ခြိမ်းခြောက်ခံရခြင်း.....
Vol. 17 Ch. 256
" ဝမ်ယွဲ့ကြယ်နယ်မြေက ပေးတဲ့ပစ္စည်းတွေကို ကြည့်ရအောင်..." ရှီဖုန်းက လင်းယွမ်၏ ရှေ့မှ စာရွက်ကို ကောက်ယူကြည့်လိုက်သည်။
" ဝမ်ယွဲ့ကြယ်နယ်မြေ " လင်းယွမ်က စဉ်းစားလိုက်သည်။
သူမှတ်မိသလောက်ဆို ၎င်းက အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူ အိုရင်၏ မွေးရပ်မြေပင် ဖြစ်သည်။
" ကြည့်ရအောင် " လင်းယွမ်က စာရွက်ကို ယူပြီး ကြည့်လိုက်သည်။
" သတ္တမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာ..." ရှီဖုန်းက အံ့ဩသွားသည်။ စာရင်းထဲမှ ပထမဆုံးရတနာက သူ့ကို အံ့အားသင့်သွားစေသည်။
၎င်းက ဆင့်ကဲပြောင်းလဲသူတိုင်း လိုချင်တောင့်တသော စိတ်ဝိညာဉ်ကို ကာကွယ်ရန် မရှိမဖြစ်လိုအပ်သော စိတ်ဝိညာဉ်ကာကွယ်ရေးရတမာဖြစ်သည်။
" ဟမ် " လင်းယွမ်ကလည်း အနည်းငယ် တုန်လှုပ်သွား၏။
သူက အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာ ရှိသော်လည်း ပျက်စီးနေပြီး ပြုပြင်ရန် အချိန်မသိရသေးပေ။ ထိုအချိန်တွင် သတ္တမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို အသုံးပြုခြင်းက ပြဿနာမဟုတ်ပေ။
လင်းယွမ်က အဋ္ဌမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို ပြုပြင်ပြီးနောက် သတ္တမအလွှာစိတ်ဝိညာဉ်ကာကွယ်ရေးရတနာကို မည်သို့လုပ်ရမည်ကို စိတ်မပူပေ။ သူသာ ဆန္ဒရှိလျှင် ၎င်းကို အချိန်မရွေးရောင်းချနိုင်လေသည်။
လင်းယွမ်က ဒုတိယပစ္စည်းကို ကြည့်လိုက်သည်။ " ကျန်းမု အပိုင်းအစ များပြားတဲ့ အသက်စွမ်းအားတွေပါဝင်ပြီး သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဖန်တီးပေးနိုင်တယ်။ "
ကျန်းမုအပိုင်းအစက အထင်ကြီးစရာကောင်းသော်လည်း သွေးပြန်လည်မွေးဖွားခြင်းကို ပိုင်ဆိုင်သော လင်းယွမ်အတွက် များစွာ အသုံးမဝင်လှပေ။ သို့သော် လင်းယွမ်မလိုအပ်သောကြောင့် အခြားဆင့်ကဲပြောင်းလဲသူများ မလိုအပ်ဟု မပြောနိုင်ပေ။ ထို့ကြောင့် သူက လဲလှယ်ရောင်းချနိုင်သည်။
လင်းယွမ်က တတိယပစ္စည်းကို ဆက်ကြည့်လိုက်သည်။
" အဇူရာကောင်းကင်ရေ ခန္ဓာကိုယ်ရဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပြီး မူလအရင်းအမြစ်ကို ခိုင်မာစေတယ်။ "
" ဝမ်ယွဲ့ကြယ်နယ်မြေက တော်တော်ရိုးသားတာပဲ။ " ရတနာသုံးခုကို ကြည့်ပြီးနောက် လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
အထူးသဖြင့် ပထမတစ်ခုဖြစ်သော သတ္တမအလွှာ စိတ်ဝိညာဉ်ကာကွယ်ရေးရတနာက မက်လောက်စရာပင် ဖြစ်သည်။
" ငါ သူတို့ကို လက်ခံလိုက်ရတော့မလား။ " လင်းယွမ်က ရှီဖုန်းကို ကြည့်လိုက်သည်။
ဝမ်ယွဲ့ကြယ်နယ်မြေနှင့် ရွှေနဂါးကြယ်နယ်မြေတို့၏ ပြဿနာက လင်းယွမ်နှင့် မဆိုင်ဘဲ သူက မည်သည့်ဘက်ကို မဲပေးသည်ဖြစ်စေ သူ့အတွက် သက်ရောက်မှုရှိမည်မဟုတ်ပေ။
" အလျင်မလိုနဲ့။ ရွှေနဂါးကြယ်နယ်မြေရဲ့ သဘောထားကို ကြည့်ရအောင်။ " ရှီဖုန်းက နောက်တစ်ကြိမ် ပျောက်ကွယ်သွားပြီး ရွှေရောင်ဝတ်ရုံနှင့် လူတစ်ယောက်နှင့်အတူ ပြန်ပေါ်လာသည်။
" ကျင်းထျန်းကျိုး ဝမ်ယွဲ့ကြယ်နယ်မြေက ရှစ်စန်းရဲ့ သဘောတူညီမှုအတွင် ကမ်းလှမ်းသွားပြီ။ မင်းရဲ့ သဘောထားကို ပြောပါဦး။ " ရှီဖုန်းက ပြောလိုက်သည်။
ကျင်းထျန်းကျိုးက ရွှေနဂါးကြယ်နယ်မြေမှဖြစ်သည်။
" မစ္စတာရှစ်စန်း..." ရွှေရောင်ဝတ်ရုံနှင့်လူက လင်းယွမ်ကို သေချာကြည့်လိုက်သည်။ " မစ္စတာရှစ်စန်းက ကြယ်မဟာမိတ်ညီလာခံကို ပထမဆုံး တက်ရောက်တာမဟုတ်လား။ " ကျင်းထျန်းကျိုးက မေးလိုက်သည်။
" အမှန်ပဲ။ " လင်းယွမ်က ခေါင်းငြိမ့်လိုက်သည်။
ကြယ်မဟာမိတ်ညီလာခံက နှစ်တစ်ရာတွင် တစ်ကြိမ်သာ ကျင်းပပြီး အဆင့်ခြောက်နိုင်ငံသားတစ်ယောက်အတွက် နှစ်တစ်ရာက မကြာပေ။ အချို့က မရင်းနှီးလျှင်တောင် သတိထားမိကြလေသည်။
" ဒါဆို မစ္စတာ ရှစ်စန်းက ငါ့ရဲ့ ရွှေနဂါးကြယ်နယ်မြေရဲ့ ခွန်အားကို သိလား။ " ကျင်းထျန်းကျိုးက ပြောလိုက်သည်။
သူ၏ စကားကို ကြားသော်လည်း လင်းယွမ်က သာမန်အတိုင်းသာ ဖြစ်သည်။
သို့သော် ရှီဖုန်းက မျက်မှောင်ကြုတ်သွား၏။ " ကျင်းထျန်းကျိုး မင်း အဲ့ဒါ ဘာသဘောလဲ။ မင်းက ရှစ်စန်းကို မင်းရဲ့ ကြယ်နယ်အပေါ် မဲပေးစေချင်ရင် အဓိပ္ပါယ်မရှိတာတွေမပြောဘဲ မင်းရဲ့ ကမ်းလမ်းမှုကို ပြောလိုက်။ "
" ကမ်းလှမ်းဖို့လား။ " ကျင်းထျန်းကျိုးက သူ၏ခေါင်းကို ခါလိုက်သည်။ " ငါ ဒီကိုလာတာ မစ္စတာရှစ်စန်းနဲ့တွေ့ပြီး စကားနည်းနည်းပြောချင်လို့ပဲ။ "
" မစ္စတာရှစ်စန်းက အခုမှ အဆင့်ခြောက်နိုင်ငံသားဖြစ်လာတာပဲ။ ရွှေနဂါးကြယ်နယ်ရဲ့ ရန်သူအဖြစ် မရွေးချယ်သင့်ပါဘူး။ "
ကျင်းထျန်းကျိုး၏ စကားမဆုံးမီ...
" ထွက်သွား..." ရှီဖုန်းက သည်းခံနိုင်စွမ်းမရှိတော့ဘဲ ကျင်းထျန်းကျိုးကို သူ၏ ကိုယ်ပိုင်နေရာမှာ ထုတ်လိုက်သည်။
" အဲ့ဒီကျင်းထျန်းကျိုးက အရမ်းမောက်မာတယ်။ သူက ဘယ်သူ့ကို ခြိမ်းခြောက်နေတာလဲ။ "
ရှီဖုန်းက ဒေါသထွက်နေပုံရသည်။ " ဝမ်ယွဲ့ကြယ်နယ်မြေက ရွှေနဂါးကြယ်နယ်မြေကို ဖိအားနည်းနည်းပေးနိုင်မယ်လို့ ထင်ခဲ့ပေမယ့် ခြိမ်းခြောက်မှုတွေနဲ့ ရောက်လာတာပဲ။ "
" ကိစ္စမရှိဘူး။ " လင်းယွမ်က စိတ်မဝင်စားပေ။ သဘောတူညီချက်မရလျှင် ညှိနှိုင်းရန် မလိုအပ်ပေ။
" ကျင်းထျန်းကျိုးနဲ့ စကားသွားပြောဦးမယ်။ " ရှီဖုန်းက ပျော်ကွယ်သွားပြန်သည်။
အခြားကိုယ်ပိုင်နေရာတွင် ရှီဖုန်းက ကျင်းထျန်းကျိုးကို စိုက်ကြည့်နေသည်။
" ကျင်းထျန်းကျိုး မင်းက ဘာသဘောလဲ။ ရှစ်စန်းက ငါ့မိတ်ဆွေပဲ။ ရှစ်စန်းရဲ့ မဲကို မင်းမလိုရင်တောင် ဒီလိုပြောဖို့မလိုပါဘူး။ " ရှစ်ဖုန်းက ဖြစ်နေသည်။
" ရှီဖုန်းက ငါ့ရဲ့ ရွှေနဂါးကြယ်နယ်မြေရဲ့ အင်အားကို မင်းသိပါတယ်။ ဝမ်ယွဲ့ကြယ်နယ်မြေက အကူအညီရှာရင်တောင် သူတို့က ငါတို့ကို အနိုင်မယူနိုင်ဘူး။ " ကျင်းထျန်းကျိုးက သာမန်အတိုင်း ပြောလိုက်သည်။
၎င်းက အင်အားကြီးကြယ်နယ်မြေတစ်ခု၏ ယုံကြည်မှုဖြစ်သည်။ ရွှေနဂါးကြယ်နယ်မြေက သူတို့၏ ကိုယ်ပိုင် အဆင့်ခြောက်နိုင်ငံသားများကို မြှင့်တင်ထားကြသည်။
" အကိုရှီဖုန်း မင်း ရှစ်စန်းနဲ့ သိတာဘယ်လောက်ကြာပြီလဲ။ မင်းက သူ့အတွက် ဒီလောက် စဉ်းစားပေးနေတယ်။ မင်း မင်းက မိတ်ဆွေလို့ခေါ်တဲ့ဟာကို တော်တော်သဘောကျနေတာပဲ။ " ကျင်းထျန်းကျိုးက သူ၏ ခေါင်းကို ခါပြီး ပြောလိုက်သည်။
" မိတ်ဆွေလို့ခေါ်တဲ့ဟာလား။ " ရှီဖုန်း၏ အမူအရာက ထူးဆန်းသွားသည်။ " ရှစ်စန်းက အဆင့်ခြောက်နိုင်ငံသားဖြစ်လာပေမယ့် အသက်တစ်ထောင်မကျော်သေးဘူး။သူ့ရဲ့ အနာဂတ်အလားအလာက အကန့်အသတ်မရှိဘူး။ ဘာလို့မိတ်ဆွေလို့ခေါ်တယ်လို့ မင်းထင်လဲာယ "
ရှီဖုန်းက သက်ပြင်းချလိုက်သည်။ " ရှစ်စန်းကို ဒီလိုမရိုမသေဆက်ဆံတာ ငါနဲ့ဘာမှမဆိုင်ဘူး။ ဒါပေမယ့် နောက်ထပ် နှစ်တစ်ထောင် နှစ်တစ်သောင်းကြာရင် ရှစ်စန်းက သန်မာလာတဲ့အခါ မင်း ဒီနေ့လုပ်ခဲ့သလို လုပ်နိုင်ဖို့ ငါမျှော်လင့်ပါတယ်။ "
" အသက်တစ်ထောင်အောက် အဆင့်ခြောက်နိုင်ငံသား။ " ကျင်းထျန်းကျိုး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ပြန်လည်တည်ငြိမ်သွားသည်။
" အဲ့တော့ဘာဖြစ်လဲ.... သူက အနာဂတ်မှာ အဆင့်ခုနှစ်နိုင်ငံသား ဖြစ်လာမှာလား။ သူက အဲ့လိုဖြစ်လာရင်တောင် ငါ့ရဲ့ ရွှေနဂါးကြယ်နယ်မြေကို မခြိမ်းခြောက်နိုင်သေးဘူး။ "
ကျင်းထျန်းကျိုးက သာမန်အတိုင်း ပြောလိုက်သည်။ " ငါတို့က ကိုယ့်ဘဝနဲ့ကိုယ်ပဲလေ။ "
" ကိုယ့်ဘဝနဲ့ကိုယ်..." ရှီဖုန်းက ကျင်းထျန်းကျိုးကို တစ်ချက်ကြည့်ပြီး ထွက်ခွာသွားသည်။
ကိုယ့်ဘဝနဲ့ကိုယ်လား။
ဘယ်သူက ရေတွင်းထဲကရေလဲ။ ဘယ်သူက အကန့်အသတ်မရှိတဲ့ မြစ်ရေလဲ။ ကောင်းကင်က သိလေသည်။
ကိုယ်ပိုင်နေရာတွင် လင်းယွမ်က ဖန်ခွက်ကို ယူပြီး သောက်လိုက်သည်။
" အဲ့ဒီရွှေနဂါးကြယ်နယ်မြေက မောက်မာတာပဲ။ အဆင့်ခြောက်နိုင်ငံသားတစ်ယောက်ကိုတောင် ခြိမ်းခြောက်ရဲတာလား။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။
သို့သော် အဆင့်ခြောက်နိုင်ငံသားများကလည်း ကွဲပြားမှုမရှိလေသည်။
အချို့ဆင့်ကဲပြောင်းလဲသူများက မျိုးနွယ်ခြားများကို သတ်ဖြတ်ပြီး ရရှိသော ကောင်းမှုအမှတ်များဖြင့် အဆင့်ခြောက်နိုင်ငံသားများ ဖြစ်လာကြသည်။
အခြားသူများက တီထွင်မှုနှင့် သုသေသနပြုခြင်းဖြင့် အောင်မြင်မှုများရရှိပြီး အဆင့်ခြောက်နိုင်ငံသားသို့ တိုးမြှင့်နိုင်ခဲ့ကြသည်။
လင်းယွမ်ကဲ့သို့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးပြီး အဆင့်ခြောက်နိုင်ငံသားသို့ မြှင့်တင်နေသူများလည်း ရှိသည်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးပြီး အဆင့်ခြောက်နိုင်ငံသားဖြစ်လာသူများကတော့ အရှားဆုံးဖြစ်သည်။
သို့သော် မည်မျှရှားပါးသည်ဖြစ်စေ သူတို့က အဆင့်ခြောက်နိုင်ငံသားများသာ ဖြစ်သည်။ လူသားမျိုးနွယ်မဟာမိတ်အတွင်း အဆင့်အတန်းမြင့်ကြသော်လည်း သူတို့က စွမ်းအားမရှိလျှင် အရေးပါသော နေရာများကို မရရှိကြပေ။
သာမန်ဆင့်ကဲပြောင်းလဲသူများနှင့် နိုင်ငံသားများက အဆင့်ခြောက်နိုင်ငံသားတစ်ယောက်ကို တွေ့လျှင် မလေးမစား မဆက်ဆံရဲသော်လည်း ရွှေနဂါးကြယ်နယ်မြေကတော့ ကွဲပြားလေသည်။
အန်းနန်ကြယ်မဟာမိတ်အတွင်း အင်အားအကြီးဆုံး ကြယ်နယ်မြေသုံးခုထဲမှ တစ်ခုဖြစ်သော ရွှေနဂါးကြယ်နယ်မြေက ဝမ်ယွဲ့ကြယ်နယ်မြေကဲ့သို့ အဆင့်ခြောက်နိုင်ငံသားများကို အောက်ကျို့နေရန် မလိုအပ်ပေ။
" အဲ့ဒါလည်းအမှန်ပဲ။ ပြီးတော့ ငါက ငါ့ရဲ့ အထောက်အထားတွေကို မထုတ်ဖော်ခဲ့ဘူး။ ကျင်းထျန်းကျိုးရဲ့ အမြင်မှာ ငါက အဆင့်ခြောက်နိုင်ငံသားအသစ်ဖြစ်ပြီး တစ်သက်လုံး ဒီလိုပဲ ဆက်ရှိသွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
အဆင့်ခြောက်နိုင်ငံသားတစ်ယောက်က အဆင့်ခုနှစ်နိုင်ငံသားအဆင့်သို့ မြှင့်တင်ရန် ကောင်းမှုအမှတ် နှစ်သန်းလိုအပ်လေသည်။ ထိုများပြားသော ပမာဏကို ရွှေနဂါးကြယ်နယ်မြေပင် ခေါင်းကိုက်ရပြီး အဆင့်ခြောက်နိုင်ငံသားအသစ်ဆို ပြောစရာပင် မလိုပေ။ အဆင့်ခြောက်နိုင်ငံသား ၉၉ ရာခိုင်နှုန်းက သူတို့၏ တစ်သက်တာလုံး ကောင်းမှုအမှတ် နှစ်သန်းကို မရှာနိုင်ကြပေ။
" ရှစ်စန်း..." ထိုအချိန်တွင် ရှီဖုန်းက ပြန်ရောက်လာသည်။
" အဲ့ဒီကျင်းထျန်းကျိုးက အဲ့လိုပဲ မောက်မာတယ်။ အဲ့ဒါကို စိတ်ထဲမထားနဲ့။ " ရှီဖုန်းက ပြောလိုက်သည်။
သူက ကျင်းထျန်းကျိုးနှင့် သာမန်အတိုင်း သိကျွမ်းရုံသာ ဖြစ်သည်။ ဝမ်ယွဲ့ကြယ်နယ်မြေနှင့် ရွှေနဂါးကြယ်နယ်မြေအကြား ပဋိပက္ခအတွက် မဟုတ်လျှင် သူက ကျင်းထျန်းကျိုးကို ဖိတ်ခေါ်မည်မဟုတ်ပေ။
" အဆင်ပြေတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
ကျင်းထျန်းကျိုးဖြစ်စေ ရွှေနဂါးကြယ်နယ်မြေဖြစ်စေ အရေးမကြီးပေ။ သူတို့က ခြိမ်းခြောက်ရဲရုံသာဖြစ်ပြီး ထိုထက်ပိုမလုပ်ရဲကြပေ။ လူသားမျိုးနွယ်မဟာမိတ်၏ နတ်ဘုရားသုံးပါးက ဝင်မပါခဲ့သော်လည်း သတ်မှတ်ထားသော အနီရောင်မျဉ်းရှိလေသည်။ နောက်ဆုံး ကျင်းထျန်းကျိုးက တစ်ခုခုလုပ်ချင်လျှင်တောင် လင်းယွမ်၏ သရုပ်မှန်ကို မသိပေ။