← Chapters

အင်းဆက်မျိုးနွယ်၏ အမိန့်....

Vol. 17 Ch. 259

အင်းဆက်မျိုးနွယ်၏ အမိန့်....

Vol. 17 Ch. 259

" အရှင် ကျွန်တော်တို့ လူသားမျိုးနွယ်နဲ့ အဆုံးအဖြတ်တိုက်ပွဲမှာ ဂရုမစိုက်ရင် ကျွန်တော်တို့မျိုးနွယ်က ချောက်နက်ထဲ ကျသွားလိမ့်မယ်နော်။ " နောက်ထပ် သန်မာသူတစ်ယောက်က ပြောလိုက်သည်။

စကြာဝဠာထဲမှ သန်မာသော မျိုးနွယ်တစ်ခုအနေဖြင့် အခြားမျိုးနွယ်များနှင့် မဟာမိတ်ပြုထားခြင်းမရှိလျှင် ဟေးယွမ်မျိုးနွယ်က အကြိမ်များစွာ ကျရှုံးသွားပေလိမ့်မည်။

ယခု ဟေးယွမ်မျိုးနွယ်က အဆုံးအဖြတ်တိုက်ပွဲကို မဆင်မခြင် စတင်ခဲ့ပြီး သူတို့က ဤစစ်မြေပြင်မှ လူသားမျိုးနွယ်အားလုံးကို အမြစ်ဖြတ်ချေမှုန်းနိုင်လျှင်တောင် လူသားမျိုးနွယ်က ပြန်လည်အားဖြည့်နိုင်ပေလိမ့်မည်။ ၎င်းက လူသားမျိုးနွယ်၏ ရူးသွပ်မှုကို ရန်စခြင်းပင် ဖြစ်သည်။

" ဒါက အင်းဆက်မျိုးနွယ်ရဲ့ အမိန့်ပဲ။ " ဦးချိုတစ်ချောင်းနှင့်လူက ဖြည်းညင်းစွာ ပြောလိုက်သည်။

" အင်းဆက်မျိုးနွယ်လား..." အရပ်ပုပုနှင့် သန်မာသူက အံ့အားသင့်သွားပြီး မျက်နှာပျက်သွားသည်။

၎င်းက သူတို့ဘာသာသူတို့ ကိုယ်ပိုင်ဆုံးဖြတ်ခြင်းထက် ပိုဆိုးလေသည်။ အင်းဆက်မျိုးနွယ်က သူတို့ကို အမိန့်ပေးခဲ့လျှင် ၎င်းက အထွတ်အထိပ်မျိုးနွယ်များကြား မဟာစစ်ပွဲကြီး ဖြစ်မသွားဘူးလား။

အခြားအထွတ်အထိပ်မျိုးနွယ်တွေရော ပါဝင်ကြမှာလား။ အထွတ်အထိပ်မျိုးနွယ်များကြား အဆုံးအဖြတ်တိုက်ပွဲဖြစ်လျှင် ကြီးမြတ်သူများလည်း ပါဝင်လာနိုင်ပြီး စစ်ပွဲက ကြယ်စကြာဝဠာကို လှုပ်ခါသွားပေလိမ့်မည်။

ဟေးယွမ်မျိုးနွယ်ကဲ့သို့ အင်အားကြီးမျိုးနွယ်ပင် ထိုစစ်ပွဲအောက်တွင် ခုခံနိုင်စွမ်းရှိတော့မည်မဟုတ်ပေ။

" အဲ့ဒါကြောင့် ငါတို့မျိုးနွယ်က ရွေးချယ်စရာမရှိဘူး။ " ဦးချိုတစ်ချောင်းနှင့်လူက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

ကြယ်စကြာဝဠာထဲတွင် မျိုးနွယ်ပေါင်းတစ်သောင်းကျော်ရှိသော်လည်း သူတို့က အထွတ်အထိပ်မျိုးနွယ်များ ကြိုးဆွဲရာကနေရသော ရုပ်သေးများသာ ဖြစ်သည်။

သူ၏ ဟေးယွမ်မျိုးနွယ်က အင်းဆက်မျိုးနွယ်၏ အမိန့်ကို ဆန့်ကျင်ရဲလျှင် လူသားမျိုးနွယ်ပင် လှုပ်ရှားရန် မလိုဘဲ အင်းဆက်မျိုးနွယ်က သူတို့ကို ကိုင်တွယ်ပေလိမ့်မည်။

" ရွှယ်ယောင် မင်း အဋ္ဌမအလွှာကို ရောက်တာ ကြာပြီ။ ဒီတစ်ခါ မင်းရဲ့ တာဝန်က အရှေ့တောင်ဘက် စစ်မြေပြင်ကို စောင့်ကြပ်ပြီး လွတ်လာတဲ့ လူသားမျိုးနွယ်တိုင်းကို သနားညှာတာမှုမရှိ သတ်ပြစ်ရမယ်။ " ဦးချိုတစ်ချောင်းနှင့်လူက အမိန့်ပေးလိုက်သည်။

" ဟုတ်ကဲ့..." အရပ်ပုပုနှင့်လူက ခေါင်းငြိမ့်လိုက်သည်။

လူသားမျိုးနွယ်နှင့် ပြင်းထန်သော စစ်ပွဲတွင် သူ မပါဝင်လိုပေ။ စစ်ပွဲမှ ရရှိသော အကျိုးအမြတ်များက လူသားမျိုးနွယ်၏ လက်တုန့်ပြန်မှုနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။ သို့သော် ၎င်းက အင်းဆက်မျိုးနွယ်၏ အမိန့်ဖြစ်သည်။

" ပြီးတော့..." ဦးချိုနှင့်လူက လူသားမျိုးနွယ်ကို ခြုံခိုတိုက်ခိုက်ရန် ဟေးယွမ်မျိုးနွယ်ဝင်များအား နေရာအသီးသီးကို တာဝန်ပေးလိုက်သည်။

" နောက်ဆုံး.... ငါက လူသားမျိုးနွယ်ရဲ့ ဆင့်ကဲပြောင်းလဲသူတွေကို ရှင်းလင်းဖို့ အဖွဲ့ကြီးတစ်ဖွဲ့ကို ဦးဆောင်သွားမယ်။ " ဦးချိုနှင့်လူက ဟေးယွမ်မျိုးနွယ်၏ သန်မာသူများစွာကို ကြည့်လိုက်သည်။ " မင်းတို့အားလုံး တာဝန်ကျတဲ့နေရာကို သွားကြတော့..."

" ဟုတ်ကဲ့...." ဟေးယွမ်မျိုးနွယ်ဝင်များက အဖွဲ့ငယ်များဖြင့် အသီးသီး ထွက်ခွာသွားကြသည်။

လွင့်မျောတောင်တန်း...

ထိုနေရာက စစ်မြေပြင်ရှိ လူသားမျိုးနွယ်များ၏ အခြေစိုက်စခန်းတစ်ခုဖြစ်သည်။

ထိုအခိုက်တွင် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က တောင်ထိပ်တွင်ရပ်ပြီး ဗဟိုစစ်မြေပြင်သို့ လှမ်းကြည့်နေသည်။

" မျိုးနွယ်ခြားအရေအတွက်တွေ ပြောင်းလဲနေတယ်။ မျိုးနွယ်ခြားအများစုက ပြန်သွားကြတာလား။ "

သူက ကျိုးရှီဟုခေါ်ပြီး ထိုနေရာ၏ တပ်မှူးတစ်ယောက်ဖြစ်သည်။

" ဒီဟေးယွမ်မျိုးနွယ်စုက ဘာလုပ်ချင်နေကြတာလဲ။ " ကျိုးရှီက မျက်မှောင်ကြုတ်နေသည်။

" အခုလောလောဆယ် ဟေးယွမ်မျိုးနွယ်နဲ့ အဆက်အဆံသိပ်မလုပ်ကြနဲ့။ " ကျိုးရှီက အခြေအနေများကို ချက်ချင်းတုန့်ပြန်ရန် စီစဉ်နေသည်။

ထိုအချိန်တွင် ကျိုးရှီက ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချက်ချင်း ချိတ်ဆက်လိုက်သည်။

စစ်မြေပြင်မှ တည်နေရာအများစုက နတ်ဘုရားသုံးပါးနှင့် VR ကမ္ဘာတို့ကို ချိတ်ဆက်နိုင်ခြင်းမရှိကြပေ။ သို့သော် လူသားမျိုးနွယ်၏ အခြေစိုက်စခန်းများတွင် ထိုကန့်သတ်ချက်များမရှိဘဲ အချိန်မရွေး ဆက်သွယ်မိုင်လေသည်။

ခနကြာသောအခါ ကျိုးရှီက VR ကမ္ဘာမှ ထွက်ပြီး သူ၏ အမူအရာက မဲမှောင်နေသည်။

" အဲ့ဒီဟေးယွမ်မျိုးနွယ်က တကယ် အဲ့လိုလုပ်ရဲတယ်။ အင်းဆက်မျိုးနွယ်က ငါတို့လူသားမျိုးနွယ်နဲ့ အဆုံးအဖြတ်တိုက်ပွဲ တိုက်ခိုက်ချင်တာလား။ "

ဟေးယွမ်မျိုးနွယ်က စစ်မြေပြင်ရှိ လူသားမျိုးနွယ်အားလုံးကို ရှင်းလင်းရန် သူတို့၏ မျိုးနွယ်အင်အားတစ်ခုလုံးကို စုစည်းထားကြောင်း လွတ်လပ်ခြင်းနတ်ဘုရားက သတိပေးခဲ့သည်။

သတင်းအရင်းအမြစ်မှ စစ်မြေပြင်မှ လူသားမျိုးနွယ်များ၏ အချက်အလက်များအရ လူသားမျိုးနွယ်၏ ရှေးဖြစ်ဟောသူက တွက်ချက်ထားခြင်းဖြစ်သည်။

အင်းဆက်မျိုးနွယ်က အကြောင်းရင်းအချို့ကြောင့် သူတို့၏ လက်အောက်မှ မျိုးနွယ်အားလုံးကို စစ်မြေပြင်ရှိ လူသားမျိုးနွယ်များအား မည်သည့်တန်ဖိုးပေးဆပ်ရသည်ဖြစ်စေ ရှင်းလင်းရန် အမိန့်ပေးခဲ့သည်။

" မျိုးနွယ်စုတစ်ခုလုံးရဲ့အင်အားကို အသုံးပြုတာလား။ " ကျိုးရှီက အသက်ပြင်းပြင်း ရှူလိုက်သည်။

ဟေးယွမ်မျိုးနွယ်က အင်အားကြီးမျိုးနွယ်တစ်ခု ဖြစ်သော်လည်း သူတို့တွင် အဋ္ဌမအလွှာ သန်မာသူများစွာ ရှိပြီး အဋ္ဌမအလွှာထက် ကျော်လွန်သူ အချို့ပင် ရှိနိုင်လေသည်။ သူတို့က မျိုးနွယ်တစ်ခုလုံး၏ အင်အားကို အသုံးပြုလျှင် စစ်မြေပြင်မှ ဆင့်ကဲပြောင်းလဲသူများက ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

" ငါတို့က ပြေးရုံပဲ တတ်နိုင်လိမ့်မယ်။ " ကျိုးရှီက တိတ်ဆိတ်စွာ တွေးလိုက်သည်။

၎င်းက လွတ်လပ်ခြင်းနတ်ဘုရား၏ အကြံတစ်ခုလည်း ဖြစ်သည်။

ဟေးယွမ်မျိုးနွယ်က မလှုပ်ရှားမီ လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူအားလုံးက ဦးတည်ရာအမျိုးမျိုးသို့ ပြေးသင့်လေသည်။ ၎င်းက သေဆုံသည့်အရေအတွက်ကိုလည်း လျှော့ချပေးနိုင်လေသည်။ လွတ်လပ်ခြင်းနတ်ဘုရား၏ တွက်ချက်မှုအရ ဆယ်ယောက်တွင် ရှစ်ယောက်လောက်တော့ အသက်ရှင်နိုင်လေသည်။

ထာဝရလေဟာနယ်အက်ကြောင်းအနီးတွင် လင်းယွမ်က ချပ်ဝတ်နှင့်လူ၏ သတိပေးချက်ကို ရရှိလိုက်သည်။

" ညီအကို မြန်မြန်ပြန်လာခဲ့။ အရေးကြီးကိစ္စဆွေးနွေးစရာရှိတယ်။ " ချပ်ဝတ်နှင့်လူက လင်းယွမ်ကို မျိုးနွယ်ခြားများ သတိမထားမိစေရန် သာမန်အတိုင်းပြန်လာရန် သတိပေးလိုက်သည်။

" အရေးကြီးကိစ္စလား။ " လင်းယွမ်၏ အမူအရာက ပြောင်းလဲခြင်းမရှိဘဲ မတ်တပ်ရပ်ပြီး ထွက်ခွာသွားသည်။

မကြာမီ လင်းယွမ်က နေရာရွေ့ပြောင်းပြီး တောင်တန်းပေါ်သို့ ပြန်ရောက်လာသည်။

" ဟမ်..." လင်းယွမ်က ပတ်ဝန်းကျင်တွင် ဆင့်ကဲပြောင်းလဲသူများစွာ ရောက်နှင့်နေသည်ကို သတိပြုမိလိုက်သည်။

" အဲ့ဒါက တကယ်အရေးကြီးတာ ဖြစ်ရမယ်။ " လင်းယွမ်က ချက်ချင်း နားလည်လိုက်သည်။

" အားလုံးပဲ... ဟေးယွမ်မျိုးနွယ်က..." ကျိုးရှီက ဆင့်ကဲပြောင်းလဲသူများကို ကြည့်ပြီး ဟေးယွမ်မျိုးနွယ်၏ အစီအစဉ်ကို ပြောပြလိုက်သည်။

ဆင့်ကဲပြောင်းလဲသူများက ဒေါသထွက်ပြီး တုန်လှုပ်သွားကြသည်။ စစ်မြေပြင်ငယ်တစ်ခုကို ရှင်းလင်းရန် အဋ္ဌမအလွှာ ဆယ်ယောက်ကျော်ကို စုစည်းခဲ့လေသည်။

" ဒါပေမယ့် အားလုံး အရမ်းမစိုးရိမ်ကြပါနဲ့။ " ကျိုးရှီက ဆက်ပြောလိုက်သည်။ " ကျုပ်တို့မှာ ပြင်ဆင်ချိန်ရှိပါတယ်။ ကျုပ်တို့ မြန်မြန်ထွက်ပြေးရင် ရှစ်ဆယ် ကိုးဆယ် ရာခိုင်နှုန်းလောက် အသက်ရှင်နိုင်ပါတယ်။ "

လူသားမျိုးနွယ်ကသာ ၎င်းကို မသိထားလျှင် ဟေးယွမ်မျိုးနွယ်က အားလုံးကို ခြံထဲက ကြက်များသဖွယ် ဖြစ်သွားကြပေလိမ့်မည်။

သို့သော် ယခု လူသားမျိုးနွယ်က သတင်း ကြိုတင်ရရှိထားပြီဖြစ်သည်။ ဟေးယွမ်က စစ်မြေပြင်တစ်ဝိုက်တွင် စောင့်နေလျှင်တောင် ထိုမျှ ကျယ်ဝန်းသော စစ်မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် လွတ်လပ်ခြင်းနတ်ဘုရားက လူသားမျိုးနွယ်၏ ရှစ်ဆယ် ကိုးဆယ်ရာခိုင်နှုန်းကို လွတ်မြောက်နိုင်လိမ့်မည်ဟု တွက်ချက်ထားခြင်းဖြစ်သည်။

" ခနနေရင် ငါ ဒီတောင်တန်းကို အသက်သွင်းပြီး ဟေးယွမ်မျိုးနွယ်ရှိတဲ့နေရာကို တိုက်ခိုက်လိုက်မယ်။ မင်းတို့အားလုံး အဲ့ဒီအခွင့်အရေးကို အသုံးချပြီး ထွက်ပြေးကြ။ မင်းတို့ အစွမ်းကုန် ထုတ်သုံးဖို့ မှတ်ထားပါ။ " ကျိုးရှီက လေးနက်စွာ ပြောလိုက်သည်။

သူ၏ အစစ်အမှန်ခန္ဓာက အခြားနေရာတွင် ရှိနေသောကြောင့် နောက်တွင်ကျန်ပြီး ဟေးယွမ်မျိုးနွယ်ကို အချိန်ဆွဲထားလည်း ကိစ္စမရှိပေ။

All Chapters