← Chapters

အခန်း (၄၁၅)

Vol. 28 Ch. 415

အခန်း (၄၁၅)

Vol. 28 Ch. 415

မိုးတိမ်အင်ပါယာ၏ မျက်နှာက မီးသွေးတုံးအလား နက်မှောင်နေချေပြီ။

“ ရှီဟွမ်… သတိထားစမ်း… ရွှမ်ယီရဲ့ ခွန်အားကို အားလုံးသိပြီးသားပဲ… သူ့ကို ဘာကိစ္စ ခဏခဏ ရန်စနေရတာလဲ… မင်းမှာအဲ့လောက်တောင်မှ အချိန်နဲ့ စွမ်းအားတွေပေါနေရင် တောင်ပိုင်းတိုက်ကြီးကိုပြန်တော့… ငါ အင်ပါယာတစ်ဝက်အဆင့်ကျင့်ကြံသူတစ်ယောက် ထပ်ရှာလိုက်မယ်…”

မိုးတိမ်အင်ပါယာ အမှန်တကယ်ဒေါသထွက်သွားသည်ကိုမြင်လျှင် ခုနှစ်သွယ်ဘုရင် နောက်သို့ ပြန်ဆုတ်လိုက်၏။ သူမည်မျှ မောက်မာနေပါစေ မိုးတိမ်အင်ပါယာရှေ့တွင်တော့ ထိုသို့ လုပ်၍ မဖြစ်ချေ။

သူက နောက်သို့ဆုတ်ခွာလိုက်ပြီး ရွှမ်ယီအား မကျေနပ်မှုနှင့် အထင်အမြင်သေးမှုများ ရောယှက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့သည်။

မိုးတိမ်အင်ပါယာ မျက်မှောင်ကြုတ်သွား၏။

“ ဘာထပ်ပြောချင်သေးလဲ…? မယုံတာလား…? ဒါဆို မင်းရဲ့အောင်မြင်မှုတွေကို အားကိုးပြီး ယှဉ်ကြည့်လိုက်လေ…”

ထို အခါ ခုနှစ်သွယ်ဘုရင်က ချက်ချင်းပြောလိုက်သည်။

“ ကောင်းပါပြီ…”

ရွှမ်ယီကမူ ဘာကိုမှဂရုမစိုက်ဟန်ဖြင့် ပြုံးနေခဲ့သည်။

၎င်းကိုမြင်လျှင် ခုနှစ်သွယ်ဘုရင် တစ်စုံတစ်ခုအား ထပ်ပြောချင်လာ၏။

သို့သော် မိုးတိမ်ဘုရင်၏ မျက်နှာကို တစ်ချက်လှည့်ကြည့်လိုက်ပြီးနောက် စကားများအား ပြန်လည်မြိုချလိုက်လေသည်။

မိုးတိမ်အင်ပါယာနှင့် အတိုက်အခံမလုပ်ရဲပေ။

ထို့ကြောင့် သူ၏ အဖွဲ့သားများအား ခေါ်ဆောင်ပြီး အဆုံးမဲ့ပင်လယ်သို့ ဦးတည် ပျံသန်းသွားလိုက်တော့သည်။

ကျန်အင်ပါယာတစ်၀က်အဆင့် (၄)ယောက်လည်း ဆက်မနေကြတော့ဘဲ အဖွဲ့ကိုယ်စီနှင့် ထွက်ခွာသွားကြ၏။

ကျန်ရှိနေခဲ့သော ကောင်းကင်ဘုရင်(၆)ယောက်တို့က ၎င်းတို့ မျက်၀န်းများထဲမှ သံသယများအား ဖုံးကွယ်ရန်ကြိုးစားနေကြသော်လည်း အရာမထင်ခဲ့ပေ။

ရွမ်ယီအားကြည့်နေသော မျက်၀န်းများထဲ၌ သံသယများရှိနေဆဲပင်။

ထိုအရာများက ရွှမ်ယီ၏ မျက်လုံးအောက်မှ မလွတ်မြောက်ခဲ့ချေ။

သို့သော် ရွှမ်ယီက မည်သည့်စကားမှ မဆိုခဲ့ချေ။ ထို(၆)ယောက်က သူ့အမိန့်များကို နာခံရန်သာလိုအပ်၏။

ထို့နောက် ချက်ချင်း အဆုံးမဲ့ပင်လယ်ဘက်သို့ တစ်ယောက်တည်း ထွက်ခွာလာခဲ့လိုက်သည်။

ကျန်နေခဲ့သော (၆)ယောက် စိတ်ရှုပ်ထွေးစွာဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြ၏။ နောက်ဆုံးတွင် စိတ်ပိုင်းဖြတ်လိုက်ပြီး ရွှမ်ယီ နောက်သို့ အမြန်လိုက်ပါသွားကြ‌လေသည်။

သို့သော် အချိန်ဘယ်လောက်မှ မကြာလိုက်ဘဲ သူတို့နှလုံးသားထဲမှ သံသယများအားလုံး ကင်းရှင်းသွားခဲ့သည်။

“ ဘယ်လောက်တောင်ရှိသွားပြီလဲ…?”

အဆုံးမဲ့ပင်လယ်ထဲတွင် ရွှမ်ယီ၏အဖွဲ့ထဲမှ စုံစမ်းစစ်ဆေးခြင်း တာ၀န်ကိုယူထားသည့် ကောင်းကင်ဘုရင် နတ်မျက်စိက ခါးသီးသော အမူအရာဖြင့် နံဘေးမှ အဖော်ဖြစ်သူအား မေးလိုက်သည်။

အဖွဲ့၏ လှုပ်ရှားမှု ၊ အရှိန်အဝါနှင့် စွမ်းအင်ရိုက်ခတ်မှုများကို ထိန်းချုပ်သည့် တာ၀န်ယူထားသော ရွှမ်တန်၀မ်က နှလုံးသားထဲမှ ထိတ်လန့်မှုကို မြိုသိပ်ရင်း အဖြေပေးလိုက်၏။

“ ငါ မှတ်မိတာသာ မမှားရင် ဒါက (၁၃)ကြိမ်မြောက်ပဲ…”

ကျန်ကောင်းကင်ဘုရင်(၄)ယောက်လည်း တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်နေသော မျက်၀န်းများဖြင့် ကြည့်နေခဲ့ကြသည်။

သူတို့၏ ထိတ်လန့် တုန်လှုပ်မှုများ ဖြစ်ပေါ်လာရသည့် အရင်းအမြစ်မှာ သူတို့ရှေ့မှ လူဖြစ်ပေသည်။

၎င်းက စစ်နတ်ဘုရားတစ်ပါးအလားပင်။

သူတို့ အဆုံးမဲ့ပင်လယ်အတွင်းသို့ ၀င်ရောက်လာခဲ့ကြသည်မှာ နေ့၀က်မျှသာရှိသေး၏။

ထိုအချိန်အတွင်း ရွှမ်ယီက ပင်လယ်သားရဲ မျိုးနွယ် (၁၃)ခု ဖျက်ဆီးခဲ့ပြီးချေပြီ။

ထိုအထဲတွင် ကောင်းကင်ဘုရင်အဆင့်များ ဦးဆောင်သော အင်အားစု (၅)ခု ပါ၀င်သည်။

၎င်းတို့၌ ပင်လယ်သားရဲ အရေအတွက် သောင်းနှင့်ချီ ပိုင်ဆိုင်ထား၏။

သို့သော် ရွှမ်ယီ၏ ဓားချက်အောက်၌ အရေအတွက်က ဘာမှမဟုတ်ခဲ့ချေ။

(၁)ထောင်ဖြစ်စေ ၊ (၁)သောင်းဖြစ်စေ အတူတူသာဖြစ်၏။

ထိုအပြင် လက်ရှိသူတို့ရောက်ရှိနေသော နေရာက တောင်ပိုင်းတိုက်ကြီးမဟုတ်ချေ။ အဆုံးမဲ့ပင်လယ် ရေအောက်၌ဖြစ်၏။

ဤနေရာ၌ ပင်လယ်သားရဲများ၏ တိုက်ခိုက်နိုင်စွမ်းက ပုံမှန်ထက် မြင့်မားသည်။

ထို့အပြင် ထိုအင်အားစုများထံ၌ ထူးခြားသော အစီအရင်များကိုလည်း ပိုင်ဆိုင်ထားကြ၏။

သို့သော် ရွှမ်ယီ၏ ဓားရှေ့အောက်၌ ကာကွယ်ရေး အစီအရင်များ ၊ လျှို့ဝှက်ပညာရပ်များက လူကြီးတစ်ယောက်နှင့် ယှဉ်ပြိုင်နေသည့် ကလေးတစ်ယောက်အလားပင်။

၎င်းတို့၏ အားနည်းမှုက ဟာသတစ်ခုအလားထင်မှတ်ရ၏။

“ လျှို့ဝှက်ဘုရင်ရဲ့ ခွန်အားက ခုနှစ်သွယ်ဘုရင်အောက် မကျလောက်ဘူး…”

ကောင်းကင်ဘုရင်(၆)ယောက်လုံး တူညီစွာ တွေးတောနေခဲ့ကြသည်။

အံ့ဩ ထိတ်လန့်နေသည့် ကျန်(၅)ယောက်နှင့် မတူညီစွာ ပင်လယ်သားရဲများ၏ နယ်မြေအား စူးစမ်းရန်နှင့် စုံစမ်းစစ်ဆေးရန် တာ၀န်ရှိသော မီးတောက်ဘုရင်ကမူ အလွန်ကူကယ်ရာမဲ့သလိုခံစားနေရ၏။

သူက အားတင်းကာ ရွှမ်ယီအနား တိုးကပ်သွားလိုက်ပြီး

“ ဘုရင်ရွှမ်…”

ရွှမ်ယီ ရပ်ပြီး နောက်လှည့်ကြည့်လိုက်သည်။

“ တစ်ခုခုဖြစ်လို့လား…?”

ရွှမ်ယီ၏ စူးရှသော အကြည့်ကြောင့် မီးတောက်ဘုရင် အသက်ရှုရပ်သွားမတတ် ခံစားလိုက်ရ၏။

သို့သော် သူ၏ တာ၀န်အား ပြန်တွေးမိလိုက်ပြီးနောက် အံကြိတ်လိုက်ပြီး ခါးသက်သက် ပြုံးလိုက်ကာ

“ ဘုရင်ရွှမ်အနေနဲ့ နောက်ထပ် ပင်လယ်သားရဲတွေကို ရှင်းလင်းတဲ့အခါ နည်းနည်းလောက် လျှော့ပေါ့ပြီး အသက်ရှင်လျက်ချန်ထားပေးလို့ရမလား…?”

“ ကောင်းကင်ဘုရင်အဆင့်ဖြစ်ရင်တော့ အကောင်းဆုံးပေါ့…”

“ ကျုပ်ရဲ့ တာ၀န်က ပင်လယ်သားရဲတွေဆီက သတင်းအချက်အလက်တွေ နှိုက်ထုတ်ရမှာမို့ပါ….”

သုံးရက်ခန့် ကြာသွားပြီးနောက်…

သူတို့အဖွဲ့ တောင်ပိုင်းတိုက်ကြီးမှ မြောက်ဘက်စူးစူး ကီလိုမီတာ (၁)သန်း၀န်းကျင် အကွာသို့ ရောက်နေကြချေပြီ။

စုံစမ်းထောက်လှမ်းရေး ရာထူးယူထားသော နတ်မျက်စိက လက်တွင်းမှ အစီအရင်ပြားအား ရုတ်သိမ်းလိုက်ပြီး မှိတ်ထားသော မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။

ထို့နောက် သူအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသည့် အဖော်(၅)ယောက်အား စိတ်ဓာတ်ကျစွာ လှည့်ကြည့်လိုက်၏။

ရွှမ်ယီကမူ အနီးအနားမှ ကျောက်တန်းတစ်ခုထက်တွင် တင်ပလင်ခွေထိုင်နေခဲ့ပြီး နီဗားနားကျမ်းစာအား စတင်ကျင့်ကြံခဲ့ပြီးနောက် ဖြစ်ပေါ်လာသော ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများအား ဆန်းစစ်နေခဲ့သည်။

နတ်မျက်စိက အစီအရင်အား ပြန်လည်ရုတ်သိမ်းလိုက်သည်ကို သတိထားမိလိုက်ပြီးနောက် သူ၏ လုပ်ငန်းကိုရပ်တန့်ပြီး လှမ်းမေးလိုက်သည်။

“ အခြေအနေဘယ်လိုလဲ…?”

ရွှမ်ယီ၏ အမေးကိုကြားလျှင်

နတ်မျက်စိ ခေါင်းယမ်းလိုက်ပြီး

“ ကီလိုမီတာ (၃၀၀၀)ပတ်၀န်းကျင်တစ်ခုလုံး ဘာလှုပ်ရှားမှုမှမရှိဘူး… ပင်လယ်သားရဲ မျိုးနွယ်တွေတောင် ပျောက်ကုန်ပြီ…”

သူတို့ အဆုံးမဲ့ပင်လယ်အတွင်းသို့ နက်ရှိုင်းစွာ ၀င်ရောက်လာသည်နှင့်အမျှ ပတ်၀န်းကျင် သဘာ၀က ဤနေရာမှ သားရဲများအတွက် အလွန်လိုက်ဖက်ညီနေပြီး လူသားများအတွက် ဖိအားများ အလွန်တိုးပွားလာခဲ့သည်။

ရွှမ်ယီက သူ၏ နတ်အသိအား စမ်းသုံးကြည့်ခဲ့သော်လည်း အကျိုးသက်ရောက်မှု နည်းပါးသည့်အပြင် စွမ်းအားကုန်ဆုံးမှုကလည်း အလွန်များပြားကြောင်း တွေ့ခဲ့ရ၏။ ဤသို့ဖြင့် နတ်မျက်စိ၏ အသုံး၀င်မှုကို ပို၍ နားလည်လာခဲ့သည်။

သူတို့အဖွဲ့ တောင်ပိုင်းတိုက်ကြီးမှ ကီလိုမီတာ (၁)သန်း၀န်းကျင်အကွာသို့ ရောက်လာသည်နှင့်အမျှ စိုးရိမ်ပန်မှုများလည်း ပိုမိုတိုးပွားလာခဲ့ကြ၏။

သူတို့ လာခဲ့စဉ် ကီလိုမီတာ (၁)သိန်းကျော် ၀န်းကျင်အထိ ပင်လယ်သားရဲ မျိုးနွယ်ပေါင်းများစွာ တွေ့ခဲ့ကြရသည်။

သို့သော် ယခုတွင် ကီလိုမီတာ(၁)သောင်းစီတိုင်း၌ ပင်လယ်သားရဲမျိုးနွယ်တစ်ခုတွေ့ရန်ပင် ခက်ခဲလာခဲ့၏။

ပင်လယ်သားရဲများ နေထိုင်ခဲ့သည့် အဆောက်အုံများကိုသာ တွေ့ခဲ့ရပြီး ၎င်းတို့က မရှိကြတော့ချေ။

“ အင်း… သူတို့ ဘာတွေ လုပ်နေကြတာများလဲ...?”

All Chapters