← Chapters

စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ဆန်းကြယ်ပညာရပ် စစ်နတ်ဘုရား အသွင်ပြောင်းခြင်း

Vol. 17 Ch. 245

စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ဆန်းကြယ်ပညာရပ် စစ်နတ်ဘုရား အသွင်ပြောင်းခြင်း

Vol. 17 Ch. 245

အခန်း (၂၄၅) : စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ဆန်းကြယ်ပညာရပ် စစ်နတ်ဘုရား အသွင်ပြောင်းခြင်း

လီလျန်အာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို သွားချင်နေကြောင်း ကြားသိလိုက်ရသည့်အတွက် အထွတ်အထိပ်ရှင် ကျီယန်လည်း အရမ်းထိတ်လန့်သွားကာ ထိုက်ပိုင်ချိုင့်ဝှမ်း၏ တပည့်များကို ချက်ချင်းခေါ်ယူပြီး ထွက်ခွာသွားသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီစိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ ကောင်မလေးကို အရင်ပြန်ပို့မှဖြစ်မယ်

သူမ အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ထွက်ပြေးမည်ဆိုသော လီလျန်အာ ပြောသည့်စကားအတွက် အထွတ်အထိပ်ရှင်ကျီယန် စိတ်မပူပေ။ သူ ချိုင့်ဝှမ်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် အကြောင်းပြချက် မြန်မြန်ပေးကာ ထွက်သွားမှာ ဖြစ်၏။

အကယ်၍ သူမ တကယ်ပဲ အောင်အောင်မြင်မြင် ထွက်ပြေးနိုင်ခဲ့လျှင်ပင် သူ့ပြဿနာ မဟုတ်တော့ပေ။

ထိုက်ပိုင်ချိုင့်ဝှမ်း၏ တပည့်များ ထွက်ခွာသွားပြီးနောက် တခြားဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များကလည်း တစ်အုပ်စုပြီး တစ်အုပ်စု ထွက်ခွာသွားကြသည်။ စစ်ဆေးမှု ပြီးဆုံးသွားလေပြီ။

“ အစ်ကိုရှန်ထျန်း … ကျွန်မ ကျင့်ကြံဖို့ အကောင်းဆုံးကြိုးစားပြီးတော့ အစ်ကိုရဲ့ဘေးမှာ ရပ်တည်နိုင်အောင် တတ်နိုင်သမျှ မြန်မြန် ကြိုးစားပါ့မယ်”

ရှောင်လင်းက စိမ်းပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ခြေလှမ်းတိုင်းမှာလည်း ကြာပန်းများ ပေါက်ရောက်နေသည့်အတွက် တပည့်များစွာက နှစ်သက်ကြည်နူးနေကြသည်။

သို့သော် သူမ၏ အကြည့်ကတော့ အစမှ အဆုံးအထိ ရှန်ထျန်းဆီမှာသာ ရှိသည်။

ရဲရဲနီကကြိုး ကောင်းကင်အသျှင် ပြောထားသော “ အစ်ကိုချူးနဲ့ သူတော်စင် ရှန်ထျန်းလိုမျိုး အရည်အချင်းရှိတဲ့ ပါရမီရှင်တွေက အနာဂတ်မှာ ထာဝရရှင်သန်သူတွေ သေချာပေါက် ဖြစ်လာလိမ့်မယ်” ဆိုသော စကားကို ပြန်လည်ကြားယောင်လာမိသည်။

အထက်ဘုံတက်လှမ်းခြင်းကို ရောက်ရှိနိုင်ဖို့အတွက် အရည်အချင်းမရှိဘဲ သူတို့နှင့် ရင်ဘောင်တန်းနိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့သော တာအိုလက်တွဲဖော် ဆက်ဆံရေးက ထာဝရခွဲခွာပြီး ဆိုးရွားသော အဆုံးသတ်သာ ရရှိလိမ့်မည်။

ထိုစကားကို ကြာပြာကောင်းကင်အသျှင်က သူ့နာမည် ချူးဟယ်ဖြစ်စဉ်အခါက ထိုစကားကို ရဲရဲနီကကြိုး ကောင်းကင်အသျှင်ဆီ ပြောခဲ့သည်ဟု ကောလဟာလများ  ထွက်ခဲ့သည်။

သူ့စကားက သူမ၏ စိတ်ကူးယဉ်မှုကြောင့်လား၊ တကယ့်ဖြစ်ရပ်မှန်လားတော့ မည်သူမှ မသိပေ။

ရှောင်လင်းက ကျောက်စိမ်းရေကန် အထွတ်အမြတ်မြေ အကြီးအကဲနှင့် တပည့်များနောက် လိုက်သွားကာ ထွက်သွားသည်။

မြို့လေးထဲရှိ လူအရေအတွက်က ဖြည်းဖြည်းချင်း လျော့နည်းလာသည်။

“ အားလုံးပဲ အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံပေါ် တက်ကြပါ။ ပြန်ဖို့ အသင့်ဖြစ်နေပါပြီ”

ကြာဖြူ ကောင်းကင်အသျှင်က ဖျော့တော့စွာပြုံးကာ တပည့်များကို ယာဉ်ပျံပေါ် အစီအစဉ်တကျ တက်ဖို့အတွက် အမိန့်ပေးလိုက်သည်။

ယာဉ်ပျံ စတင်ပျံသန်းသည်နှင့်တစ်ပြိုင်နက် အားပေးသံများဖြင့် ပြည့်နှက်သွားသည်။

“ ကမ္ဘာဦးတိုက်ပွဲနယ်မြေက အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ်။ စွမ်းအားကြီး သတ္တဝါဆန်းတွေက နေရာတိုင်းမှာ ရှိနေပြီးတော့ သာမန် နတ်ဆိုးသားရဲတွေထက်တောင် သန်မာနေသေးတယ်”

“ ဟုတ်တယ်။ အဲဒီ မသေနိုင်တဲ့ သတ္တဝါတွေက စွမ်းအားကြီးပေမဲ့ သူတို့ရဲ့ဉာဏ်ရည်က နတ်ဆိုးသားရဲတွေကို ယှဉ်လို့မရဘူး။ ငါတို့ စည်းလုံးနေသ၍ သုံးယောက်၊ ငါးယောက်လောက် ပေါင်းတိုက်ခိုက်ရင် ရွှေအမြုတေအဆင့် သတ္တဝါဆန်းကို သတ်လို့ရပါတယ်”

“ ဒီတစ်ခေါက် စစ်ဆေးမှုမှာ ငါတို့ ရလာတာတွေလည်း အများကြီးပဲလေ။ ဒါက ငါတို့ ၁၀ နှစ်လောက် ကျင့်ကြံဖို့တောင် လုံလောက်တယ်။ နောက်ထပ် စစ်ဆေးမှု သိပ်မကြာခင် ရောက်လာဖို့ မျှော်လင့်တယ်”

“ လုပ်တာထက် ပြောရတာက ပိုလွယ်တယ်။ တိုက်ပွဲနယ်မြေထဲမှာ မကောင်းဆိုးဝါးတွေ အများကြီးပဲလေ။ မင်းသာ အမှုမဲ့အမှတ်မဲ့ဖြစ်သွားရင် ဝိုင်းခံရပြီး သေသွားလိမ့်မယ်”

“ ဟုတ်တယ်။ ငါတို့ တိုက်ပွဲနယ်မြေထဲမှာ ဒဏ်ရာရခဲ့သေးတယ်။ သူတော်စင်သာ ငါတို့ကို နိဗာနတော်ဝင်ရေစင် လက်ဆောင်မပေးခဲ့ဘူးဆိုရင် ငါ့အဖွဲ့လည်း အသက်ရှင်နိုင်မှာ မဟုတ်ခဲ့ဘူး”

“ ဟုတ်တယ်…ဟုတ်တယ်…အစ်ကိုပေးတဲ့ နိဗာနတော်ဝင်ရေစင်က လုံးဝ အံ့ဩစရာပဲ။ နိဗာနတော်ဝင်ရေစင်ကြောင့်သာ မဟုတ်ရင် ငါလည်း တောင့်ခံနိုင်မှာ မဟုတ်ခဲ့ဘူး”

လူအုပ်အလယ်တွင် အံ့ဖွယ်မိုးကောင်းကင် တပည့်တစ်ယောက်က ကျယ်လောင်စွာ စကားအစချီလိုက်၏

“ ကျွန်တော် ကျန့်စန်း … ပြောစရာတစ်ခု ရှိပါတယ်။

ဒီတစ်ခေါက် စစ်ဆေးမှုမှာ ကျွန်တော်တို့ မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေနဲ့ တွေ့ခဲ့ရတယ်။ အဲဒါက တကယ်ကို အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုပါပဲ။

အဲဒီမိစ္ဆာဝိညာဉ်ဂိုဏ်းသားက ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးငါးကောင်ကို နည်းလမ်းတချို့ အသက်သွင်း ဖန်တီးလိုက်တယ်။

ကျွန်တော်က ညီအစ်ကိုတို့ကို ဦးဆောင်ပြီးတော့ သွေးနတ်ဆိုးတွေကို တိုက်ခိုက်ခဲ့ပေမဲ့ အဆုံးမှာ ရှုံးသွားပြီးတော့ သွေးနတ်ဆိုးရဲ့ ပိတ်လှောင်ခြင်းကို ခံထားရပြီးတော့ တကယ်ကို အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုကို ကြုံတွေ့လိုက်ရတယ်။

အန္တရာယ်ကို ကြောက်လန့်ခြင်းမရှိဘဲ ရောက်လာပေးတဲ့ သူတော်စင်အစ်ကိုကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့အားလုံး သေသွားလောက်ပါပြီ …

ဘယ်လိုပဲဖြစ်ဖြစ် အနှစ်ချုပ်ပြောရရင် အခု ကျွန်တော်ရဲ့အသက်က သူတော်စင်ရဲ့အပိုင်ပါ။

ကျွန်တော် သူတော်စင်ရဲ့ အမိန့်တွေကို တသွေမတိမ်း နာခံပါ့မယ်”

အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က ကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးငါးကောင်ကို သတ်နိုင်ခဲ့တာလား

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ တပည့်များက သူတို့၏ သူတော်စင်သည် အရည်အချင်းရှိသူတစ်ယောက်မှန်း သိထားသော်လည်း ထိုကဲ့သို့သော အရာမျိုးကတော့ သူတို့ကို ထိတ်လန့်နေဆဲ ဖြစ်သည်။

“ တကယ်လား။ ကမ္ဘာဦးတိုက်ပွဲနယ်မြေက ကျင့်ကြံသူတွေရဲ့အဆင့်ကို အခြေတည်အဆင့်ပဲ ဖြစ်ရမယ်လို့ သတ်မှတ်ထားတယ် မဟုတ်လား။ အဲဒါကို သူတော်စင်က ဘယ်လိုလုပ်ပြီးတော့ ကနဦးဝိညာဉ်အဆင့် နတ်ဆိုးငါးကောင်ကို တစ်ယောက်တည်း နှိမ်နင်းနိုင်ရတာလဲ”

တစ်ယောက်က သံသယရှိကြောင်း ထပြောသော်လည်း ဆွေးနွေးသံများကြား အလျင်အမြန် နစ်မြုပ်သွားသည်။

“ မင်းက ဒါကို ဘယ်လိုလုပ်ပြီးတော့ သံသယဝင်ရဲရတာလဲ။ သူတော်စင်က ဘယ်လိုလူလဲဆိုတာကို မသိဘူးလား။ သူက သာမန်လူတွေနဲ့ ဘယ်လိုလုပ်ပြီးတော့ နှိုင်းယှဉ်လို့ ရမှာလဲ”

“ ဟုတ်တယ်။ အစ်ကိုရဲ့ အရည်အချင်းတွေက ကောင်းကင်နဲ့မြေကြီးမှာ ရှိတဲ့ စည်းမျဉ်းတွေအားလုံးထက် ကျော်လွန်တယ်လေ။ ဘယ်အရာကမှ အစ်ကိုရဲ့ ခွန်အားတွေကို ကန့်သတ်ထားလို့ မရနိုင်ဘူး”

“ ငါလည်း အဲဒီမှာ ရှိနေခဲ့တယ်။ ငါ သက်သေ လုပ်ပေးလို့ရတယ်။ သူတော်စင်ရဲ့ တိုက်ခိုက်စွမ်းရည်က အခြေတည်အဆင့်  ကျင့်ကြံသူတစ်ယောက်မှာ ရှိနိုင်တဲ့ အရည်အချင်းတော့ မဟုတ်ဘူး။ သူ့အရှိန်အဝါက ပြိုင်ဘက်ကင်းပြီး ရွှေရောင်တောင်ပံတစ်စုံကလည်း မြန်လွန်းလို့ မြင်တောင် မမြင်နိုင်ဘူး။ သွေးနတ်ဆိုးတွေကို ခွေးတွေကိုသတ်သလိုမျိုး လွယ်လွယ်လေး သတ်သွားတာ”

“ ဟုတ်တယ် ဟုတ်တယ်။ မင်း မသိပါဘူး။ သူတော်စင်ရှန်ရဲ့ ကိုယ်ပေါ်မှာ ဝှက်ထားတဲ့ ကျုံ့နိုင်ဆန့်နိုင် ကြာပွတ်အထူတစ်ခု ရှိတယ်။ အဲဒီကနဦးဝိညာဉ်အဆင့် သွေးနတ်ဆိုးတွေက စွမ်းအားကြီးပေမဲ့လည်း သူတို့ရင်ဘတ်ထဲမှာရှိတဲ့ သွေးချပ်ဝတ်တန်ဆာ ကာကွယ်ထားတဲ့ သွေးအဆီအနှစ်ပုလဲက သူတို့ရဲ့ အားနည်းချက်ပဲ”

“ သူတော်စင်ရဲ့ ကြာပွတ်က ကျုံ့နိုင်ဆန့်နိုင်တဲ့အပြင် လိုအပ်သလို ကွေးလို့လည်း ရသေးတယ်ဆိုတော့ သွေးချပ်ဝတ်တန်ဆာနဲ့ သူ့နှလုံးသားကို တိုက်ရိုက်ထိုးဖောက်သွားပြီးတော့ သွေးအဆီအနှစ်ပုလဲကို ထုတ်ယူလိုက်တာ။ အဲဒါကြောင့် သွေးနတ်ဆိုးငါးကောင်ကို တစ်ယောက်တည်း နှိမ်နင်းနိုင်တာ။ ဒါက လုံးဝ အံ့ဩစရာပဲ”

“ ငါလည်း အဲဒီနေရာမှာ ရှိနေခဲ့တယ်။ အစ်ကိုကျန့် ပြောနေတာတွေက အပိုတွေ မဟုတ်ဘူးဆိုတာကို ငါ သက်သေခံပေးနိုင်တယ်။ သူတော်စင်က လူ မဟုတ်ဘူး… နတ်ဘုရားတစ်ပါးပဲ”

ကျန့်စန်းတို့ ပြောဆိုနေတာကို ကြားပြီး စုန့်ဖူကွေ့၊ လျှိုထိုက်ယီနှင့် တခြားသူတို့က မနေနိုင်ဘဲ ပြုံးလိုက်မိကြသည်။

ဆရာကောင်းကင်ကတော့ မျှော်လင့်ထားတဲ့အတိုင်း တစ်လအတွင်းမှာကို ပရိတ်သတ်တွေ အများကြီး စုဆောင်းလိုက်နိုင်တယ်

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက တပည့်တွေကို ခဏမေ့ထားလိုက်ပါဦး။ သွေးနတ်ဆိုးတောင်ကြားမှာ အဖမ်းခံလိုက်ရတာ တခြားဂိုဏ်းက တပည့်တွေလည်း ပါသေးတယ်လေ

သူတို့ဂိုဏ်းကို ပြန်ရောက်ရင် သူတို့လည်း ဆရာကောင်းကင်ကို ကိုးကွယ်သူတွေ ဖြစ်လာနိုင်တယ်။ ဆရာကောင်းကင်ရဲ့ ဂုဏ်သတင်းပြန့်သွားရင် တကယ်ကို အကျိုးရှိမှာပဲ

ရှန်ထျန်း၏ ခမ်းနားကြီးကျယ်သော ပုံရိပ်ဖန်တီးရာတွင် အထောက်အကူဖြစ်ရန်အတွက် စုန့်ဖူကွေ့နှင့် လျှိုထိုက်ယီတို့က “သွေးနတ်ဆိုး တောင်ကြားတိုက်ပွဲ” အကြောင်းကို လီယွင်ဖုန်းဆီ ဆက်သွယ်ကာ ဖြန့်လိုက်ရမလားဆိုပြီး စဉ်းစားနေကြသည်။

ယာဉ်ပျံပေါ်ရှိ လူအားလုံးက ရှန်ထျန်းအကြောင်း ပြောဆိုနေစဉ် ဇာတ်လိုက်ကျော် ရှန်ထျန်းကတော့ အခန်းထဲမှာ လေးလေးနက်နက် ကျင့်ကြံနေသည်။

သူက ယဲ့ချန်းခန် သင်ပေးထားသော စစ်နတ်ဘုရား မီးစာကျမ်းကို ကျင့်ကြံနေသည်။ မီးစာကျမ်းထက် ပိုပြီးနက်နဲသော အရာတစ်ခု ဖြစ်၏။

ရှန်ထျန်း ငွေငါးစ ပေးကာ ဝယ်ခဲ့ရသော မီးစာကျမ်းက နယ်မြေငါးခုတွင် အကျယ်တဝန်း ပျံ့နှံ့နေသော အခြေခံကျမ်းတစ်ခုသာ ဖြစ်သည်။ ထိုကျမ်းဖြင့် အများဆုံး ရွှေရောင်ကိုယ်ထည် နယ်ပယ်အဆင့်ထိသာ ရောက်ရှိနိုင်သည်။

ရွှေရောင်ကိုယ်ထည် နယ်ပယ်အဆင့်သို့ ရောက်ရှိပြီးနောက် နဝမမြောက် နတ်ဘုရား ရွှေရောင်ကိုယ်ထည်အဆင့်သို့ ရောက်ရန် ဘယ်လိုလုပ်ရမည်ဟူသော မှတ်တမ်းများ မပါရှိတော့ပေ။

စစ်နတ်ဘုရား မီးစာကျမ်းက နတ်ဘုရားလောက၏ စစ်နတ်ဘုရား မျှော်နန်းဆောင်မှ အမွေအနှစ်တစ်ခု ဖြစ်သည်။ ထိုကျမ်းကို ကျင့်ကြံပြီး အတိဒုက္ခလွန် ဖြတ်ကျော်ခြင်းပြီးသည်နှင့် တစ်ပြိုင်နက် ထာဝရရှင်သန်သူ တစ်ယောက် ဖြစ်လာနိုင်သည်။

စစ်နတ်ဘုရား မီးစာကျမ်းထဲတွင် ရှေးဟောင်း စွမ်းအားကြီး ခုခံပညာရပ် အမျိုးမျိုးကို ထည့်သွင်းထားသည့်အတွက် ခန္ဓာကိုယ်တစ်ခုလုံး၏ တိုက်ခိုက်စွမ်းရည်ကို အပြည့်အဝ ထုတ်သုံးလို့ ရသည်။

ယဲ့ချန်းခန်က ထိုရှေးဟောင်း ခုခံပညာရပ်များကို ချန်လှပ်ထားခြင်းမရှိဘဲ ရှန်ထျန်းကို အကုန်လုံးနီးပါး သင်ကြားပေးခဲ့သည်။

ရှန်ထျန်းအတွက် ပြုလုပ်ထားသည်ဟု ထင်ရသော ရှန်ထျန်းနှင့် အသင့်တော်ဆုံးဖြစ်သည့် ခုခံပညာရပ်နှစ်မျိုး ရှိနေသည်။

ပထမဆုံးတစ်ခုက ကောင်းကင်ခြေမွ လက်ဝါးဖြစ်ပြီး ဓမ္မစွမ်းအားများကို ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့် ဆန့်ကျင်တုံ့ပြန်နိုင်သော အထွတ်အထိပ်အဆင့် ပညာရပ်ကို ထည့်သွင့်ထားသည်။

ယခင်က ကြာပြာကောင်းကင်အသျှင်က လင်းယုန်မျိုးနွယ်၏ အကြီးအကဲအပေါ် အသုံးပြုခဲ့သော ပညာရပ်က အစွမ်းကုန် ထုတ်သုံးထားချင်းမျိုး မဟုတ်ပေ။ ထိုပညာရပ်တွင် အကန့်သတ်မဲ့ စွမ်းအား ပါရှိနေပြီးပြီ ဖြစ်သည်။

ထိုခုခံပညာရပ်က ပညာရပ်အပေါ်တွင် မူမတည်ဘဲ ကျင့်ကြံသူ၏ လက်ဖဝါးထဲရှိ ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအင်ကို စုစည်းပြီး လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို ထိုးဖောက်ဖို့ စွမ်းအားကို ရရှိသွားမည် ဖြစ်သည်။

ယဲ့ချန်းခန် ဝိညာဉ်အနေဖြင့် မဟာရှေးဦးခရမ်းအငွေ့အသက်ကို ထိန်းချုပ်ပြီး အသုံးချလိုက်သော ထိုပညာရပ်၏ စွမ်းအားက ထျန်းကျူဓားကိုပင် ရပ်တန့်သွားစေသည်။

ရှန်ထျန်း၏ ခန္ဓာကိုယ်ထဲတွင် ရှိသော ထူးခြားအံ့ဖွယ်ပစ္စည်းငါးမျိုးက အချင်းချင်းထောက်ပံ့နေသော ဆက်နွယ်မှုမျိုး ဖြစ်သည့်အတွက် သူသာ သေချာသင်ယူလိုက်ပါက သူ့ခွန်အားလည်း အဆမတန် မြင့်တက်သွားလိမ့်မည်။ ဒုတိယပညာရပ်က စစ်နတ်ဘုရား အသွင်ပြောင်းလဲခြင်း ဖြစ်သည်။

ထိုအရာက စစ်နတ်ဘုရား မျှော်နန်းဆောင်၏ အဓိက ဆန်းကြယ်ပညာရပ်ဖြစ်ပြီး ခွန်အားမြှင့်တင်ဖို့အတွက် ထူးခြားအံ့ဖွယ်ပစ္စည်းများနှင့် ရှေးဟောင်း နတ်သားရဲမျိုးဆက်အပေါ် မူတည်သည်။

အခြေခံစည်းမျဉ်းက နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများကဲ့သို့ သူတို့မှာရှိသော ချီအရှိန်အဝါကို အသုံးချကာ ခွန်အား ယာယီတိုးတက်လာအောင် လုပ်ရပေမဲ့ ထိုပညာရပ်က ပိုပြီး နက်နဲသည်။

စစ်နတ်ဘုရား အသွင်ပြောင်းခြင်းပညာရပ်ကို ကျင့်ကြံသော နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများက နတ်သားရဲမျိုးဆက်များကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လို့ရအောင် ကြိုးစားနိုင်သည်။

လိုအပ်ပါက ကျင့်ကြံသူအနေဖြင့် စစ်နတ်ဘုရား အသွင်ပြောင်းခြင်းကို အသက်သွင်းလိုက်ပါက အထွတ်အထိပ်အဆင့် နတ်သားရဲအဖြစ် အသွင်ပြောင်းနိုင်ပြီး နတ်သားရဲ၏ ကြောက်စရာကောင်းသော စွမ်းအားကိုပါ ရရှိမည်ဖြစ်သည်။

ထူးခြားအံ့ဖွယ်ပစ္စည်းများ ရှိပါကလည်း စစ်နတ်ဘုရား အသွင်ပြောင်းခြင်းကို အသက်သွင်းပြီး သူတို့ခန္ဓာကိုယ်အတွင်းရှိ ထူးခြားအံ့ဖွယ်ပစ္စည်းများ၏ စွမ်းအားနှင့် ပေါင်းစည်းပြီး စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်။

ရှေးခေတ်အခါက လူသားတစ်စုတွင် ဆန်းကြယ်ပညာရပ်များစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။

ထိုခေတ်အခါက ဤဆန်းကြယ်ပညာရပ်က ခမ်းနားကြီးကျယ်မှုနှင့် ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။

ထိုဆန်းကြယ်ပညာရပ်က ရှန်ထျန်း၏ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် အရမ်းသင့်တော်သောကြောင့် ရှန်ထျန်း အာရုံစိုက်ကျင့်ကြံဖို့ ထိုက်တန်ကြောင်း ယဲ့ချန်းခန်းက ခဏခဏ ပြောလေ့ ရှိသည်။

ယခုလက်ရှိတွင် ရှန်ထျန်းက စစ်နတ်ဘုရား အသွင်ပြောင်းခြင်းပညာရပ်ကို ကြိုးစားနေပြီး ရှေးဦးအဆီအနှစ် လေးလံရေစင်ကို ပေါင်းစပ်ချင်နေသည်။

ကျင့်စဉ်ကို ဆက်တိုက် လည်ပတ်နေသည့်အတွက် ရှန်ထျန်း၏ အရှိန်အဝါကလည်း အလျင်အမြန် အားကောင်းလာရသည်။

မူလက ကျောက်ကပ်ထဲမှာရှိခဲ့သော ရှေးဦးအဆီအနှစ် လေးလံရေစင်က ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းထိုးဖောက်ကာ ဖျော့တော့တော့ အလင်းရောင်ကို ထုတ်လွှတ်နေသည်။ သို့သော် ရှန်ထျန်း၏ ခန္ဓာကိုယ်မျက်နှာပြင်မှာ စွမ်းအားပြင်းစွမ်းအင်များကို ထုတ်လွှတ်ရမည့်အစား ပိုမိုအားနည်းလာသည်။

ထိုကဲ့သို့ဖြစ်ခြင်းက ရှန်ထျန်း အားနည်းလာတာကြောင့် မဟုတ်ဘဲ ဆုံးရှုံးမှု ကင်းဝေးစေရန်အတွက် စွမ်းအင်အားလုံးကို သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။ အစစ်အမှန် စွမ်းအားကြီးသော နတ်ဘုရားကိုယ်ထည်မာ ကျင့်ကြံသူများကြားက တိုက်ပွဲတွင် ခန္ဓာကိုယ်ထဲရှိ စွမ်းအင်များ ပျောက်ဆုံးသွားသည့်အတွက် များပြားသော ဆုံးရှုံးမှုလည်း မရှိသလို ကျယ်လောင်သော ဆူညံသံများလည်း မရှိပေ။ လုံလောက်စွာ သိပ်သည်းမှု မရှိသည့်အတွက် အသုံးမဝင်သော အင်အားစိုက်ထုတ်မှုသာ အဖတ်တင်သွားသည်။

ယခင်တစ်ခေါက်က ရှန်ထျန်း ချီအရှိန်အဝါဖြင့် လောင်ကျွမ်းစေပြီး သူ့ကိုယ်သူ မြှင့်တင်ဖို့အတွက် ဓာတ်နှောနတ်မိုးကြိုးကို အသုံးပြုစဉ်ကလိုမျိုး ဖြစ်သည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံး ရွှေရောင်မီးတောက် အရှိန်အဝါများဖြင့် လောင်ကျွမ်းနေပုံက သူ့ကို ကြည့်ကောင်းပုံပေါ်စေသော်လည်း ချီအရှိန်အဝါနှင့် နတ်မိုးကြိုးတို့ကို အရမ်းလျင်မြန်စွာ အသုံးပြုရသည့်အတွက် စွမ်းအင်ဖြုန်းတီးမှု ဖြစ်စေသည်။

သူသာ ချီအရှိန်အဝါနှင့် နတ်မိုးကြိုး လောင်ကျွမ်းခြင်းကို သေချာထိန်းချုပ်နိုင်ပါက လုံးဝဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မည်။

ယခုလက်ရှိတွင် ရှန်ထျန်းက ထိုသို့လုပ်ဖို့ ကြိုးစားနေသည်။

ရှန်ထျန်း ထုတ်လွှတ်သော အရှိန်အဝါက ပိုပြီးတော့ အားနည်းလာသည်။

နောက်ထပ် ကျင့်ကြံသူတစ်ယောက်သာ အနားမှာ ရှိနေပါက သူ့ကို သာမန်ချီသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်ဟုပင် ထင်သွားနိုင်သည်။

“ မင်း အားနည်းနေပြီမလား”

ရှန်ထျန်းက အတွေးထဲ နစ်မြောနေရင်း ညာဘက်လက်သီးကို ဆန့်ထုတ်လိုက်သည့်အခါ လက်သီးပေါ်တွင် ဖျော့တော့သော ငွေရောင်အလင်းတန်းကို မြင်လိုက်ရသည်။

ခန်းမင်လက်စွပ်က တောက်ပလာကာ ရှန်ထျန်း၏ ဘယ်ဖက်လက်ပေါ်တွင် ရွှေအရိုးတစ်ခု ပေါ်လာသည်။

ထိုရွှေအရိုးက ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲရှိ ရွှေအမြုတေအဆင့် အရိုးစုနတ်ဆိုး၏ အရိုးဖြစ်ပြီး ဓမ္မရတနာထက်ပင် မာကြောသည်။

ချင်ယွင်တိက သတ္တဝါဆန်းများကို ရူးသွပ်စွာ အမဲလိုက်ရခြင်းအကြောင်းက သူတို့၏ အရိုးများကို လေ့လာပြီး သေနတ်များကို အရည်အသွေး တိုးမြှင့်ချင်သောကြောင့် ဖြစ်၏။

ရှန်ထျန်းက ထိုအရိုးများကို အသုံးပြုပြီး သူ့အရည်အချင်းတွေကို စစ်ဆေးဖို့ ဆုံးဖြတ်လိုက်သည်။ သူ့က အရိုးကို ဘယ်ဖက်လက်ဖြင့် တင်းကြပ်စွာကိုင်ကာ တောက်ပသော သိပ်သည်းသည့် ငွေရောင်အရှိန်အဝါ ဖုံးလွှမ်းနေသော ညာဖက်လက်ဘက်သို့ နူးညံ့စွာ ညွှန်ပြလိုက်သည်။

ချွင်…

သူက လက်ညှိုးလေးဖြင့် အရိုးပေါ် ထိလိုက်သည့်အခါ ချက်ချင်း  အက်ကြောင်းများပေါ်လာကာ ကွဲထွက်သွားပြီး နံရံအတွင်းထိပါ ဖောက်ဝင်သွားသည်။

“ အဖျက်စွမ်းအား အရမ်းကောင်းတယ်။ ဒါက ရှေးဦးအဆီအနှစ် လေးလံရေစင်ကို သုံးဖို့အတွက် မှန်ကန်တဲ့ နည်းများလား” ရှန်ထျန်း ရေရွတ်လိုက်သည်။

ယဲ့ချန်းခန်၏ ပုံရိပ်က ဖြည်းဖြည်းချင်းပေါ်လာကာ ပြုံးရင်း ပြောလိုက်သည်

“ ရှေးဦးအဆီအနှစ် လေးလံရေစင်ကို အရမ်းလေးလံတဲ့ ရေလို့လည်း ခေါ်တယ်လေ။ အဲဒါကို နတ်ဘုရားလောကမှာလည်း ရတနာတစ်ပါးအဖြစ် သတ်မှတ်ထားတယ်။

ဒီလိုစွမ်းအားမျိုး ပိုင်ဆိုင်တယ်ဆိုတာ ဖြစ်သင့်တာပဲ မဟုတ်လား။ မင်းဆီမှာရှိနေတဲ့ ထူးခြားအံ့ဖွယ် ပစ္စည်းငါးမျိုးရဲ့ အံ့ဩစရာကောင်းတဲ့ စွမ်းအားတွေကို မင်း သေချာ နားမလည်သေးဘူး။

ကံအပြောင်းအလဲ အခွင့်အရေးတွေကို ရှာနေမဲ့အစား ကိုယ့်ဆီမှာ ရှိပြီးသား ကံအပြောင်းအလဲ အခွင့်အရေးကို အသုံးချပြီးတော့ ကျင့်စဉ်တွေကို ဘာလို့ မသင်ယူရတာလဲ။

မင်း အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ပြန်ရောက်သွားတာနဲ့ စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲမှာ လအနည်းငယ်ကြာ လေ့ကျင့်ဖို့အတွက် အကြံပေးချင်တယ်။ မင်း စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲက ပါရမီရှင်တွေအကုန်လုံးကို အနိုင်ရပြီးရင် နတ်ဘုရားလောကမှာတောင် မင်းကို ထိပ်သီးပါရမီရှင်အဖြစ် အသိအမှတ်ပြုလိမ့်မယ်”

စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲက ပါရမီရှင်တွေအကုန်လုံးကို အနိုင်ယူရမယ်တဲ့လား

ဟား..ဟား…ဟား…သူ့အတွက်တော့ ပြောဖို့ လွယ်ကူတာပေါ့

ငါက အခု ကြယ်ခုနစ်ပွင့် ပါရမီရှင် ဖြစ်လာပြီလေ … ရန်သူတွေက ငါ့ရဲ့ အလားအလာရှိမှုကို ကြောက်ပြီးတော့ လုပ်ကြံသတ်ဖြတ်ကြရင် ဘယ်လိုလုပ်မလဲ

 ငါက ယဲ့ချန်းခန် ဖုံးကွယ်ထားတဲ့ ကြယ်ရှစ်ပွင့် ပါရမီရှင်ကို တိုက်ခိုက်နိုင်ရင် နယ်မြေငါးခုလုံးကို အံ့ဩမင်သက်အောင် လုပ်မိသွားမယ် မဟုတ်လား

မဟုတ်သေးဘူး … ငါ့နာမည်ကို စစ်နတ်ဘုရား ကျောက်ပြားပေါ်ကနေ ဖယ်ဖို့အတွက် ဒီအဘိုးကြီးကို ပြောရဦးမယ်

ပါရမီရှင်အစစ်ဆိုရင် အရမ်းတည်ငြိမ်သင့်တယ်။ နာမည်ရဖို့အတွက် တိုက်ခိုက်နေတာက ဘာအကျိုးရှိမှာလဲ

ရှန်ထျန်း အတွေးလွန်နေစဉ် အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံပေါ်တွင် ခေါင်းလောင်းတီးသံကို ကြားလိုက်ရသည်။

အထွတ်အမြတ်မြေကို ရောက်တော့မည်ဆိုသော အချက်ပေးခြင်းဖြစ်သည့်အတွက် တပည့်အားလုံးကလည်း ယာဉ်ပျံပေါ်မှ ဆင်းဖို့အတွက် ပြင်ဆင်နေကြသည်။

တစ်ချိန်တည်းမှာပဲ ယဲ့ချန်းခန်က ယာဉ်ပျံ၏ အရှေ့ဘက်ကို စိုက်ကြည့်ကာ ဖျော့တော့စွာ ပြုံးလိုက်သည်။

“ အာ…ဟ မင်းဆီမှာ ကံကောင်းမှုတွေ ရှိနေတာပဲ။ ငါတို့အခုမှ မင်းရဲ့ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေကို ပြန်ရောက်တုန်း ရှိသေးတယ် မိန်းကလေးတစ်ယောက် သူတော်စင်အရှင်တစ်ယောက်ဖြစ်ဖို့အတွက် အတိဒုက္ခလွန် ဖြတ်ကျော်နေတာကို တွေ့လိုက်ရပြီ။

မင်းရဲ့ ချီသန့်စင်ခြင်း ကျင့်ကြံခြင်းအတွက် မိုးကြိုးပညာရပ်ကို အဓိကထားပြီး ကျင့်ကြံတာ မဟုတ်လား။ မိုးကြိုးအနည်းငယ် အလကားရဖို့အတွက် ဒီအခွင့်အရေးကို ယူလိုက်။

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က ကောင်းတဲ့အရာတစ်ခုပဲ။ အဲဒါက မင်းရဲ့ ရွှေခန္ဓာကို သန်မာလာစေဖို့အတွက် အရမ်းကောင်းတယ်

အခွင့်အရေးကို လက်လွတ်မခံနဲ့ မဟုတ်ရင် နောင်တရနေလိမ့်မယ်”

ယဲ့ချန်းခန်၏ စကားကြောင့် ရှန်ထျန်း ကြောင်အသွားသည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ တစ်ယောက်ယောက်က အတိဒုက္ခလွန် စမ်းသပ်ချက်ကို ဖြတ်ကျော်နေတာလား

ဘယ်အကြီးအကဲပါလိမ့် …

All Chapters