ထျန်းချင်းကမ္ဘာ၊ ထျန်းချင်းမဟာမိတ်.....
Vol. 17 Ch. 269
အခြားသားရဲများရှိနေလျှင် ခရမ်းရောင်မျက်လုံးယုန်က အနက်ရောင်သစ်ကိုင်းများထဲသို့ သူ့ဟာသူ ခုန်ဝင်သွားသည်ဟု ထင်ကြပေလိမ့်မည်။
" ကျွိ.....ကျွိ...."
ခရမ်းရောင်မျက်လုံးယုန်က ပြင်းထန်စွာ ရုန်းကန်နေသည်။ သေခြင်း၏ ခြိမ်းခြောက်မှုအောက်တွင် ၎င်း၏ အလားအလာများ ထွက်ပေါ်လာသော်လည်း အနက်ရောင်သစ်ကိုင်းများ ပို၍ တင်းကျပ်လာသည်နှင့်အမျှ ခရမ်းရောင်မျက်လုံးယုန်၏ အသိစိတ်တစ်ခုလုံးက အမှောင်ကျသွားခဲ့သည်။
လင်းယွမ်က ခရမ်းရောင်မျက်လုံးယုန်၏ အသား၊ စိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူလိုက်ပြီး သူ၏ သစ်ကိုင်းများကို ကျေနပ်စွာ လှုပ်ယမ်းလိုက်သည်။
ပတ်ဝန်းကျင်မှ စိတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူခြင်းထက် တိုက်ရိုက်အမဲလိုက်ပြီး ဝါးမျိုခြင်းက သူ၏ ကြီးထွားမှုကို ပို၍ တိုးတက်စေလေသည်။
ခရမ်းရောင်မျက်လုံးယုန်က လင်းယွမ်၏ လဝက် ကျင့်ကြံခြင်းနှင့် ညီမျှလေသည်။ ထိုလဝက်ကျင့်ကြံခြင်းကလည်း လင်းယွမ်ကိုယ်တိုင်ဖန်တီးထားသော ကျင့်စဉ်ကြောင့်ဖြစ်သည်။ ကျင့်စဉ်မရှိလျှင် ၎င်းက နှစ်အချို့ကျင့်ကြံခြင်းနှင့် ညီမျှပေလိမ့်မည်။
" အခု ငါက ကိုယ်ကိုကိုယ် ကာကွယ်နိုင်စွမ်းတော့ ရှိသွားပြီ။ "
ခရမ်းရောင်မျက်လုံးယုန်ကို ဝါးမျိုပြီးနောက် လင်းယွမ်က အနည်းငယ် ကျေနပ်သွားသည်။ ထိုယုန်ကို ဆွဲဆောင်ရာတွင် အသုံးပြုသော အစိမ်းရောင်သစ်ရွက်များက စိတ်ဝိညာဉ်စွမ်းအားများကို လအချို့စုပ်ယူပြီး စုစည်းထားခြင်းဖြစ်သည်။ ၎င်းတို့က လက်ရှိအချိန်တွင် လင်းယွမ်၏ အောင်မြင်မှုများဟု ပြောနိုင်လေသည်။
ထိုအစိမ်းရောင်သစ်ရွက်များက ခရမ်းရောင်မျက်လုံးယုန်များအတွက် ရတနာတစ်ခုနှင့် တူလေသည်။ ရက်အနည်းငယ်အတွင်း လင်းယွမ်က ခရမ်းရောင်မျက်လုံးယုန် ဆယ်ကောင်ကျော်ကို ဖမ်းမိခဲ့သည်။
" အခု ငါက..." လင်းယွမ်က သူ့ကိုသူ ဆန်းစစ်ကြည့်လိုက်သည်။ အမြင်အာရုံနှင့်မဟုတ်ဘဲ အာရုံခံစားမှုနှင့်သာ ဖြစ်၏။
ယခုအချိန်တွင် လင်းယွမ်က အမြင့် သုံးမီတာနီးပါးရှိပြီး သူ၏ စိတ်အသိဆင်းသက်ချိန်မှ ယခုထိ နှစ်မီတာနီးပါး ကြီးထွားလာခဲ့သည်။
ခွန်အားတွင်လည်း သန်မာသော သားရဲအချို့ကို သတ်နိုင်သော်လည်း လင်းယွမ်က လုံခြုံမှုအတွက် ခရမ်းရောင်မျက်လုံးယုန်များကိုသာ ပစ်မှတ်ထားနေဆဲ ဖြစ်သည်။
" ငါ ဆက်ပြီး ကြီးထွားလာရင် ဘိုးဘေးနတ်ဆိုးသစ်ပင်ရဲ့ မွေးရာပါစွမ်းရည်တွေက ချိတ်ပွင့်ပြီး အသုံးပြုနိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်မျိုးစေ့က ဤကမ္ဘာသို့ ဝင်ရောက်ချိန်တွင် အလွန်အားနည်းပြီး အချိန်မရွေး သေဆုံးနိုင်လေသည်။ သို့သော် ယခု ခက်ခဲစွာ ရှင်သန်ပြီးနောက် သူ၏ အခြေအနေက ပို၍ ကောင်းမွန်လာခဲ့သည်။
ထိုအချိန်များအတွင်း လင်းယွမ်က ဉာဏ်အလင်းရှာဖွေခြင်းနှင့် အစိမ်းရောင်သစ်ရွက်များကို အသုံးပြုပြီး ခရမ်းရောင်မျက်လုံးယုန်များကို အမဲလိုက်လေသည်။ အခွင့်အရေးရလျှင် အခြားသားရဲများကိုလည်း သတ်ဖြတ်လေ့ရှိသည်။
နှစ်ဝက်ကြာပြီးသောအခါ လင်းယွမ်က အကိုင်းအခက် တစ်ရာကျော်နှင့် ခုနှစ်မီတာမှ ရှစ်မီတာသို့ ရောက်ရှိသွားခဲ့သည်။ လင်းယွမ်က မိုင်းအနည်းငယ်အတွင်းမှ ခရမ်းရောင်မျက်လုံးယုန်များကို မျိုးသုဉ်းလုနီးပါး အမဲလိုက်ခဲ့လေသည်။
" နည်းနည်းကြာရင် ငါ နေရာပြောင်းဖို့ စဉ်းစားရမယ်။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။
အခြားသစ်ပင်များက စိတ်ဝိညာဉ်ဖြစ်တည်မလာခင် မလှုပ်ရှားနိုင်သော်လည်း လင်းယွမ်က ကွဲပြားလေသည်။ သူသာ ဆန္ဒရှိလျှင် အချိန်မရွေး နေရာပြောင်းနိုင်လေသည်။
" ဟမ် " လင်းယွမ်က နေရာပြောင်းရန် စဉ်စားနေချိန်တွင် သူက ရုတ်တရက် အနည်းငယ် တုန်လှုပ်သွားသည်။ သူက ဦးတည်ရာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။
" အဲ့ဒီနေရာပဲ..." လင်းယွမ်၏ စိတ်က တင်းကျပ်သွားသည်။
သူက စိတ်အသိဆင်းလာပြီးနောက် သားရဲများနှင့် ကြောက်စရာသက်ရှိများကိုသာ တွေ့ခဲ့ရသည်။ အဓိကအကြောင်းရင်းမှာ လင်းယွမ်က သားရဲနတ်ဆိုးများ၏ မွေးရပ်မြေဖြစ်သော အနက်ရောင်မြူခိုးတောင်တန်းတွင် ရှိနေသောကြောင့်ဖြစ်သည်။
" တစ်ယောက်ယောက် လာနေတာလား။ " လင်းယွမ်က သူ၏ အာရုံကို ဖြန့်ကျက်လိုက်ပြီး မိုးအနည်းငယ် အဝေးမှ လူငယ်တစ်ယောက်နှင့် မိန်းကလေးတစ်ယောက်လာနေသည်ကို တွေ့လိုက်ရသည်။
" စီနီယာအကို ငါတို့က လေ့ကျင့်ရေးခရီးအတွက် အနက်ရောင်မြူခိုးတောင်တန်းကို ရွေးချယ်လိုက်တာ အန္တရာယ်မများဘူးလား။ " မိန်းကလေးက စိုးရိမ်စွာ ပြောလိုက်သည်။
" ကျားသားရဲတွင်းထဲမဝင်ဘဲ ကျားပေါက်လေးတွေကို ဘယ်လိုဖမ်းမလဲ။ ဂျူနီယာညီမလေး အခု ငါတို့ဂိုဏ်းက ကမ္ဘာခြားမိစ္ဆာနတ်ဘုရားကို ခုခံဖို့ အမွေအနှစ်တွေ အများကြီး ထုတ်လာခဲ့တယ်။ ငါတို့က ဒီလေ့ကျင့်ရေးကနေ အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်။ "
လူငယ်က ဆက်ပြောလိုက်သည်။ " အနက်ရောင်မြူခိုးတောင်တန်းက အန္တရာယ်များပေမယ့် အဲ့ဒီသားရဲတွေက မိစ္ဆာနတ်ဘုရားရဲ့ ရုပ်သေးတွေထက် ကိုင်တွယ်ရပိုလွယ်တယ်။ ငါတို့က ဒီသားရဲတွေကိုတောင် ကြောက်နေရင် အနာဂတ်မှာ ငါတို့က မိစ္ဆာနတ်ဘုရားကို ဘယ်လိုကိုင်တွယ်ကြမလဲ။ "
" စီနီယာအကိုပြောတာ အဓိပ္ပါယ်ရှိတယ်။ " မိန်းကလေးက လူငယ်ကို လေးစားစွာ ကြည့်လိုက်သည်။
မိုင်များစွာအဝေးတွင် လင်းယွမ်က လူငယ်စုံတွဲကို စောင့်ကြည့်နေသော်လည်း ဘာသာစကားအခက်အခဲကြောင့် သူတို့ပြောသော စကားများကို နားမလည်ပေ။ သို့သော် သူတို့ကို ကြည့်ခြင်းဖြင့် အင်အားစုတစ်ခုမှ လာပုံရလေသည်။
" ဒုတိယအလွှာနဲ့ ညီမျှတယ်။ "
လင်းယွမ်က လူငယ်စုံတွဲကို တွေ့ပြီးနောက် သူတို့ကို စောင့်ကြည့်နေခဲ့သည်။ သို့သော် သူတို့၏ အားသာချက် အားနည်းချက်များကို မသိဘဲ လင်းယွမ်က လှုပ်ရှားမည်မဟုတ်ပေ။
သူတို့၏ နောက်တွင် စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ယောက် ရှိမရှိ မသိနိုင်ပေ။ သူတို့ကို သတ်ပစ်လျှင် ထိုလူက ပေါ်လာနိုင်လေသည်။
လင်းယွမ်က သူတို့ကို စောင့်ကြည့်နေခြင်းမှာ သူတို့၏ ဘာသာစကားကို လေ့လာရန်ဖြစ်သည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် လင်းယွမ်က ဘာသားစကားတစ်ခု သင်ယူရသည်မှာ အခက်အခဲမရှိပေ။ သူက သူတို့၏ အသံနေအသံထား၊ မျက်နှာအမူအရာတို့ကို ကြည့်ခြင်ဖြင့် အသုံးအနှုန်းများကို သိနိုင်လေသည်။
" ထျန်းချင်းကမ္ဘာ... ထျန်းချင်းမဟာမိတ်..."
လဝက်ကြာပြီးသောအခါ လင်းယွမ်က လူငယ်နှစ်ယောက်ဆီမှ အသုံးဝင်သော အချက်အလက်များ ရရှိခဲ့သည်။
ပထမအချက်မှာ ဤကမ္ဘာကို ထျန်းချင်းကမ္ဘာဟုခေါ်ပြီး အကြီးမားဆုံး အင်အားစုက ထျန်းချင်းမဟာမိတ်ဖြစ်၏။ ထျန်းချင်းမဟာမိတ်က မရေတွက်နိုင်သော အင်အားစုများနှင့် ဖွဲ့စည်းထားသည့် ကြီးမားသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာခြားမှ မိစ္ဆာနတ်ဘုရားကို ဆန့်ကျင်ရန်ဖြစ်သည်။
" မိစ္ဆာနတ်ဘုရားက စလှုပ်ရှားနေပြီပဲ။ " လင်းယွမ်က စဉ်းစားနေသည်။
မိစ္ဆာနတ်ဘုရားက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဤကမ္ဘာ ကျူးကျော်ချင်ခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ဘိုးဘေးနတ်ဆိုးသစ်ပင်သစ်စေ့များကို ဤကမ္ဘာတွင် ဖြန့်ကျဲပြီး နောက်ထပ်နည်းလမ်းတစ်မျိုးနှင့် ကြိုးစားခဲ့ခြင်းဖြစ်သည်။
" ထျန်းချင်းမဟာမိတ်ခေါင်းဆောင် သူ့ရဲ့ခွန်အားက သတ္တမအလွှာကို ရောက်နေလောက်ပြီ။ " လင်းယွမ်က လူငယ်စုံတွဲ၏ သူတို့ခေါင်းဆောင်အား မကြာခန ချီးကျူးစကားပြောကြသည်ကို ကြားခဲ့ရသည်။
မိစ္ဆာနတ်ဘုရား ကျူးကျော်သော နှစ်များတွင် မဟာမိတ်ခေါင်းဆောင်က ဖရိုဖရဲ အခြေအနေများကို အဆက်မပြတ် ရပ်တန့်ခဲ့ခြင်းမရှိလျှင် အခြေအနေများက ယခုထက် ဆိုးနေပေလိမ့်မည်။
" သူတို့ပြန်လာပြီ။ " လင်းယွမ်၏ အကြည့်က လူငယ်စုံတွဲဆီသို့ ရောက်သွားသည်။
ဒုတိယအလွှာ သားရဲအချို့ကို သတ်ဖြတ်ပြီးသောအခါ သူတို့၏ လေ့ကျင့်ရေးခရီးစဉ် ပြီးဆုံးသွားပြီး ဆုလာဒ်များ ထုတ်ယူရန် ဂိုဏ်းသို့ ပြန်သွားကြသည်။
လင်းယွမ်က သူတို့လည်း သူ့ကို မတွေ့သောကြောင့် သူ၏ တည်ရှိမှုကိုလည်း ထုတ်မပြပေ။
" ဆက်ပြီး အမဲလိုက်ရမယ်။ " လူငယ်စုံတွဲ ထွက်သွားသောအခါ လင်းယွမ်က သူ၏ အမဲလိုက်ခြင်းလုပ်ငန်းစဉ်ကို ပြန်လည်စတင်ခဲ့သည်။ ယခု သူက ရှစ်မီတာသို့ ရောက်ပြီဖြစ်ပြီး သာမန် ပထမအလွှာ သို့မဟုတ် ဒုတိယအလွှာ သားရဲများက သူနှင့် မီတာတစ်ရာအတွင်းသို့ ဝင်လာလျှင် လွတ်မြောက်နိုင်ခြင်းမရှိပေ။
" ထွက်သွားဖို့ အချိန်ကျပြီ။ "
ယခု ပတ်ဝန်းကျင်ရှိ မျိုးသုဉ်းလုနီးပါး အမဲလိုက်ခံခဲ့ရပြီး သူ၏ လက်ရှိကျင့်ကြံခြင်းအရှိန်ကို ထိန်းထားရန် အမဲလိုက်မှုကို ထပ်မံပြုဘုပ်ရန် အခြားနေရာသို့ ပြောင်းရွေ့ရမည်ဖြစ်သည်။