တိုက်ခိုက်ခံရခြင်း....
Vol. 17 Ch. 261
" ရွှယ်ယောင် မင်းရဲ့ အရှေ့တောင်ဘက် ဆယ်မိနစ်အကွာမီာ သတ္တမအလွှာ လူသားဆင့်ကဲပြောင်းလဲသူတစ်ယောက် ဖြစ်သွားလိမ့်မယ်။ သူ့ကို သတ်လိုက်။ " ဟေးယွဲ့မျိုးနွယ်ခေါင်းဆောင်က သူ၏ အာရုံကို ဖြန့်ကျက်ပြီး လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူများ၏ သန်မာသော အော်ရာများကို ပစ်မှတ်ထားနေသည်။
အင်းဆက်မျိုးနွယ်က သူတို့အား လူသားမျိုးနွယ်မှန်သမျှကို သတ်ဖြတ်ရန် အမိန့်ပေးထားသောကြောင့် အဆင့်မြင့် လူသားမျိုးနွယ်များကို သတ်ဖြတ်လျှင် ဆုလာဒ်များကလည်း ပိုများမည်ဖြစ်သည်။
စစ်မြေပြင်၏ အစွန်ပိုင်းနေရာတွင် လင်းယွမ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး စစ်မြေပြင်၏ အပြင်ဘက်သို့ ဦးတည်နေသည်။
" ဘာအတားအဆီးမှမရှိဘူးလား။ " လင်းယွမ်က သူ၏ နောက်မှ လွင့်မျောတောင်တန်း၏ ပေါက်ကွဲမှုကို သတိထားမိလိုက်သည်။
" ငါတို့ ထွက်ပြေးတာကို ဖုံးကွယ်ဖို့ ကြိုးစားတာက သိပ်အသုံးမဝင်ဘူးမဟုတ်လား။ " လင်းယွမ်က စဉ်းစားနေသည်။
ဟေးယွမ်မျိုးနွယ်က အင်အားတစ်ခုလုံးကို အသုံးပြုခဲ့ပြီး ၎င်းကို သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူမပြောနှင့် သာမန် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူများပင် ရပ်တန့်နိုင်သောအရာ မဟုတ်ပေ။
" ဒီနေရာက မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်ပဲ။ အချိန်မရွေး ကပ်ဘေးအမျိုးမျိုးကို ကြုံတွေ့နိုင်တယ်။ " လင်းယွမ်က အနည်းငယ် စိတ်ပျက်သွားသည်။
သူက စစ်မြေပြင်သို့ ဝင်ချိန်တွင် မျိုးနွယ်ခြားများနှင့် တိုက်ခိုက်ခြင်းမရှိဘဲ နှိမ့်ချနေခဲ့သော်လည်း ယခုအချိန်တွင် ထွက်ပြေးနေရဆဲ ဖြစ်သည်။ ၎င်းက စစ်မြေပြင်ငယ်တစ်ခုသာ ဖြစ်သည်။
အလယ်အဆင့် စစ်မြေပြင်တစ်ခုဖြစ်လျှင် ဘေးအန္တရာယ်များက ပို၍ ကြီးမားလာပြီး စစ်မြေပြင်ကြီးများတွင် ချီခွန်ကြယ်သခင်ကဲ့သို့ စွမ်းအားကြီး တည်ရှိမှုများပင် အလေးထား ဂရုစိုက်ရလေသည်။
" ငါ အစွမ်းကုန်ထုတ်ရင် အဋ္ဌမအလွှာနဲ့ နီးကပ်သွားလိမ့်မယ်။ ဒါမှမဟုတ် သာမန်အဋ္ဌမအလွှာကို ဖိနှိပ်နိုင်လိမ့်မယ်။ "
လက်ရှိအချိန်တွင် လင်းယွမ်က ဆဋ္ဌမအလွှာ အထွတ်အထိပ် အမြန်နှုန်းဖြင့်သာ ပြေးနေပြီး သတ္တမအလွှာသို့ပင် မရောက်ပေ။ အကြောင်းရင်းမှာ သူ၏ မြင့်မားသော အရှိန်က ဟေးယွမ်မျိုးနွယ်၏ သန်မာသူများအား ဆွဲဆောင်မိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
လင်းယွမ်၏ အမြန်နှုန်းက အဋ္ဌမအလွှာသို့ ရောက်နေသည်ကို မြင်လျှင် ဟေးယွမ်မျိုးနွယ်ခေါင်းဆောင်ပင် လိုက်လာနိုင်လေသည်။ ထို့ကြောင့် လင်းယွမ်က သူ၏ အရှိန်ကို ဆင့်ကဲပြောင်းလဲသူများကြားတွင် သာမန်အတိုင်း ပြေးနေခြင်းဖြစ်သည်။
" ဒီလမ်းမှာ စတုတ္ထအလွှာနဲ့ ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူတွေ ပြေးနေကြတယ်။ သူတို့ကိုဂရုမစိုက်နဲ့။ " ရွှယ်ယောင်က ဟေးယွဲ့မျိုးနွယ်၏ သန်မာသူများ ဝန်းရံလျက် ရှိနေသည်။
သူ၏ ရည်ရွယ်ချက်က ရှင်းလေသည်။ ဆဋ္ဌမအလွှာတစ်ယောက်ကို သတ်ခြင်းက စတုတ္ထအလွှာနှင့် ပဉ္စမအလွှာများစွာကို သတ်ခြင်းထက် အင်ဆက်မျိုးနွယ်မှ ဆုလာဒ်များ ပိုရနိုင်လေသည်။
သူတို့က ထိုပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများနှင့် အလုပ်ရှုပ်နေပြီး ဆဋ္ဌမအလွှာ သို့မဟုတ် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် လွတ်မြောက်သွားလျှင် ၎င်းက စစ်မှန်သော ဆုံးရှုံးမှုဖြစ်လေသည်။
" ဟမ် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက် လာနေပြီ။ " ရွှယ်ယောင်၏ မျက်လုံးများက တောက်ပသွားသည်။
သူတို့၏ ပတ်လည်ရှိ လေဟာနယ်က တွန့်လိမ်သွားပြီး သူတို့ကို ဖုံးကွယ်သွားသည်။ ထိုမှ ထိုဆင့်ကဲပြောင်းလဲသူက ခြုံခိုတိုက်ခိုက်မည့်သူများ မရှိသည်ဟု ထင်သွားပေလိမ့်မည်။
" ငါသွားမယ်။ မင်းတို့ ဒီမှာနေခဲ့ကြ။ " ရွှယ်ယောင်က အဋ္ဌမအလွှာတစ်ယောက်ဖြစ်သကဲ့သို့ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူကို ကောင်းကောင်းကိုင်တွယ်နိုင်လေသည်။
သူတို့၏ သတ္တမအလွှာတစ်ယောက်ကို လွှတ်လိုက်လျှင် အနိုင်ရရှိရန် မသေချာသည့်အပြင် ပြန်လည်သတ်ဖြတ်ခံရနိုင်လေသည်။
ဝှစ်...
ရွှယ်ယောင်က ပျောက်ကွယ်သွားပြီး ထွက်ပြေးလာသော သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူ၏ ရှေ့တွင် ပြန်ပေါ်လာသည်။
" လူသား..." ရွှယ်ယောင်က သနားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ " ငါမင်းကို မသတ်ချင်ပါဘူး။ ဒါပေမယ့် ဒါက အင်းဆက်မျိုးနွယ်ရဲ့ အမိန့်ပဲ။ "
ဝုန်း....
သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူက အခြေအနေကို နားမလည်သေးမီ ရွှယ်ယောင်၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။ ၎င်းမှာ အဋ္ဌမအလွှာတစ်ယောက်က သတ္တမအလွှာတစ်ယောက်ကို သတ်ဖြတ်ရန် အရမ်းလွယ်ကူကြောင်း ပြသနေသည်။
ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများက ပို၍ သတ်ခံနေရသကဲ့သို့ စတုတ္ထအလွှာနှင့် ပဉ္စမအလွှာ ဆင့်ကဲပြောင်းလဲသူများစွာက လွတ်မြောက်သွားခဲ့ကြသည်။
လွင့်မျောတောင်တန်းက စစ်မြေပြင်၏ ဗဟိုမကျသောကြောင့် ဆင့်ကဲပြောင်းလဲသူများက အနီးဆုံး စစ်မြေပြင်၏ အပြင်ဘက်သို့ ပြေးသွားခြင်းကြောင့် လျင်မြန်စွာ လွတ်မြောက်သွားကြခြင်းဖြစ်သည်။
" ငါ စစ်မြေပြင်က ထွက်ခါနီးပြီ။ " လင်းယွမ်က ဆဋ္ဌမအလွှာ အထွတ်အထိပ်၏ အရှိန်ကို ထိန်းထားသည်။
သူက စစ်မြေပြင်မှ ထွက်ပြီး စကြာဝဠာထဲသို့ ရောက်သည်နှင့် အာကာသယာဉ်ကို ချက်ချင်းထုတ်ပြီး တည်နေရာ ရွေ့ပြောင်းခြင်းကို အသုံးပြုနိုင်ပြီဖြစ်သည်။ ထိုအခါ ထိုက်ယင်မူလစိတ်ဝိညာဉ်က လွတ်မြောက်သွားပေလိမ့်မည်။
စစ်မြေပြင်၏ အရှေ့တောင်ပိုင်းတွင် ရွှယ်ယောင်က ပတ်ဝန်းကျင်ကို ဆက်တိုက် လေ့လာနေသည်။
" အဲ့ဒီလူသားဆင့်ကဲပြောင်းလဲသူ သူ့အရှိန်က ဆဋ္ဌမအလွှာ အထွတ်အထိပ်ပဲ။ ငါတို့ သူ့ကို မလွှတ်ပေးနိုင်ဘူး။ " ရွှယ်ယောင်က လင်းယွမ်ကို သတိပြုမိသွားပြီး ပြောလိုက်သည်။
" ချန်းယု မင်း သူ့ကို သွားသတ်လိုက်။ " ရွှယ်ယောင်က ညွှန်ကြားလိုက်သည်။
သူက အဋ္ဌမအလွှာဖြစ်သောကြောင့် သတ္တမအလွှာများကို ကိုင်တွယ်လေသည်။ ဆဋ္ဌမအလွှာအတွက် သူ မလိုပေ။ သူက ဟေးယွမ်မျိုးနွယ်ဝင်များထဲမှ သတ္တမအလွှာတစ်ယောက်ကို လွှတ်လိုက်ရုံသာ ဖြစ်သည်။ အဆင့်ကြီးတစ်ဆင့်၏ ဖိနှိပ်မှုအောက်တွင် လူသားမျိုးနွယ်၏ ပါရမီရှင်များပင် ခုခံနိုင်ရန် ခက်ခဲလေသည်။
" ဟုတ်ကဲ့ အရှင်ရွှယ်ယောင်။ ကျွန်တော် အဲ့ဒီ့လူသားကို ကိုင်တွယ်လိုက်ပါမယ်။ " သတ္တမအလွှာ ချန်းယုက နှုတ်ခမ်းသပ်လိုက်သည်။
လူသားမျိုးနွယ် ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို သတ်ခြင်းက အင်ဆက်များနွယ်မှ ဆုလာဒ်များ ရရှိမည့်အပြင် ထိုလူသားပိုင်ဆိုင်သော ရတနာများနှင့် လက်နက်များကိုလည်း ပိုင်ဆိုင်နိုင်လေသည်။
ချန်ယုက ပျောက်ကွယ်သွားပြီး လင်းယွမ်ပြေးနေသော လမ်းကြောင်း ရှေ့တွင် တိုက်ရိုက်ပေါ်လာသည်။
" ဟီးဟီး ငါ့လက်ထဲမှာ လာသေစမ်း......" သူက ထိုနေရာတွင် စောင့်ဆိုင်းနေပြီး လင်းယွမ်ပေါ်လာသည်နှင့် သူက ချက်ချင်း လှုပ်ရှားမည်ဖြစ်သည်။
" ဟမ်..." လင်းယွမ်က လေထု၏ ပြောင်းလဲမှုကို ချက်ချင်း ခံစားမိလိုက်သည်။
" ဘာလုပ်ရမလဲ။ " လင်းယွမ်က မျက်မှောင်ကြုတ်သွားသည်။ ဆဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်၏ အာရုံနှင့် ထိုသတ္တမအလွှာ မျိုးနွယ်ခြားကို ရှာမတွေ့နိုင်ပေ။
" ငါမသိချင်ယောင်ဆောင်ရမယ်။ " လင်းယွမ်က ပုံမှန်အတိုင်း ဆက်သွားရန် ဆုံးဖြတ်လိုက်သည်။
သူက ဦးတည်ချက်ပြောင်းလိုက်သည်နှင့် သတ္တမအလွှာမျိုးနွယ်ခြားက ရှာတွေ့သွားပြီး သူ့ကို တားဆီးပေလိမ့်မည်။ မကြာမီ သူက မျိုးနွယ်ခြား၏ တိုက်ခိုက်နိုင်သော အကွာအဝေးအတွင်းသို့ ဝင်ရောက်သွားသည်။
" ဟားဟား လူသား သေပေတော့..." ချန်ယုက ရုတ်တရက် ပေါ်လာပြီး သူ၏ ညာလက်ဖြင့် လင်းယွမ်ကို ရိုက်ချလိုက်သည်။
" အခု သူသေလောက်ပြီ။ " အဝေးမှ ရွှယ်ယောင်က အခြေအနေကို ကြည့်ပြီး ခန့်မှန်းလိုက်သည်။
ချန်ယု၏ ခွန်အားက သတ္တမအလွှာ ဘုရင်အဆင့်ကို မယှဉ်နိုင်သော်လည်း ဆဋ္ဌမအလွှာတစ်ယောက်ကို ကိုင်တွယ်ရန် လုံလောက်လေသည်။
" မကောင်းတော့ဘူး။ အကိုယွမ် အန္တရာယ်ရှိနေပြီ။ " အခြားတစ်ဖက်တွင် ချပ်ဝတ်နှင့်လူက ထိုအခြေအနေကို သတိပြုမိပြီး သူ၏ စိတ်က တင်းကျပ်သွားသည်။
အစတွင် သူက လင်းယွမ်နှင့် ထွက်သွားရန် စီစဉ်ခဲ့သော်လည်း လင်းယွမ်က အလွန်မြန်သည်ကို မြင်သောအခါ နောက်မှ လိုက်ရုံသာတတ်နိုင်ခဲ့သည်။ သို့သော် သူ၏ အရှိန်က နှေးသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ သူတို့ကြား အကွာအဝေးက တဖြည်းဖြည်း တိုးလာခဲ့သည်။ ယခု သူတို့က ကီလိုမီတာ တစ်သန်း ကွာဝေးလေသည်။
" အဲ့ဒါ သတ္တမအလွှာ မျိုးနွယ်ခြားပဲ။ " ချပ်ဝတ်နှင့်လူက ကျောစိမ့်သွားသည်။
သတ္တမအလွှာတစ်ယောက်၏ ခြုံခိုတိုက်ခိုက်မှုအောက်တွင် လင်းယွမ်က ဘယ်လိုမှ အသက်မရှင်နိုင်ပေ။
သတ္တမအလွှာမျိုးနွယ်ခြားပေါ်လာချိန်တွင် လင်းယွမ်၏ အရှိန်က နှေးကွေးသွားခြင်းမရှိဘဲ ရှေ့သို့ ဆက်လက်ပြေးလာသည်။