ယဲ့ချန်းခန်၏ စနောက်မှု
Vol. 17 Ch. 242
အခန်း (၂၄၂) : ယဲ့ချန်းခန်၏ စနောက်မှု
ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာဖြူ ကောင်းကင်အသျှင်တို့က ရရှိလာသော ပစ္စည်းအပုံလိုက်ကို ကြည့်ပြီး အံ့ဩနေကြသည်။
အပွင့်လင်းဆုံး ပြောရလျှင် သူတို့ ထိတ်လန့်မိသွားကြသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်တုန်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ရွှေရောင်မျိုးဆက် ပါရမီရှင် နှစ်ယောက်ဖြစ်သော အစ်ကိုကြီးနှင့် အစ်ကို(၂)တို့ အခြေတည်အဆင့်တုန်းက ကမ္ဘာဦးတိုက်ပွဲနယ်မြေသို့ သွားစဉ်ကပင် ဒီလောက်ထိ အများကြီးထိ မရရှိခဲ့ပေ။
ဂိုဏ်းချုပ် ပြောတာ မှန်တယ်ထင်တယ်။ ရှန်ထျန်းက နတ်ဘုရားတွေ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ပို့ပေးလိုက်တဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ
သူ လုံးဝ အရွယ်ရောက်သွားတဲ့အခါ အထွတ်အမြတ်မြေလည်း မကြီးပွားဘဲ နေပါ့မလား
“ထျန်းအာ … မင်း ပင်ပန်းသွားပြီ”
ကြာဖြူကောင်းကင်အသျှင်က ရှန်ထျန်းကို ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်
“ စစ်ဆေးမှုကို ရက်တွေအများကြီး လုပ်ခဲ့တာဆိုတော့ မင်း သေချာပေါက် အရမ်းပင်ပန်းနေခဲ့မှာပဲ။ အခန်းပြန်ပြီး အနားယူတော့နော်။
နှစ်နာရီကြာပြီးရင် ဂိုဏ်းတွေမှာ နောက်ဆုံးရလဒ် ကြေညာဖို့အတွက် ခေါင်းလောင်းတီးလိမ့်မယ်။ အဲဒီအခါကျ သမာရိုးကျ ဝတ်စုံလေးဝတ်ခဲ့နော်။
မင်းက ငါတို့ အထွတ်အမြတ်မြေရဲ့ သူတော်စင်ဆိုတော့ ဒီစစ်ဆေးမှုမှာ သေချာပေါက် ပထမ နေရာရမှာပဲ”
ကြာဖြူကောင်းကင်အသျှင်ပြောသော စကားတွေက ရဲရဲနီကကြိုး ကောင်းကင်အသျှင်ကို စိတ်မကောင်း မဖြစ်စေပေ။ အဘယ်ကြောင့်ဆိုသော ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရှိ သူတော်စင်မများထဲမှ တစ်ယောက်ဖြစ်သော ရှောင်လင်း၏ အရည်အချင်းကလည်း အံ့ဩမှင်သက်စရာ ကောင်းသောကြောင့် ဖြစ်၏။
သို့သော် ရှန်ထျန်းနှင့် ယှဉ်လိုက်လျှင် သူမ၏ မွေးရာပါ ဝိညာဉ်ခန္ဓာတည်ဆောက်ပုံနှင့်ပင် နှိုင်းယှဉ်လို့ မရနိုင်ပေ။ ရှန်ထျန်းက မိစ္ဆာဝိညာဉ်ဂိုဏ်း၏ အကြံအစည်ကို တားနိုင်ခဲ့ရုံသာမက အထွတ်အမြတ်မြေများအတွက် ကျန်သော မိစ္ဆာဝိညာဉ်ဂိုဏ်းသားများနှင့် ရာထူးကြီးများကို ဖမ်းဆီးနိုင်ဖို့ ကူညီပေးခဲ့သည်။ ထိုကဲ့သို့သော အကူအညီပေးမှုကို ဘယ်သူမှ လျစ်လျူမရှုနိုင်ကြပေ။ ထိုတိုက်ပွဲတစ်ပွဲတည်းဖြင့် ဂိုဏ်းချုပ်နေရာအတွက် တိုက်ခိုက်မှုတွင် ရှန်ထျန်း အနိုင်ရနိုင်သော အခွင့်အရေးက အဆမတန် တိုးလာသည်။
ဒီတစ်ခေါက် စစ်ဆေးမှုရဲ့ ပထမနေရာက သေချာပေါက် ရှန်ထျန်းအပိုင်ပဲ
“ဆရာဒေါ်လေးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် သွားလိုက်ပါဦးမယ်”
ရှန်ထျန်းက ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာဖြူကောင်းကင်အသျှင်တို့ကို နှုတ်ဆက်ပြီးနောက် ယာယီအိပ်ဆောင်သို့ ပြန်သွားသည်။
စုန့်ဖူကွေ့၊ လျှိုထိုက်ယီနှင့် တခြားသူတို့၏ မျက်နှာချိုသွေးခြင်းကြောင့် စိတ်အနှောင့်အယှက် မဖြစ်လိုသည့်အတွက် တခြားသူများကို သူ့နောက် လိုက်ပါခွင့်မပြုခဲ့ပေ။
ဒါက အဓိကအကြောင်းအရင်းတော့ မဟုတ်ပါဘူး
ရှန်ထျန်းက အိပ်ဆောင်ထဲ ဝင်သွားပြီးနောက် ဘယ်သူမှ အိပ်ဆောင်ထဲက အခြေအနေကို မသိနိုင်အောင် ကာကွယ်ရေးအစီအရင်ကို အသက်သွင်းလိုက်သည်။
ထို့နောက် အမှောင်ထဲမှ အမျိုးသားတစ်ယောက် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။
သူက လုံယွမ်နတ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအားကြီးသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။
ထိုအမျိုးသား၏ ပုံစံကလည်း ရှန်ထျန်းနှင့် ရုပ်သွင်တူပြီး ချောမောမှုကလည်း ပြိုင်ဘက်ကင်းလှသည်။
“ မင်း ပြန်လာပြီပေါ့”
“ အင်း ပြန်လာပြီ”
“ မင်း ရလာတာတွေက အရမ်းများတာပဲနော်”
“ အဲဒါကလည်း မင်း ငါ့ကို အဝေးကနေ ကောင်းကောင်း ထိန်းချုပ်လို့ပါ”
“ ငှက်မွေးထာဝရသတ္တုနဲ့ ပြန်လည်ဝင်စားခြင်း သန့်စင်မြေကြီးကို ပေါင်းစပ်လိုက်တော့ မင်းက ပိုပြီးတော့တောင် ရုပ်ချောလာတာပဲ”
“ မင်းကတော့ ငါ့ကို မြှောက်နေပြန်ပါပြီ။ မင်းရဲ့ဗီဇကိုက ကောင်းလို့ပါ။ မင်းက ပိုပြီးတော့ ရုပ်ချောပါတယ်”
“ စစ်ဆေးမှု ပြီးသွားပြီဆိုတော့ ပြန်လာခဲ့တော့လေ။ ငါ့ခန္ဓာကိုယ်နဲ့ ပြန်ပြီး ပေါင်းစပ်လိုက်တော့။ နည်းနည်းတော့ နာကျင်မယ်ဆိုပေမဲ့ တောင့်ခံလိုက်ပါ”
ရွှေနီရောင် အလင်းက အခန်းထောင့်တစ်နေရာတွင် တခြားရုပ်ချောသော ပုံရိပ်တစ်ခုဖြင့် ဖြည်းဖြည်းချင်း ပေါင်းစပ်သွားသည်။
အောင်မြင်စွာ ပေါင်းစပ်ပြီးသွားသည့်အခါ ရုပ်ချောသော ပုံရိပ်၏ အရှိန်အဝါက ပိုပြီး အားကောင်းလာသည်။
ဓာတ်နှောစွမ်းအင်ကလည်း ယခင်ထက်ပိုပြီး အားကောင်းလာသည်ကို အာရုံခံမိပြီး ရှန်ထျန်း ပြုံးလိုက်မိသည်။
နောက်ဆုံးတော့ ငါ့ကိုယ်ပွား အောင်အောင်မြင်မြင်နဲ့ ပြန်လာနိုင်ခဲ့ပြီဆိုတော့ ဒီတိုက်ပွဲနယ်မြေ စစ်ဆေးမှုလည်း နောက်ဆုံးတော့ ပြီးသွားခဲ့ပြီပေါ့
ထိုအခိုက်အတန့်တွင် ရှန်ထျန်း၏ အနောက်ဘက်မှ ကျီစယ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ အော် ... …နောက်ဆုံးတော့ မူလခန္ဓာကိုယ်ဆီ ပြန်ရောက်ပြီပေါ့”
ရှန်ထျန်း ကြက်သီးထသွားကာ နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။
သူ့နောက်တွင် လှည့်ပတ်နေသည့် သေးငယ်သော ခရမ်းရောင် မျှော်နန်းဆောင်လေးတစ်ခုကို မြင်လိုက်ရသည်။
“ မင်းက အရမ်းကြောက်တတ်တာပဲ။ ကမ္ဘာဦးတိုက်ပွဲ နယ်မြေစစ်ဆေးမှု ခံယူဖို့အတွက် ကိုယ်ပွားကို အသုံးပြုလိုက်တာတဲ့” ယဲ့ချန်းခန်က စစနောက်နောက် ပြောလိုက်သည်။
ရှန်ထျန်းက တွေဝေစွာဖြင့် ပြန်ဖြေလိုက်သည်
“ လုံခြုံမှုက အဓိကဆိုတော့ ကျွန်တော်ရဲ့ သတ္တိကြောင်မှုအတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါနော်”
ယဲ့ချန်းခန်၏ ပုံရိပ် ဖြည်းဖြည်းချင်းပေါ်လာကာ ရှန်ထျန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်
“ ငါ သိပါတယ်။ မင်းကို စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ သခင်အဖြစ် ဘာလို့ မင်းကိုပဲ တန်းရွေးလိုက်တယ်လို့ထင်လဲ”
ရှန်ထျန်းက ကြောင်အစွာဖြင့် မေးလိုက်သည်
“ စီနီယာ ဘာကိုဆိုလိုတာလဲ”
ယဲ့ချန်းခန်က ပြုံးကာ ပြောလိုက်သည်
“ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲကို ဝင်လာကတည်းက အဲဒါက မင်းရဲ့ကိုယ်ပွားဆိုတာကို ငါ သတိထားမိတယ်။ အဲဒီခန္ဓာကိုယ်မှာ မင်းရဲ့ခွန်အား တစ်စိတ်တစ်ပိုင်းပဲ ရှိတယ်။ အဲဒါက မင်း အဝေးကနေ ထိန်းချုပ်နေတဲ့ ကိုယ်ပွားသက်သက်ပဲ။ အဲဒါကြောင့်မလို့ပဲ မင်းကို ကြယ်ခုနစ်ပွင့် ပါရမီရှင်အဖြစ် သတ်မှတ်ခဲ့တာ။ ငါ ဘက်လိုက်လို့ သတ်မှတ်ခဲ့တာ မဟုတ်ဘူး”
ရှန်ထျန်းက မေးလိုက်သည်
“ ဒါဆိုရင် ကျွန်တော်ကို ဘာလို့ မဖော်ထုတ်ခဲ့တာလဲ။ ဘာလို့ အခုမှ ဒီလို လာပြောနေရတာလဲ”
ယဲ့ချန်းခန်က ရယ်မောကာ ပြောလိုက်သည်
“ ငါသာ ထုတ်ဖော်လိုက်ရင် မင်းရဲ့ကြောက်တတ်တဲ့စိတ်နဲ့ ဒီစစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့သခင်ဖြစ်လာပြီးတော့ မင်းရဲ့ မူလခန္ဓာကိုယ်ဆီ ပြန်ယူလာရဲပါဦးမလား”
ရှန်ထျန်းက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မေးလိုက်သည်
“ ဘာ… ဘာကိုဆိုလိုချင်တာလဲ”
စစ်နတ်ဘုရား မျှော်နန်းဆောင်က အခန်းတစ်ခုလုံးကို ခရမ်းရောင်အလင်းဖြင့် ဖုံးလွှမ်းထားလိုက်သည်။
ယဲ့ချန်းခန်က ရှန်ထျန်းကို ကြည့်ကာ ပြောလိုက်သည်
“ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးခြားအံ့ဖွယ် ပစ္စည်းငါးခုရှိပေမဲ့ သူတို့ကြားထဲမှာ ဘာအရှုပ်အထွေးမှလည်း မရှိဘူးလေ။ ငါ အဲလိုခန္ဓာကိုယ်မျိုးကို အရမ်းကြိုက်တာ။ ဟား…ဟား…ဟား… ဒီနေ့ကစပြီးတော့ မင်းရဲ့ခန္ဓာကိုယ်က ငါ့အပိုင်ပဲ”
သေစမ်း… ဒီအဖိုးကြီးက ဗီလိန်လား
ရှန်ထျန်း ကြက်သီးမွေးညင်းများ ထသွားပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ထူးခြားအံ့ဖွယ်ပစ္စည်းငါးမျိုးကို ချက်ချင်း အသက်သွင်းလိုက်သည်။
သတ္တုက ရေကို အားဖြည့်ပေးတယ်။ ရေက သစ်သားကို အာဟာရပေးတယ်။ သစ်သားက မီးဓာတ်ကို တောက်လောင်စေတယ်။ မီးက မြေကြိးကို ဖန်တီးတယ်။ မြေကြီးက သတ္တုကို ဖွဲ့စည်းတယ် …
ဓာတ်ငါးပါး၏ စွမ်းအားက ရှန်ထျန်း၏ အဆုတ်ထဲရှိ ထျန်းကျူဓားထဲသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားသည်။
ချွင်…
ကျယ်ကျယ်လောင်လောင် အသံတစ်ခု ဟိန်းထွက်လာသည်။
သွေးနီရောင် အလင်းတန်းအရှိန်အဝါက ယဲ့ချန်းခန်နှင့် စစ်နတ်ဘုရားမျှော်နန်းဆောင်တို့ကို အပိုင်းပိုင်း ဖြတ်ပစ်တော့မည့်ပုံပေါ်နေသည်။
ယဲ့ချန်းခန်က ရှန်ထျန်းကို အားရစွာ ကြည့်ကာ ညာဘက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။
“ မင်းရဲ့ ဓားက မဆိုးပေမဲ့ မင်းရဲ့ ဓားရေးစွမ်းရည်ကတော့ အတော်လေး ညံ့နေသေးတယ်” ရှန်ထျန်းတွင် နတ်ဓားဖွဲ့စည်းပုံ ရှိသော်လည်း ဓားပညာရပ်များကို မသင်ယူခဲ့ဖူးပေ။
သာမန်လူများအတွက် သူ့ဓားချက်က ပြန်လည် မခုခံနိုင်သော အရာတစ်ခုဖြစ်သော်လည်း ယဲ့ချန်းခန်အတွက် ခြိမ်းခြောက်ဖို့ပင် မလုံလောက်ပေ။
ယဲ့ချန်းခန်၏ လက်ညှိုးနှင့်လက်ခလယ်မှ ခရမ်းရောင် အလင်းတန်းဖျော့တစ်ခု တောက်ပလာသည်။
ချွင်…
ထိုသွေးနီရောင် ဓားအရှိန်အဝါများက ယဲ့ချန်းခန်၏ လက်ချောင်းများကြားထဲသို့ ရောက်သွားပြီးနောက် လုံးဝ မလှုပ်နိုင်ဖြစ်သွားသည်။
“ ဒါက မင်းရဲ့ စွမ်းအားအစစ်အမှန်လား” ယဲ့ချန်းခန်က လှောင်ရယ်ကာ မေးလိုက်သည်
“ မင်းက အခုထိ အရမ်းအားနည်းနေသေးတယ်။ ဒါက မင်းရဲ့ စွမ်းအားအစစ်အမှန်ဆိုရင် မင်းရဲ့ ခန္ဓာကိုယ်ကို ငါယူတော့မယ်”
အလွန်အမင်း စွမ်းအားကြီးသော ဖိအားကို ခံစားမိသည့်အတွက် ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲရှိ ဓာတ်ငါးပါး ထူးခြားအံ့ဖွယ် ပစ္စည်းများနှင့် ဓာတ်နှောနတ်မိုးကြိုးတို့က အင်မတန် နိုးကြားတက်ကြွလာသည်။
ဗုဒ္ဓတစ်ပါးလိုမျိုး သူ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းဖြင့် တောက်ပနေသည်။
ဓာတ်ငါးပါး ထူးခြားအံ့ဖွယ်ပစ္စည်း၏ စွမ်းအင်က ရှန်ထျန်း၏ ခန္ဓာကိုယ်ပေါ်တွင် တောက်ပနေသည့်အတွက် သူ၏ ထျန်းကျူဓားကိုပါ ပိုပြီး တောက်ပသွားစေသည်။
ရှန်ထျန်းက လုံယွမ်နတ် ချပ်ဝတ်တန်ဆာကိုပါ ဝတ်ဆင်ကာ ကိုယ့်ကိုယ်ကို သန်လာလာအောင် လုပ်နေသည်။
ယဲ့ချန်းခန်၏ အကြည့်ထဲတွင် အံ့ဩမှင်သက်မှုတို့ ပါဝင်သွားသော်လည်း ထျန်းကျူဓားချက်များကို လက်ဖဝါးသုံးကာ တိုက်ဖျက်နေဆဲ ဖြစ်၏။
ရှန်ထျန်း၏ ညာဘက်လက်က တိုက်ခိုက်ခံရခြင်းကြောင့် ထျန်းကျူဓားက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကာ သွေးနီရောင် အရှိန်အဝါလည်း ပျောက်ကွယ်သွားသည်။
သူက အရမ်းစွမ်းအားကြီးတယ်။ နတ်ဘုရားလောကက ဒီသရဲအဖိုးကြီးက အရမ်းသန်တာပဲ
ရှန်ထျန်း အစွမ်းကုန် ထုတ်သုံးလျှင်ပင် သူနှင့် လုံးဝ တိုက်ခိုက်နိုင်မည် မဟုတ်ပေ။
ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ဂိုဏ်းချုပ်အမှတ်အသားပြားကို တိတ်တဆိတ် ထုတ်ယူကာ အမှတ်အသားပြားထဲတွင် သိုလှောင်ထားသော စွမ်းအားကို ချက်ချင်း အသက်သွင်းဖို့ ပြင်လိုက်သည်။ သူ ကာကွယ်ရေး အစီအရင်တစ်ခု လုပ်ဖို့ပြင်လိုက်သည့်အခါ ဂိုဏ်းချုပ်အမှတ်အသားပြားမှ ဘာမှမတုံ့ပြန်တာကို တွေ့လိုက်ရသည်။
တားဆီးခံထားရပြီ
“ မဆိုးပါဘူး” ယဲ့ချန်းခန်က ရှန်ထျန်းကို စိုက်ကြည့်ကာ ပြောလိုက်သည်
“ မင်းကို သေမျိုးလောကရဲ့ ထိပ်သီး ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်ပြီးပြီ။ အဲဒါကြောင့် မင်းကို ကြယ်ခုနစ်ပွင့် ပါရမီရှင်အဖြစ် သတ်မှတ်လိုက်တာ ကျိုးကြောင်းဆီလျော်တယ်။
ဒါပေမဲ့ ငါ ငယ်ငယ်တုန်းကနဲ့ နှိုင်းယှဉ်လိုက်ရင် မင်းက အရမ်းအားနည်းနေသေးတယ်။ မင်းနဲ့ တိုက်ခိုက်တုန်းက ရွှေကိုယ်ထည်ကျင့်စဉ်ကို အသုံးပြုခဲ့တာ။
သေမျိုးလောကက သာမန်လူတွေကို မင်းရဲ့ပန်းတိုင်အဖြစ် သတ်မှတ်နေတာ ရပ်တန့်လိုက်ဖို့ ငါ မျှော်လင့်တယ်။ ငါ့ကို မင်းရဲ့စံပြအဖြစ် သတ်မှတ်ပြီးတော့ ကြိုးစားလိုက်စမ်းပါ။
မင်းရဲ့ စစ်ဆေးမှုက ဒီနေရာမှာ ပြီးသွားပြီ။ နောက်ထပ်တစ်ကြိမ် ငါ အားရင် မင်းကို ထပ်ပြီးတော့ စစ်ဆေးဦးမယ်”
စစ်ဆေးမှုတဲ့လား
ရှန်ထျန်းက နှုတ်ခမ်းကို တွန့်ချိုးကာ ပြောလိုက်သည်
“ ဘယ်လိုစစ်ဆေးမှုမျိုးလဲ။ ခင်ဗျား…ခင်ဗျားက ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကို ခိုးယူချင်နေတာ မဟုတ်ဘူးလား”
ယဲ့ချန်းခန်က ကျီစားစွာပြုံးပြီး ပြောလိုက်သည်
“ မင်းက လူမသိသူမသိနေတဲ့အပြင် တိုက်ခိုက်တဲ့အခါ ဆရာရဲ့အကာအကွယ်နဲ့တောင် ဟန်ဆောင်လိုက်သေးတာပဲ။
ငါသာ အဲလိုမပြောခဲ့ရင် ငါနဲ့တိုက်ခိုက်တဲ့အခါ မင်းရဲ့ စွမ်းအားတွေကို အကုန်ထုတ်သုံးခဲ့ပါ့မလား။ ဒါဆိုရင် မင်းရဲ့ခွန်အားအစစ်အမှန်က ဘာလဲဆိုတာကို ငါ ဘယ်လိုလုပ်ပြီးတော့ သိနိုင်ခဲ့ပါ့မလဲ။
မင်းရဲ့ ကိုယ်ပွားကိုတောင် ဖုံးကွယ်ထားခဲ့ပြီးတော့ ငါ့ကို မပြောပြခဲ့ဘူး။ ငါက မင်းရဲ့ အဘိုးပါ။ ငါ နတ်ဘုရားလောကမှာ မမြင်ရသေးတာ ဘာများလဲ။
ဒါကြောင့် မင်းကို ဒီတစ်ခါ စနောက်လိုက်တာ။ နောက်တစ်ခါ ငါ့ကို ဖုံးကွယ်ရဲ ဖုံးကွယ်ကြည့်”
ရှန်ထျန်း ဘာပြန်ပြောရမယ်မှန်း မသိဖြစ်သွားသည်။
စနောက်လိုက်တာတဲ့လား
သေစမ်း…တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ခိုးယူဖို့နဲ့ ပတ်သက်ပြီး နောက်တဲ့သူဆိုတာ ရှိလို့လား
ခင်ဗျားက အခုကတည်းက နတ်ဘုရားလောကမှာ အရမ်းစွမ်းအားကြီးတဲ့သူ ဖြစ်နေပြီးပြီလေ။ ကျွန်တော်လိုမျိုး ငယ်ရွယ်ချောမောတဲ့သူမျိုးနဲ့ စနောက်နေဖို့ အဲလောက်အထိ အားနေတာလား
ခင်ဗျားက စနောက်တာမျိုးလည်း တော်တော်ကို မလုပ်တတ်ဘူးပဲ
ဒါက ကျွန်တော်တို့ကမ္ဘာရဲ့ ၂၁ ရာစုသာဖြစ်မယ်ဆိုရင် ခင်ဗျား နောက်ရက် နေထွက်တာတောင် သေချာပေါက် မြင်လိုက်ရမှာမဟုတ်ဘူး
ရှန်ထျန်းက ယဲ့ချန်းခန်ကို သံသယဝင်စွာဖြင့် ကြည့်ကာ ပြောလိုက်သည်
“ ဒါဆို… ကျွန်တော် … ကျွန်တော်ရဲ့ခန္ဓာကိုယ်ကို မခိုးဘူးဆိုတဲ့ သဘောပေါ့ ဟုတ်လား”
“ မင်းက စိတ်ကူးယဉ်စာအုပ်တွေ အများကြီး ဖတ်ထားတာပဲ” ယဲ့ချန်းခန်က စိတ်မရှည်သည့်ပုံစံဖြင့် ပြောလိုက်သည်
“ မင်းရဲ့ ခန္ဓာကိုယ်ကို ခိုးယူရမယ်တဲ့လား။ လိုက်ဖက်တဲ့ ခန္ဓာကိုယ်တစ်ခုကို ရှာဖို့အတွက် အဲလောက်ထိ လွယ်ကူမယ်လို့များ ထင်နေလား။ ထူးခြားအံ့ဖွယ် ပစ္စည်းငါးခုလုံး ဘေးကင်းကင်းနဲ့ ပေါင်းစပ်လို့ ရနိုင်တဲ့ မင်းရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုလည်း ကြည့်လိုက်ဦး။ ငါသာ မင်းရဲ့ ခန္ဓာကိုယ်ကို တကယ် ခိုးယူလိုက်မယ်ဆိုရင် ဘာတွေဖြစ်လာမယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။ အဲဒါကြောင့် မင်း စိတ်အေးအေးထားပါ”
ရှန်ထျန်းက ယဲ့ချန်းခန်ကို မကျေမနပ်ဖြင့် ကြည့်ကာ ပြောလိုက်သည်
“ ခင်ဗျား…ခင်ဗျား… ကျွန်တော်ကို တကယ်ကြောက်အောင် လုပ်လိုက်တာပဲ”
ယဲ့ချန်းခန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်
“ ဟား…ဟား…ဟား… ငါက မင်းကို မကောင်းတဲ့ လူ့သဘာဝကို သင်ပေးနေတာပါ။ မဟုတ်ရင် မင်းက အဲဒီကောင်စုတ်လေး ချူးလုံဟယ်ရဲ့ လှည့်စားတာကို ခံရလိမ့်မယ်”
ရှန်ထျန်းက အံကြိတ်ကာ ပြောလိုက်သည်
“ အခု ကျွန်တော်ကို တိုက်ခိုက်ဖို့အတွက် ရွှေကိုယ်ထည်ကျင့်စဉ်ကို တကယ်သုံးခဲ့တာလား”
ယဲ့ချန်းခန်က ဂုဏ်ယူစွာ ပြောလိုက်သည်
“ မဟုတ်ပါဘူး။ ငါ့မှာရှိတဲ့ အံ့ဩဖို့ကောင်းတဲ့ အရည်အချင်းနဲ့ဆိုရင် ရွှေကိုယ်ထည် နယ်ပယ်အဆင့်က မင်းကို တွန်းအားပေးဖို့ မလုံလောက်ဘူးလို့ တွေးနေတာလား”
ရှန်ထျန်းက သံသယရှိစွာ မေးမြန်းလိုက်သည်
“ ရွှေကိုယ်ထည်ရဲ့ အစောဆုံးအဆင့်လား နောက်ဆုံးအဆင့်လား။ ပထမလား ဒုတိယ သန့်စင်ခြင်းနယ်ပယ်အဆင့်လား”
ယဲ့ချန်းခန်၏ မျက်နှာက အနည်းငယ် နီသွားကာ ပြန်ပြောလိုက်သည်
“ အဟင်း…ဟင်း…အဲဒါက အရေးမကြီးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အဆင့်တူတွေအတွက် ပြိုင်ဘက်ကင်း တစ်ယောက်ဖြစ်လာဖို့ ဝေးသေးတယ်ဆိုတာကိုပဲ မင်း မှတ်ထားစမ်းပါ။ မင်း ဆက်ပြီး ကြိုးစားနေဖို့လိုတယ်။ စောစောက ငါ သုံးခဲ့တဲ့ ကောင်းကင်ခြေမွလက်ဝါးက မင်းရဲ့ ထူးခြားအံ့ဖွယ် ပစ္စည်းတွေနဲ့ သုံးဖို့ အသင့်တော်ဆုံးပဲ။ အဲဒါကြောင့် မင်း သင်ယူချင်လား”
ယဲ့ချန်းခန်က တခြားအကြောင်းအရာတစ်ခုကို ပြောင်းပြောဖို့ ကြိုးစားနေသည့်အတွက် ရှန်ထျန်းက အေးစက်စွာ ပြောလိုက်သည်
“ မသင်ချင်ဘူး”
ယဲ့ချန်းခန်က ခေါင်းမော့ကာ ပြန်ဖြေလိုက်သည်
“ မင်း သင်ယူချင်တယ်ဆိုရင်တော့ ငါ့ကို မင်းရဲ့အဘိုးအဖြစ် သတ်မှတ်ပြီးတော့ ငါ့ကို အရိုအသေပေးလိုက် … ”
ရှန်ထျန်း ငြင်းဆိုလိမ့်မည်ဟု သူ ဘယ်တုန်းကမှ တွေးမထားခဲ့ဖူးပေ။ သူ့မျက်နှာထားက ချက်ချင်း စိတ်ဝင်စားစရာ ကောင်းသွားသည်။
အဲဒီကလေးက ငါ့ရဲ့ကမ်းလှမ်းမှုကို ငြင်းဆိုရဲတယ်ပေါ့လေ
“ မင်း…မင်း..စိတ်မဝင်စားဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ငါ့ရဲ့ အကောင်းဆုံး ပညာရပ်တွေထဲက တစ်ခုပဲလေ”
ရှန်ထျန်းက အေးစက်စွာဖြင့် ပြန်ပြောလိုက်သည်
“ အဲဒီတော့ ဘာဖြစ်လဲ။ ကျွန်တော် ဂရုမစိုက်ဘူး”
ယဲ့ချန်းခန်က ဒေါသသံဖြင့် ပြောလိုက်သည်
“ မင်းက ငါနဲ့ ငါ့ရဲ့ ပညာရပ်ကို လှောင်ပြောင်နေတာပဲ။ ချူးလုံဟယ်ဆိုတဲ့ကလေးက လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းက ငါ့ကို တောင်းဆိုပြီးတော့ မွေးစားအဖေလို့ ခေါ်ခဲ့တာတောင် ငါက သူ့ကို သင်မပေးခဲ့ဘူးဆိုတာ မင်း သိရဲ့လား”
ရှန်ထျန်းက ယဲ့ချန်းခန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်
“ အော်… အဲဒီတော့..”
ဘာ ကောင်းကင်ခြေမွလက်ဝါးလဲ။ စွမ်းအားကြီးတော့ ဘာဖြစ်လဲ
ခင်ဗျားက ကျွန်တော်ရဲ့ ခန္ဓာကိုယ်ကို လုယူချင်ယောင်ဆောင်ပြီးတော့ ကျွန်တော်ကို ခြောက်လှန့်ခဲ့တယ်
ဒါပေမဲ့ ခင်ဗျားက စကားကို ကြားကောင်းအောင် မကောင်းတဲ့ လူ့သဘာဝကို သိချင်တယ်ဆိုပြီး ပြောခဲ့သေးတယ်
နောက်ဆုံးတော့ ကြာပြာကောင်းကင်အသျှင်က ဒီလူကို ဘာကြောင့် မွေးစားအဖေအဖြစ် သတ်မှတ်ချင်လဲဆိုတာကို ရှန်ထျန်း သိသွားလေပြီ။
သူတို့က အတူတူပဲ။ အမှန်အတိုင်း ပြောရရင် ရှန်ထျန်း အငြိုးအတေး ဖြစ်မိတယ်။ ဒီအဖိုးကြီးရဲ့ ခေါင်းပေါ်မှာ ကံအပြောင်းအလဲ အခွင့်အရေးသာရှိရင် သေချာပေါက် လုယူပြီးတော့ ကျင့်ကြံရေးလောကရဲ့ ယုတ်မာမှုကို ပြသပေးလိုက်ရမှာ
အစက စစ်ဆေးမှုအပြီး ရရှိလာသော အရာများကြောင့် ရှန်ထျန်း ပျော်ရွှင်နေသော်လည်း ယဲ့ချန်းခန်၏ ရုတ်တရက် ခြောက်လှန့်မှုကြောင့် လုံးဝ ထိတ်လန့်သွားခဲ့ရသည်။
ယဲ့ချန်းခန် နတ်ဘုရားလောကမှာ အောင်မြင်နေတာက သူ ရုပ်ချောလို့ မဟုတ်ဘူးဆိုတာကို ရှန်ထျန်း လုံးဝ အာမခံရဲတယ်
လုံးဝကို ရုပ်မချောဘူး …