ကောင်းကင်အာဏာစက် ပြည်ထောင်၏ ကံတရား
Vol. 017 Ch. 1617
ရီဖူရှင်းက တစ်နေရာသို့ ဦးတည်လိုက်သည်။ သူက မမြန်သော်လည်း အလွန် ဂရုတစိုက် ရွေ့လျားနေသည်။
ရွှေရောင်ခန်းမတစ်ခုလုံးတွင် မရေတွက်နိုင်သည့် လေဟာနယ်စွမ်းအင် အမျှင်များနှင့် ပြည့်နေခဲ့ပြီး အထူးသဖြင့် နတ်လက်များအား ချိပ်ပိတ်ထားရာနေရာ၌ ဖြစ်သည်။ ဤရွှေရောင်ခန်းမအတွင်း လက်နက်များက လဟာပြင် ရွှေရောင်လေဟာနယ်အတွင်း တစ်ခုချင်းစီ ချိပ်ပိတ်ခံထားရပြီး အားလုံးသော လေဟာနယ်စွမ်းအားများက ဤရတနာသိုက်တစ်ခုလုံးနှင့် ဆက်စပ်နေခဲ့သည်။
ရီဖူရှင်းနှင့် အခြားသူများက တစ်နေရာသို့ ရောက်သွားခဲ့သည်။ သူတို့အရှေ့ လေထဲတွင် ရွှေရောင်အလင်းတို့ တောက်ပနေသည့် တိုက်ပွဲပုဆိန်တစ်လက်က လေထဲတွင် ပေါလောပေါ်နေသည်။ ၎င်းတို့မှ ရန်ဟောင်အဆင့် အလင်းတို့ ထုတ်လွှတ်နေသည်။ ဤနေရာတွင် ရပ်နေရုံနှင့် သူတို့သည် ကြီးစွာသော ဖိအားအောက် ရောက်နေပြီး နှစ်ခြမ်းပင် ကွဲထွက်တော့မလို ခံစားနေကြရသည်။
လေတွင် မျောလွင့်နေသည့် တိုက်ပွဲပုဆိန်သည် မရေတွက်နိုင်သော လေဟာနယ်အလင်းတို့ဖြင့် ပိတ်ဆို့ထားခြင်းကို ခံရပေသည်။ ဤနတ်အလင်းတို့သည် သုံးမြှောင့်သဏ္ဌာန် ဖန်တီးထားခြင်း ဖြစ်ပြီး တိုက်ပွဲပုဆိန်ကို ၎င်းအတွင်း၌ ပိတ်သိမ်းထားသည်။
“ဒါကို ဖွင့်ဖို့ တစ်ယောက်ယောက်က အင်အားသုံးပြီး ကြိုးစားဖူးလား။” ရီဖူရှင်းက သောကျောက်ကို မေးလိုက်သည်။
“သူတို့က မရှုမလှသေသွားကြတယ်။ အရိုးတောင် မကျန်ဘူး။” သောကျောက်က ပြန်ဖြေလိုက်သည်။ ရီဖူရှင်းက ခေါင်းညိတ်လိုက်ပြီး၏။ ထိုအဖြစ်က သူ၏ မှန်းဆချက်အတွင်း၌ ရှိပေသည်။ အတွင်း၌ ချိပ်ပိတ်ထားသည့် ပစ္စည်းမှာ အလွန်အစွမ်းထက်သည့် နတ်လက်နက်ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော လက်နက်မျိုးကို ချိပ်ပိတ်ထားနိုင်သည့် ချိပ်စည်းစွမ်းအားကလည်း မြင့်မားသည်ဟု သတ်မှတ်နိုင်ပေသည်။
ချိပ်စည်းကို ဖိအားပေး ချိုးဖျက်ခြင်းမှာ သူတို့အကြား၌ ထိုသို့ လုပ်ဆောင်အောင်မြင်နိုင်မည့် ကျင့်ကြံဆင့်မျိုး မရှိပေ။ ချိပ်စည်းကို အနှောက်အယှက်ဖြစ်စေသည်နှင့် အတွင်းရှိ ရွှေရောင်အလင်းတို့က စတင် လင်းလက်လာပြီး ထိုသို့ နှောက်ယှက်လာသူသည် ရွှေရောင်အလင်းများက အစိတ်စိတ် ဖျက်ဆီးပစ်လိုက်၍ ပျောက်ကွယ်သွားရပေလိမ့်မည်။
“ဒီရတနာတွေထဲမှာ အချို့ အားကောင်းတဲ့ အရာတွေရှိတယ်။ အဲဒါတွေက စိတ်ဝိညာဥ် ဖြစ်တည်နေပြီး ချိပ်ကို ဖွင့်ပေးလိုက်တာနဲ့ ပျံသန်းထွက်သွားလိမ့်မယ်။ လက်နက်ရဲ့ ချိပ်စည်းကို ဖွင့်လိုက်ရင်တောင် ရဖို့ မဖြစ်နိုင်ဘူး။” ရီဖူရှင်းက ရေရွတ်လိုက်ပြီး သောကျောက်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ ရီဖူရှင်း၏ မှန်းဆချက်က မှန်ကန်ပုံရသည်။
သောကျောက်က တည်ငြိမ်လေးနက်စွာ ပြောလိုက်၏။ “ပြီးတော့ ချိပ်ဖွင့်ဖို့ အတွက်အချက် မှားသွားရင်လည်း အကြီးအကျယ် ပျက်စီးသွားနိုင်တယ်။ မင်း အထဲက စွမ်းအားကို ရန်စမိသွားရင် ကြောက်စရာကောင်းတဲဲ့ အကျိုးဆက် ဖြစ်လာလိမ့်မယ်။ အခု ဒီထဲမှာ ရှိနေတဲ့လူတွေကိုပါ သက်ရောက်နိုင်တယ်။ မင်းမလာခင်တုန်းက ဒီမှာ လူအများကြီး သေသွားခဲ့တယ်။ အဲဒါကြောင့်ပဲ လူတိုင်းက သတိကြီးကြီးနဲ့ ဂရုတစိုက် လုပ်နေကြတာ။”
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ သူ ရောက်လာသည့်အချိန်၌ လူတိုင်းသည် အခြားသူများ လုယက်မည်ကို ကြောက်ရွံ့ခြင်း မရှိကြပေ။ ထို့သို့ လုပ်ရန် မည်မျှ ခက်ခဲကြောင်း သူတို့ သိရှိပြီးခဲ့သောကြောင့် ဖြစ်သည်။
ယခု သူတို့ မည်သူမှ အလျင်စလို လှုပ်ရှားရဲခြင်း မရှိကြပေ။
“ဒါဆို အခု ငါတို့ ဘယ်လို ချိုးဖျက်ကြမလဲ။” ရီဖူရှင်းက မေးလိုက်သည်။
“မင်းက ငါ့ကို မေးနေတာလား။” သောကျောက်က ရီဖူရှင်းကို တအံ့တသြ ကြည့်လိုက်သည်။ ဤလူက နတ်လှံကို အချိန်ခဏလေးအတွင်း ရယူနိုင်ခဲ့ပြီး သူက ချိပ်စည်း အခုနှစ်ဆယ်လောက်ကို အသာလေးချိုးဖျက်နိုင်သည်ဟု ယုံကြည်ထားရန် ထိုက်တန်သည်မလား။.
သူသည် တိုက်ပွဲနတ်ဘုရား၏ မျိုးဆက်ဖြစ်ပြီး ဤကြိုးစားအားထုတ်မှုက သူ၏ ဂုဏ်သိက္ခာအတွက် ဖြစ်သည်။ အကယ်၍ သူက ဤစမ်းသပ်မှု၌ ရတနာအနည်းငယ်မျှ ရမလာပါက အမှန်တကယ် ကြောက်စရာပင် မဟုတ်ပါလား။
“ကျုပ်က ခင်ဗျားကို စမ်းသပ်နေတာပါ။ မဟုတ်ရင် ကျုပ်က တခြားလူတွေနဲ့ မတူဘူးဆိုတာ ပြလို့ရမှာလဲ။” ရီဖူရှင်းက ပြန်ပြောလိုက်သည်။
“...” သောကျောက်သည် ရီဖူရှင်းသည် သူ တွေ့ဖူးသမျှတွင် အရှက်မရှိဆုံး ပါရမီရှင်ဟု ခံစားမိပေသည်။ သူသည် အကြွင်းမဲ့ အရှက်မဲ့ဆုံးသူတစ်ဦး ဖြစ်၏။
ယနေ့တွင် ရီဖူရှင်းက ချိပ်စည်းမည်မျှ များများ ချိုးဖျက်နိုင်မည်ကို သိလိုပေသည်။
ရီဖူရှင်း၏ မျက်လုံးများသည် နတ်ဝင်ရိုးကဲ့သို့ ဖြစ်လာပြီး စက်ဝန်း၏ အနားသားတို့က သူ့မျက်လုံးထဲ၌ ရောင်ပြန်ဟပ်နေသလို ထင်မှတ်ရသည်။ ချက်ချင်းပင် သူ၏ မျက်လုံးများသည် မဟာလမ်းစဥ်ကို ဖြတ်သန်းမြင်နိုင်စွမ်း ရှိလာသည်ဟု ထင်မှတ်ရပြီး ဖုံးကွယ်နိုင်သည့်အရာ မည်သည်မှ မရှိတော့သကဲ့သို့ပင် ဖြစ်သည်။
လမ်းစဥ်စွမ်းအားများ စီးဆင်းမှုက သူ၏ မျက်လုံးအတွင်း၌ နှေးကွေးသွားကာ သင်္ကေတ ပုံစံ မျဥ်းကြောင်းများက တဖြည်းဖြည်း ရှင်းလင်းလာသည်။ ထိုတိုက်ပွဲပုဆိန်ကို ချိပ်ပိတ်ထားသည့် စည်းတို့က သူ၏ မျက်လုံးအတွင်း တဖြည်းဖြည်းနှင့် ရွှေရောင်နတ်တံခါးနှင့် တူသည့် သဏ္ဌာန်တစ်ခု ဖြစ်လာသည်။
ချိပ်စည်းကို ဖွင့်ဖို့ရာ ဤရွှေရောင်နတ်တံခါးကို ဖွင့်ရန်မှာ အဓိက သော့ချက် ဖြစ်သည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေပြီး ရီဖူရှင်း၏ မျက်လုံးများက ထိုချိပ်ပေါ်တွင် စူးစိုက်နေခဲ့သည်။ သူ့ဘေးမှ လူအားလုံးက သူ့ကို ကြည့်နေခဲ့ကြပြီး သူ မည်သည်တို့ လုပ်နေသည်အား နားမလည်နိုင်ကြပေ။
မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်အား ခံစားမိလျှင် ရီဖူရှင်းက ရေရွတ်လိုက်၏။ “ငါ တစ်ခုခု မြင်နေရပြီ။”
“ဘယ်လောက်ကြာမှာလဲ” သောကျောက်က မေးလိုက်၏။
“ရလုနီးပါးပဲ” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။
သို့သော် တခဏကြာသည်ထိ ရီဖူရှင်းက ဆက်လက်စူးစိုက်ကြည့်နေခဲ့သည်။
“အဲဒီတော့” သောကျောက်က ထပ်မေးလိုက်သည်။
“သိပ်မခက်ပါဘူး။” ရီဖူရှင်း၏ အသံက ယုံကြည်ချက်အပြည့်ပင် ဖြစ်သည်။
“ဒါဆို ဖွင့်လေ” သောကျောက်က သူ့ကို ကြည့်လိုက်သည်။
ရီဖူရှင်းက သူ၏ အာရုံစူးစိုက်မှုကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့ မျက်ရိုးကို ဖိနှိပ်လိုက်သည်။ ထို့နောက် သူက သောကျောက်ကို အရူးသဖွယ် ကြည့်လိုက်၏။
“အဲဒါ အားလုံးက ရှေးဟောင်းအစွမ်းထက် အင်အားတွေနဲ့ ခင်းကျင်းထားတာ။ ကျုပ်တို့က နည်းနည်းလေးမှ ဂရုမထားဘဲ လုပ်လို့မရဘူး။ ကျုပ်တို့က သေသေချာချာ ဆန်းစစ်သင့်တယ်။ ကျုပ် ခဏလောက်ထပ်ပြီး စူးစမ်းလေ့လာကြည့်ဖို့ ခဏစောင့်ပေ။ အဲဒါမှ ကျုပ်ရဲ့ ခန့်မှန်းချက် မှန်မမှန်သိရမှာ။”
“ခင်ဗျား သိပြီလား” ရီဖူရှင်း၏ မျက်လုံးများထဲတွင် အထင်သေးမှုတို့ဖြင့် ပြည့်နေခဲ့သည်။
“...” သောကျောက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လုပ်သည်။ အခုနက ရီဖူရှင်းကိုယ်တိုင်ပင် မခက်ခဲသယောင် ပြောခဲ့သည် မဟုတ်လား။ ယခု မည်သည့်အတွက် လှုပ်ရှားရန် အကြောင်းပြချက်များ ပေးနေရသနည်း။
သူက ငတုံးတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။
သူက တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်လာသော်လည်း ရီဖူရှင်း၏ ဘေးမှ ယူချင်းကို မြင်လိုက်သည့်အခါ သူက အကောင်းဆုံးကို တွေးတောလိုက်သည်။
“တခြားချိပ်တွေကို အရင်ကြည့်ကြည့်မယ်” ရီဖူရှင်းက လှည့်ထွက်ကာ ဘေးသို့ လျှောက်သွားခဲ့ပြီး တသီးတခြား တည်ရှိနေပြီး မတူညီသော အနေအထား အမျိုးမျိုးဖြင့် လုပ်ဆောင်ထားသော ချိပ်စည်းများကို ကြည့်လိုက်သည်။
“...” သောကျောက်က ရီဖူရှင်းကို ကြည့်လိုက်သည်။ 'ဒါက အလျင်စလို ဆုံးဖြတ်ချက်ချတာလား။ မခက်ခဲဘူးလား။'
ချင်းဟယ်ပင် မရယ်မိရန် အတတ်နိုင်ဆုံး ကြိုးစားနေပုံရသည်။ ဆွဲဆောင်မှု ရှိသည့် အပြုံးတစ်ပွင့်က သူမ၏ လှပသော မျက်လုံးများထဲတွင် ဖြစ်ပေါ်နေသည်။ သူမသည် ယခင်က ရီဖူရှင်းကို ဤကဲ့သို့ ပုံစံမျိုး မမြင်ဖူးခဲ့ပေ။
သူက အချိန်ဆွဲနေခဲ့သည်လား။
သို့သော် ရီဖူရှင်းပင် မဖြေရှင်းနိုင်ဘဲ အလျင်စလို မလုပ်ရဲပါက ထိုချိပ်စည်းက မည်မျှ အားကောင်းသည်ကို ပြသနေသည်။
ရီဖူရှင်းအနီး အခြားအင်အားစုမှ လူများသည် သူတို့၏ အထင်သေးမှုကို မမြင်နိုင်ရန် ဖုံးကွယ်ထားသည်။ သူက မလုပ်နိုင်လျှင် ဝန်ခံသင့် ရသည်။ ဤလူက အမှန်တကယ်ပင် စစ်မှန်သလို လုပ်နေသည်။ သူ၏ အရှက်မဲ့မှုက ဒုတိယမရှိ ကမ်းကုန်အောင်ပင် ဖြစ်သည်။
သို့သော် ကျီဝေးဘုံ သောမျိုးနွယ်စုမှ သောကျောက်ပင် သူ့နောက်သို့ လိုက်ပါနေသည်။
တိုက်ပွဲပုဆိန် ဘေးတွင်လည်း တခြားနတ်လက်နက်တစ်ခု ရှိနေသည်။ ထိုသည်မှာ အမှောင်စွမ်းအားများ ထုတ်လွှတ်နေသည့် ဓားမြှောင်တစ်လက်ဖြစ်ကာ ၎င်းမှ ကြောက်မက်ဖွယ် အရှိန်အဝါတို့ စီးဆင်းနေကာ အန္တရာယ်အငွေ့အသက်ကို ပေးစွမ်းနေသည်။ သို့သော် တိုက်ပွဲပုဆိန်ကဲ့သို့ ယင်းကို စီးဆင်းနေသည့် လေဟာနယ်နတ်အလင်းများအတွင်း ချိပ်ပိတ်ထားပြီး ဓားမြှောင်ကို ထိုနေရာ၌ တည်ငြိမ်စွာ ရှိနေစေသည်။
“မင်း ကြည့်။ တခြားလူတွေလည်း အသုံးမဝင်ဘူး။ နတ်လက်နက်တစ်ခုစီကို မတူညီတဲ့ နည်းလမ်းနဲ့ ချိပ်ပိတ်ထားတာကြောင့် မတူညီတဲ့ နည်းလမ်းနဲ့ပဲ ဖြေရှင်းလို့ရမယ်။ မဟုတ်ရင် သူတို့အားလုံး ဖွင့်ပြီးတာ ကြာပြီပေါ့။ မင်းက တိုက်ပွဲပုဆိန်ကိုတောင် ချိပ်မဖွင့်ရသေးဘဲ အခု တခြားဟာကို လာကြည့်နေတယ်။ ငါတော့ မင်း ဘာမှ မလုပ်နိုင်မှာကို စိုးနေပြီ။” သောကျောက်က ရီဖူရှင်းကို ပြောလိုက်သည်။
“ဒါတွေကို မတူတဲ့ နည်းလမ်းနဲ့ ချိပ်ပိတ်ထားတယ်လို့ ခင်ဗျားကို ဘယ်သူပြောလဲ။” ရီဖူရှင်းက မေးလိုက်သည်။
ရီဖူရှင်း၏ မေးခွန်းကို ကြားသည့်အခါ သောကျောက်က ပြန်ဖြေလိုက်သည်။ “ဒါက လူတိုင်း သိကြတာပဲ။”
“အိုး” ရီဖူရှင်းက တုံ့ပြန်လိုက်ပြီး သူ၏ မျက်လုံးများက ဓားမြှောင်၏ ချိပ်စည်းပေါ်တွင် စူးစိုက် ကျရောက်နေသည်။
သောကျောက်သည် ရီဖူရှင်း၏ တုံ့ပြန်မှုကို ကြားသည့်အခါ ရိုက်သတ်ပစ်ချင်သည့်စိတ်က ပို၍ ကြီးထွားလာသည်။ 'သူက ဘာကိုဆိုလိုတာလဲ။'
ရီဖူရှင်းသည် သောကျောက်ပြောသည့် မတူညီခြင်းကို မြင်တွေ့ပေသည်။ လေဟာနယ်စွမ်းအင်လှိုင်းများက အမှန်ပင် မတူညီဘဲ ချိပ်စည်းပုံစံများကလည်း ကွဲပြားပေသည်။ သို့သော် ထိုသည်မှာ နည်းလမ်းမတူညီဟု ဆိုလိုခြင်း မဟုတ်ပေ။
နှိုင်းယှဥ်ရလျှင် သူသည် ထိုချိပ်စည်းနှစ်ခု၌ တူညီသည့် တစ်စုံတစ်ရာ ရှိနေသည်ကို မြင်တွေ့ခဲ့ရ၏။ ရွှေရောင်အလင်း စီးဆင်းမှုက နှေးကွေးသွားပြီး သူ၏ အမြင်အာရုံက ရှင်းလင်းနေကာ တံခါးချပ်ကို မြင်လာရသည်။
ထိုသည်မှာ တူညီသည့် စွမ်းရည်ဖြစ်ကာ စီစဥ်သည့် အချိန်ကာလသာ ကွာခြားချက်ရှိပေသည်။ ဖြစ်နိုင်သည်မှာ အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတစ်ဦးက နတ်လက်နက်များကို ဤနေရာ၌ စည်းချထားခဲ့သည့်အတွက် တူညီသည့် ချိပ်ပိတ်စွမ်းရည် ရှိနေပြီး အချိန်ကွာခြားချက်ကြောင့်သာ အသေးစိတ်အချက်များ အနည်းငယ် ကွဲပြားနေခြင်း ဖြစ်ပေမည်။
သူ သံသယဝင်သည့်အတိုင်း ဖြစ်လျှင် ဤနေရာသည် ထိုအထွတ်အထိပ် ပုဂ္ဂိုလ်ကြီး၏ လက်နက်တိုက် ဖြစ်ပေလိမ့်မည်။ သူသာ ထိုအထွတ်အထိပ် ပုဂ္ဂိုလ်ကြီး ဖြစ်ပါက အမှန်တကယ်ပင် လက်နက်တစ်ခုချင်းစီကို မတူညီသည့် နည်းလမ်းအသုံးပြု၍ ချိပ်ပိတ်ထားလိမ့်မည်လား။
မလုပ်ပေ။
သူက အမှန်တကယ် အစွမ်းထက်လျှင် နတ်လက်နက်များကို သိမ်းဆည်းရန် အတွက်နှင့် ချိပ်ပိတ်ခြင်းအား မည်သည့်အတွက် ထိုမျှ အလုပ်ရှုပ်ခံနေတော့မည်နည်း။
တစ်ခါတစ်ရံ၌ ကိစ္စများသည် သူတို့ ဘိုးဘေးများ၏ ဉာဏ်ရည်ကို အလွန်အကျူး ချဲ့ထွင်တွေးသောကြောင့် ပို၍ ရှုပ်ထွေးသွားတတ်ပေသည်။
သို့သော် ပြောင်းပြန်ပြောရလျှင် မတူညီသည့် ရှုထောင့်များမှ ယခုပင် ဖွင့်နိုင်ပြီ ဖြစ်သည်။
မကြာခင်မှာပင် ရီဖူရှင်းသည် တတိယနတ်လက်နက်ရှေ့သို့ လျှောက်သွားပြီး သောကျောက်၏ သိလိုစိတ်ကို ဆွပေးရင်း လေ့လာဆန်းစစ်မှုကို ဆက်လုပ်နေခဲ့သည်။ 'ဒီအကောင်က တကယ်ပဲ ဘာတွေ လုပ်နေတာလဲ။'
ချင်းဟယ်နှင့် အခြားသူများသည်လည်း ပဟေဠိဖြစ်နေပေမယ့် သူတို့က ရီဖူရှင်းကို ယုံကြည်ကြသည်။ သူက တစ်ခါတစ်ရံ၌ မယုံကြည်ရဟု ထင်မှတ်စေသော်လည်း သူတို့ကို မကြာခဏ အံ့အားသင့်စေခဲ့သည်။
ခဏအကြာတွင် ရီဖူရှင်းသည် အတွင်းသို့ လျှောက်သွားခဲ့ပြီး အားလုံးသော နတ်လက်နက်များကို တဖြည်းဖြည်းချင်း ဖြတ်ကျော် လေ့လာသွားပေသည်။ အခြားသူများသည် ချိပ်စည်းကို ဖွင့်ရန် စတင် ကြိုးစားနေကြပြီးဖြစ်သည်။
“မင်း မလုပ်နိုင်ရင်လည်း လက်လျှော့လိုက်ပါ။ ငါ ဖိအား မပေးပါဘူး။” နောက်ဆုံး သောကျောက်က ပြောလာသည်။
“ငါ စပြီး လှုပ်ရှားလိုက်တာနဲ့ မင်းရဲ့ နှလုံးသားလေး ခံနိုင်ရည်ကင်းမဲ့သွားမှာ ငါ စိုးရိမ်နေတယ်။” ရီဖူရှင်းက ပမာမထားစွာ ပြောလိုပ်သည်။
“ဟဟ” သောကျောက်က မည်သည့် စကားမှ မပြောတော့ဘဲ ရီဖူရှင်း လုပ်သမျှကိုသာ တိတ်တဆိတ် ကြည့်နေတော့သည်။ ရီဖူရှင်းက ဤနည်းလမ်းအတိုင်း မည်မျှကြာကြာ ဟန်ဆောင်နိုင်မည်နည်း။
ထိုအချိန်တွင် အားကောင်းသည့် အလင်းတန်းထွက်ပေါ်လာခဲ့ပြီး သိုးင်နတ်ဘုရားကလန်မှ ချိပ်စည်းကို ဖွင့်လှစ်လိုက်နိုင်သော်လည်း သူက တန်ရာတန်ကြေး ပေးဆပ်ခဲ့ရသည်။ နတ်အလင်းက လင်းလက်သွားပြီး နတ်လက်နက်သည် တစ်ဟုန်ထိုး ပြေးထွက်သွားသော်လည်း သိုင်းနတ်ဘုရားကလန်မှ တန်ခိုးရှင်များက အဝေးသို့ လွယ်ကူစွာ ထွက်သွားခွင့်ပြုလိမ့်မည် မဟုတ်ပေ။
ယခု လူအများသည် ရွှေရောင်ခန်းမ အပြင်သို့ ရောက်ရှိသွားကြပြီ ဖြစ်၏။
“ဒီဟာကို လိုချင်တဲ့ ဘယ်သူမဆို ထိရဲရင် ခြွင်းချက်မရှိ အသတ်ခံရမယ်။” သိုင်းနတ်ဘုရားကလန်မှတန်ခိုးရှင်၏ လွှမ်းမိုးသော အသံက ထွက်ပေါ်လာသည်။
အချို့သော တန်ခိုးရှင်များက ဆက်လက်၍ ပြေးလိုက်သွားကြသော်လည်း မည်သူကမှ နတ်လက်နက်ကို ကြားဖြတ်မလုရဲကြပေ။ ထိုနတ်လက်နကသ်ည် ကောင်းကင်နှင်တံဖြစ်ပေသည်။ ၎င်းတွင် ရက်စက်ပြင်းထန်သည့် စွမ်းအင် အပြည့်အဝပင် ဖြစ်လေသည်။ သိုင်းနတ်ဘုရားကလန်မှ တန်ခိုးရှင်တစ်ဦးက ထိုအရာကို ရယူရန် ကြိုးစားသည့်အခါ နှင်တံ၏ ကြောက်မက်ဖွယ် နတ်အလင်းတို့က သူ့ ခန္ဓာကိုယ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်လာကာ သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ တုန်ခါသွားစေသည်။
ဘန်း...
သူ၏ ခန္ဓာကိုယ်က နောက်သို့ ကန်ထွက်သွားကာ ကောင်းကင်နှင်တံက သူ့လက်ထဲမှ ပြေးထွက်သွားလေသည်။ အားလုံးသော တန်ခိုးရှင်များက တစ်ချိန်တည်းတွင် လေထဲသို့ တက်လာကြပြီး ထိုရတနာကို လွတ်မြောက်သွားစေရန် ဆန္ဒမရှိကြပေ။
ရီဖူရှင်းသည် ရွှေရောင်ခန်းမအတွင်း၌ပင် ရှိနေပြီး သိုင်းနတ်ဘုရားကလန်မှ တန်ခိုးရှင်များပင် ချိပ်စည်းကို ဖွင့်လှစ်ရမည့် စွမ်းရည်ကို ရှာဖွေတွေ့ရှိသွားဟန် တူသည်။ ချိပ်စည်းပွင့်သွားသည်နှင့် နတ်လက်နက်က ပျံသန်းထွက်လာခဲ့သည်။ သို့သော် ဤနည်းလမ်းက အလွန် အန္တရာယ်များလှပြီး ဝင်္ကပါ၏ တန်ပြန်သက်ရောက်မှု ရှိနိုင်သည့်အတွက် ထိုသို့ ကြိုးစားသူမှာ သေဆုံးခြင်းနှင့် အဆုံးသတ်သွားနိုင်ပေသည်။
ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များသည်လည်း တူညီသည့်နည်းလမ်းကိုပင် အသုံးပြုကြ၏။ သို့သော် သူတို့သည် အလွန် ဂရုတစိုက် လုပ်ဆောင်ကြလျှင်ပင် အမှားများ လုပ်မိဆဲ ဖြစ်ကာ ဦးဆောင်သည့် လူတစ်ယောက်ကို နတ်အလင်းက တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်လေသည်။
“ရလုနီးပါးပဲ။” ရီဖူရှင်းက ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးများက ကောင်းကင်အာဏာစက်ပြည်ထောင်မှ လူများစုဝေးနေရာသို့ ကြည့်လိုက်ပြီး သူ၏ မျက်လုံးတို့မှ နတ်အလင်းကဲ့သို့ အလွန် တောက်ပသည့်အလင်းတို့ ထွက်ပေါ်လာသည်။ ခဏချင်းပင် အလင်းတစ်ခုက ချိပ်စည်းဝင်္ကပါသို့ တိုက်ရိုက်ကျူးကျော် ဝင်ရောက်သွားခဲ့သည်။
နောက်တခဏတွင် အားကောင်းသည့် ရွှေရောင်အလင်းများ စီးဆင်းလာပြီး ရုတ်တရက် တောက်ပသည့် နတ်အလင်းတစ်ခုက ပေါက်ကွဲထွက်လာသည်။ ချိပ်စည်းကျိုးပျက်သွားသည်နှင့် နတ်လက်နက်က တစ်ဟုန်ထိုး ပြေးထွက်လာ၏။ နတ်လက်နက်တွင် တောက်ပသည့် အလင်းတို့က ရွှေရောင်ခန်းမအတွင်း ပေါက်ကွဲထွက်လာသည်။
“ကျိုးပျက်သွားပြီ” ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်များက ရုတ်တရက် တုန်လှုပ်သွားပြီး ချက်ချင်းပင် နတ်လက်နက်နောက်သို့ လိုက်ဖမ်းကြတော့သည်။
အချို့သော လူများသည် ထိုနည်းလမ်းကို ကြည့်လိုက်ပြီး သူတို့၏ စိတ်ထဲတွင် တုန်လှုပ်နေသည်။ အပြင်ဘက်မှ လူများသည် နတ်လက်နက်များ ထွက်ပေါ်လာသည်ကို မြင်သည့်အခါ လောဘတကြီး လိုက်ကြတော့သည်။
'စောင့်နေတုန်းလား' ရီဖူရှင်းသည် သူ၏ နှလုံးသားထဲတွင် တိတ်တဆိတ် မှတ်ချက်ပေးလိုက်ပြီး ကောင်းကင်အာဏာစက် ပြည်ထောင်မှ လူများစုစည်းနေသည့် နေရာတွင် နောက်ထပ် ချိပ်စည်းတစ်ခု ပွင့်သွားသည်ကို တွေ့မြင်လိုက်ရသည်။ အခြားသော နတ်လက်နက်တစ်ခုက လေထုကို ဖြတ်ကာ ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။
“နောက်တစ်ခုလား”
လူတိုင်း၏ နှလုံးသားများက တုန်ယင်နေသည်။ သူတို့သည် ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်များကို စောင့်ကြည့်နေပြီး နတ်လက်နက်များထံ တစ်ဟုန်ထိုး ပြေးဝင်သွားကာ သူတို့၏ နှလုံးသားထဲမှ တုန်လှုပ်မှု ထိန်းမနိုင်သိမ်းမရ ဖြစ်လာပြီး အချို့သော တန်ခိုးရှင်များလည်း အတူတူပင် ဖြစ်သည်။
ကောင်းကင်အာဏာစက်ပြည်ထောင်သည် ဤတစ်ကြိမ်၌ ကြီးမားသည့်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့ပြီး ခန်းမအတွင်း၌ အဖွဲ့များ တကွဲတပြားဖြစ်နေခဲ့သည်။ သူတို့သည် နတ်လက်နက်တစ်ခု၏ ရှေ့တွင်မှ ရှိမနေသော်လည်း မတူညီသည့် နေရာ
များ၌ တူညီစွာ ဖြစ်ပျက်လာခဲ့သည်။
နတ်လက်နက်နှစ်ခုက သူတို့၏ လက်ထဲသို့ အသာတကြည် ဆင်းသက်လာသည်ကို မြင်သည့်အခါ သူတို့၏ မျက်နှာထက်တွင် ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာသည်။ အပြင်သို့ မော့ကြည့်နေသည့် ကောင်းကင်အာဏာစက် ပြည်ထောင်မှ တန်ခိုးရှင်တစ်ယောက်၏ ရှေ့မှ ချိပ်စည်းက ရုတ်တရက် လင်းလက်လာကာ နောက်ထပ် လက်နက်တစ်ခု ထွက်ပေါ်လာလေသည်။
“ဘယ်လိုကြီးလဲဟ...” ကောင်းကင်အာဏာစက်ပြည်ထောင်မှ တန်ခိုးရှင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။ ဤကဲ့သို့ အံ့အားသင့်ဖွယ်ရာကို အနည်းငယ်မျှပင် မျှော်လင့်မထားခဲ့ပေ။
သို့သော် မည်သို့ပင်ဖြစ်စေ နတ်လက်နက်များက ထိပ်တန်းအဆင့်ပင် ဖြစ်သည်။
“အဲဒါတွေကို ဖမ်းစမ်း” အပြင်ဘက်မှ ထိပ်သီးတန်ခိုးရှင်များသည် နတ်လက်နက်သုံးခုကို တစ်ခါတည်း ထွက်ပေါ်လာသည်ကို မြင်သည့်အခါ သည်းခံနိုင်ခြင်း မရှိတော့ပေ။ ကောင်းကင်အာဏာစက် ပြည်ထောင်က ချိပ်စည်းများ ချိုးဖျက်ရန် နည်းလမ်းကို တွေ့ရှိသွားပြီလား သိချင်နေကြသည်။
***