ဆင်းသက်ခြင်း၊ သစ်ပင်တစ်ပင်....
Vol. 17 Ch. 267
လေဟာနယ်ပုံစံက အခြေခံလေဟာနယ်ပုံစံများထက် ပို၍ ရှုပ်ထွေးပြီး လေဟာနယ်ပြောင်းလဲမှုခံစားချက်ကို ပေးလေသည်။
" ပင်မလေဟာနယ်ပုံစံတွေက လေဟာနယ်နိယာမရဲ့ အနှစ်သာရပါဝင်ပြီး အရေးပါတဲ့ အသုံးဝင်မှုတွေရှိတယ်။ မတူညီတဲ့ ပင်မလေဟာနယ်ပုံစံတွေကို စနစ်တကျပေါင်းစည်းနိုင်ရင် မွေးရာပါနတ်စွမ်းရည်နဲ့တူတဲ့ စွမ်းရည်တွေကိုတောင် ဖြစ်ပေါ်စေနိုင်တယ်။ "
ဥပမာ ၁ခုမြောက်၊ ၁၃ခုမြောက်၊ ၁၆ခုမြောက်နှင့် ၂၃ခုမြောက် ပင်မလေဟာနယ်ပုံစံတို့ကို ပေါင်းစည်းခြင်းဖြင့် နေရာရွေ့ပြောင်းခြင်းစွမ်းရည်ကို ရရှိလေသည်။ နေရာရွေ့ပြောင်းခြင်းက လေဟာနယ်နိယာမ၏ အမြင့်ဆုံးအသုံးချမှုတစ်ခုဖြစ်ပြီး ထွက်ပြေးခြင်း၊ သို့မဟုတ် လိုက်ဖမ်းခြင်းများတွင် အသုံးဝင်လေသည်။
သီအိုရီအရ ပင်မလေဟာနယ်ပုံစံ ၇၇၈၂ခုတို့က နေရာရွေ့ပြောင်းခြင်းကဲ့သို့ လေဟာနယ်အခြေခံနည်းလမ်းများကို ဖန်တီးနိုင်လေသည်။
" လေဟာနယ်နိယာမ ကျယ်ပြန့်ပြီး အကန့်အသတ်မရှိဘူး။ ပင်မလေဟာနယ်ပုံစံ ၇၇၈၂လုံးကို နားလည်နိုင်ရင်တောင် သူတို့က လေဟာနယ်နိယာမတစ်ခုလုံးကို ကျွမ်းကျင်သွားပြီလို့ မဆိုလိုဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။
" ဟမ် ယန်စိတ်ဝိညာဉ်က ထာဝရလေဟာနယ်အက်ကြောင်းနားကို ရောက်သွားပြီလား။ " လင်းယွမ်က တစ်စုံတစ်ခုကို ခံစားမိပြီး မျိုးနွယ်ခြားများ၏ စစ်မြေပြင်ရှိရာသို့ ကြည့်လိုက်သည်။ ယင်စိတ်ဝိညာဉ်က လွန်ခဲ့သော သုံးရက်ကတည်းက ရောက်နေပြီဖြစ်သည်။
" ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား စုစည်းမှုအရှိန်ကို ကြည့်ရအောင်။ " လင်းယွမ်က မျက်လုံးများမှိတ်ပြီး ခံစားကြည့်လိုက်သည်။
" အရှိန်က တိုးမလာဘူးလား။ " လင်းယွမ်က မျက်လုံးများဖွင့်ပြီး မျက်မှောင်ကြုတ်သွားသည်။
မူလစိတ်ဝိညာဉ်နှစ်ယောက်လုံးက ထာဝရလေဟာနယ်အက်ကြောင်းအောက်သို့ ရောက်နေကြပြီဖြစ်သည်။ သို့သော် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုစည်းမှုအရှိန်က ၂၉၀ရက်သာ ရှိနေဆဲ ဖြစ်သည်။
" ဘာလို့လဲ။ " လင်းယွမ်က စိတ်ရှုပ်သွား၏။
လင်းယွမ်က ခနစဉ်းစားပြီးနောက် ရပ်တန့်လိုက်သည်။ ထိုအရာက သူ့အပေါ် သက်ရောက်များစွာ မရှိပေ။
" ယင်စိတ်ဝိညာဉ်ပြန်လာခဲ့။ " လင်းယွမ်၏ စိတ်ထဲမှ ပြောလိုက်ခြင်းနှင့်အတူ ယင်စိတ်ဝိညာဉ်က စစ်မြေပြင်မှ ထွက်ခွာပြီး ချီခွန်ပင်မကြယ်သို့ ပြန်လာခဲ့သည်။
မူလစိတ်ဝိညာဉ်နှစ်ခုကြားတွင် ကွားခြားမှုသိပ်မရှိသောကြောင့် လင်းယွမ်က နှစ်ယောက်လုံးကို စစ်မြေပြင်တွင် နေခိုင်းမည်မဟုတ်ပေ။ မူလစိတ်ဝိညာဉ်တစ်ခုကို သူ၏ အနီးတွင် ထားခြင်းက လိုအပ်လျှင် အထောက်အကူဖြစ်နိုင်လေသည်။
အချိန်များက မျက်စိတစ်မှိတ်အတွင်း လများစွာ ကုန်ဆုံးသွားခဲ့သည်။
လင်းယွမ်က မျက်လုံးများမှိတ်ထားပြီး သူ၏ စိတ်ထဲတွင် နစ်မြှုပ်နေသည်။
" ငါ ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင် နှစ်ခုကို စုဆောင်းနိုင်ခဲ့တယ်။ "
လင်းယွမ်က အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို အာရုံစိုက်လိုက်သည်နှင့် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားပမာဏကို သိလိုက်ရသည်။
လင်းယွမ်က ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားမျှင်တစ်ခု ပြည့်သွားပြီးနောက် ဆင်းသက်ခြင်းကို ချက်ချင်း မလုပ်ခဲ့ဘဲ အချိန်တစ်ခုအထိ စောင့်ဆိုင်းနေခဲ့သည်။ အဆုံးတွင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများက အချိန်မည်မျှ ကုန်သွားသည်ဖြစ်စေ ပျောက်ကွယ်သွားခြင်းမရှိသည်ကို အတည်ပြိီုင်ခဲ့သည်။
" ဒီဆင်းသက်မှုက ဘယ်ကမ္ဘာကို ဦးတည်သွားလဲဆိုတာ ကြည့်ရမယ်။ "
လင်းယွမ်က သူ၏ စိတ်အသိမျှင်တစ်ခုကို အနန္တကမ္ဘာများ၏ ဂိတ်တံခါးဆီသို့ ပို့လွှတ်လိုက်သည်။ သူ၏ စိတ်အသိမျှင်က အချိန်နှင့်လေဟာနယ်ကို ဖြတ်ကျော်ပြီး ကျယ်ပြန့်သော ကမ္ဘာကြီးသို့ ရောက်သွားခဲ့သည်။
" ဟမ် " လင်းယွမ်က ထိုကမ္ဘာကြီးကို လေ့လာရန် ပြင်လိုက်ပြီး သူ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။
" ဒီကမ္ဘာကြီးက..." ထိုခနတွင် သူ၏ စိတ်အသိမျှင်က ပျောက်ကွယ်သွားသည်။
လင်းယွမ်က အတွေးနက်နေသည်။ ခနလေ့လာပြီးနောက် သူက ထိုဆင်းသက်ခြင်းနှင့် ပက်သက်သော အချက်အလက်အချို့ ရရှိခဲ့သည်။
ပထမအချက်မှာ နေထိုင်သည့်အချိန်ဖြစ်သည်။ ထိုဆင်းသက်မှုတွင် လင်းယွမ်၏ နေထိုင်ချိန်က နှစ်ပေါင်းခြောက်ရာဖြစ်လေသည်။ မူလကမ္ဘာတွင် ကြာချိန်က တစ်နှစ်ဖြစ်လေသည်။
" သွားမယ်ကွာ..." လင်းယွမ်က ခနစဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
တစ်ချိန်တည်းတွင် မျိုးနွယ်ခြားများ၏ စစ်မြေပြင်မှ ယန်စိတ်ဝိညာဉ်က ထာဝရလေဟာနယ်အက်ကြောင်းမှ ထွက်ခွာလာသည်။ လူသားမျိုးနွယ် အခြေစိုက်စခန်းသို့ ရောက်သောအခါ လေ့ကျင့်ရေးအခန်းတစ်ခုယူပြီး တံခါးပိတ်ကျင့်ကြံလိုက်သည်။
ဆင်းသက်ခြင်းစတင်ချိန်တွင် လင်းယွမ်၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားပြီး သတိလစ်သွားလေသည်။ သူ၏ ရုပ်ခန္ဓာ သို့မဟုတ် မူလစိတ်ဝိညာဉ်များကလည်း သဘာဝအတိုင်း အိပ်စက်သောအခြေအနေသို့ ဝင်ရောက်သွားကြသည်။
" စမယ်။ " ချီခွန်ပင်မကြယ်တွင် လင်းယွမ်၏ အတွေးများက စုစည်းသွားပြီး သူ၏ စိတ်အသိက အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားခဲ့သည်။
လင်းယွမ်၏ စိတ်အသိက ပြန်လည်နိုးထလာသည်။
" ဒါဘယ်နေရာလဲ။ " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်ချိန်တွင် အလင်းရောင်ကို မမြင်ရဘဲ အမှောင်ထုကိုသာ တွေ့လိုက်ရသောကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။
" ငါ မျက်စိကန်းနေတာလား။ " လင်းယွမ်က တွေးလိုက်မိသည်။
ကိုယ်လက်အင်္ဂါများ ကောင်းမွန်စွာ မဖွဲ့စည်းရသေးသော မွေးကင်းစကလေးငယ်အဖြစ် မွေးဖွားစဉ်ကပင် အလင်းနှင့်အမှောင်ကို ခွဲခြားနိုင်ခဲ့သည်။ ယခုမူ လင်းယွမ်က အလင်းရောင်အနည်းငယ်ကိုပင် မမြင်ရပေ။
" ဒါဆို မျက်စိကန်းနေရင် ဘယ်လိုလုပ်မလဲ။ ငါ ဒုတိယအလွှာကို ရောက်မှ အမြင်အာရုံပြန်ရနိုင်လိမ့်မယ်။ နေဦး..."
လင်းယွမ်က သူ၏ အတွေးများကို စုစည်းပြီး ခန္ဓာကိုယ်ကို အာရုံစိုက်လိုက်ချိန်တွင် သူ၏ စိတ်အသိက လူသားမျိုးနွယ်သို့ ဆင်းသက်လာခြင်းမဟုတ်ကြောင်း နားလည်သွားသည်။
" ဒါက သစ်ပင်တစ်ပင်လား..." သူ၏ စိတ်အသိက သတ္တမအလွှာမှ နိုးထလာခြင်းဖြစ်သောကြောင့် အမြင်အာရုံမရှိလျှင်တောင် ပြင်ပကို အာရုံခံနိုင်စွမ်းရှိလေသည်။
ယခု သူ၏ ခန္ဓာကိုယ်က အကိုင်းအခက်များ ညှိုးနွမ်းစပြုနေသော တစ်မီတာကျော်ရှည်သည့် သစ်ပင်တစ်ပင်ဖြစ်နေသည်။
အနက်ရောင်မြူခိုးတောင်တန်း။
နက်ရှိုင်းပြီး တိတ်ဆိတ်သော နေရာတွင် နှစ်ထောင်ချီသော နှစ်ရာထောင်ချီသော ရှေးဟောင်းသစ်ပင်ကြီးများက နေရာတိုင်းတွင် ရှိနေပြီး ကြောက်စရာကောင်းသော သားရဲများက ထိုနေရာတွင် နေထိုင်နေကြသည်။
အနက်ရောင်မြူခိုးတောင်တန်း၏ အစွန်နေရာတွင် အမြင့်တစ်မီတာကျော်ရှည်သော သစ်ပင်ငယ်တစ်ပင်က လေနှင့်အတူ လှုပ်ခတ်သွားသည်။ ၎င်း၏ ပင်စည်က အဝါရောင်ခြောက်သွေ့နေပြီး အနီးရှိ ရှေးဟောင်းသစ်ပင်များနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
" ဒါမှဒုက္ခပဲ..." လင်းယွမ်က မသက်မသာခံစားလိုက်ရသည်။
အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ ငါးကြိမ်း ဆင်းသက်ပြီးနောက် လင်းယွမ်းက စိတ်အသိဆင်းသက်သော ခန္ဓာများမှ လူသားများဟုသာ လင်းယွမ်၏ မသိစိတ်က ယူဆခဲ့သည်။
သို့သော် သူက အနန္တကမ္ဘာများ၏ ဂိတ်တံခါးနှင့် အတည်ပြုခဲ့ခြင်း မရှိပေ။ လက်ရှိအခြေအနေအရ သူ၏ ဆင်းသက်ခြင်းသည် လူသားများသာ မဟုတ်ကြောင်း ရှင်းလင်းနေသည်။ သီအိုရီအရ ဆင်းသက်သည့်နေရာတွင် သက်ရှိများရှိနေသရွေ့ လင်းယွမ်က ထိုခန္ဓာကိုယ်များထဲသို့ ဆင်းသက်ပေလိမ့်မည်ဖြစ်သည်။
လင်းယွမ်၏ စိတ်က တည်ငြိမ်သွားပြီး လက်ရှိကမ္ဘာနှင့် လိုလျောညီထွေဖြစ်ပြီးနောက် သစ်ပင်နှင့် ပက်သက်သည့် ထူးခြားမှုကို လျင်မြန်စွာ တွေ့ရှိခဲ့သည်။
" ဟမ်..." လင်းယွမ်၏ စိတ်အသိက အနက်ရောင်မီးတောက်တစ်ခု တောက်လောင်နေသည်ဟု ထင်ရသော သစ်ပင်၏ အမြစ်များပေါ်သို့ ကျရောက်သွားသည်။
" သွား အဲ့ဒီကမ္ဘာနဲ့ ပေါင်းစပ်လိုက်..."
တီးတိုးသံများနှင့်အတူ လင်းယွမ်က ဟင်းလင်းပြင်ထဲတွင် ကြီးမားသော ဘိုးဘေး နတ်ဆိုးသစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရသည်ဟု.ထင်ရသည်။ ဘိုးဘေး နတ်ဆိုးသစ်ပင်ကြီးက အကိုင်းအခက်များကို ဝှေ့ရမ်းပြီး အစေ့များကို ကမ္ဘာအနှံ့သို့ ဖြန့်ကြဲလိုက်သည်။
လင်းယွမ်ဆင်းသက်လာသော သစ်ပင်လေးက ထိုသစ်စေ့တစ်စေ့မှ ပေါက်လာခြင်းဖြစ်သည်။
" ကမ္ဘာအပြင်ဘက်က မိစ္ဆာနတ်ဘုရား၊ ဘိုးဘေးနတ်ဆိုးသစ်ပင်။ "
" ဒီကမ္ဘာကြီးကို လိုချင်လို့ သူ့ရဲ့ အစေ့တွေကို ပို့ပြီး ဒီကမ္ဘာပေါ်မှာ ကြီးထွားလာစေတယ်။ နောက်ဆုံး သစ်ပင်တွေ ကြီးထွားလာတာနဲ့ အားလုံးပေါင်းစည်းပြီး ဒီကမ္ဘာကြီးကို သိမ်းပိုက်လိုက်ရုံပေါ့။ " လင်းယွမ်က စိတ်ရှုပ်သွား၏။
ဤတစ်ကြိမ် ဆင်းသက်မှုတွင် သူ၏ အထောက်အထားက မရိုးရှင်းပေ။ သူက ဤကမ္ဘာကြီးကို သိမ်းပိုက်ရန် ကြိုးစားနေသော ဘိုးဘေးနတ်ဆိုးသစ်ပင်၏ အစေ့ဖြစ်လေသည်။
သို့သော် ကံမကောင်းစွာဖြင့် ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးစေ့က ဤကမ္ဘာနှင့် လိုက်လျောညီထွေ ဖြစ်ပုံမရပေ။ လင်းယွမ်ဆင်းသက်လာသော သစ်ပင်ကို ကြည့်ခြင်းဖြင့် ၎င်းမှာ ပင်စည်က ခြောက်သွေ့နေပြီး အာဟာရချို့တဲ့သော ပုံစံကောင်နေလေသည်။
လင်းယွမ်၏ စိတ်အသိသာ မဆင်းသက်လာလျှင် ထိုသစ်ပင်ငယ်က မကြာမီ သေဆုံးရပေလိမ့်မည်။
" မိစ္ဆာနတ်ဘုရား..." လင်းယွမ်က ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။
ဘိုးဘေးနတ်ဆိုးသစ်ပင်၏ မျိုးစေ့ဖြစ်သောကြောင့် အလွန်ဝေးကွာလျှင်တောင် လင်းယွမ်က တစ်ဖက်မှ အလွန်ကြီးမားပြီး ကြောက်စရာကောင်းသော အသွင်အပြင်ကို ခံစားနိုင်လေသည်။
" အခုအချိန်မှာ အဲ့ဒါက မိစ္ဆာနတ်ဘုရားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အရေးမကြီးဘူး။ အဓိကက ငါ အသက်ဆက်ရှင်နိုင်ဖို့ပဲ။ "