← Chapters

အခန်း (၄၁၆)

Vol. 28 Ch. 416

အခန်း (၄၁၆)

Vol. 28 Ch. 416

မီးတောက်ဘုရင် အတန်ငယ် စိတ်မ‌ရှည်နိုင်ဖြစ်နေခဲ့၏။

သူ၏ တာဝန်က သတင်းအချက်အလက်များအား စုံစမ်းစစ်ဆေးရန်ဖြစ်သော်လည်း သူတို့ အဆုံးမဲ့ပင်လယ်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့သော နေ့ဝက်မှလွဲလျှင် တစ်ချိန်လုံး အလုပ်မရှိခဲ့ပေ။

ရွှမ်ယီက သူ့ထံသို့ ပင်လယ်သားရဲပေါင်းများစွာ အသက်ရှင်လျှက် ဖမ်းတီးပေးအပ်ခဲ့သည်။ ထိုအထဲတွင် ကောင်းကင်ဘုရင်အဆင့်များလည်း ပါဝင်၏။

သို့သော် ပင်လယ်သားရဲမျိုးနွယ်ရှာဖွေတွေ့ရှိခဲ့သော လျှို့ဝှက်နယ်မြေအကြောင်း သူတို့မည်သည့်သတင်းမှ မရရှိခဲ့ကြချေ။

အမှန်တွင် သူတို့ စစ်ဆေးခဲ့သော ပင်လယ်သားရဲများကိုယ်တိုင်လည်း ၎င်းတို့၏ အဓိကနယ်မြေတွင် မည်သည့်အရာများ ဖြစ်ပျက်နေကြောင်းမသိကြပေ။

“ ပင်လယ်သားရဲမျိုးနွယ်က ဒီ ပြင်ပနေရာတွေကို စွန့်ပစ်လိုက်ပြီထင်တယ်…”

ဤသို့ဖြင့် သူတို့သာ သတင်းအချက်အလက်များ ပိုမိုစုဆောင်းလိုပါက ယခုရောက်နေသောနေရာထက်ပို၍ နက်ရှိုင်းစွာသွားရန်လိုအပ်သည်။

အကယ်၍ ထိုသို့ ပြုလုပ်လျှင် အန္တရာယ်ကြုံလာပါက မိုးတိမ်ဘုရင် ချက်ချင်း လာကူနိုင်သော အတိုင်းအတာအား ကျော်သွားမည်ဖြစ်၏။

ပင်လယ်သားရဲများ၏ ချောင်းမြောင်းတိုက်ခိုက်ခြင်း ၊ အလုံးအရင်းတိုက်ခိုက်ခြင်းများ ကြုံတွေ့ရနိုင်သည်။

ဤနေရာက ၎င်းတို့နယ်မြေဖြစ်သဖြင့် အင်အားက အကန့်အသတ်မရှိပေ။

သူတို့အဖွဲ့တွင် အစွမ်းထက်သော ဦးဆောင်သူ ရွှမ်ယီရှိသော်လည်း ၎င်းက အစောပိုင်းကောင်းကင်ဘုရင်အဆင့်မျှသာဖြစ်သေးပြီး ရှည်လျားသောတိုက်ပွဲများနှင့် ကြုံပါက စိတ်ဝိညာဉ်ယွမ်စွမ်းအင် မလုံလောက်နိုင်ပေ။

သို့သော် အားလုံး လက်ဗလာနှင့်လည်း လှည့်မပြန်လိုကြချေ။

ရွှမ်ယီက ၎င်းတို့၏ အတွေးများအား နားလည်ဟန်ဖြင့်

“ ခင်ဗျားတို့ ဘာကိုစောင့်နေကြတာလဲ.. ရှေ့ဆက်သွားပြီး စုံစမ်းစစ်ဆေးကြမယ်လေ…”

“ ကောင်းပြီ..အာ….”

ရွှမ်ယီ၏ အဖွဲ့မှ လူများ မသိစိတ်အရ လျင်မြန်စွာ ခေါင်းညိတ်မိလိုက်ကြ၏။

သို့သော် တစ်ယောက်ချင်းစီတိုင်း၌ စိုးရိမ်ပူပန်သော မျက်နှာအနေအထားများ ရှိနေခဲ့ကြသည်။

ရွှမ်ယီက ရှေ့မှ ဦးဆောင်ထွက်ခွာသွားပြီဖြစ်ရာ နောက်မှ အံကြိတ်ကာ လိုက်သွားကြတော့၏။

“ ဘုရင်ရွှမ်က အသက်ငယ်ငယ်လေးပဲ ရှိသေးတာတောင် ဒီလောက်ရဲရင့်တယ်… ငါတို့ ဒီလောက်တောင် အသက်ရှင် နေထိုင်ခဲ့ပြီးပြီ.. အဲ့တာကိုမှ ကြောက်နေသေးရင် လူလို့ ခေါ်နိုင်ဦးမလား….”

မီးတောက်ဘုရင်၏ စကားများက ကြမ်းတမ်းနေသော်လည်း လူတိုင်း၏ စစ်မှန်သော အတွေးများအား ထင်ဟပ်နေခဲ့သည်။

ဤသို့ဖြင့် တုံ့ဆိုင်းမနေတော့ဘဲ အလျင်အမြန် ပြေးလိုက်သွားကြ၏။

သူတို့ လက်ရှိရောက်နေသော နေရာက ပင်လယ်သားရဲများ၏ အတွင်းပိုင်းနယ်မြေဖြစ်ပြီး သူတို့အပေါ် ဖိနှိပ်ချုပ်ခြယ်မှုများက အပြင်ပိုင်းဒေသထက် ပိုပြင်းထန်ပေသည်။

မိုးတိမ်အင်ပါယာ၏ စွမ်းအားစက်ကွင်းထဲမှ ထွက်လာသည်နှင့် ကောင်းကင်ဘုရင်(၆)ယောက်လုံး အမူအရာများ ပြောင်းလဲသွားခဲ့ကြ၏။

မူလက အနည်းငယ်ချောမွေ့နေခဲ့သေးသော ပင်လယ်အောက်ခြေမှ စိတ်ဝိညာဉ်စွမ်းအင် စီးဆင်းမှုများက အလွန်နှေးကွေးသွားကြောင်း အားလုံး ခံစားမိလိုက်ကြသောကြောင်ပင်။

ထို့နောက် သက်ဆိုင်ရာ တာ၀န်များအား ထမ်းဆောင်ရန် လူစုခွဲရန်ပြင်လိုက်ကြ၏။

သို့သော် သူတို့ အဝေးမရောက်သေးခင်မှာပင် ကောင်းကင်ဘုရင်မူ ဖြတ်သန်းသွားရာ သန္တာကျောက်တန်းဘေးမှနေပြီး စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ ဟားဟား… လူသားတွေနဲ့ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ လုံး၀မမျှော်လင့်ထားခဲ့ဘူး…”

အထွတ်အထိပ်ကောင်းကင်ဘုရင်အဆင့် လှံနက်ပင်လယ်သားရဲ တစ်ကောင် အမှောင်ရိပ်အတွင်းမှ ခုန်ထွက်လာ၏။

“ လူသားကျင့်ကြံသူတွေ… ဟမ့်.. မင်းတို့က သတ္တိတော့ရှိသားပဲ… ငါတို့ ပင်လယ်သားရဲတွေရဲ့ သူတော်စင်နယ်မြေကိုတောင် ၀င်လာရဲကြတယ်…”

“ ရောက်လာမှတော့ သေကြစမ်း…”

ဝုန်း…

ပတ်၀န်းကျင်အခြေအနေက ပင်လယ်သားရဲများအတွက် ကူညီ‌ပံ့ပို့ပေးနေသဖြင့် လှံနက်သားရဲက ၎င်း၏အဆင့်ထက် ကျော်လွန်သော် တိုက်ခိုက်နိုင်စွမ်းကို ထုတ်ဖော်နိုင်သည်။

စူးရှသော လှံချက်ကြောင့် ရွှမ်ယီတို့အဖွဲ့မှလူတိုင်း အံ့အားသင့်သွားကြ၏။

“ လာစမ်းပါ…”

ဘန်း…

ကောင်းကင်ဘုရင်မူကလည်း ကြုံးဝါးလိုက်ပြီး လျှို့ဝှက်ပညာတစ်ခုအား အသက်သွင်းလိုက်သည်။

သူက အနက်ရောင်လှံအား တားဆီးနိုင်လိုက်ပြီးနောက် ဘေးမှဝိုက်ပြီး လှံနက်သားရဲအား လက်သီးဖြင့် လှမ်းထိုးလိုက်၏။ ထိုအချိန်တွင် လှံနက်သားရဲ၏ လက်က အ‌စိမ်းရောင်တစ်ချက် လက်သွားသည်ကို မြင်လိုက်ရသည်။

ဒုန်း..

သတ္တုချင်း ထိခတ်သံတစ်ခု ထွက်ပေါ်လာပြီး ခွန်အားအရာ၌ အားကောင်းသော ကောင်းကင်ဘုရင်မူ နောက်သို့ ခြေလှမ်း(၁၀၀)ကျော် လွင့်စင်သွားခဲ့၏။

လျှို့ဝှက်ပညာရပ်မှ စွမ်းအားများဖြင့် ဖုံးအုပ်ထားသော သူ၏ လက်မောင်း၌ သွေးစီးကြောင်းကြီး(၂)ခု ရှိနေခဲ့သည်။

“ အားလုံး သတိထားကြ.. ဒီသားရဲကောင်းရဲ့လက်တွေက အသားတွေမဟုတ်ဘူး… လက်နက်တွေပဲ…”

လှံနက်သားရဲ ခေါင်းမော့ပြီး ရူးသွပ်စွာ ရယ်မောလိုက်၏။

“ ဟားဟား… မင်းက အခုမှသိတာလား… နောက်ကျသွားပြီကွ…”

သူက အနက်ရောင်လှံအား တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်ဘုရင်မူထံသို့ ပစ်လွှတ် တိုက်ခိုက်လိုက်သည်။

ထို့နောက် အဖွဲ့ထဲမှ အငယ်ဆုံးဖြစ်သော ရွှမ်ယီအား ပစ်မှတ်အဖြစ် ရွေးချယ်လိုက်၏။

“ ပျော့ညံ့တဲ့လူသား… သေစမ်း…”

လှံနက်သားရဲ ဟိန်းဟောက်လိုက်၏။ ထိုလူငယ်လေး၏ ကြောက်လန့်တုန်လှုပ်နေသော မျက်နှာအား စိတ်ကူးထဲ၌ ပုံဖော်မြင်ယောင်နေချေပြီ။

သို့သော် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရ၏။

ထို လူငယ်လေးက အဖွဲ့ထဲ၌ အငယ်ဆုံးနှင့် ကျင့်ကြံမှုအနိမ့်ဆုံးဖြစ်ကြောင်း ထင်ရှားနေသော်လည်း အဘယ်ကြောင့် သူ့အဖော်များက လာမကူကြသနည်း။

ထို့အပြင် ၎င်းတို့က သူ့အား ဒုက္ခရောက်တော့မည်သူတစ်ယောက်အလား ကြည့်နေကြ၏။

သို့သော် သူရှင်းလင်းစွာ နားမလည်နိုင်မီ အတွေးများက လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားတော့သည်။

ရွှစ်..

ရွှမ်ယီက ညာလက်အား အသာအယာ ဝှေ့ယမ်းလိုက်ရာ အလင်းတန်းတစ်ခု ပြေးထွက်သွားပြီး လှံနက်သားရဲ၏ ဦးခေါင်း ခန္ဓာကိုယ်မှ ကင်းကွာသွားခဲ့၏။

ဝှစ်…

လှံနက်သားရဲ ဝိညာဉ်ကင်းကွာမသွားမီ ၎င်း ရှိရာသို့ မီးတောက်ဘုရင် အပြေးအလွှားရောက်ချလာသည်။

ထို့နောက် စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုကိုပင် ဂရုမစိုက်တော့ဘဲ လှံနက်သားရဲ ဝိညာဉ်အတွင်းသို့ သက်တံ့အလင်းများ ပစ်လွှတ်လိုက်၏။

တစ်ခဏကြာပြီးနောက် သူ့မျက်၀န်းများထဲ၌ ပျော်ရွှင်မှုများ ဖြစ်ပေါ်လာခဲ့သည်။

“ ဘုရင်ရွှမ်… ကျုပ် သတင်းရပြီ…”

ထိုစကားအားကြားလျှင် ရွှမ်ယီ အံ့အားသင့်သွားခဲ့ပြီး မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။

“ ပင်လယ်သားရဲတွေရဲ့ သူတော်စင်နယ်မြေ အလယ်ဗဟို… မြင့်မြတ်ခန်းမအသစ်…”

…

သတင်းအချက်အလက်တချို့ရခဲ့ပြီးနောက် ရွှမ်ယီတို့အဖွဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း လမ်းတစ်လျှောက် တွေ့သမျှ ပင်လယ်သားရဲတိုင်းကို သတ်ပစ်ခဲ့ကြသည်။

ပင်လယ်သားရဲ အမြောက်အမြားသတ်ခဲ့ပြီးနောက် အတော်အသင့်ပြည့်စုံသော သတင်းတစ်ခုအား ဖော်ထုတ်နိုင်ခဲ့၏။

သတင်းက သူတို့ မှန်းဆထားခဲ့ကြသည့်အတိုင်းပင်။

ပင်လယ်သားရဲများက လျှို့ဝှက်နယ်မြေတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ကြ၏။ ထို့အပြင် ၎င်းအား ဖွင့်ရန်အတွက် အခြေအနေတစ်ခု လိုအပ်ကြောင်း သိသွားခဲ့ကြသည်။

ထို့နောက် အပြင်ပိုင်းနယ်မြေမှ ပင်လယ်သားရဲမျိုးနွယ်များအား ဖြောင်းဖြ၍ဖြစ်စေ ခြိမ်းခြောက်၍ဖြစ်စေ သူတော်စင်နယ်မြေ၏ ဗဟိုသို့ ရွှေ့ပြောင်းစေခဲ့ကြသည်။

၎င်းတို့က လျှို့ဝှက်နယ်မြေအား ဖွင့်လှစ်ရန်အတွက် မဟာပွဲတော်ကြီး တစ်ခု ကျင်းပရန် ပြင်ဆင်နေကြ၏။

“ မိုးတိမ်အင်ပါယာကို အသိပေးရမယ်… ဆုံးဖြတ်ချက်ကိုတော့ သူပဲချပါစေ…”

ရွှမ်ယီ ခေါင်းညိတ်လိုက်သည်။

သူတို့ ရရှိခဲ့သော သတင်းအချက်အလက်များအရ သူတော်စင်နယ်မြေ၏ ဗဟိုတွင် မြင့်မြတ်ခန်းမ အသစ်တစ်ခု တည်ဆောက်ထားပြီး အင်ပါယာတစ်၀က်အဆင့် ပင်လယ်သားရဲ(၇)ယောက် ရှိနေ၏။

ထို့အပြင် အင်ပါယာအဆင့်(၃)ယောက်ကိုယ်တိုင်လည်း အကာကွယ်ပေးထားခဲ့သည်။

ရွှမ်ယီ၏ ခွန်အားဖြင့် ထိုနေရာသို့ သွားရောက်စုံစမ်းနိုင်စွမ်းရှိသည်။

သို့သော် သူ့အဖွဲ့သားများကိုပါ ခေါ်သွားပါက အလွန်ဒုက္ခများပေလိမ့်မည်။

ရွှမ်ယီထံမှ သဘောတူညီချက်ရရှိပြီးနောက် အဖွဲ့သားများက မိုးတိမ်အင်ပါယာထံသို့ သတင်းအချက်အလက်များ လွှဲပြောင်းပေးလိုက်ကြသည်။

ဤသို့ဖြင့် သူတို့အားလုံး ဘေးကင်းသော နယ်မြေသို့ ပြန်ရန်အသင့်ဖြစ်နေကြချေပြီ။

ထို့အချိန်တွင် ပင်လယ်ရေ မျက်နှာပြင်အထက်၌ ကြီးမားသော လှုပ်ခတ်မှုကြီးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

All Chapters