← Chapters

အထွတ်အထိပ်ရှင် ကျီယန်၏ အကျပ်ရိုက်မှု

Vol. 17 Ch. 244

အထွတ်အထိပ်ရှင် ကျီယန်၏ အကျပ်ရိုက်မှု

Vol. 17 Ch. 244

အခန်း (၂၄၄) : အထွတ်အထိပ်ရှင် ကျီယန်၏ အကျပ်ရိုက်မှု

ဆုပေးခြင်း အခမ်းအနားကို စနစ်တကျ ဆက်လက် ဆောင်ရွက်နေသည်။

အထွတ်အမြတ်မြေများ၊ ချိုင့်ဝှမ်းများနှင့် ကောင်းချီးနယ်မြေတို့မှ သူတို့၏ အဖိုးတန်ရတနာ အသီးသီးကို ထုတ်ယူလိုက်ကြသည်။

စုစုပေါင်း ပါရမီရှင် အယောက်၂၀ ရှိသည့်အတွက် တစ်ယောက်ချင်းစီတိုင်းမှာ အဖိုးတန်ဆုလာဘ်များကို ရရှိထားသည့်အတွက် ပါးစပ်နားရွက် တက်ချိတ်လုမတတ်  ပြုံးနေကြသည်။

မီးတိုင်းပြည်မှ လူငယ်တစ်ဦးကတော့ စိတ်ရှုပ်ထွေးနေပြီး ငိုကြွေးတော့မလို ဖြစ်နေသည်။

“ ညီလေး (၁၃)… အစ်ကို အချိန်တစ်ခုလောက်အထိ မင်းနဲ့အတူ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ လိုက်ပြီး လေ့ကျင့်လို့ရမလားဟင်”

ရှန်အောင်းက စိတ်ရှုပ်ထွေးနေပုံပေါ်သော်လည်း မျက်နှာထားက ခဏခဏ ပြောင်းလဲနေသည်။

ရွေးချယ်စရာ မရှိတော့ဘူး။ အတူတူလိုက်သွားနိုင်ဖို့အတွက် ကိုယ့်ညီလေးကို တောင်းဆိုနေရတာက ရယ်စရာကောင်းနေပေမဲ့ အကျိုးအမြတ်ကလည်း အရမ်းများလွန်းတယ်လေ။ သူ့ရဲ့ ညီလေး(၁၃)နောက်ကိုသာ လိုက်သွားနိုင်မယ်ဆိုရင် သူ့ရဲ့ ကံအပြောင်းအလဲ အခွင့်အရေးကနေ အကျိုးအမြတ်ရယူပြီးတော့ ဘဝကို အေးဆေးလေး ဖြတ်သန်းသွားလို့ ရတယ်

သူက ငတုံးမှ မဟုတ်တာ။ သူက ဘာလို့ ချန်းဟယ်ဓားအသျှင်ရဲ့ လက်အောက်မှာ ဘာလို့ ထပ်ပြီးနေရမှာလဲ

သူက ဒုက္ခခံရတာကို သာယာနေတတ်တဲ့သူမှ မဟုတ်တာ

ရှန်ထျန်းက ရှန်အောင်း၏ သနားစရာကောင်းသည့် ပုံကြောင့် အံ့အားသင့်သွားရသည်။

သူက ချန်းဟယ်ဓားအသျှင်၏ လက်အောက်တွင် မလေ့ကျင့်ဖူးသလို လီယွင်ဖုန်းတို့နှင့်လည်း လျှောက်မသွားဖူးပေ။ ထို့ကြောင့် အရှေ့ပိုင်းလွင်ပြင်ရှိ ကောလဟာလများနှင့် ရင်းနှီးမှု မရှိပေ။

ထို့ကြောင့် ချန်းဟယ်ဓားအသျှင်နှင့် ပတ်သက်ပြီး ဘာကောလဟာလမှ သိမထားပေ။

သို့သော် သူ မီးတိုင်းပြည်ရှိ ဝေ့ယန်နန်းတော်တွင် ချန်းဟယ်ဓားအသျှင်နှင့် ပထမဆုံးတွေ့ဆုံခဲ့စဉ်က သူက ဝိညာဉ်အသွင်ပြောင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချန်းဟယ်ဓားအသျှင်၏ ကျင့်ကြံဆင့်က မယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိနေပြီးလေပြီ။

လီလျန်အာကြောင့်သာ မဟုတ်ပါက ရှန်ထျန်းလည်း ချန်းဟယ်ဓားအသျှင်ဆီမှ ဓားစွမ်းရည်ကို သင်ယူချင်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ထောင်ကတည်းက အရှေ့ပိုင်းလွင်ပြင်တွင် နံပါတ်တစ် ဓားသမားဖြစ်သည့် ချန်းဟယ်ဓားအသျှင်၏ ဂုဏ်သတင်းကလည်း ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုခံထားရသည်။

အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ဖြစ်သည့် ကျန်းလုံယွမ်ကလည်း ဓားရေးစွမ်းရည်တွင် ကျွမ်းကျင်ကာ ချန်းဟယ်ဓားအသျှင်ထက် ကျင့်ကြံဆင့် ပိုမြင့်သော်လည်း သူ အကျွမ်းကျင်ဆုံးက မိုးကြိုးပညာရပ် ဖြစ်နေသည်။ ဓားရေးစွမ်းရည်တစ်ခုတည်းသာ ကြည့်ပါက ချန်းဟယ်ဓားအသျှင် လီခန်းလန်က အရှေ့ပိုင်းလွင်ပြင်မှာ အတော်ဆုံး ဖြစ်နေသေးသည်။

ရှန်ထျန်းက နတ်ဓားဖွဲ့စည်းပုံကို ပိုင်ဆိုင်ထားသည့်အတွက် သူ့ ဓားရေးစွမ်းရည်ကို အရမ်းသိချင်နေပြီဖြစ်သည်။

“ အစ်ကို လိုက်ချင်ရင် ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ ဖိတ်ခေါ်ဖို့အတွက် ပိုပြီးတော့ ပျော်တာပေါ့။ ဒါပေမဲ့ အစ်ကိုက ချန်းဟယ်ဓားအသျှင်ရဲ့ လက်အောက်မှာ သီးသန့် သုံးလ လေ့ကျင့်ဖို့ ဆုရထားတယ်လေ။ ဒါက တကယ်ကောင်းတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတစ်ခုပဲလေ”

ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ဓားနှလုံးသားသစ်သီးကို ထုတ်ယူကာ ပြောလိုက်သည်

“ ဒါကို အရင်တစ်ခေါက်တုန်းကလည်း တစ်ခါ စားပြီးပြီဆိုပေမဲ့ ဒါက အစ်ကိုရဲ့ ဓားရေးစွမ်းရည်ကို အရမ်းတိုးတက်လာစေလိမ့်မယ်။

ဒါပေမဲ့ အရင်တစ်ခါ ရထားတာက အရမ်းကြာနေပြီဆိုတော့ အထဲက အဆီအနှစ် တော်တော်များများကို စုပ်ယူပြီးနေလောက်ပြီ။ ဒီထဲက နောက်ထပ် တစ်လုံးယူသွားပြီးတော့ အရည်အချင်း တိုးတက်လာအောင် လုပ်လို့ရတယ်။

ဒီဓားနှလုံးသား သစ်သီးနှစ်လုံးနဲ့ဆိုရင် အစ်ကို ချန်းဟယ်ဓားအသျှင်ရဲ့ အသိအမှတ်ပြုမှုကို ရပြီးတော့ ပါရမီရှင် ဓားသမားတစ်ယောက် ဖြစ်လာမှာပဲ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို မလာခင် အရင်ဆုံး ဓားလေ့ကျင့်မှု သုံးလ အရင်လေ့ကျင့်လိုက်ပါ့လား ”

ရှန်အောင်းက တစ်စုံတစ်ခုကို စိတ်ပူနေသလိုမျိုး မျက်နှာထားက ပြောင်းလဲသွားသည်။

ရှန်ထျန်းက ဓားနှလုံးသားသစ်သီးကို ရှန်အောင်း၏ လက်ထဲသို့ ထည့်ပေးကာ အားပေးလိုက်သည်

“ အစ်ကို(၆) ကိုယ့်ကိုယ်ကို ယုံကြည်နော်။ ဘယ်လိုပဲဖြစ်ဖြစ် မီးတိုင်းပြည်မှာတုန်းက ရှန်မိသားစုထဲမှာ အစ်ကိုက စွမ်းအားအကြီးဆုံး ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့တာပဲလေ”

ရှန်ထျန်းက လက်မထောင်ပြကာ တောက်ပစွာ ပြုံးလိုက်သည်။

စွမ်းအားအကြီးဆုံး ပါရမီရှင်တဲ့လား

ရှန်အောင်းက ရှန်ထျန်းကို စိုက်ကြည့်ရင်း စိတ်ပျက်အံ့အားသင့်သွားရသည်။

လွန်ခဲ့သော လပိုင်းက သူ ရှန်ထျန်း၏ အရိပ်အောက်မှာ နေခဲ့ရသည့်အတွက် “ စွမ်းအားအကြီးဆုံး ပါရမီရှင် ဖြစ်ခဲ့သည်”ဆိုသော စကားက ပါးနပ်စွာ လှောင်ပြောင်လိုက်သလို ခံစားနေရသည်။

ပြီးတော့ ရှန်ထျန်းနဲ့ နှိုင်းယှဉ်လိုက်ရင် သူ လုပ်ခဲ့တဲ့အရာက ဘယ်လိုလုပ်ပြီးတော့ ထူးခြားတယ်လို့ ပြောလို့ရမှာလဲ … ကြီးကျယ်လှတဲ့ ကျင့်ကြံရေးလောကမှာ သာမန်အဆင့်ပဲ …

ရှန်အောင်းက ရှန်ထျန်းကို စိုက်ကြည့်လိုက်သည့်အခါ သူ့ညီလေး (၁၃)က သူ့ကို လှောင်ပြောင်နေသည်ဟု ခံစားရသော်လည်း သူ့မျက်နှာထားက အရမ်းရိုးသားနေသည်ကို သူ သတိထားမိလိုက်သည်။

ညီလေး (၁၃)၏ အကြည့်ထဲတွင် သူ့ကို အမြဲတမ်း အစ်ကိုကြီး တစ်ယောက်လို သတ်မှတ်ထားကြောင်း ခံစားရသည်။

ထိုအခိုက်အတန့်တွင် ရှန်အောင်း၏ နှလုံးသားထဲ နွေးထွေးသွားရသည်။

စိတ်ထဲတွင် သူ့ကိုယ်သူ မဆူဘဲ မနေနိုင်တော့ပေ။

အရမ်းခံစားပြီး ဒရမ်မာချိုးနေတာကို ရပ်လိုက်တော့။ ဘယ်သူကမှ အလွမ်းဇာတ်ကို ကြည့်ချင်မှာ မဟုတ်ဘူး

အထွတ်အထိပ် ကောင်းကင်နတ်ဘုရားကိုယ်တိုင် ရောက်လာလျှင်ပင် ထိုသုံးလတာ အထူးလေ့ကျင့်ရေးအစီအစဉ်ကို တတ်နိုင်သမျှ ငြင်းပယ်ရမည် ဖြစ်သည်

“ ညီလေး (၁၃) အစ်ကို အဲဒီ အထူးလေ့ကျင့်ရေးအတွက် မသွားချင်ဘူး။ ချန်းဟယ်ဓားအသျှင်ရဲ့ လေ့ကျင့်ပေးတာက လုံးဝ သုံးစားလို့မရဘူး။ အရမ်းငြီးငွေ့ဖို့ ကောင်းပြီးတော့ ခက်ခဲကြမ်းတမ်းတယ်”

ရှန်အောင်းက ရှန်ထျန်းကို ဝမ်းနည်းသော မျက်နှာထားဖြင့် စိုက်ကြည့်ကာ အသံငယ်လေးဖြင့် တောင်းပန်နေသည်

“ ညီလေးက အခု အံ့ဖွယ်မိုးကောင်းကင်ရဲ့ သူတော်စင်ဆိုတော့ ဒီသုံးလတာ လေ့ကျင့်မှုကို ရှောင်ရှားပြီးတော့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ သွားလို့ရနိုင်မဲ့ နည်းလမ်းလေး စဉ်းစားပေးလို့ မရဘူးလားဟင်”

ဟမ်…အဲလိုလား

ရှန်ထျန်းက စဉ်းစားကြည့်ပြီး ပြောလိုက်သည်

“ ကျွန်တော် ကြိုးစားကြည့်ပါ့မယ်”

ရှန်ထျန်းက အထွတ်အထိပ်ရှင် ကျီယန်အနားသို့ ကပ်သွားကာ အရိုအသေပြုရင်း ပြောလိုက်သည်

“ ဆရာဦးလေးကျီယန်ကို နှုတ်ခွန်းဆက်သပါတယ်”

အထွတ်အထိပ်ရှင်ကျီယန်က ရှန်ထျန်း၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော ပြင်းထန်သော အရှိန်အဝါကြောင့် လုံးဝ အံ့ဩသွားရသည်။

ပြီးခဲ့တဲ့နှစ်လတုန်းက မီးတိုင်းပြည်ရဲ့ ဝေ့ယန်နန်းတော်ထဲမှာ သူ့ကို တွေ့တုန်းက ဒီလူငယ်လေးက အားနည်းနေခဲ့တာပါ။ သူက နှစ်လလောက်နဲ့ ဘယ်လိုလုပ်ပြီးတော့ ဒီလောက်ထိ စွမ်းအားကြီးတဲ့ ရွှေခန္ဓာကျင့်ကြံသူ တစ်ယောက် ဖြစ်လာရတာလဲ။

အထွတ်အထိပ်ရှင် ကျီယန်က သူ ထုတ်လွှတ်လိုက်သော အရှိန်အဝါကြောင့် အမှန်အကန် ထိတ်လန့်မိသွားသည်။

ရှန်ထျန်း၏ တိုက်ခိုက်စွမ်းရည်က ယခု အထွတ်အထိပ်ရှင် ကျီယန်ကို အနည်းငယ် ခြိမ်းခြောက်နိုင်သော အခြေအနေသို့ ရောက်ရှိနေပြီဆိုတာ သိသာထင်ရှားလှသည်။

ပါရမီရှင်အစစ် တစ်ယောက်ဆိုတာ ဒီလိုမျိုးလား ... စိတ်ပျက်စရာပဲ

အထွတ်အထိပ်ရှင် ကျီယန်အနေဖြင့် ဂုဏ်မောက်စွာ မပြုမူရဲပေ။ သူလည်း ပြန်ပြီး အရိုအသေပေးကာ ပြောလိုက်သည်

“ မင်းက အရမ်းကြင်နာတတ်တာပဲ။ ကျီယန်လို့ပဲ ခေါ်ရင် ရပါပြီ”

ရှန်ထျန်းက အထွတ်အထိပ်ရှင် ကျီယန်ကို ဆရာဦးလေးဟု ခေါ်ရသည့် အကြောင်းအရင်းက သူက ကျန်းလုံယွမ်တို့နှင့် မျိုးဆက်တစ်ခုတည်း ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ကျင့်ကြံရေးလောကတွင် စွမ်းအားက တစ်ပန်းသာလေ့ ရှိသည်။ ကျင့်ကြံသူအများစုက စီနီယာကျမှုနှင့် အသက်အရွယ်အပေါ် လေးစားမှု မရှိကြပေ။ ထို့ကြောင့် ရှန်ထျန်း၏ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရာထူးဖြင့် အထွတ်အထိပ်ရှင် ကျီယန်ကို ဆရာဦးလေးဟု ခေါ်ခြင်းက အရမ်းယဉ်ကျေးသော အပြုအမူဟု သတ်မှတ်လို့ ရပေသည်။ ထို့ကြောင့် သူ ကျေနပ်သလို ထိတ်လန့်သွားရသည်။

အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ကို လူတွေအများကြီးက ဘာလို့ ချီးကျူးနေရလဲဆိုတာကို သူ သေချာသိသွားလေပြီ။

သူက အရည်အချင်းရှိတဲ့ ပါရမီရှင် တစ်ယောက်ဖြစ်တာတောင် အခုလိုမျိုး ယဉ်ယဉ်ကျေးကျေး ပြုမူနေသေးတာပဲ။ သူက အရမ်းကို ချောတာပဲ။ ဘယ်သူက သူ့ကို မကြိုက်ဘဲ နေမှာလဲ

ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ အပွင့်လင်းဆုံး ပြောရမယ်ဆိုရင်လေ ကျွန်တော် အခု အကူအညီလေး တစ်ခုလောက်လိုလို့ လာပြီးနှောင့်ယှက်မိတာပါ”

ရှန်ထျန်းက အရွယ်ရောက်နေသော နဂါးသွေးမြက်ရိုးတံကို အထွတ်အထိပ်ရှင် ကျီယန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

နဂါးသွေးမြက်ရိုးတံမှ ထုတ်လွှတ်သော သန့်စင်သော စွမ်းအားကြောင့် အထွတ်အထိပ်ရှင် ကျီယန်၏ အကြည့်တို့ တောက်ပလာရသည်။

သူက ချောင်းဟန့်ကာ နဂါးသွေးမြက်ရိုးတံကို တိတ်တိတ်လေး သိမ်းကာ ပြုံးရင်း ပြောလိုက်သည်

“ ဒီလောက်ကြီးထိ လုပ်ဖို့ မလိုပါဘူး။ ထိုက်ပိုင်ချိုင့်ဝှမ်းက မင်းတို့ရဲ့ အထွတ်အမြတ်မြေနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းခဲ့တာပါ။ လိုအပ်တာရှိရင် ပေါ့ပေါ့ပါးပါး ပြောပါ”

ရှန်ထျန်းက ရှန်အောင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်

“ အစ်ကို (၆)နဲ့ ကျွန်တော်က အရမ်းကို ရင်းနှီးပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ညီအစ်ကိုတွေလိုမျိုး အရမ်းရင်းနှီးခဲ့တာပါ”

ညီအစ်ကိုတွေလို ရင်းနှီးခဲ့တယ်တဲ့လား။ မင်းတို့က အစကတည်းက ညီအစ်ကိုအရင်းတွေ မဟုတ်ဘူးလား။ ကိစ္စမရှိပါဘူး…အဲဒါတွေက အခု အရေးမကြီးဘူး

အထွတ်အထိပ်ရှင် ကျီယန်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ငါ သေချာနားလည်ပါပြီ။ အဲလိုမဟုတ်ရင် မင်းက အဆုံးမဲ့ဝိညာဉ်ဥယျာဉ်မှာ မင်းရဲ့ နာမည်ကို ရှန်အောင်းထျန်းဆိုပြီးတော့ ပြောင်းခဲ့မှာ မဟုတ်ဘူးလေ။ အစ်ကိုနဲ့ ရင်းနှီးမှုက အရမ်းကြည်နူးဖို့ ကောင်းတာပဲ”

ရှန်အောင်း ဘာပြောရမယ်မှန်းမသိဖြစ်သွားသည်။

အဟွတ်…ဟွတ်…

ရှန်ထျန်းက ချောင်းဟန့်ကာ ပြောလိုက်သည်

“ အဲဒါကြောင့် ကျွန်တော်ရဲ့ အစ်ကို (၆)ကို အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေဆီ တစ်ခါတစ်လေ ဧည့်သည်အဖြစ် ဖိတ်ခေါ်နိုင်ဖို့ မျှော်လင့်မိတယ်။ ဆရာဦးလေးကျီယန်အနေနဲ့ အဲဒါလေး ကူညီပေးနိုင်မလားဟင်”

တစ်ခါတစ်လေ ဧည့်သည်အဖြစ်တဲ့လား

အထွတ်အထိပ်ရှင်ကျီယန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်

“ စည်းမျဉ်းတွေအတိုင်းဆိုရင်တော့ သူ ပြန်လာတာနဲ့ အောင်းအာက အစ်ကိုချန်းဟယ်ရဲ့လက်အောက်မှာ သုံးလ လေ့ကျင့်မှု ခံယူရမှာ။ အစ်ကိုဆီကနေ ဓားရေးသင်ယူရမှာက တကယ်ကို ရှားပါးတဲ့ အခွင့်အရေးတစ်ခုပဲ။ အောင်းအာ ပြန်မလာဘူးဆိုရင် အစ်ကိုချန်းဟယ်က မကျေမနပ် ဖြစ်နေလိမ့်မယ်။ ဒါဆိုရင် အောင်းအာကို ဘယ်တော့မှ ထပ်ပြီး လေ့ကျင့်ဖို့ ကမ်းလှမ်းတော့မှာ မဟုတ်ဘူး”

ငါ့ကို ဘယ်တော့မှ ကမ်းလှမ်းတော့မှာ မဟုတ်ဘူးတဲ့လား

ရှန်အောင်းက ချက်ချင်းအကြည့်တို့ တောက်ပသွားကာ သက်ပြင်းချရင်း ပြောလိုက်သည်

“ ဆရာဦးလေးရဲ့ လက်အောက်မှာ လေ့ကျင့်ရမှာက တကယ်ကို ရှားပါးတဲ့ အခွင့်အရေးပဲ။ ဒါပေမဲ့ အဲလိုဆိုရင်တောင် ညီအစ်ကို သံယောစဉ်ကို အရမ်းအလေးထားတယ်။ အဲဒါကြောင့် ညီလေး (၁၃)နဲ့အတူ အချိန်ကုန်ဆုံးဖို့အတွက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သွားခွင့်ပြုပေးလို့ ရမလားဟင်”

အထွတ်အထိပ်ရှင် ကျီယန်က ရှန်အောင်းကို စိုက်ကြည့်လိုက်သည်။

ငါ့ရှေ့မှာ ဟန်ဆောင်ဖို့ ကြိုးစားနေတာကို ရပ်လိုက်တော့

မင်း စိတ်ထဲမှာ တကယ် ဘာကို တွေးနေလဲဆိုတာ ငါ မသိဘူးများထင်နေလား။ ငါလည်း အရင်တုန်းက အစ်ကိုချန်းဟယ်ရဲ့လက်အောက်မှာ လေ့ကျင့်ဖူးတာပဲ

အစ်ကိုသာ မင်းရဲ့ ပေါ်မလာမှုကြောင့် ဒေါသဖြစ်ပြီး ငါ့အပေါ် ဒေါသပုံချရင် ဘယ်လိုလုပ်မလဲ

အထွတ်အထိပ်ရှင် ကျီယန်က ဒေါသထွက်စွာဖြင့် ပြောလိုက်သည်

“ သူတော်စင် တောင်းဆိုတာက တခြားအရာဆိုရင် ဝမ်းသာစွာနဲ့ ဖြည့်ဆည်းပေးမှာပါ။ ဒါပေမဲ့ အစ်ကိုချန်းဟယ်ရဲ့ ဆုလာဘ်နဲ့ ဆိုင်တဲ့ကိစ္စဆိုရင်တော့ ငါ အကြပ်ရိုက်မှာ စိုးရိမ်တယ်”

ထို့ကြောင့် အထွတ်အထိပ်ရှင်ကျီယန်က နဂါးသွေးမြက်ရိုးတံကို ထုတ်ယူကာ တွေဝေစွာ ပြောလိုက်သည်

“ ဒီနဂါးသွေးမြက်က…”

အထွတ်အထိပ်ရှင် ကျီယန် စကားဆုံးအောင် မပြောရသေးခင် ချစ်စရာကောင်းသော နတ်မိမယ်လေးတစ်ယောက် ထွက်ပေါ်လာသည်။

ဘယ်သူဖြစ်ရမလဲ လီလျန်းအာပေါ့

လီလျန်းအာ၏ ခေါင်းပေါ်ရှိ ပန်းအိုထဲမှ ဘူးပင်က နိဗာနတော်ဝင်ရေစင်ကို စုပ်ယူပြီး ပိုမိုသန်မာပြီး ကျန်းမာလာပုံပေါ်သည်။

အိုးမှ အစိမ်းရောင်နွယ်ပင်နှစ်ခု ကျနေသည်က လီလျန်းအာ၏ ခေါင်းမှာ အစိမ်းရောင် ကျစ်ဆံမြီးနှစ်ခု ကျနေသလို ထင်ရသည်။

လီလျန်းအာက စာတစ်စောင်ကို ထုတ်ကာ အထွတ်အထိပ်ရှင်ကျီယန်ဆီသို့ ပေးရင်း ပြောလိုက်သည်

“ ဆရာဦးလေးကျီယန် အဖေ စိတ်ဆိုးမှာကို စိုးရိမ်စရာ မလိုပါဘူး။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သွားချင်တာက မောင်လေး ရှန်အောင်း တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်မလည်း ဒုတိယဦးလေးဆီကို ဝမ်းကွဲတွေနဲ့ လည်ဖို့ သွားမှာ။

မောင်လေးရှန်အောင်းက ကျွန်မနဲ့ အဖော်လိုက်ပေးတယ်လို့ ပြောလိုက်ရင် ရပါတယ်။ ဒီစာထဲမှာ အားလုံးကို ရှင်းပြထားပြီးပြီ။ အဖေ စိတ်မကောင်းဖြစ်မှာ မဟုတ်ပါဘူး”

အထွတ်အထိပ်ရှင် ကျီယန်က ဝမ်းသာစွာပြုံးနေသော လီလျန်းအာကို ကြောင်ကြည့်နေသည်။

လီယွင်ဖုန်းနဲ့ အပြင်ထွက်လည်ဖို့အတွက် ဒုတိယဦးလေးဆီ သွားမှာတဲ့လား။ အစ်ကိုက ဒီလို ရူးကြောင်ကြောင်ဆင်ခြေကို ယုံမယ်လို့များထင်နေတာလား

အထွတ်အထိပ်ရှင် ကျီယန်အနေဖြင့် လီလျန်းအာ ဘာရေးထားသလဲဆိုတာကို ဖတ်ဖို့ပင် မလိုတော့ပေ။ သူက လီလျန်းအာကို သွားခွင့်ပေးလိုက်ပါက သူမ၏ အဖေနှင့် ပြဿနာတတ်မည်ဆိုတာကို သူ သိနေသည်။

ချန်းဟယ်ဓားအသျှင်က အရှေ့ပိုင်းလွင်ပြင်တစ်ခွင်တွင် စည်းကမ်းအတင်းကြပ်ဆုံးသော အဖေတစ်ယောက် ဖြစ်၏။

အထွဝ်အထိပ်ရှင် ကျီယန်က နဂါးသွေးမြက်ရိုးတံလေးကို ပြန်ပြီးသိမ်းထားလိုက်သည်။

ရှန်အောင်း သွားမလား မသွားဘူးလားဆိုတာက အရေးမကြီးတော့ဘူး

လီလျန်းအာ ထွက်မသွားနိုင်အောင် စည်းရုံးနိုင်မှ ကောင်းချီးပေးမှု တစ်ခုဖြစ်လိမ့်မယ်။ ချန်းဟယ်ဓားအသျှင်ကို ကပ်ဖားနိုင်ဖို့အတွက် ရှန်အောင်းနဲ့ လီလျန်းအာကို လဲလှယ်လိုက်တာလို့ ပြောလိုက်မယ်။ ဒါဆိုရင် ချန်းဟယ်ဓားအသျှင်လည်း စိတ်တိုမှာ မဟုတ်တော့ဘူး

ဒါပေမဲ့ သူသာ လီလျန်းအာကို ပြန်ဖို့ မစည်းရုံးနိုင်ခဲ့ရင်…

နောက်ထပ်နှစ်အနည်းငယ် တောင်နောက်မှာပဲ အချိန်ကုန်ဆုံးသွားရနိုင်တယ်

အဲဒီအတွေးလေးကပဲ သူ့ကို လန့်စေတယ်

အထွတ်အထိပ်ရှင် ကျီယန်က လီလျန်းအာကို အမြန်ကောက်ချီကာ ပြောလိုက်သည်

“ ဒါဆိုရင် သူတော်စင် အောင်းအာကို အတူခေါ်သွားလိုက်ပါတော့။ အစ်ကိုကို သေချာရှင်းပြလိုက်ပါ့မယ်”

လီလျန်းအာကို ရင်ခွင်ထဲ ထည့်ထားရင်း ပျံသန်းသွားသည်။

လီလျန်းအာက ရုန်းကန်ရင်း ပြောလိုက်သည်

“ ဆရာဦးလေး ကျွန်မကို လွှတ်ပေး။ မဟုတ်ရင်…မဟုတ်ရင်…ကျွန်မတို့ အိမ်ပြန်ရောက်တာနဲ့ ထွက်ပြေးမှာနော်။

ဝမ်းကွဲနဲ့ တွေ့ဖို့အတွက် အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သွားချင်ပါတယ်ဆို။ ဘာလို့ တားနေရတာလဲ … လုံးဝကို အဓိပ္ပာယ်မရှိဘူးနော်”

All Chapters