ကြယ်စကြာဝဠာအပြင်မှ အလောင်း....
Vol. 17 Ch. 263
သတ္တမအလွှာနှင့် အဋ္ဌမအလွှာ ဆင့်ကဲပြောင်းလဲသူအနည်းစုတွင် လေဟာနယ်နိယာကို နားလည်သည့်အပြင် ကြောင်းကျိုးနိယာမများကိုလည်း နားလည်နိုင်ကြသည်။
ကြောင်းကျိုးနိယာမများက လေဟာနယ်နိယာမကဲ့သို့ အခြေခံမရှိဘဲ ကြိုတင်မှန်းဆ၍ မရနိုင်ပေ။ ၎င်းကို နက်ရှိုင်းစွာ နားလည်ထားလျှင် ကျိန်စာသတ်ဖြတ်ခြင်းနည်းစနစ်ကဲ့သို့ ထူးဆန်းသော နည်းလမ်းများကို နားလည်နိုင်ကြသည်။
ကျိန်စာသတ်ဖြတ်ခြင်းနည်းစနစ်က ကြောင်းကျိုးနိယာမများထဲမှ တစ်ခုဖြစ်ပြီး အသုံးပြုမှုများစွာ ရှိသည်။
ဥပမာ ရွှယ်ယောင်က ဆင့်ကဲပြောင်းလဲသူတစ်ယောက်ကို သတ်ချင်လျှင် သတ်ဖြတ်လိုစိတ်နှင့်အတူ သူတို့ကြားတွင် အကြောင်းအကျိုးဆက်နွယ်မှု ဖြစ်ပေါ်သွားခဲ့သည်။
ရွှယ်ယောင်က ပစ်မှတ်ကို သတ်နိုင်ခဲ့လျှင် အကြောင်းအကျိုးဆက်နွယ်မှုက ထိုလူ၏ သေဆုံးမှုနှင့်အတူ ပျောက်ကွယ်သွားပြီး ထိုလူအမှန်တကယ် သေဆုံးခြင်းဖြစ်သည်ဟု ကောက်ချက်ချနိုင်လေသည်။ သတ်ဖြတ်ပြီးနောက် ကြောင်းကျိုးဆက်နွယ်မှုကို ခံစားရဆဲ ဖြစ်လျှင် ပစ်မှတ်က သေဆုံးခြင်းမရှိဘဲ ကိုယ်ပွားတစ်ခုဖြစ်သည်ကို သိနိုင်လေသည်။
" မဆိုးဘူး။ " ခေါင်းဆောင်က ခေါင်းငြိမ့်လိုက်သည်။
ရလဒ်က လူသားဆင့်ကဲပြောင်းလဲသူအားလုံးကို ဖယ်ရှားပစ်ရန် မျှော်လင့်ချက်နှင့် ကွာခြားသော်လည်း ရလဒ်က ကောင်းမွန်နေဆဲ ဖြစ်သည်။ သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူ ၂၁ ယောက် သေဆုံးသွားခဲ့ပြီး ကျန်သည့် ဆင့်ကဲပြောင်းလဲသူများကလည်း သူတို့၏ ကိုယ်ပွားသေဆုံးမှုကြောင့် ထိခိုက်မှုများ ရှိသွားနိုင်လေသည်။
ချီခွန်ကြယ်တွင် လင်းယွမ်က မျက်မှောင်ကြုတ်နေသည်။
" စစ်မြေပြင် C24763ကို တိုက်ခိုက်နေတဲ့အချိန်မှာ အခြားစစ်မြေပြင် ၅၄၆၃ခုကလည်း တစ်ချိန်တည်း တိုက်ခိုက်ခံခဲ့ရတယ်။ ပြီးတော့ အဲ့ဒီစစ်မြေပြင်အားလုံးက အင်ဆက်မျိုးနွယ်မဟာမိတ်ရဲ့ လက်အောက်ကပဲ။ အင်းဆက်မျိုးနွယ်က လူသားမျိုးနွယ်နဲ့ အဆုံးအဖြတ်စစ်ပွဲကို တကယ်စချင်နေတာလား။ " လင်းယွမ်က စိတ်ရှုပ်သွား၏။
ယေဘုယျအားဖြင့် အထွတ်အထိပ်မျိုးနွယ်များက ပဋိပက္ခများကြားတွင် ပါဝင်သည်မှာ ရှားပါးလေသည်။ လူသားမျိုးနွယ် ၊ အင်းဆက်မျိုးနွယ် သို့မဟုတ် အခြားအထွတ်အထိပ်မျိုးနွယ်များက အတိတ်မှ ရှည်လျားသော စစ်ပွဲများတွင် သူတို့၏ အင်အားကိုသာ အသုံးပြုခဲ့ကြသည်။ တစ်ဖက်နှင့်တစ်ဖက် အမြတ်ဖြတ်ချေမှုန်းရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် စစ်ပွဲများကို အတိုင်းအတာတစ်ခုတွင် ထိန်းသိမ်းထားခဲ့ကြသည်။
" အဲ့ဒီအတွက် အကြောင်းပြချက်တစ်ခု ရှိရမယ်။ " လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်လိုက်သည်။
ကိုယ်ပိုင်နေရာတွင် ရှီဖုန်းက ပေါ်လာသည်။
" ရှစ်စန်း ညီလေး မင်း အင်ဆက်မျိုးနွယ်က ဘာကြောင့်ရူးသွပ်သွားတာလဲသိချင်ရင် ငါ့မှာ အတွင်းရေးအချက်အလက်အချို့ ရှိတယ်။ " ရှီဖုန်းက ရယ်ပြီး ပြောလိုက်သည်။ သူက အဆင့်ခြောင်နိုင်ငံသား၊ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူအနေဖြင့် အဆက်အသွယ်များ ရှိလေသည်။
" အကြောင်းပြချက်ကဘာလဲ။ " လင်းယွမ်က မေးလိုက်သည်။
ရှီဖုန်းက မသိလျှင်တောင် လင်းယွမ်က သူ၏ စီနီယာအကိုများ သို့မဟုတ် သူ၏ ဆရာ ချီခွန်ကြယ်သခင်ကို မေးရန် စီစဉ်ထားသည်။ လင်းယွမ်က ထိုကဲ့သို့ အရေးကြီးကိစ္စများကို သိချင်သည်မှာ သဘာဝသာဖြစ်သည်။
" အဲ့ဒါ စစ်မြေပြင်ကြီးတွေကြောင့်ပဲ။ " ရှီဖုန်းက တိုးညှင်းစွာ ပြောလိုက်သည်။
" မျိုးနွယ်ခြားတွေရဲ့ စစ်မြေပြင်ကြီးလား။ " လင်းယွမ်က အနည်းငယ် မှင်သက်သွား၏။
လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများကြားတွင် စစ်မြေပြင်ပေါင်း နှစ်သန်းကျော်ဖွင့်လှစ်ထားပြီး တစ်ရာကျော်မှာ စစ်မြေပြင်ကြီးများ ဖြစ်သည်။
စစ်မြေပြင်ကြီးများက လူသားမျိုးနွယ်၏ အခြားအထွတ်အထိပ်မျိုးနွယ်များနှင့် ထိပ်တိုက်ရင်ဆိုင်သည့် နေရာများဖြစ်ကြသည်။ ကြီးမြတ်သူများပင် စစ်မြေပြင်ကြီးများကို အာရုံစိုက်ကြပြီး တစ်ခါတစ်ရံ ဝင်ရောက်စွက်ဖက်ကြသည်။
" အင်းဆက်မျိုးနွယ်က စစ်မြေပြင်ငယ်နဲ့ အလယ်အဆင့် စစ်မြေပြင်တွေကို ပစ်မှတ်ထရတဲ့ အကြောင်းရင်းက စစ်မြေပြင် S111 အထက်မှာ ဖြစ်မယ့် ဖြစ်ရပ်တစ်ခုကြောင့်ပဲ။ " ရှီဖုန်းက ထူးဆန်းသော အမူအရာနှင့် ရှင်းပြလိုက်သည်။
" အင်းဆက်မျိုးနွယ်ရဲ့ ထိပ်တန်း ရှေးဖြစ်ဟောသူရဲ့ တွက်ချက်မှုအရ စစ်မြေပြင်ကြီး S111 က ထာဝရလေဟာနယ်အက်ကြောင်းကနေ ကြယ်စကြာဝဠာအလွန်က ဧည့်သည်တစ်ယောက် ရောက်လာလိမ့်မယ်။ ပိုအရေးကြီးတာက အဲ့ဒီဧည့်သည်က အလောင်းပဲတဲ့။ "
" အဲ့ဒီအလောင်းက ဘယ်လောက်အရေးကြီးလဲဆိုရင် အင်းဆက်မျိုးနွယ်မဟာမိတ်က မျိုးနွယ်တိုင်းကို အင်အားအကုန်ထုတ်ပြီး ငါတို့လူသားမျိုးနွယ်ကို တိုက်ခိုက်တာပဲ ကြည့်တော့...."
" သူတို့က အဲ့ဒီအလောင်းကို ရယူဖို့ အသာစီးလိုချင်နေကြတာပဲ။ " ရှီဖုန်းက သူ့ကို ပြောလိုက်သည်။
" ငါသိပြီ..." လင်းယွမ်က စဉ်းစားနေသည်။
မျိုးနွယ်ခြားစစ်မြေပြင်ကြီးပေါ်ရှိ ထာဝရလေဟာနယ်အက်ကြောင်းများသည် အလွန်ကြီးမားပြီး မိုင်ပေါင်းသန်းဆယ်ချီ ရာချီ ကျယ်ဝန်းလေသည်။ တစ်ခါတစ်ရံ ပြင်ပမှဧည့်သည်များက လေဟာနယ်အက်ကြောင်းကို ဖြတ်ပြီး ပင်မကမ္ဘာထဲသို့ ဝင်ရောက်လာကြလေသည်။
" ရလဒ်က ဘာလဲ။ " လင်းယွမ်က မေးလိုက်သည်။
" ဘာဖြစ်ရမှာလဲ။ အင်းဆက်မျိုးနွယ်တောင် ဒီကိစ္စကို သိနိုင်ရင် ငါတို့လူသားမျိုးနွယ်က ဘယ်မသိဘဲနေမလဲ။ " ရှီဖုန်းက သူ၏ ခေါင်းကို ခါပြီးပြောလိုက်သည်။
" ပြီးတော့ အခြားအထွတ်အထိပ်မျိုးနွယ်တွေကလည်း ဝေစုလိုချင်ကြတယ်လေ။ အဆုံးမှာ ပြင်ပအလောင်းက အပိုင်းပိုင်းစုတ်ပြဲသွားပြီး လူသားမျိုးနွယ်က အစိတ်အပိုင်းတစ်ခု ရလိုက်တယ်။ "
ရှင်းပြပြီးနောက် ရှီဖုန်းက အံ့ဩစွာ ဆက်ပြောလိုက်သည်။ " ကြီးမြတ်သူတွေတောင် လုယက်ရအောင် အဲ့အလောင်းက ဘာတွေများ ထူးဆန်းနေလို့လဲ ငါသိချင်မိတယ်။ "
" အဲ့ဒါကတော့ သူတို့ပဲသိမှာပဲ။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
ရှီဖုန်းနှင့် စကားအနည်းငယ် ပြောပြီးနောက် လင်းယွမ်က လက်တွေကမ္ဘာသို့ ပြန်ရောက်လာသည်။
" ဆရာ ငါ့ကို ရှာနေတာလား။ အဲ့ဒါ မျိုးနွယ်ခြားစစ်မြေပြင်က ကိစ္စကြောင့်လား။ " လင်းယွမ်က ချီခွန်ကြယ်သခင်ဆီမှ မက်ဆေ့ချ်ကို ရပြီး တပည့်များအားလုံး သူ့ဆီသို့ လာရန် ပြောထားသည်။
အင်းဆက်မျိုးနွယ်မဟာမိတ်၏ ရူးသွပ်သော ကစားကွက်က ထိုနေရာတွင် ပြီးသွားမည်မဟုတ်ဘဲ လူသားမျိုးနွယ်၏ လက်တုန့်ပြန်မှုက စတင်ပေလိမ့်မည်။
အနီရောင်နန်းတော်၏ အပြင်ဘက်တွင် ဇူကောနှင့် အခြားတပည့်များက စကားပြောနေကြသည်။
သူတို့လည်း မျိုးနွယ်ခြားစစ်မြေပြင်များမှ အဖြစ်အပျက်များကို သိခဲ့ရပြီး ထိုအကြောင်းများ ပြောဆိုနေကြသည်။ နောက်ဆုံးတွင် လင်းယွမ် အကြောင်းသို့ ရောက်သွားသည်။
" အင်း ငါတို့က ကိုယ့်ကိုကိုယ် ထူးချွန်တဲ့ ပထမတန်းစား ပါရမီရှင်တွေလို ထင်ခဲ့ပေမယ့် ညီငယ်လေးနဲ့ ယှဉ်ရင်တော့..." တပည့်ခြောက်က သက်ပြင်းချလိုက်သည်။ ယခုထိ သူက လင်းယွမ်၏ သတ္တမအလွှာသို့ တက်လှမ်းသွားခြင်းကို အံ့အားသင့်နေဆဲ ဖြစ်သည်။
" တကယ်ပဲ ငါတို့ ညီငယ်လေးက ဘယ်လိုတောင် ကျင့်ကြံနေတာလဲ။ သူက အမြဲတမ်း ဝရိယရှိပြီး အိပ်မက်ထဲထိတောင် ကျင့်ကြံနေလားမသိဘူး။ "
ရှစ်စန်းတောင်ထိပ်သခင်၏ သတ္တမအလွှာသို့ တက်လှမ်းသွားခြင်းက ပြင်ပတွင်သာမက ချီခွန်မျိုးနွယ်တွင်လည်း အံ့ဩခြင်းများ တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်နေခဲ့သည်။
ချီခွန်ကြယ်သခင်၏ တပည့်များက သူတို့၏ ထူးချွန်သော အရည်အချင်းများနှင့် ဆင့်ကဲပြောင်းလဲခြင်း ပါရမီရှင်များဟု ခေါ်ထိုက်ပေသည်။ ပထမတပည့်သုံးယောက်က သတ္တမအလွှာသို့ ရောက်သွားလျှင်တောင် အခြားသူများကိုလည်း မေးခွန်းထုတ်စရာမလိုပေ။
" ညီငယ်လေးလာပြီ။ " ဇူကောနှင့် အခြားသူများက တစ်စုံတစ်ခုကို ခံစားမိလိုက်ကြပြီး လမ်းလျှောက်လာသော လင်းယွမ်ကို မြင်သောအခါ အားလုံး ပြုံးလိုက်ကြသည်။
" အကိုလေး၊ အကိုငါး၊ အကိုခြောက်..." လင်းယွမ်က အားလုံးကို နှုတ်ဆက်လိုက်သည်။
" ညီလေး ဆရာက ငါတို့ကို စောင့်နေတယ်။ မြန်မြန် ဝင်ရအောင်။ " လေးယောက်မြောက် တပည့် ဇူကောက ပြောလိုက်သည်။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းငြိမ့်ပြီး အနီရောင်ခန်းမထဲသို့ လျှောက်သွားသည်။
ဇူကောနှင့် အခြားတပည့်များက အကြောင်းရင်းတစ်ခုခုကြောင့် လင်းယွမ်နှင့် ယှဉ်မသွားဘဲ နောက်မှလိုက်လာကြသည်။
" ဟမ် " လင်းယွမ်က ၎င်းကို သတိပြုမိပြီး ရပ်၍ အားလုံးကို ပြန်ကြည့်လိုက်သည်။
" အကိုတို့ အဲ့လိုလုပ်ဖို့ တကယ်မလိုပါဘူး။ " လင်းယွမ်က ပြောလိုက်မိသည်။
လင်းယွမ်က သတ္တမအလွှာသို့ ရောက်သွားလျှင်တောင် အခြားသူများထက် ကြီးမြတ်သည်ဟု မခံစားရပေ။ သူက ချီခွန်မျိုးနွယ်၏ ဆယ်သုံးယောက်မြောက်တပည့်ဖြစ်သောကြောင့် သူ့ကို ဂရုစိုက်ခဲ့သော သူ၏ စီနီယာအကိုများက ယခင်အတိုင်း သူ၏ စီနီယာအကိုများသာ ဖြစ်သည်။
" မင်းအတွေးလွန်နေပြီ ညီငယ်လေး။ ငါတို့က မင်းနဲ့ယှဉ်သွားရင် ဖိအားနည်းနည်း ခံစားရလို့ပဲ။ " ဇူကောက ပြောလိုက်သည်။
" ဒါဆိုလည်း ကောင်းပါပြီ။ " လင်းယွမ်က ဘာမှဆက်မပြောတော့ဘဲ နန်းတော်ထဲသို့ ဦးတည်သွားလိုက်သည်။
သူတို့က အချင်းချင်း ကြည့်လိုက်ကြသည်။ လင်းယွမ် ပြသခဲ့သော အရည်အချင်းများအရ သူက ဆယ်စုနှစ်အချို့ သို့မဟုတ် ရာစုနှစ်အနည်းငယ်အတွင်း အဋ္ဌမအလွှာကို စိန်ခေါ်နိုင်ပေလိမ့်မည်။
ကြယ်သခင်နှင့် အဆင့်တူ ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့ အလားအလာ၊ အရည်အချင်း၊ စွမ်းရည်ရှိသော ပါရမီရှင်တစ်ယောက်ကို ဘယ်သူက ပခုံးချင်းယှဉ်သွားရဲမှာလဲ။