ကျွန်တော် ဒီဆုလာဘ်ကို ငြင်းလို့ ရနိုင်မလားဟင်
Vol. 17 Ch. 243
အခန်း (၂၄၃) : ကျွန်တော် ဒီဆုလာဘ်ကို ငြင်းလို့ ရနိုင်မလားဟင်
မြို့လေးထဲရှိ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ ပိုင်နက်တွင်…
သူဌေးစုန့်က ခြံဝင်းထဲတွင် အတွေးထဲ နစ်မြောရင်း မျက်မှောင်ကြုတ်ထားသည်။
ချင်ယွင်တိ၊ လျှိုထိုက်ယီနှင့် တခြားသူများက သူ့ကို မြင်ပြီး စိတ်ဝင်စားစွာဖြင့် ချဉ်းကပ်လာကြသည်။
“ ညီလေးစုန့် ဘာဖြစ်နေတာလဲ။ မင်း စိတ်အနှောင့်အယှက် ဖြစ်နေတာ ရှိလို့လား။ ငါတို့ကို ပြောပြလို့ရတယ်လေ”
“ ဒီစစ်ဆေးမှုကို အတူတူ ဖြတ်ကျော်သွားပြီးတော့ တကယ့်ညီအစ်ကိုတွေလိုမျိုး ဖြစ်လာပြီလေ။ အဲဒါကြောင့် ဘာမှမစိုးရိမ်ဘဲ ပွင့်ပွင့်လင်းလင်း ပြောပါ”
“ အစ်ကိုဖူကွေ့ ကျွန်တော် အသိအမှတ်ပြုတာက ဆရာနတ်မင်းအပြင် နောက်ထပ် လူသိပ်မများဘူးနော်။ အဲဒါကြောင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။ ကျွန်တော် ကူညီပေးပါ့မယ်”
သူ၏ ညီအစ်ကိုများက အရမ်းစိတ်ဝင်တစား ဖြစ်နေကြသည့်အတွက် သူဌေးစုန့်က သက်ပြင်းချကာ ပြောလိုက်သည်
“ ဟင်း…ပြောရရင်တော့ အရှည်ကြီးပဲ”
ချင်ယွင်တိက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်
“ ရှည်နေရင်လည်း တိုအောင် ဖြတ်ပစ်လိုက်လေ”
သူဌေးစုန့်က မကျေနပ်စွာဖြင့် ပြောလိုက်သည်
“ အခုလေးတင် ကျုပ်ရဲ့ ကံဆိုးတဲ့သားတော်မောင်က မြို့လေးဆီ လာပြီးတော့ သူက စုန့်မိသားစုရဲ့ အကြီးဆုံးသမီးပျိုလေးနဲ့ ချစ်ကြိုက်နေတယ်လို့ လာပြောသွားတယ်”
စုန့်မိသားစုရဲ့ အကြီးဆုံးသမီးပျိုလေးနဲ့ ချစ်နေတယ်တဲ့လား
ချင်ယွင်တိနှင့် တခြားသူတို့က အချင်းချင်း ကြည့်လိုက်ကြသည်။
ဒါက ကောင်းတဲ့အရာ မဟုတ်ဘူးလား
မူလက သူဌေးစုန့်သည် မီးတိုင်းပြည်၏ အနီးရှိ ကျင့်ကြံရေး စုန့်မိသားစုခွဲမှ ဖြစ်ကြောင်း အားလုံးသိသည်။
ကျင့်ကြံရေး စုန့်မိသားစု ဆိုသည့်အရာက အားနည်းသော်လည်း သူတို့ အသန်မာဆုံး အကြီးအကဲ၏ ကျင့်ကြံဆင့်က ထိပ်သီးရွှေအမြုတေအဆင့် ဖြစ်သည့်အတွက် ထိုအရာက သူဌေးစုန့်၏ ပင်မမိသားစု ဖြစ်နေသေးသည်။
သူဌေးစုန့်သားဖြစ်သူက စုန့်မိသားစု အကြီးဆုံးသမီးပျိုရဲ့ နှလုံးသားကို ရထားတယ်ဆိုတဲ့ကိစ္စက သူ့ကို ဝမ်းနည်းစေမဲ့ကိစ္စမျိုးတော့ မဟုတ်ဘူးမလား …
လျှိုထိုက်ယီက ပြောလိုက်သည်
“ ကလေးတွေက အရွယ်ရောက်လာရင် သူတို့ဘာသာ ဂရုစိုက်နိုင်ပါတယ်။ အဲဒါကြောင့် ခင်ဗျားရဲ့သား တာအိုလက်တွဲဖော် ရှာတွေ့သွားတဲ့အတွက် ပျော်ပေးသင့်တယ်လေဗျာ ”
သူဌေးစုန့်က ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ သူ့မှာ တာအိုလက်တွဲဖော် ရှိသွားလို့ ငါ ဝမ်းမနည်းပါဘူး။ သူ တာအိုလက်တွဲဖော် ရှာတွေ့သွားရင် သူ အိမ်မှာ မိန်းမနဲ့ မနေဘဲနဲ့ ဒီမြို့လေးအထိ အထူးတလည် ရောက်လာပြီးတော့ ပြန်လာပြီး မင်္ဂလာဆောင် လုပ်ပေးဖို့ ပြောနေတာ”
ကွေ့ကုန်းကုန်းက ကြောင်အအဖြင့် ပြောလိုက်သည်
“ မိဘအနေနဲ့ မင်္ဂလာပွဲ လုပ်ပေးရမှာ ဘာများမှားလို့လဲ”
သူဌေးစုန့်က သက်ပြင်းချကာ ပြောလိုက်သည်
“ ကွေ့ကုန်းကုန်း မသိတာတွေ ရှိပါသေးတယ်။ ကျူပ်မိသားစုက စုန့်မိသားစုရဲ့ မိသားစုခွဲလေးဆိုတော့ အမြဲတမ်းလိုလို လျစ်လျူရှုခံခဲ့ရတာလေ။
ကျွန်တော်ရဲ့သားက စုန့်မိသားစု အကြီးဆုံးသမီးပျိုရဲ့ နှလုံးသားကို ခိုးယူနိုင်ရတဲ့ အကြောင်းအရင်းက တကယ်ပဲ သူမက သူ့လို ရုပ်ဆိုးတဲ့သူကို ကြိုက်လို့လား။
ဟား…ဟား…ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ရောက်သွားပြီးတော့ အရင်တုန်းကလို မဟုတ်တော့ သူတို့က အခု ကျွန်တော်ကို ကပ်ဖားချင်နေကြတာကြောင့် မဟုတ်ဘူးလားဗျာ”
သူဌေးစုန့်က ခဏလောက် ရပ်ပြီးနောက် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်
“ အစတုန်းက ကျုပ်ရဲ့ ကျင့်ကြံဆင့်ကို တိုးမြှင့်ပြီးတော့ သားကိုလည်း အံ့ဖွယ်မိုးကောင်းကင်မြို့တော်ဆီ ခေါ်လာချင်ခဲ့တာ။
ဒါဆိုရင် သူ့ကို အချိန်မရွေး ရိုက်နှက်လို့ရ၊ သင်ကြားပေးလို့လည်းရ၊ ဂရုစိုက်ပေးလို့လည်း ရတယ်လေ။ အနာဂတ်မှာ သူ့အတွက် အထွတ်အမြတ်မြေထဲ ဝင်နိုင်ဖို့ အခွင့်အရေးတောင် ရရင်ရလာမှာ။
အခုလို သူက ပင်မမိသားစုရဲ့ သမီးနဲ့ ချစ်သွားပြီးတော့ တာအိုလက်တွဲဖော် မြန်မြန်ဖြစ်သွားမယ်လို့ ဘယ်သူက တွေးမိမှာလဲ။
ကျုပ်သာ သူ့ကို အံ့ဖွယ်မိုးကောင်းကင် မြို့တော်ဆီ ခေါ်လာပြီးတော့ ဆရာကောင်းကင်အတွက် အလုပ်လုပ်ပေးဖို့ ကောင်းချီးပေးခံရသူများအဖွဲ့ကို ဝင်ခိုင်းမယ်ဆိုရင် သူ့အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေမှာပဲ”
သူ့သားက မျှော်လင့်သည့်အတိုင်း ဖြစ်မလာသည့်အတွက် သူဌေးစုန့် စိတ်ပျက်နေမိသည်။
ဒီငတုံးကတော့ တကယ်ကို အသုံးမကျဘူး
လျှိုထိုက်ယီက သူ့ကို နှစ်သိမ့်နေသည်
“ ကလေးတွေက အရွယ်ရောက်လာရင် သူတို့ကိုယ်သူတို့ စောင့်ရှောက်နိုင်ပါတယ်။ ခင်ဗျားရဲ့သားက သူ့ရဲ့ပျော်ရွှင်မှုကို ရှာတွေ့သွားပြီဆိုတော့ လွှတ်ပေးထားလိုက်ပါ”
သူဌေးစုန့်က ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ သူ တာအိုလက်တွဲဖော် ရှာတွေ့သွားလို့ စိတ်တိုနေတာ မဟုတ်ပါဘူး။ သူက ငါ့ကို မင်္ဂလာဆောင် စီစဉ်ခိုင်းလို့ပါကွာ”
သူဌေးစုန့် ပြောရင်း ပိုပြီး စိတ်တိုလာရသည်
“ ငါက အခု ဆရာကောင်းကင်နောက်ကို လိုက်နေတာလေ။ ငါ့ရဲ့ ကျင့်ကြံဆင့်ကလည်း အတော်လေး မြင့်လာပြီ။ ငါ့မှာ ဆရာကောင်းကင်ကို မျက်နှာချိုသွေးဖို့ အချိန်တောင် မလောက်တာကို မင်္ဂလာဆောင် စီစဉ်ပေးဖို့ ဘယ်လိုလုပ်ပြီးတော့ အချိန်ရှိပါ့မလဲ။
ငါက ကုန်သည်လုပ်ငန်း လုပ်နေတာ အရမ်းကို ကြာနေပြီ။ ပရိယာယ်များတယ်လို့ မပြောနိုင်ပေမဲ့ အနည်းဆုံးတော့ နည်းလမ်းကျပြီး ဦးနှောက် ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ တစ်ကွက်မှ မကောင်းတဲ့ သားရဲ့ ဦးနှောက်ကတော့ လုံးဝ လွတ်နေပြီးတော့ နေ့တိုင်း ပြဿနာပဲ ရှာနေတာ။
သူက ငါ့ကို ဆရာကောင်းကင်အပေါ် မျက်နှာချိုသွေးတာကို လက်လျှော့ပြီးတော့ မင်္ဂလာဆောင်တောင် စီစဉ်ခိုင်းချင်နေတယ် … သူက တကယ်ကို ရက်စက်တဲ့ ငတုံးတစ်ယောက်ပဲ။
သူ့မင်္ဂလာဆောင်က ပိုပြီးတော့ အရေးကြီးလား… ဆရာကောင်းကင်ကို မျက်နှာချိုသွေးဖို့က ပိုပြီးတော့ အရေးကြီးလားဆိုတာကို သူ မသိဘူးလား”
အာ…ဒါဆို အဲဒါကြောင့်ပေါ့
သူတို့ သူဌေးစုန့် ပြောတာကို နားထောင်ပြီးနောက် နှုတ်ခမ်းများကို တွန့်ချိုးလိုက်မိကြသည်။
ကောင်းချီးပေးခံရသူများအဖွဲ့ရဲ့ အကြီးအကဲချုပ် တစ်ယောက်အနေနဲ့ သူ့မှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်မျိုး ရှိနေတာပဲ
ချင်ယွင်တိက မေးလိုက်သည်
“ ဒါဆိုရင် ညီလေးစုန့်က သားဖြစ်သူ တောင်းဆိုတာကို ငြင်းပြီးတော့ သူ့ကို ထွက်သွားခိုင်းလိုက်ပြီလို့ ပြောချင်တာလား”
သူဌေးစုန့်က ခေါင်းယမ်းပြကာ ပြောလိုက်သည်
“မဟုတ်ပါဘူး။ သူ့လက်ထပ်ပွဲ မစီစဉ်ပေးခင် မျိုးရိုးစစ်ဆေးမှု လုပ်ခဲ့တယ်။ ကျွန်တော် ဒီစစ်ဆေးမှုကို လုပ်ဖို့အတွက် အကြာကြီး စောင့်ခဲ့ရတာ။ ဒါပေမဲ့ အဲဒါအတွက် ဆန်းကြယ်ပညာရပ်ကို ရှာမတွေ့ခဲ့ဘူး။ အဲဒါကြောင့် အထွတ်အမြတ်မြေကို ရောက်ပြီးမှ အဲဒီပညာရပ်ကို အပြင်းအထန် လေ့ကျင့်ထားတာ။ အခုလေးတင် အဲဒီဆန်းကြယ်ပညာရပ်ကို သုံးပြီးတော့ အဲဒီငတုံးက တကယ်ပဲ ကျွန်တော်ရဲ့ သားအစစ် ဟုတ်ရဲ့လားဆိုတာကို စစ်ဆေးကြည့်လိုက်တယ်”
သူဌေးစုန့်က စိတ်မကောင်းဖြစ်စွာဖြင့် သက်ပြင်းချကာ ပြောလိုက်သည်
“ ဒါက ကျွန်တော် စိတ်မကောင်းဖြစ်နေရတဲ့ တကယ့် အကြောင်းအရင်းပဲ”
ဟမ်…ကျစ်…
သူတို့ အတင်းတစ်ခုကို ကြားလိုက်ရပုံပဲ
အားလုံးရဲ့ အကြည့်မှာ သိချင်စိတ်တွေ ပြည့်နှက်ကုန်ပြီ
လျှိုထိုက်ယီက စာနာစွာဖြင့် မေးလိုက်သည်
“ အစ်ကိုဖူကွေ့ ဘာကိုဆိုလိုတာလဲဟင်”
လျှိုကျစ်ကျားက သူဌေးစုန့်ကို ကြည့်ကာ ပြောလိုက်သည်
“ ခင်ဗျားရဲ့သားက ခင်ဗျားရဲ့သား မဟုတ်ဘူးဆိုတာ ဖြစ်နိုင်လို့လား။ အမလေး သတင်းကြီးပဲဟေ့”
ချင်ယွင်တိက ပြုံးကာ ပြောလိုက်သည်
“ ညီလေးစုန့် စိတ်မပူပါနဲ့။ ဒါကို လျှို့ဝှက်ထားပေးပါ့မယ် တခြားသူတွေ မသိစေရပါဘူး”
ကွေ့ကုန်းကုန်းကလည်း ပြောလိုက်သည်
“ ငါလည်း လျှို့ဝှက်ထားပေးပါ့မယ်”
ချင်ကောင်းက လေးနက်စွာ ပြောလိုက်သည်
“ ကျွန်တော်လည်း လျှို့ဝှက်ထားပါ့မယ်။”
ရှုန်းမုန့်ကလည်း ခေါင်းညိတ်ကာ ပြောလိုက်သည်
“ ကျွန်တော်လည်း လျှို့ဝှက်ထားပါ့မယ်”
သူဌေးစုန့်က သူ့ညီအစ်ကိုများ ပြုမူနေပုံကို ကြည့်ပြီး ကြက်သီးထနေသည်။
“ အဟွတ်…ဟွတ်…”
သူ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်
“ အားလုံး နားလည်မှု လွဲနေပြီ။ သူက ငါ့ရဲ့ သွေးသားအရင်း မဟုတ်ဘူးလို့ ဘယ်သူ ပြောလို့လဲ။ သူက ငါ့ရဲ့ သားအရင်းပဲ”
လျှိုထိုက်ယီက သံသယရှိစွာဖြင့် မေးလိုက်သည်
“ သူက အစ်ကိုရဲ့ သားအရင်း ဟုတ်တယ်ဆိုရင် ဘာလို့ ဒီလိုမျိုး မှိုင်တိုင်နေရတာလဲ”
သူဌေးစုန့်က ရှင်းပြလိုက်သည်
“ ငါက ဘဝတစ်လျှောက်လုံး ပါးပါးနပ်နပ် နေလာခဲ့ပေမဲ့ ငါ့ရဲ့သားကတော့ အကူအညီမရတဲ့ ငတုံးလေ။
အစတုန်းကတော့ သူ့ကို အိမ်နီးချင်း သူဌေးဝမ်ရဲ့ သားဆိုပြီးတော့ သံသယဝင်ခဲ့သေးတယ်။ ငါ မျိုးရိုးစစ်ဆေးမှုသာ လုပ်ပြီးသွားရင် ငြင်းလို့ရနိုင်မှာ မဟုတ်တော့ဘူးလို့ ထင်ထားခဲ့တာ …
ဒါပေမဲ့ အခု စစ်ဆေးပြီးသွားတော့ အဲဒီငတုံးက တကယ်ကို ငါ့သားဖြစ်နေတာပဲ။ အမလေးလေး …
အဲဒီထက်ပိုပြီး စိတ်ဓာတ်ကျစရာ ကောင်းတဲ့အရာ မရှိတော့ဘူး။ ငါက တော်ပေမဲ့ ငါ့သားက ငတုံးဖြစ်နေတယ်”
သူဌေးစုန့် အမှန်ပြောနေတာ ဟုတ်ရဲ့လားဆိုပြီး အားလုံးက စိုက်ကြည့်ကာ အကဲခတ်နေကြသည်။
အချိန်အတော်ကြာတွင် ချင်ယွင်တိက သက်ပြင်းချကာ ပြောလိုက်သည်
“ တစ်ခါတစ်လေကျရင် သာမန်ဘဝလေးက ပျော်ရွှင်ရတတ်ပါတယ်”
သူ ပြုံးကာ ပြောလိုက်သည်
“ ညီလေးရဲ့ သားက အရည်အချင်းမပြည့်ဝဘူးလို့ ထင်ရင် သူ့ကို သာမန်လူတစ်ယောက်ဖြစ်ဖို့ ဘာလို့ အခွင့်အရေး မပေးရတာလဲ”
သူ့အတွက် သာမန်လူ တစ်ယောက်ဖြစ်နိုင်မဲ့ အခွင့်အရေးတစ်ခုတဲ့လား
သူဌေးစုန့်က အတွေးထဲ နစ်မြောနေရင်း ပြောလိုက်သည်
“ အစ်ကိုပြောတာ မှန်တယ်။ ကျုပ် အဲဒီကောင်ကို ဝိညာဉ်ကျောက်တုံးနဲ့ နဂါးသွေးမြက်တွေ အများကြီး ပေးပြီးပြီ။ အဲဒါနဲ့ဆိုရင် သူ့ရဲ့ကျန်ရှိတဲ့ သက်တမ်းတစ်လျှောက် စုန့်မိသားစုထဲမှာ သက်တောင့်သက်သာ နေသွားဖို့အတွက် လုံလောက်ပါတယ်။
ရှေ့လျှောက် ကျုပ်မှာ သားတစ်ယောက် မရှိတော့သလို မှတ်ယူပြီးတော့ ဆရာကောင်းကင်နောက်ကိုလိုက်ပြီး ကျင့်ကြံဖို့အတွက် စိတ်ပူပန်မှု မရှိတော့ဘူး။
အခွင့်အရေးရှိမယ်ဆိုရင် ဟီး…ဟီး… ကိုယ့်အတွက်ကို တာအိုလက်တွဲဖော်ကို ရှာချင်ပါသေးတယ်”
စကားပြောနေရင်း စိတ်ထဲမှာ စိုးရိမ်မှုတွေအားလုံး ကင်းဝေးသွားသလိုမျိုး သူဌေးစုန့် ခံစားလိုက်ရသည်။ ဉာဏ်အလင်းပွင့်သွားသကဲ့သို့ ကျင့်ကြံဆင့်ပင် မြင့်တက်သွားသည်။ စစ်ဆေးမှု ရလဒ်များကိုတော့ ဂရုစိုက်သည့်သူ မရှိပေ။
ဒေါင် ဒေါင် ဒေါင် …
ခေါင်းလောင်းတီးသံ ကြားသည့်အခါ ဂိုဏ်းအားလုံးမှ တပည့်များ စတင်စုရုံးလာကြသည်။
ရဲရဲနီကကြိုး ကောင်းကင်အသျှင်၊ ကြာဖြူ ကောင်းကင်အသျှင်၊ ခရမ်းရင့်နေမင်း ကောင်းကင်အသျှင်နှင့် ဂိုဏ်းအသီးသီး၏ တခြားအကြီးအကဲများက လေထဲတွင် ဂုဏ်ယူစွာဖြင့် မတ်တပ်ရပ်နေကြသည်။
သူတို့က စွမ်းအားကြီးသော အရှိန်အဝါများ ထုတ်လွှတ်နေသည့်အပြင် အရမ်းတောက်ပနေသည့်အတွက် သူတို့၏ ပုံစံအစစ်အမှန်ကို ဖော်ထုတ်လို့မရနိုင် ဖြစ်နေသည်။
ဒါက ထူးခြားတဲ့ ဓမ္မပညာရပ် အံ့ဖွယ်အလင်းတန်းပဲ
တစ်ခါအသုံးပြုလိုက်ရင် ဆန်းကြယ်ပြီး တောက်ပသွားစေတယ်။ စွမ်းအားပြတဲ့နေရာ နာမည်အကြီးဆုံးပဲ
ရဲရဲနီကကြိုး ကောင်းကင်အသျှင်နှင့် ကြာဖြူ ကောင်းကင်အသျှင်တို့က ရှေ့သို့တစ်လှမ်းတိုးကာ မတ်တပ်ရပ်လိုက်သည်။ သူတို့က အရမ်းဖြူစင်လှပသည့်အပြင် များပြားသော တပည့်များ၏ စိတ်ကူးယဉ် တာအိုလက်တွဲဖော်များလည်း ဖြစ်ကြသည်။
ဖျော့တော့စွာ လင်းလက်နေသော ရတနာသေတ္တာများ အားလုံး၏ ရှေ့သို့ ရောက်ရှိလာသည်။ ကြာဖြူ ကောင်းကင်အသျှင်က ကျောက်စိမ်းပေလွှာကို ထုတ်ယူကာ ပြုံးရင်း ပြောလိုက်သည်
“ ကမ္ဘာဦးတိုက်ပွဲနယ်မြေ စစ်ဆေးမှုလည်း ပြီးသွားပြီ။ ဒီစစ်ဆေးမှုမှာ အားလုံး ကောင်းကောင်း လုပ်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ တစ်ခေါက်နဲ့ ယှဉ်လိုက်ရင် ဒီတစ်ခေါက်က အကောင်းဆုံး လုပ်ခဲ့တယ်လို့ ပြောလို့ရတယ်”
ကြာဖြူ ကောင်းကင်အသျှင် စကားပြောပြီးသွားသည့်အခါ ပျော်ပျော်ရွှင်ရွှင် အော်ဟစ်သံများ ထွက်လာသည်။
ကြာဖြူ ကောင်းကင်အသျှင်၏ အားပေးမှုက အင်မတန် နွေးထွေးသွားစေကြောင်း ထင်ရှားလှသည်။
ရဲရဲနီကကြိုးကောင်းကင်အသျှင်က တည်ငြိမ်စွာ ပြောလိုက်သည်
“ နောက်ထပ် ငါတို့ ဂိုဏ်းအသီးသီးရဲ့ အကြီးအကဲတွေက တပည့်တွေကို ဆုလည်း ချလိမ့်မယ်”
သူမ ပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ကြာဖြူ ကောင်းကင်အသျှင်ကို ကြည့်လိုက်သည်။
ကြာဖြူ ကောင်းကင်အသျှင်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဒီစစ်ဆေးမှုမှာ ပထမရတဲ့သူက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ဝိညာဉ်အသုံးအဆောင် ပစ္စည်းဖြစ်တဲ့ ခရမ်းမိုးကောင်းကင်တူကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင် ရှန်ထျန်းက ပထမ ရရှိသွားပါတယ်”
သူမ စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် အံ့ဖွယ်မိုးကောင်းကင် တပည့်များက စတင်ဟစ်ကြွေးကြသည်။
““ ကမ္ဘာမြေမှ ထာဝရအရှင်များနှင့် ဂုဏ်ကျက်သရေဆောင်တို့ကြားရှိ ထိပ်ဆုံး … သူ့နောက်ကို လိုက်ရင် ငါတို့လည်း အထက်ဘုံကို တက်လှမ်းနိုင်လိမ့်မယ်။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ ကောင်းချီးပေးခံရသူများအဖွဲ့မှ သူတော်စင်အစ်ကိုကို ကြိုဆိုပါတယ်”
ယင်ယန်မိုးကြိုးဖောက်ခွဲရေးအဆောင် ၉ ခု လေထဲတွင် ပေါက်ကွဲသွားကာ အံ့ဩမှင်သက်စရာကောင်းပြီး လှပသော မီးပန်းများ ထုတ်လွှတ်နေသည်။ ခဏအတွင်းမှာပင် တပည့်ရာကျော်က သူတို့ဓားများကို ထုတ်ကာ ကောင်းကင်သို့ ပျံသန်းသွားစေပြီး လေထဲတွင် “ထျန်း”ဆိုသည့် စာလုံးကို ပုံဖော်လိုက်ကြသည်။
စစ်မှန်သော သူရဲကောင်းက ထိုကဲ့သို့သော ဆက်ဆံခံရမှုနှင့် ထိုက်တန်သည်ဆိုသော မြင်ကွင်းကြောင့် တခြားဂိုဏ်းမှ တပည့်များ၏ အကြည့်တို့ လင်းလက်တောက်ပနေသည်။
အားလုံး၏ မျှော်လင့်ချက်အပြည့် ပါသော အကြည့်အောက်တွင် အဝေးမှ ရှန်ထျန်း၏ တံခါးပွင့်လာပြီး တောက်ပသော ရွှေရောင်ပုံရိပ်တစ်ခု အားလုံး၏ ရှေ့မှောက် ပေါ်လာသည်။
သူက လုံယွမ်နတ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး သူ့နောက်တွင် မရေမတွက်နိုင်သော ဓားများ၊ နတ်မိုးကြိုးငါးပါးသားရဲနှင့် တခြားသော ပုံရိပ်သဏ္ဌာန်များက သူ့ကို ပိုပြီးတော့ ထူးခြားအောင် ပံ့ပိုးပေးနေသည်။ ဒီထက်ပိုပြီး အရေးပါသည်က သူ့နောက်တွင် အလင်းတန်းဖြင့် တောက်ပနေသော ရွှေရောင်တောင်ပံတစ်စုံပင် ဖြစ်သည်။
ယခုလက်ရှိတွင် ရှန်ထျန်းက ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ မြင့်မြတ်ပြီး တောက်ပနေသည်။
အဘိုးကြီး… ကျွန်တော် အခမ်းအနားအတွက် နောက်ကျမလိုဖြစ်တာ ခင်ဗျားကြောင့်ပဲ
ရှန်ထျန်း မထိန်းနိုင်ဘဲ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ သူ၏ ရွှေရောင်တောင်ပံတစ်စုံဖြင့် လေထဲတွင် ၇၂၀ ဒီဂရီလှည့်ပတ်လိုက်ပြီးနောက် ကြာဖြူ ကောင်းကင်အသျှင်၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
သူ့ချောမောမှုက ပြိုင်ဘက်ကင်းလှသည်။
ကြာဖြူ ကောင်းကင်အသျှင်က ရှန်ထျန်းကို ဂုဏ်ယူစွာဖြင့် ကြည့်ကာ ပြောလိုက်သည်
“ မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ မင်းက ဂိုဏ်းချုပ်ရဲ့ မျှော်လင့်ချက်ကို ဖြည့်စည်းပေးနိုင်ခဲ့တယ်”
ကြာဖြူကောင်းကင်အသျှင်က စကားပြောရင်း သေတ္တာတစ်ခုကို ဖြည်းဖြည်းချင်းဖွင့်ကာ လက်ဖဝါးတစ်ခုစာ ရှိသည့် ခရမ်းရောင်တူကို ထုတ်ယူပြီး ပြုံးကာ ပြောလိုက်သည်
“ဒီ ခရမ်းမိုးကောင်းကင်တူက မင်းအပိုင်ပဲ”
ရှန်ထျန်းက ခရမ်းမိုးကောင်းကင်တူကို လက်ခံပြီး ပြုံးလိုက်သည်။ ခရမ်းရွှေတူနှင့် နှိုင်းယှဉ်လိုက်လျှင် ပိုမိုများပြားသော စွမ်းအားတွေ ပါရှိနေသည်ကို သူ သေချာခံစားမိသည်။
အရမ်းလေးလံပြီးတော့ ကြံ့ခိုင်နေတာပဲ
“ ကျေးဇူးတင်ပါတယ် ဆရာဒေါ်လေး။ ကျွန်တော် ဒီတူနဲ့ အံ့ဖွယ်မိုးကောင်းကင်ကို သေချာပေါက် ကာကွယ်ပါ့မယ်”
ရှန်ထျန်းက ခရမ်းမိုးကောင်းကင်တူကို သေချာဆုပ်ကိုင်ကာ သွေးတစ်စက်ကို ချလိုက်သည်။
ထိုအခိုက်အတန့်တွင် ခရမ်းရွှေရောင် အရှိန်အဝါက တူမှ ထွက်လာပြီး ရှန်ထျန်းကို လုံးဝဖုံးလွှမ်းထားသည်။
ခရမ်းမိုးကောင်းကင်တူက မျက်စိတစ်မှိတ်အတွင်း အဆရာပေါင်းများစွာ ကြီးသွားပြီး ဆယ်ပေရှည်သော ငွေရောင်အရည်များ ဖုံးလွှမ်းနေသည့် ကြီးမားသော ချပ်ဝတ်တန်ဆာအဖြစ် ပြောင်းလဲသွားသည်။
ရှန်ထျန်းက ပြုံးကာ ရုတ်တရက် သူ့ဘေးရှိ လေဟာပြင်ထဲသို့ တူဖြင့် ပြင်းထန်စွာ ထုလိုက်သည်။
ဒုန်း…
ထိုအခိုက်အတန့်တွင် လေဟာပြင် ကွဲထွက်သွားကာ ကြောက်စရာကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည့် အနက်ရောင် လေဟာနယ်အက်ကြောင်း တစ်ခု ပေါ်ထွက်လာသည်။
ထိုအချိန်တွင် တခြားဂိုဏ်းမှ တပည့်များလည်း အံ့ဩမှင်သက်သွားကြသည်။
လေဟာပြင်ကို တူနဲ့ ခွဲတယ်တဲ့
ဒါက အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရှန်ထျန်းရဲ့ တကယ့်စွမ်းအားအစစ်အမှန်ပေါ့။ ရုပ်ချောတယ်… စွမ်းအားကြီးတယ် ပြီးတော့ အရမ်းရက်ရောတယ်
ဒါတွေက သူ့ကို အံ့ဖွယ်မိုးကောင်းကင် တပည့်တွေ ပြောနေကြစကားလုံးတွေ…သူက အရမ်းကို ပြီးပြည့်စုံတယ်
ရဲရဲနီကကြိုး ကောင်းကင်အသျှင်က ရှန်ထျန်းကို အထင်ကြီးကာ ရှေ့တက်လာပြီး ကြေညာလိုက်သည်
“ဒီစစ်ဆေးမှုမှာ ဒုတိယရတဲ့သူက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ ဝိညာဉ်အသုံးအဆောင် ပစ္စည်းဖြစ်တဲ့ ဝိညာဉ်ပုတီးနက်ကို ရရှိမှာပါ။
သူကတော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ တပည့်ဖြစ်တဲ့ ချင်ယွင်တိပါ”
ချင်ယွင်တိက ဖျော့တော့စွာ ပြုံးလိုက်သည်။
မယုံနိုင်လောက်အောင် စွမ်းအားကြီးသော ရှန်ထျန်းအပြင် သူ့မှာ ယင်ယန်နတ်ဆိုးဖောက်ထွင်းသေနတ် ၁၀ လက်ကျော် ရှိခဲ့သည့်အတွက် ကမ္ဘာဦးတိုက်ပွဲနယ်မြေတွင် အကျိုးအမြတ် အများဆုံးရရှိခဲ့သူ ဖြစ်၏။ အခြေခံအားဖြင့် သတ္တဝါဆန်းများကို သူ ချက်ချင်း သတ်နိုင်ခဲ့သည်။
စစ်ဆေးမှုအတွင်း ကုန်ဆုံးခဲ့သော အချိန်လဝက်အတွင်း ချင်ယွင်တိက ထိုသတ္တဝါဆန်းများကို ပစ်မှတ်အဖြစ် ထားကာ ရက်စက်စွာ သုတ်သင်ခဲ့ပြီး သတ်ဖြတ်သည့် အရေအတွက်ကလည်း အထင်ကြီးစရာ ကောင်းလှသည်။
ဝိညာဉ်ပုတီးနက်က ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ အထွတ်အထိပ်အဆင့် ဝိညာည်အသုံးအဆောင်ပစ္စည်း ဖြစ်သည်။ ဓမ္မစွမ်းအားများကို ထည့်လိုက်ပါက ကာကွယ်ရေးအလွှာတစ်ခု ဖန်တီးနိုင်ပြီး ချင်ယွင်တိ၏ ကာကွယ်မှု ချို့ယွင်းခြင်းအတွက် အသုံးပြုလို့ ရနိုင်သည်။
ချင်ယွင်တိအတွက် ထိုကဲ့သို့သော ဆုလာဘ်မျိုးက အရမ်းလက်တွေ့ကျသည်။
ရှန်ထျန်း ရရှိသောအရာနှင့်တော့ မယှဉ်နိုင်ပေ။
သူက နိဗာနတော်ဝင်ရေစင်ကို ထုတ်ပေးခြင်း မရှိခဲ့သည့်အတွက် အားပေးမှုနှင့် လက်ခုပ်သံများက စိတ်မပါလက်မပါ ဖြစ်သွားသည်။
ထို့နောက် မိုးသောက်ရောင်နီသွေး ချိုင့်ဝှမ်း၏ အကြီးအကဲက ရှေ့တက်လာကာ ပြောလိုက်သည်
“ တတိယအဆင့် ရရှိထားတဲ့ တပည့်ကတော့ ငါတို့ရဲ့ မိုးသောက်ရောင်နီ ချိုင့်ဝှမ်းရဲ့ အဆင့်နိမ့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းဖြစ်တဲ့ ပယင်းနီ ပဝါကို ရရှိမယ်။
တတိယနေရာ ရရှိသွားတဲ့ သူက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေရဲ့ တပည့်ဖြစ်တဲ့ ရှောင်လင်း ဖြစ်ပါတယ်”
ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ ကိုယ်စားပြုဖြစ်သော မွေးရာပါခန္ဓာတည်ဆောက်ပုံ ရှိသည့် ရှောင်လင်းကလည်း လုံးဝ အားမနည်းပေ။
သူမက နတ်ဘုရားအမြင်စွမ်းရည် ပညာရပ်ကို သင်ယူထားသည့်အတွက် အစကတည်းက သတ္တုရိုင်းတုံးများ ရှာဖွေအကဲဖြတ်ရာတွင် ကျွမ်းကျင်သည်။ ထို့ကြောင့် ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲသို့ သွားရသည်မှာ လွယ်ကူခဲ့သည်။
သူမအနေနှင့် အလျင်အမြန်သန်မာလာပြီး ရှန်ထျန်း၏ ဘေးမှာရပ်နိုင်ဖို့အတွက် ထူးခြားသော မြေပြင်အခြေအနေပေါ် မှီခိုရုံသာ တတ်နိုင်တော့သည်။ သူမက သတ္တဝါဆန်းများစွာကို ချောင်ပိတ်ပြီး သတ်ပစ်နိုင်ခဲ့သည်။ ထို့ကြောင့် သူမ သတ်နိုင်ခဲ့သော အရေအတွက်ကလည်း များပြားသည်ဟု ဆိုနိုင်သည်။
ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ၏ ဂုဏ်သိက္ခာအတွက် စဉ်းစားပြီး အဆင့်သတ်မှတ်ရာတွင် စစ်ဆေးမှုအတွက် တတိယနေရာကို ရှောင်လင်း ပိုင်ဆိုင်သွားသည်။
ပယင်းနီ ပဝါက မိုးသောက်ရောင်နီ ချိုင့်ဝှမ်း၏ အဆင့်နိမ့် ဝိညာဉ်အသုံးအဆောင် ပစ္စည်းဖြစ်ပြီး တန်ဖိုးနည်းသော်လည်း အဖိုးတန်သော ဝိညာဉ်အသုံးအဆောင် ပစ္စည်းတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
ထို့ကြောင့် ရှောင်လင်းအနေဖြင့် တတိယနေရာက ဆုလာဘ်က စတုတ္ထနေရာနှင့် နှိုင်းယှဉ်လိုက်ပါက အရမ်းပြီးပြည့်စုံနေသည့်အတွက် စိတ်ထဲမထားပေ။
အထွတ်အထိပ်ရှင် ကျီယန်က အကြီးအကဲအုပ်စုထဲမှ ဖြည်းဖြည်းချင်း ထွက်လာကာ မျက်နှာမှာလည်း တွေဝေမှုတို့ဖြင့် ပြည့်နှက်နေသည်။
သူက အားမကိုးရသော တပည့်လေး ရှန်အောင်းကို ကြည့်ပြီး မည်သို့ သတ္တဝါဆန်းများ၏ အရိုးများ ရလာသည်ကို မစဉ်းစားတတ် ဖြစ်နေသည်။
ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေက မိန်းကလေးထက်တောင် ပိုများနေသေးတယ်
သူက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲကို မဝင်ခင်လေးကမှ အခြေတည်အဆင့်ကို ရောက်တာလေ
သို့သော် ရှန်အောင်း၏ ကျင့်ကြံဆင့်က မြင့်တက်လာသည်။
အချိန်ခဏလေးအတွင်းမှာပင် သူက ထိပ်သီးအခြေတည်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူ့အုတ်မြစ်ကလည်း အရမ်းခိုင်မာသလို တိုးတက်မှုကလည်း အရမ်းမြန်ဆန်သည်။
အစ်ကိုကြီးရဲ့ အထူးလေ့ကျင့်ပေးမှုက အကျိုးသက်ရောက်မှုတွေများလား။
သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်
“ စတုတ္ထအဆင့်က ထိုက်ပိုင်ချိုင့်ဝှမ်းကို သွားပြီးတော့ ဓားအသျှင်ချန်းဟယ်ဆီကနေ ဓားတာအိုကို သုံးလကြာ သင်ယူခွင့်ရမယ်။
ဆုရသူကတော့ ထိုက်ပိုင်ချိုင့်ဝှမ်းရဲ့ တပည့်ဖြစ်တဲ့ ရှန်အောင်းပါ”
ရှန်အောင်းတဲ့လား
ရှန်အောင်းက ကြေညာလိုက်တာကို ကြားပြီး လုံးဝအံ့ဩသွားရသည်။
သေစမ်း… ငါက ဘယ်လိုလုပ်ပြီးတော့ စတုတ္ထနေရာကို ရရတာလဲ။
ရှန်အောင်း မှတ်မိသည်က သူက သတ္တဝါဆန်း အနည်းငယ်ကိုသာ သတ်ခဲ့ပြီး သူနှင့်အတူ သွားသောသူတွေအားလုံးက သူ့ထက် ပိုပြီးများများ သတ်နိုင်ကြသည်ကိုသာ ဖြစ်သည်။
သူတို့ မှားနေတာများလား ... ငါ စတုတ္ထအဆင့် ဆုလာဘ်ကို ငြင်းလို့ရမလား
တစ်ချိန်နည်းမှာပဲ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ တပည့်အချို့က မလုံမလဲဖြင့် ခေါင်းငုံ့ထားကြသည်။
ရှန်အောင်းက ဆရာကောင်းကင်၏ အစ်ကိုအရင်း ဖြစ်သည့်အတွက် သူ့ကို အကောင်းဘက်က မြင်ပေးသင့်သည်ဟု သူတို့ ခံစားမိကြသည်။
ထို့ကြောင့် သူတို့ တိတ်တဆိတ် တိုင်ပင်ပြီးနောက် သူ့ကို တိုက်ပွဲမှ ရရှိသောပစ္စည်းများ ပေးကာ အဆင့်တက်အောင် ကူညီဖို့ ဆုံးဖြတ်လိုက်ကြသည်။ သူတို့၏ ခန့်မှန်းချက်အရ ရှန်အောင်းအနေဖြင့် အနည်းဆုံး ဒုတိယ သို့မဟုတ် တတိယနေရာကို ရလိမ့်မည်ဟု ခန့်မှန်းထားခဲ့သော်လည်း လွဲချော်သွားခဲ့ရသည်။
ကြည့်ရတာ သူတို့က ရှန်အောင်းကို ဒုက္ခရောက်အောင် လုပ်လိုက်မိပြီ ထင်တယ်