← Chapters

အခန်း (၄၁၈)

Vol. 28 Ch. 418

အခန်း (၄၁၈)

Vol. 28 Ch. 418

ယခုတွင်မူ သူ့အနေဖြင့် ထိုတိုက်ခိုက်မှုအား တားဆီးနိုင်စွမ်းမရှိတော့ချေ။ သူ့နောက်မှ အဖွဲ့၀င်များလည်း ထိုတိုက်ခိုက်မှုအောက်၌ သေဆုံးရတော့မည်။

“ သေကြစမ်း…”

အင်ပါယာတစ်၀က်အဆင့် ပင်လယ်သားရဲများ ဟိန်းဟောက်လိုက်ပြီး ၎င်းတို့လက်များအား အောက်သို့ ဖိချလိုက်ကြသည်။

ဘုန်း…

အစိမ်းရောင်လကြီးက အောက်သို့ ပြုတ်ကျလာခဲ့၏။ မယုံနိုင်လောက်အောက် အစွမ်းထက်သော စွမ်းအားတစ်ခု ခုနှစ်သွယ်ဘုရင်တို့ အဖွဲ့ထံ တိုး၀င်သွားလေသည်။

ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည့်အလားခံစားလိုက်ရ၏။

အလွန်နက်နဲကာ ပြင်းထန်သော စွမ်းအားလှိုင်းလုံးတစ်ခု ခုနှစ်သွယ်ဘုရင်တို့အဖွဲ့နောက်မှ ထွက်ပေါ်လာလေသည်။

“ တပ်ကူတွေရောက်လာပြီ…”

ခုနှစ်သွယ်ဘုရင်၏ အဖွဲ့၀င်များ ၀မ်းသာအားရ ဟစ်ကြွေးလိုက်ကြ၏။

ခုနှစ်သွယ်ဘုရင် ကိုယ်တိုင်လည်း ၀မ်းမြောက်စွာ လှည့်ကြည့်လိုက်သည်။ သို့သော် ရောက်လာသူအားမြင်လျှင် အလွန်မျက်နှာပျက်သွားခဲ့၏။

သူတို့အား ကူရန် မည်သည့်အဖွဲ့ဖြစ်ဖြစ် ရောက်လာ၍ရသည်။

ထိုအထဲမှာမှ အဘယ်ကြောင့် ရွှမ်ယီ ဖြစ်နေရသနည်း...?

ခုနှစ်သွယ်ဘုရင်၏ အမြင်တွင် ရွှမ်ယီ၏ ခွန်အားက ကောင်းမွန်သော်လည်း အင်ပါယာတစ်၀က်အဆင့် ပင်လယ်သားရဲ(၃)ယောက်အား မယှဉ်နိုင်ပေ။

သူသာ စွမ်းအား အပြည့်အ၀ရှိနေပြီး ၎င်းနှင့်အတူ ကူတိုက်ပေးနိုင်ပါက ဖြစ်နိုင်ချေရှိသေးသည်။

“ ရွှမ်ယီ… ငါ့လူတွေကိုခေါ်ပြီး ပြေးတော့…”

ခုနှစ်သွယ်ဘုရင် အံကြိတ်ကာ အော်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ သက်စောင့် လက်ကျန်စွမ်းအားများအားလုံး ညှစ်ထုတ်လိုက်သည်။

ထို့နောက် ရှေးဟောင်းကြေးမုံအား အလျှင်အမြန် ဆွဲယူလိုက်၏။

အင်ပါယာတစ်၀က်အဆင့် ပင်လယ်သားရဲများ မတုံ့ပြန်နိုင်သေးမီ ရှေးဟောင်းကြေးမုံအား လေထဲသို့ပစ်တင်ကာ ဖောက်ခွဲပစ်လိုက်သည်။

ဘုန်း…

တာအိုတစ်၀က်အဆင့်လက်နက် ပေါက်ကွဲရာမှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာ၏။

ထို့နောက် ၎င်းတို့က ခုနှစ်သွယ်ဘုရင်၏ လမ်းညွှန်မှုအောက်၌ အစီအရင်ကြီးတစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော ထိန်းချုပ်ခြင်းအစီအရင်ကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကို တားဆီးပြီး ၎င်းတို့အား ချုပ်နှောင်နိုင်ခဲ့သော်လည်း တစ်ဖက်တွင် သူ၏ စွမ်းအားများက အကပ်အသပ်ပါမကျန် ကုန်ဆုံးသွားခဲ့ချေပြီ။

ချက်ချင်း ဝုန်းကနဲ ပင်လယ်ကြမ်းပြင်ပေါ်သို့ ပစ်ကျသွား၏။

ထို့နောက် လှမ်းအော်လိုက်သည်။

“ မင်း သူ့တို့ကို မယှဉ်နိုင်ဘူး… ငါ သူတို့ကို ဒီနေရာမှာ ချုပ်ထားပေးမယ်… ငါ့လူတွေခေါ်ပြီး အမြန်ပြေးတော့…”

သို့သော် ရွှမ်ယီက သူ၏ စကားများအား ဂရုမစိုက်ဘဲ ရှေ့သို့ဆက်ပြေးလာခဲ့သည်။ သူ၏ အစွမ်းကုန်ကြိုးစားမှုအား ထိုလူငယ်က လျစ်လျူရှုပစ်လိုက်၏။

၎င်းက သူဖန်တီးထားသည့် ထိန်းချုပ်ခြင်း အစီအရင်အတွင်းသို့၀င်သွားပြီး အင်ပါယာတစ်၀က်အဆင့် ပင်လယ်သားရဲ(၃)ယောက်နှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်သည်ကို တွေ့လိုက်ရသည်။

“ ရွှမ်ယီ… မင်း ရူးနေလား…”

ခုနှစ်သွယ်ဘုရင် အလွန်ဒေါသထွက်ပြီး အူများ အသည်းများပင် ယားသွားခဲ့သည်။ သူ့ထက် ပို၍ မောက်မာသော လူငယ်မျိုးဆက်တစ်ယောက်နှင့် ဤနေရာ၌ လာတွေ့နေရ၏။

သူ့ဟာသူ သေတာ မသေတာ ပြသနာမဟုတ်ပေမယ့် သူ့အဖွဲ့သားများပါ ပြေးမလွတ်နိုင်တော့ခြင်းက ပြသနာဖြစ်ပေသည်။

အင်ပါယာတစ်၀က်အဆင့် ပင်လယ်သားရဲများက လက်ရှိအခြေအနေအား ငြိမ်လျက်ကြည့်နေခဲ့ကြ၏။

ထို့နောက် အေးစက်စွာ ရယ်လိုက်ကြသည်။

“ ကောင်ကင်ဘုရင်လေး… မင်း ကိုယ်တိုင် ငါတို့ဆီကို ရောက်လာမယ်လို့ လုံး၀မထင်ထားခဲ့ဘူး…”

ထိုအထဲမှ တစ်ယောက်က နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးလျက် ပြောလိုက်၏။

“ ဒီကိုရောက်လာမှတော့ ပြန်သွားဖို့မစဉ်းစားနဲ့တော့… ဒီတစ်ကြိမ် တာ၀န် အောင်မြင်မှုအတွက် ထပ်လောင်း အကျိူးရှိသွားတာပေါ့….”

အားလုံး၏ မျက်နှာထက်၌ ဆိုးယုတ်သော အပြုံးများဖြစ်ပေါ်လာခဲ့သည်။

“ ခင်ဗျားတို့ ပြောလို့ပြီးပြီလား…?”

ရွှမ်ယီက ဖြည်းညှင်းစွာ ခေါင်းမော့ပြီး ၎င်းတို့အား ထူးမခြားနားစွာ ကြည့်လိုက်၏။

သူ့မျက်လုံးများက လူသေများအား ကြည့်နေသကဲ့သို့ပင်။

ပင်လယ်သားရဲ(၃)ယောက် အလွန်ဒေါသထွက်သွားကြ၏။

“ မောက်မာတဲ့ ခွေးကောင်.. မင်းကို အမှုန့်ခြေပစ်မယ်ကွ…”

အားလုံး ဒေါသထွက်သွားခဲ့ကြပြီး ၎င်းတို့အနက် စိတ်အမြန်ဆုံးဖြစ်သူက ရှေးသို့ပြေးထွက်ပြီး လက်ထဲမှ ပုဆိန်ကြီးဖြင့် ခုတ်ချလိုက်သည်။

ခုနှစ်သွယ်ဘုရင် စိတ်ဓာတ်ကျစွာဖြင့် မျက်လုံးမှိတ်ထားမိလိုက်၏။

သို့သော် တစ်ခဏကြာပြီးနောက် သူမျှော်လင့်ထားသည့် အရိုးကျိုးသံထွက်မလာခဲ့ပေ။

“ ဘာဖြစ်သွားတာလဲ…”

ခုနှစ်သွယ်ဘုရင် မနေနိုင်တော့ဘဲ သိချင်စိတ်ကြောင့် မျက်လုံးဖွင့်ပြီး ထိန်းချုပ်ခြင်း အစီအရင်အတွင်း လှမ်းကြည့်လိုက်သည်။

မြင်လိုက်ရသော မြင်ကွင်းက ခုနှစ်သွယ်ဘုရင်အား နေရာ၌ တောင့်တင်းသွားစေခဲ့သည်။

ရွှမ်ယီက မူလနေရာမှ နောက်လှည့်ပြီး ပြန်လာနေချေပြီ။

နောက်ဘက်တွင်မူ အင်ပါယာတစ်၀က်အဆင့် ပင်လယ်သားရဲ (၃)ယောက် မယုံကြည်နိုင်သော အမူအရာများဖြင့် ချောင်းတဟွတ်ဟွတ် ဆိုးနေခဲ့ကြ၏။

ရွှမ်ယီ အစီအရင်ပြင်ပသို့ ရောက်သွားချိန်တွင် ၎င်းတို့လည်ပင်းများ၌ သွေးစီးကြောင်းတစ်ခုစီ ပေါ်လာခဲ့သည်။

ဖွီး…

သွေးများပန်းထွက်လာပြီး ပတ်၀န်းကျင်မှ ပင်လယ်ရေများအား နီရဲသွားစေ၏။

ခုနှစ်သွယ်ဘုရင်၏ မျက်နှာ အရောင်အမျိုးမျိုးပြောင်းသွားခဲ့သည်။ လက်ရှိအချိန်၌ သူ အလွန်စိတ်ရှုပ်ထွေးနေခဲ့၏။

လက်ထဲ၌ ကိုင်ထားသော ရှေးဟောင်းကြေးမုံလက်ကျန်အပိုင်းအစလေးအား ငုံ့ကြည့်ရင်း ၀မ်းသာရမလား ၀မ်းနည်းရမလားကိုပင် မတွေးတတ်တော့ချေ။

ရွှမ်ယီက ၎င်းတို့အား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်းရှိနေသည်ကို သူ မသိဘဲ တန်ဖိုးအထားရဆုံး လက်နက်အား အလဟသဖောက်ခွဲမိခဲ့သည်။

သူ၏ အဖွဲ့၀င်များ အနားသို့ရောက်လာမှ ပြန်လည်သတိ၀င်လာခဲ့လေသည်။

“ ရွှမ်ယီ.. ဘယ်ရောက်သွားတာလဲ…”

နံဘေးမှ ကောင်းကင်ဘုရင်များ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

“ ဘုရင်ရွှမ်က ထွက်သွားပြီ… သူ မသွားခင် ခုနှစ်သွယ်ဘုရင်က ကျုပ်တို့အားလုံးကို ဘေးကင်းတဲ့နေရာဆီ ပြန်ခေါ်လာပြီး နောက် ထပ်လှုပ်ရှားဖို့ကို မိုးတိမ်အင်ပါယာဆီက အမိန့်ကို စောင့်သင့်တယ်လို့မှာသွားတယ်…”

ထိုစကားကြားလျှင် ခုနှစ်သွယ်ဘုရင် တစ်ခဏမျှ ငြိမ်သက်သွားခဲ့၏။

….

အဖွဲ့များ တစ်ဖွဲ့ပြီးတစ်ဖွဲ့ မိုးတိမ်အင်ပါယာရှိသည့် လုံခြုံသောနေရာသို့ ပြန်ရောက်လာကြသည်။

ရွှမ်ယီ၏အဖွဲ့မှလွဲပြီး ကျန်အဖွဲ့များ၌ အသေးစားဒဏ်ရာများ ရရှိခဲ့ကြသည်။

ကံကောင်းစွာဖြင့် တစ်ယောက်မှ မဆုံးရှုံးခဲ့သည်ဖြစ်ရာ မိုးတိမ်အင်ပါယာ၏ အမူအရာ ပြန်လည်ကြည်လင်လာခဲ့သည်။

ခုနှစ်သွယ်ဘုရင်၏ အဖွဲ့က နောက်ဆုံးမှ ရောက်လာလေသည်။

ခုနှစ်သွယ်ဘုရင်အား မြင်သည့်နှင့် မိုးတိမ်အင်ပါယာ မျက်မှောင်ကြုတ်သွား၏။

သို့သော် ၎င်းပုံစံက စိတ်ဓာတ်ကျနေသလို ဖြစ်နေခဲ့ရာ မည့်သည့်စကားမှတော့ ဆိုမနေတော့ချေ။

ထို့အပြင် ခုနှစ်သွယ်ဘုရင်တို့အဖွဲ့က ဤတစ်ကြိမ်၌ အသုံး၀င်သော အချက်အလက်များရရှိခဲ့ပြီး ကြီးကြီးမားမား အကျိုးပြုခဲ့၏။

ခုနှစ်သွယ်ဘုရင်က ခြေတစ်လှမ်းမှားခဲ့သော်လည်း သူကိုယ်တိုင် သေလုနီးပါး ဖြစ်ခဲ့ရသည်။

သို့သော် သူက ရောက်လာသည်နှင့် လူတိုင်းအား ရင်ထိတ်သွားအောင် လုပ်လိုက်၏။

မိုးတိမ်အင်ပါယာအား အရိုအသေပေးပြီးသည်နှင့် ရွှမ်ယီရှိရာသို့ ချက်ချင်း လျှောက်သွားသောကြောင့်ပင်။

မိုးတိမ်အင်ပါယာ ထပ်မံမျက်မှောင်ကြုတ်သွားခဲ့ပြီး တစ်စုံတစ်ခု ပြောရန်ပြင်လိုက်သည်။

သို့သော် ခုနှစ်သွယ်ဘုရင်၏ နောက်ဆက်တွဲ လုပ်ရပ်ကြောင့် စကားများက လည်ချောင်း‌ထဲ၌ ပျောက်သွားခဲ့ရ၏။

သူက ရွှမ်ယီရှေ့သို့ရောက်သည်နှင့် တိုက်ရိုက် ဦးညွှတ်လိုက်ပြီး

“ ကျုပ် အသက်ကိုကယ်တင်ပေးခဲ့တဲ့အတွက် ဘုရင် ရွှမ်ကို ကျေးဇူးအများကြီးတင်ပါတယ်… နောက် အနာဂါတ်မှာ ဘုရင် ရွှမ် အမိန့်တစ်ခုခုပေးတာနဲ့ ကျုပ် ချီယွမ် လုံး၀ တွန့်ဆုတ်မနေဘဲ လိုက်နာပါမယ်….”

ထိုမြင်ကွင်းအား ပတ်၀န်းကျင်မှ လူတိုင်း မှင်သက်စွာ ငေးကြည့်နေခဲ့ကြ၏။

အထူးသဖြင့် ခုနှစ်သွယ်ဘုရင်နှင့် ခေတ်ပြိုင် အင်ပါယာတစ်၀က်အဆင့်များအတွက် ဆိုလျှင် ပိုမှန်ပေသည်။

ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိကြ၏။

အမြဲတလေ အလွန်အမင်းမောက်မာနေသည့်လူက ဂျူနီယာတစ်ယောက်အား ဦးညွှတ်လိုက်သည်တဲ့လား…?

သို့သော် တခဏမျှ တုန်လှုပ်သွားကြပြီးနောက် ပင်လယ်သားရဲများ ဘက်သို့ ပြန်လည် အာရုံစိုက်လိုက်ကြသည်။

“ ချီယွမ် နဲ့ ဖန်ယုတို့ အဖွဲ့ရရှိခဲ့တဲ့ သတင်းတွေအရဆိုရင် ပင်လယ်သားရဲမျိုးနွယ်တွေ ရှာတွေ့ထားတဲ့ လျှို့ဝှက်နယ်မြေက ပင်လယ်သားရဲတွေရဲ့ မြင့်မြတ်ခန်းမအသစ် အပေါ်မှာရှိနေတယ်…”

မိုးတိမ်အင်ပါယာက အသံနှိမ့်၍ ပြောလိုက်၏။

မျက်နှာကမူ သိပ်ပြီးကောင်းမနေချေ။

အဘယ်ကြောင့်ဆိုသော် ကျန်အဖွဲ့များရရှိခဲ့သော သတင်းအစအနလေးများကြောင့်ဖြစ်၏။

အခြေအနေက အကောင်းဘက်တွင်ရှိမနေချေ။

သူတို့ စတင်လှုပ်ရှားချိန်က နောက်ကျနေပြီဟု ပြော၍ရသည်။

သတင်းများအရဆိုလျှင် ပင်လယ်သားရဲများ ထိုလျှို့ဝှက်နယ်မြေအား ရှာတွေ့သည်မှာ (၃)လကျော် ကြာမြင့်နေချေပြီ။

သူတို့အနေဖြင့် (၃)လကြာပြီးမှ ပြင်းထန်နေသော ပြသနာအခြေအနေကို သိခဲ့ကြရသည်။

ပင်လယ်သားရဲများသာ တစ်ဟုန်ထိုးလှုပ်ရှားခဲ့ပါက ဤ(၃)လအတွင်း လျှို့ဝှက်နယ်မြေ၏ နေရာအများစုကို စူးစမ်းပြီးနေလောက်ချေပြီ။

[ Note- မိုးတိမ်အင်ပါယာဆိုတာ အင်ပါယာ ယွန်ထျန်းဇောင်ပါ ။ ပင်လယ်သားရဲတွေကို ကောင် မဟုတ်ဘဲ ယောက်နဲ့ သုံးနေတာက သူတော်စင်မျိုးနွယ်ထဲကဆိုရင် ငယ်ငယ်ကတည်းက လူပုံပြောင်းနိုင်ကြလို့ပါ။ ပြီးတော့ မှော်သားရဲတွေနဲ့ မတူဘဲ လူတွေလို ပြောဆိုပြီး နတ်ဆိုးတွေပုံစံမျိုးနဲ့ ပိုဆင်တာမို့ ကောင် ဆိုရင် သိပ်အဆင်မပြေဘူးထင်တဲ့အတွက် ယောက် ကိုပဲ သုံးထားပါ (၃) ယောက် (၄)ယောက်…. ]

All Chapters