တပည့်လေး နေခဲ့ဦး....
Vol. 17 Ch. 264
အနီရောင်နန်းတော်ထဲတွင် လင်းယွမ်နှင့် သူ၏ စီနီယာအကို ဆယ်နှစ်ယောက်တို့က အောက်တွင် ရပ်နေကြသည်။ ချီခွန်ကြယ်သခင်က ပလ္လင်ပေါ်တွင် ထိုင်ပြီး အားလုံးကို ကြည့်နေသည်။
" လူစုံပြီပဲ။ " ချီခွန်ကြယ်သခင်က ခေါင်းငြိမ့်လိုက်သည်။
ချီခွန်မျိုးနွယ်တွင် ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများစွာ ရှိသော်လည်း ချီခွန်ကြယ်သခင်က သူ၏ တပည့်များကို အဓိကအာရုံစိုက်ထားသည်။
စကြာဝဠာလူသားမဟာမိတ်အတွင်း ဆရာနှင့် တပည့်များ၏ ဆက်ဆံရေးက အလွန်ရင်းနှီးပြီး ဆွေးမျိုးသားချင်းများထက် သာလွန်လေသည်။
ဆရာနှင့်တပည့် အတည်ပြုပြီးသည်နှင့် ကတိကဝတ်များ လိုအပ်လေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတွင် ချီခွန်ကြယ်သခင်က တပည့်တစ်ယောက်မှ လက်မခံခြင်းမှာ သူစိတ်ကျေနပ်သော လူတစ်ယောက်မှမတွေ့သည့်အပြင် တပည့်တစ်ယောက်လက်ခံခြင်းမှာ ပြောသလောက် လွယ်ကူသော ကိစ္စမဟုတ်ပေ။
ကြယ်ခုနှစ်လုံးလှိုဏ်ဂူ စမ်းသပ်မှုကို အောင်မြင်ပြီး ချီခွန်မျိုးနွယ်သို့ ဝင်ရောက်နိုင်သူများက ချီခွန်ကြယ်သခင်၏ တပည့်မဟုတ်သလို တောင်ထိပ်သခင်ဆယ့်နှစ်ယောက်၏ တပည့်များလည်း မဟုတ်ကြပေ။ သူတို့က ချီခွန်မျိုးနွယ်ဝင်များဟုသာ ပြောနိုင်လေသည်။ ချီခွန်မျိုးနွယ်က သူတို့ကို ထောက်ပံ့ပေးပြီး သူတို့က ချီခွန်မျိုးနွယ်အတွက် အလုပ်လုပ်ပေးရသည်။ နှစ်ဖက်လုံးက အပြန်အလှန်ပင် ဖြစ်သည်။
" ငါ လိုရင်းပဲပြောမယ်။ စစ်မြေပြင်မျိာ အင်းဆက်မျိုးနွယ်ကြောင့် မငြိမ်မသက်မှုတွေ ဖြစ်သွားတာ မင်းတို့လည်း ကြားမှာပဲ။ ငါတို့ လူသားမျိုးနွယ်က ကြိုသိခဲ့ပြီး ဆုံးရှုံးမှုမများဘူးဆိုပေမယ့် ငါတို့က ဒီကိစ္စကို အလွယ်တကူထားလိုက်လို့မရဘူး။ " ချီခွန်ကြယ်သခင်က တည်ငြိမ်စွာ ပြောလိုက်သည်။
လင်းယွမ်၏ ယင်စိတ်ဝိညာဉ်ရှိခဲ့သော စစ်မြေပြင် C24763 ကို ကြည့်ရလျှင် မရေတွက်နိုင်သော ဆင့်ကဲပြောင်းလဲသူများ လွတ်မြောက်ခဲ့ကြသော်လည်း ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများ သေဆုံးခဲ့ရလေသည်။ ထိုဆုံးရှုံးမှုက စစ်ပွဲအခြေအနေနှင့် ယှဉ်လျှင် အရေးမပါပေ။
သို့သော် လူသားမျိုးနွယ်က အကြောင်းရင်းမရှိဘဲ ထိုဆုံးရှူံးမှုကို ခံနိုင်မည်မဟုတ်ပေ။ ကြယ်ပင်လယ်ခေတ်၏ နှစ်ပေါင်းနှစ်သန်းကျော်အတွင်း ကြယ်စကြာဝဠာမှ မျိုးနွယ်တစ်သောင်းကျော်၏ မျက်လုံးထဲတွင် လူသားမျိုးနွယ်က သူတို့ကို မထိလျှင် ဘာမှမလုပ်သော်လည်း သူတို့ကို ထိရဲလျှင်တော့ လူသားမျိုးနွယ်၏ ရူးသွပ်သော လက်တုန့်ပြန်မှုကို ခံရပေလိမ့်မည်။
" တပည့်ကြီး မင်းက စစ်တပ်ကို ဦးဆောင်ပြီး စစ်မြေပြင် C34123 ကိုသွားရမယ်။ "
" တပည့်နှစ် မင်းက စစ်တပ်ကို ဦးဆောင်ပြီး စစ်မြေပြင် C459543 ကိုသွားရမယ်။ "
" တပည့်သုံး..."
ချီခွန်ကြယ်သခင်က အားလုံးကို အစီအစဉ်တကျ ညွှန်ကြားလိုက်သည်။
ထိုအဖြစ်အပျက်က ချီခွန်ကြယ်နယ်မြေတစ်ခုတည်းမဟုတ်ပေ။ အန်းနန်မဟာမိတ်တစ်ခုလုံးနှင့် အခြားကြယ်မဟာမိတ်များ၊ ကြယ်နယ်မြေတစ်ခုပြီးတစ်ခုက သူတို့၏ တပ်ဖွဲ့များကို စစ်မြေပြင်သို့ စေလွှတ်ခဲ့ကြသည်။
လူသားမျိုးနွယ်က မိခင်ကမ္ဘာမှ ထွက် လာပြီးနောက် စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သော်လည်း ကွဲပြားသောအချိန်များတွင် စစ်မြေပြင်၏ ပြင်းထန်ရက်စက်မှုများကလည်း မတူညီကြပေ။
ဥပမာ အင်းဆက်မျိုးနွယ်၏ လုပ်ရပ်မဖြစ်မီ လူသားမျိုးနွယ်က စစ်မြေပြင်များသို့ ရင်းနှီးမြှုပ်ခြင်း မရှိပေ။ အခြားသော အထွတ်အထိပ်မျိုးနွယ်များကလည်း ထို့အတူပင် ဖြစ်သည်။
ယခုမူ အင်းဆက်မျိုးနွယ်က ထိုစည်းမျဉ်းကို ချိုးဖောက်လိုက်သောကြောင့် လူသားမျိုးနွယ်ကလည်း သဘာဝအတိုင်း ငြိမ်ခံနေမည်မဟုတ်ပေ။
" စစ်မြေပြင်ပေါ်က လှုပ်ရှားမှုအားလုံးက လွတ်လပ်ခြင်းနတ်ဘုရားဆီက လာလိမ့်မယ်။ " ချီခွန်ကြယ်သခင်က ပြောလိုက်သည်။
လူသားမျိုးနွယ်၏ နယ်မြေတိုးချဲ့မှုနှင့် ကျူးကျော်မှုအားလုံးကို လွတ်လပ်ခြင်းနတ်ဘုရားက ညွှန်ကြားခြင်းဖြစ်သည်။ လွတ်လပ်ခြင်းနတ်ဘုရားနှင့်အတူ လူသားမျိုးနွယ်၏ အင်းအား ပေါင်းစည်းလိုက်သောအခါ အောင်ပွဲများ ရရှိခဲ့သည်။
" ဆရာ ကျွန်တော်ကရော..." လင်းယွမ်က စီနီယာအကို ၁၂ယောက်လုံး တာဝန်အသီးသီးရရှိပြီးနောက် သူ့အလှည့်မကျသောကြောင့် မေးလိုက်သည်။
" ဒီကိုလာကြည့်။ ဒါနဲ့ရင်းနှီးအောင်လုပ်။ " ချီခွန်ကြယ်သခင်က ခေါင်းခါပြီး ပြောလိုက်သည်။ သူက လင်းယွမ်အား ဖိတ်ခေါ်ခြင်းမှာ စစ်မြေပြင်၏ အငွေ့အသက်ကို ကျင့်သားရစေရန် ဖြစ်သည်။ လင်းယွမ်ကို စစ်မြေပြင်သို့ စေလွှတ်ရန်မှာ ချီခွန်ကြယ်သခင်က ၎င်းကို လက်မခံနိုင်ပေ။
အရည်အချင်းရှိသော ဆင့်ကဲပြောင်းလဲသူများက စစ်ပွဲကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ပြောသော်လည်း သူတို့က အဆင့်တက်ရန် အတားအဆီးဖြစ်နေသောအချိန်တွင် ရွေးချယ်စရာမရှိသောကြောင့် ဖြစ်သည်။
လင်းယွမ်၏ အရည်အချင်းနှင့် သူက မည်သည့်အတားအဆီးမှ ကြုံတွေ့မည်မဟုတ်ပေ။ ယခုအချိန်တွင် လင်းယွမ်ကို အန္တရာယ်များပြည့်နှက်နေသော စစ်မြေပြင်သို့ လွှတ်ခြင်းက မိုက်မဲမှုပင်ဖြစ်သည်။
" ညီငယ်လေး မင်း ကိုယ်ပွားဖန်တီးပြီးရင် စစ်မြေပြင်ကို သွားနိုင်လိမ့်မယ်။ " စီနီယာအကိုကြီးက ပြုံး၍ ပြောလိုက်သည်။
ချီခွန်ကြယ်သခင်အပါအဝင် သူ၏ စီနီယာအကို ၁၂ ယောက်လုံးက လင်းယွမ်တွင် ကိုယ်ပွားနှင့် တူသော ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့ကို မသိကြပေ။
ယင်စိတ်ဝိညာဉ်နှင့် ယန်စိတ်ဝိညာဉ်တို့က မထူးခြားသော်လည်း သူတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နှင့် ဆက်စပ်နေသည့် ရှုထောင့်တစ်ခု ရှိလေသည်။
" ဆရာ စစ်မြေပြင်ကြီးတွေမှာ တကယ်ဘာဖြစ်တာလဲ။ လေဟာနယ်အက်ကြောင်းထဲက ထွက်လာတဲ့ ဆန်းကျယ်တဲ့ အလောင်းက ဘယ်လိုဖြစ်သွားလဲ။ " တာဝန်များ လက်ခံပြီးနောက် တပည့်သုံးက မေးလိုက်သည်။
အင်းဆက်မျိုးနွယ်က သဘောတူညီမှုကို ချိုးဖောက်ခြင်းမှာ ထိုဆန်းကြယ်သော အလောင်းကြောင့် ဖြစ်သည်။ ထိုအလောင်းကြောင့် အထွတ်အထိပ်များနွယ်အားလုံးအပြင် ကြီးမြတ်သူများပင် လှုပ်ရှားခဲ့ကြပြီး အလောင်းက အပိုင်းပိုင်းဖြစ်သွားခဲ့သည်။
စစ်မြေပြင် S111 တွင် ကြီးမြတ်သူများရှိခြင်းကြောင့် ထိုကိစ္စကို ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ပေ။
လူများစွာက ထိုအလောင်းအကြောင်း သိချင်နေကြသည်။ ကြီးမြတ်သူများကြား တိုက်ပွဲဖြစ်ပွားစေသော အရာများမှာ အလွန်ရှားပါးလေသည်။ ကြီးမြတ်သူများက ပြင်ပပစ္စည်းများ မလိုအပ်ဘဲ လှုပ်ရှားမှုတိုင်းက စကြာဝဠာအမှန်တရားကို ပုံဖော်နိုင်ကြသည်။
" အဲ့ဒီအလောင်း..." ချီခွန်ကြယ်သခင်က ခနစဉ်းစားလိုက်သည်။
၎င်းကို မြင်သောအခါ လင်းယွမ်ကလည်း အာရုံစိုက်လိုက်သည်။
ကမ္ဘာအပြင်ဘက်ရှိ ဟင်းလင်းပြင်ထဲမှ လေဟာနယ်စီးကြောင်းများက သူတို့၏ သိပ်သည်းမှုအပေါ် မူတည်ပြီး နယ်မြေများ ကွဲဲပြားလေသည်။
အင်မော်တယ်တာအိုကမ္ဘာ၏ အပြင်ဘက်ရှိ ဟင်းလင်းပြင်ထဲတွင် လေဟာနယ်များက ကြမ်းတမ်းလွန်သောကြောင့် သတ္တမအလွှာ ခွန်အားရှိသူသာ ရှင်သန်နိုင်လေသည်။
စစ်မြေပြင် C24763 မှ ထာဝရလေဟာနယ်အက်ကြောင်းကို လေ့လာခြင်းဖြင့် မူလကမ္ဘာ၏ အပြင်ဘက်တွင် ရှိသော လေဟာနယ်စီးဆင်းမှုများက အင်မော်တယ်တာအိုကမ္ဘာထက် အဆပေါင်းများစွာ သာလွန်သည်ကို သိခဲ့ရသည်။ ၎င်းမှ ထွက်သော မီးခိုးရောင် အော်ရာကပင် လင်းယွမ်ကို ဦးရေပြားများ ထုံကျဉ်သွားစေလေသည်။
ချီခွန်မျိုးနွယ်၏ အချက်အလက်များအရ အဋ္ဌမအလွှာတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သော ချီခွန်ကြယ်သခင်ပင် ထာဝရလေဟာနယ်အက်ကြောင်းထဲသို့ မဆင်မခြင် မဝင်ရဲပေ။
ပြင်ပကမ္ဘာမှ အလောင်းက ဟင်းလင်းပြင်ကို ခုခံပြီး မူလကမ္ဘာသို့ ရောက်လာနိုင်ခြင်းက အမှန်ပင် အံ့ဩစရာကောင်းလှသည်။
စစ်မြေပြင်ကြီးများတွင် လေဟာနယ်အက်ကြောင်းမှတစ်ဆင့် အခြားကမ္ဘာမှ လာရောက်လည်ပတ်သူများ မကြာခဏ ရှိတတ်သော်လည်း သူတို့က ဟင်းလင်းပြင်စီးဆင်းမှုကို ဆန့်ကျင်ရန် သူတို့က နည်းလမ်းအမျိုးမျိုး၊ လက်နက်များ၊ ရတနာများကို အသုံးပြုခဲ့ကြခြင်းဖြစ်သည်။
အခြားမည်သည့်အရာကိုမှ အားမကိုဘဲ ရုပ်ခန္ဓာတစ်ခုတည်းဖြင့် ကမ္ဘာ၏ အပြင်ဘက်တွင် နေနိုင်ခြင်းမှာ ထိုခန္ဓာက မည်မျှသန်မာလိုက်မလဲ။
" အဲ့ဒါကို ငါလည်း မသိဘူး။ " ချီခွန်ကြယ်သခင်က ခေါင်းခါပြီး ပြောလိုက်သည်။
ထိုအလောင်း၏ လျို့ဝှက်ချက်များကို ကြီးမြတ်သူများနှင့် ရှေးဖြစ်ဟောသူများသာ သိကြလေသည်။
" ဟုတ်ကဲ့။ " တပည့်သုံးက စိတ်ပျက်လက်ပျက် ဖြစ်သွား၏။ သူ၏ ဆရာက တစ်ခုခုသိထားလိမ့်မည်ဟု ထင်နေခဲ့သည်။
" ကောင်းပြီ။ မင်းတို့သွားတော့။ ငါတို့လူသားမျိုးနွယ်က တန်ပြန်တိုက်ခိုက်ဖို့ အချိန်ကျပြီဆိုတော့ အသင့်ပြင်ဆင်ထားကြ။ " ချီခွန်ကြယ်သခင်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
" ဟုတ်ကဲ့..." တပည့်အားလုံးက ခန်းမထဲမှ ထွက်သွားကြပြီး လင်းယွမ်ကလည်း ထွက်သွားရန် ပြင်လိုက်သည်။
ထိုအချိန်တွင် ချီခွန်ကြယ်သခင်၏ အသံက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။
" တပည့်လေး နေခဲ့ဦး။ "