ထက် ပိုကောင်းနေသည်ကိုပင်။
ဤသို့ဖြင့် အချိန်(၃)ရက် ကုန်လွန်သွားခဲ့၏။
ရွှမ်ယီက အဆင့်ချိုးဖျက်ခဲ့ပြီးနောက် သူ၏သတ်ဖြတ်ခြင်းဓါး (၇) ချောင်းကို သန့်စင်ရန်အတွက် ရွှေနန်းတော်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
ထို ဓါး (၇) ချောင်းက လျှပ်စီးရေကန်ထဲတွင် နှစ်ခြင်းခံယူခဲ့ပြီးဖြစ်၏။ ထိုအထဲတွင် မူရင်းဖန်ဂျီဓါးက ရွှမ်ယီနှင့် အတူတကွ ကောင်းကင်အတိဒုက္ခကို ဖြတ်ကျော်ခဲ့သဖြင့် ၎င်း၏အဆင့်က တာအိုတစ်ဝက်အဆင့်သို့ ရောက်သွားချေပြီ။
ကျန် ဓါးရှည် (၆)ချောင်းက ဖန်ဂျီဓါးလောက် ကြော်မက်ဖွယ်ကောင်းသော တိုးတက်မှုမရှိသေးချေ။
သို့သော် ၎င်းတို့၏ ကိုယ်ထည်၌ တာအိုအမှတ်အသားများ စတင်ပေါ်ပေါက်နေချေပြီ။
သူ့ထံတွင် နတ်ဘုရားအရင်းအမြစ် ဂျင် (၁) သောင်းခန့်ရှိပါက ထို ဓါး (၆) ချောင်းအား တာအို တစ်ဝက်အဆင့်လက်နက်များ ဖြစ်လာအောင် မြှင့်တင်ပေးနိုင်မည်ဟု ရွှမ်ယီ ခန့်မှန်ထားသည်။
ထိုအချိန်တွင် ဓါး (၇) လက်ကို ပေါင်းစပ်လိုက်ပါက အဆင့်မြင့် အဆင့် (၇) လက်နက် ( တာအိုလက်နက် ) ထက် အားမနည်းလောက်ပေ။
သူ့ ခွန်အားကလည်း သူကိုယ်တိုင်မမျှော်လင့်ထားခဲ့သည့် အနေအထားသို့ တိုးတက်လာခဲ့၏။
ရွှမ်ယီက လက်သီးဆုပ်လိုက်ပြီး ခန္ဓာကိုယ်အတွင်း၌ စီးဆင်းနေသော စိတ်ဝိညာဉ်ယွမ် စွမ်းအားများကို ခံစားကြည့်လိုက်သည်။
သူတစ်ဖန်ပြန်လည်၍ တည်ဆောက်ထားသည့် ရွှေရောင်စိတ်ဝိညာဉ်ဒြပ်စင် (၁၈) ခုမှ ထုတ်ယူနိုင်သည့် စွမ်းအား ပမာဏက သူ ကောင်းကင်ဘုရင်အဆင့်သို့ ပထမအကြိမ် ပြီးပြည့်စုံစွာ ဖြတ်ကျော်ခဲ့သည်ကထက် များစွာ နည်းပါးနေခဲ့သည်။
အတိအကျ ဆိုရမည်ဆိုလျှင် သူကောင်းကင်ဘုရင်အဆင့်သို့ မချိုးဖျက်မီ ခန္ဓာကိုယ်အတွင်း၌ ရှိသော စိတ်ဝိညာဉ်ယွမ် စွမ်းအင်များထက်ပင် ပမာဏ လျော့နည်းနေခဲ့၏။
သို့သော် ထိုကဲ့သို့ တစ်သမတ်တည်း တွက်ချက်၍တော့မရချေ။
သူက မလှမ်းမကမ်းမှ တောင်အား လှမ်းကြည့်ပြီး ညာလက်အား အနည်းငယ်ပင့်မြှောက်လိုက်ကာ ရွှေရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ဘုန်း…
ထိုအချိန်တွင် အသံကျယ်ကြီးတစ်ခုနှင့်အတူ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး အပြင်းအထန်တုန်ခါသွားပြီး ကီလိုမီတာ (၁) ထောင်ဝန်းကျင်လောက်ရှိသော တောင်တန်းကြီးက ရွှမ်ယီ၏ အသာအယာလှုပ်ရှားမှုအောက်၌ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
တစ်ခု သိထားရန်လိုသည်က ရှေးဟောင်းစစ်မြေပြင်တွင်ရှိသော ဥပဒသစွမ်းအားများက အလွန်နက်ရှိုင်းများပြားသည်။ ဤနေရာမှ သာမန်တောင်များ ကျောက်တုံးများနှင့် အပင်များက ပြင်ပကမ္ဘာထက်များစွာ မာကျော၏။
အကယ်၍ ဤနေရာသာ ကျင့်ကြံသူများ လာရောက်လေ့ကျင့်သည့် လူထူထပ်သောနေရာဖြစ်ပါက သူ၏ လုပ်ရပ်ကြောင့် အကြီးအကျယ်ရုန်းရင်းဆန်ခတ် ဖြစ်သွားပေလိမ့်မည်။