← Chapters

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်အတွက် အားစိုက်ထုတ်ခြင်း

Vol. 17 Ch. 246

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်အတွက် အားစိုက်ထုတ်ခြင်း

Vol. 17 Ch. 246

အခန်း (၂၄၆) : ကောင်းကင်မိုးကြိုး စမ်းသပ်ချက်အတွက် အားစိုက်ထုတ်ခြင်း

အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံက ကမ္ဘာငယ်ထဲတွင် ဆင်းသက်သွားသည်။ တပည့်များကလည်း တစ်ယောက်ချင်းစီ ယာဉ်ပျံပေါ်မှ ဆင်းလာကြသည်။

အံ့ဖွယ်မိုးကောင်းကင် ယာဉ်ပျံကို စောင့်ကြည့်ဖို့ တာဝန်ကျသော တပည့်များက အထဲတွင် လက်ကျန် ဝိညာဉ်ကျောက်တုံးများကို စစ်ဆေးပြီးနောက်မှ တံခါးကို ပိတ်လိုက်သည်။

ကမ္ဘာဦးတိုက်ပွဲနယ်မြေစစ်ဆေးမှုက တရားဝင် အဆုံးသတ်သွားပြီဖြစ်သည်။

အံ့ဖွယ်မိုးကောင်းကင်တပည့် တစ်ရာကျော်က စိတ်လှုပ်ရှားစရာကောင်းပြီး အန္တရာယ်များသော စွန့်စားခရီးကို သွားခဲ့ရသည့်အတွက် အကုန်လုံး ပင်ပန်းနေကြသည်။ သို့သော် ဘယ်သူမှ အခန်းပြန်ပြီး မနားကြပေ။

ကမ္ဘာငယ်လေးအပြင်ဘက်တွင် စိတ်လှုပ်ရှားဖွယ် ကောင်းသောအရာတစ်ခု  ရှိနေသောကြောင့် ဖြစ်သည်။ ကမ္ဘာငယ်လေးနှင့် မိုင်တစ်ရာအကွာတွင် ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်များ စုဝေးလာနေပြီး သန့်စင်အားကောင်းသော မိုးကြိုးများကို ထုတ်လွှတ်နေသည်။

ဤသည်မှာ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် ဖြစ်သည်။ ဝိညာဉ်အသွင်ပြောင်းအဆင့်တွင် ရှိနေသော ကောင်းကင်အသျှင် တစ်ယောက်က သူတော်စင်အရှင် ဖြစ်ချင်လျှင် ထို မိုးကြိုး စမ်းသပ်ချက်ကို ရင်ဆိုင်ရမည်။

ဆိုလိုသည်မှာ စွမ်းအားကြီးသော ကောင်းကင်အသျှင်က ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ခံယူဖို့အတွက် ပြင်ဆင်နေပေသည်။ ရှန်ထျန်းက ရွှေတောင်ပံကို ဖြန့်ကာ ရွှေပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး ကမ္ဘာငယ်လေး အပြင်ဘက်သို့ ပျံသန်းထွက်သွားသည်။

သူ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်တိမ်တိုက်များ အနီး ရောက်သွားသည့်အခါ ကောင်းကင်အသျှင်၏ မျက်နှာကို မြင်လိုက်ရသည်။

ငွေရောင်ပိတ်ကျဲစ ဝတ်ရုံရှည် ဝတ်ဆင်ထားသော ချစ်စရာကောင်းပြီး ကျက်သရေရှိသည့် အမျိုးသမီးလေးက လေထဲတွင် မတ်တပ်ရပ်နေပြီး ဝိညာဉ်ချီက သူမ၏ ခြေထောက်အောက်တွင် ဆန်းကြယ်သော မြူခိုးကဲ့သို့ လည်ပတ်နေသည်။

ဆန်းကြယ်သောမြူခိုးများ ဖုံးအုပ်နေသည့် ထိုအမျိုးသမီးလေး၏ ခန္ဓာကိုယ်က ပိုပြီးတော့ ဆွဲဆောင်မှု ရှိနေသည်။ သူမတွင် ပြိုင်ဘက်ကင်း အလှရှိသည်ဟု ဆိုနိုင်သည်။ သူမ၏ အပြုံးနှင့် လှုပ်ရှားမှုတိုင်း လွန်ကဲသော ဆွဲဆောင်မှုတို့ဖြင့် ပြည့်နှက်နေပြီး နဂါးနက်တစ်ကောင်နှင့်ပင် နှိုင်းယှဉ်လို့ ရနိုင်သည်။

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ခံယူဖို့ ပြင်နေတာက ချင်ယွင်တိရဲ့ ဆွဲဆောင်မှု ရှိလွန်းတဲ့ အမေ ရွှေကြာ ကောင်းကင်အသျှင်ပဲ

“ အမေက မိုးကြိုးစမ်းသပ်ချက်ကို ဖြတ်ကျော်ပြီးတော့ သူတော်စင်အရှင် ဖြစ်လာတော့မယ်” ချင်ယွင်တိကို ကြည့်ရတာ အရမ်းစိုးရိမ်နေပုံပေါ်သည်။

“ ဆိုးဆိုးရွားရွား ဘာမှမဖြစ်ဖို့ မျှော်လင့်ပါတယ်”

သူတော်စင်အရှင် တစ်ယောက်ဖြစ်ဖို့ ခက်ခဲသည်ဆိုတာကို အားလုံးသိကြသည်။

သူတော်စင်အရှင် တစ်ယောက်ဖြစ်လာဖို့အတွက် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ခံယူပြီး ကောင်းကင်၏ အသိအမှတ်ပြုမှုကို ရယူရမည် ဖြစ်၏။

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်များက အရမ်းခက်ခဲလှသည်။ ဝိညာဉ်အသွင်ပြောင်းအဆင့်တွင် ရှိနေသော ၁၀ ရာခိုင်နှုန်းထက် နည်းသည့် ကောင်းကင်အသျှင်များသာ အောင်အောင်မြင်မြင်ဖြင့် သူတော်စင်အရှင်များ ဖြစ်လာနိုင်ကြသည်။

ချင်ယွင်တိက သူ့အမေကို ကံဆိုးတာမျိုး မဖြစ်စေချင်ပေ။ သို့သော် ရှန်ထျန်းက ပြုံးကာ ပြောလိုက်သည်

“ မစိုးရိမ်ပါနဲ့။ ဆရာဒေါ်လေးရွှေကြာ ဘာမှ ထိခိုက်မှာ မဟုတ်ပါဘူး”

ရွှေကြာကောင်းကင်အသျှင်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ရှန်ထျန်း သေချာမသိသော်လည်း သူ့ဘေးမှာ ယဲ့ချန်းခန် ရှိသည်။

ကောင်းကင်အသျှင်က သူတော်စင်အဆင့်သို့ ရောက်ရှိရန် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မလားဆိုတာက ယဲ့ချန်းခန်အနေဖြင့် အကဲခတ်ရန် လွယ်ကူသည်။

ထို့ကြောင့် မိုးကြိုးစမ်းသပ်ချက်တွင် ဘာပြဿနာမှ မရှိကြောင်း ယဲ့ချန်းခန်က ကြိုတင်ပြောပြထားသည်။

ရှန်ထျန်းကို သိချင်စိတ် ပိုများသွားစေသည်က ရွှေကြာ ကောင်းကင်အသျှင်၏ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်များဘေးတွင် တင်ပျဉ်ခွေထိုင်နေကြသော အံ့ဖွယ်မိုးကောင်းကင် တပည့်သုံးယောက်ကြောင့် ဖြစ်သည်။

သူတို့ထဲမှ တစ်ယောက်က အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ထူးခြားသော တရုတ်ဗျတ်စောင်းကို သယ်ဆောင်ထားပြီး အရမ်းဖော်ရွေပုံပေါ်သည်။

နောက်ထပ် တစ်ယောက်က ရွှေနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ မီးနဂါးလှံတံကို ဒူးပေါ်တွင် ကန့်လန့်တင်ထားသည်။ သူ့နောက်တွင် နတ်သားရဲမျိုးစုံ ပါဝင်သော ပုံရိပ်သဏ္ဌာန်တစ်ခု ရှိနေသည်။

သူတို့နှစ်ယောက်က အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ အစ်ကိုကြီး ဖန်ချန်းနဲ့ ဒုတိယအစ်ကို ကျန်းယွင်ထင်ပဲ

တတိယမြောက်လူက အံ့ဖွယ်မိုးကောင်းကင်အထွတ်အမြတ်မြေရဲ့ သူတော်စင်မ ဖြစ်တဲ့ ကျန်းယွင်ရှီး

သူတို့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်များအနားတွင် ရှိနေရသော အကြောင်းအရင်းက ရိုးရှင်းလှသည်။ သူတို့က မိုးကြိုးစမ်းသပ်ချက်ကို အသုံးချကာ ဆန်းကြယ်ပညာရပ် ဖြစ်သည့် ကပ်ဘေးတစ်ဖန်ကို ကျင့်ကြံဖို့ ပြင်ဆင်နေကြသည်။

ထိုအရာက အံ့ဖွယ်မိုးကောင်းကင် မိုးကြိုးတော်ဝင်ကျမ်း၏ အဆုံးသတ် တားမြစ်အခန်းဖြစ်ပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ အလျှို့ဝှက်ဆုံးသော ပညာရပ်တစ်ခုလည်း ဖြစ်သည်။

အထွတ်အမြတ်မြေရှိ အကြီးအကဲများက ထိုအကြောင်းကို အကြိမ်များစွာ ဆွေးနွေးပြီးနောက် ဖန်ချန်းတို့ကို လျှို့ဝှက်ပညာရပ်ကို ကျင့်ကြံဖို့အတွက် တစ်ခါ ခြွင်းချက်ဖြင့် ခွင့်ပြုပေးလိုက်သည်။

ထို့ကြောင့် ဒီနေ့ ရွှေကြာ ကောင်းကင်အသျှင် တစ်ယောက်တည်း မဟုတ်ပေ။ ဖန်ချန်းတို့ကလည်း လေးနက်စွာ ပြင်ဆင်ထားကြသည်။

ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကို ခံယူပြီး သူတော်စင်အဆင့်သို့ ရောက်အောင် လုပ်သည့်ကိစ္စက အရှေ့ပိုင်းလွင်ပြင်တွင် အဖြစ်များသော ကိစ္စ မဟုတ်ပေ။

အရှေ့ပိုင်းလွင်ပြင်တစ်ခွင်လုံးတွင် သူတော်စင်အရှင် အရေအတွက်က လက်ချိုးရေတွက်လို့ ရနိုင်သည်။ သူတော်စင်အရှင် တစ်ယောက် ဖြစ်လာဖို့ကလည်း ခက်ခဲလှသည်။

“ ညီလေးတို့ နောက်ဆုံးတော့ ပြန်လာပြီပေါ့”

ကျန်းယွင်ရှီးက တင်ပျဉ်ခွေထိုင်ရင်း ကျန်းယွင်ထင်ထက် ပိုပြီး စွမ်းအားကြီးသော ပြိုင်ဘက်ကင်း အရှိန်အဝါကို ထုတ်လွှတ်နေသည်။ သို့သော် သူမက  ရှန်ထျန်းကို မြင်သည်နှင့် တစ်ပြိုင်နက် အရှိန်အဝါ တစ်ဝက်ကို ချက်ချင်း ပြန်လည် ရုတ်သိမ်းလိုက်သည်။ သူမက အရမ်းစွမ်းအားကြီးသော်လည်း ထောက်ထားညှာတာတတ်သော စိတ်ရှိသည်။ ရှန်ထျန်းက ရွှေရောင်တောင်ပံကို ခတ်ရင်း ပြုံးကာ ကျန်းယွင်ရှီးတို့အရှေ့ ဆင်းသက်လိုက်သည်။

ဖန်ချန်း၏ ဒဏ်ရာများကိုလည်း ကုစားပြီးပြီ ဖြစ်သည်။ နိဗာနတော်ဝင်ရေစင်ကြောင့် သူ့စွမ်းအားလည်း တိုးတက်လာသည်။

၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် အရှေ့ပိုင်းလွင်ပြင်ရှိ စွမ်းအားအကြီးဆုံး ပါရမီရှင်ငယ်များထဲမှ တစ်ယောက်ဖြစ်လာပြီး သူ့ကို ယှဉ်နိုင်သောသူ သိပ်မရှိတော့ပေ။

“ ဂိုဏ်းတူ ညီလေး ပြန်လာပြီပေါ့”

ဖန်ချန်းက ပြုံးကာ မျက်တောင်ကို ပိတ်လိုက်ဖွင့်လိုက် လုပ်ရင်း ပြောလိုက်သည်

“ ညီမလေး ယွင်ရှီးက မင်းကို လွန်ခဲ့တဲ့တစ်လလောက်ကတည်းက အရမ်းလွမ်းနေတာ”

သူစကားပြောလိုက်စဉ်  ဘေးမှ ရွှေရောင်မိုးကြိုးဖြင့် ပစ်လိုက်သည့်အတွက် ဆံပင်များ ထောင်သွားသည်။

“ အစ်ကို ပြောတာမှားလို့လား ညီမလေး။ အစ်ကိုက ညီမလေးအစား ပြောပေးနေတာကို မိုးကြိုးနဲ့ ပစ်ချရလား”

ဖန်ချန်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အစက်အပြောက်များ ကျန်ခဲ့ပြီး ပါးစပ်ထဲမှ မီးခိုးငွေ့တွေ ထွက်လာသည်။

ယခင် သူ ကျန်းယွင်ရှီးကို အကြာကြီး ချစ်ရေးဆိုခဲ့စဉ်က သူမက သူ့ကို နှစ်ခါတောင် ပြန်မကြည့်ခဲ့ပေ။

ယနေ့တော့ သူက သူမ၏ ပြင်းထန်သော တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။

ဒီဓာတ်နှောနတ်မိုးကြိုးက တကယ်ကို အားပြင်းတာပဲ

ကျန်းယွင်ရှီးက ရှန်ထျန်းကို ပြုံးပြကာ ပြောလိုက်သည်

“ မောင်လေး … တိုက်ပွဲနယ်မြေ စစ်ဆေးမှုကနေ ရလာတာတွေ တကယ်ကို များမှာပဲ။ အစ်မ ထင်တာသာ မမှားရင် မင်းရဲ့ ကျောကုန်းပေါ်က တောင်ပံတွေက ထာဝရသတ္တုစာရင်းမှာ အဆင့်၈ ချိတ်တဲ့ ငှက်မွေးထာဝရသတ္တုပဲ ဖြစ်လိမ့်မယ်”

ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်

“ ဟုတ်တယ် … ကျွန်တော် ကံကောင်းလို့ တိုက်ပွဲနယ်မြေကနေ ဒီပစ္စည်းလေးတွေ ရလာတယ်။ ဒါပေမဲ့ ပြောပလောက်စရာ မရှိပါဘူး”

ကျန်းယွင်ထင်က စိတ်မရှည်သည့်ပုံစံဖြင့် ကြည့်လိုက်သည်။

ဒီညီလေးကတော့ ဒေါသထွက်စရာကောင်းအောင် ပြောနေတာပဲ

ထာဝရသတ္တုစာရင်းမှာ အဆင့်၈ ချိတ်တဲ့ ငှက်မွေးထာဝရသတ္တုကမှ မပြောပလောက်ရင် ဘယ်ဟာက ပြောပလောက်မှာလဲ

သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တောင် ထိပ်ဆုံးစာရင်း ၁၀ ခုထဲမှာရှိတဲ့ ဘယ်ထူးခြားအံ့ဖွယ် ပစ္စည်းကိုမဆို အရမ်းတန်ဖိုးရှိတဲ့ ရတနာအဖြစ် သတ်မှတ်နိုင်တယ်ကွ

ကျန်းယွင်ထင်က မခံမရပ်နိုင်ဖြင့် ပြောလိုက်သည်

“ ညီလေး ဆရာဒေါ်လေးရွှေကြာက သူတော်စင်အရှင်တစ်ယောက် ဖြစ်လာဖို့အတွက် အတိဒုက္ခလွန် စမ်းသပ်ချက်ကို ခံယူတော့မှာ။ အဲဒါ ငါတို့အတွက် ကပ်ဘေးတစ်ဖန် ပညာရပ်ကို ကျင့်ကြံဖို့အတွက် အကောင်းဆုံး အခွင့်အရေးပဲ။ မင်းလည်း ဓာတ်နှောနတ်မိုးကြိုးကို ပိုင်ဆိုင်ထားမှတော့ နေရာကောင်းရှာပြီးတော့ ကျင့်ကြံဖို့ ပြင်ဆင်သင့်တယ်”

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ အရည်အချင်းအရှိဆုံး ပါရမီရှင်များထဲတွင် ကျန်းယွင်ထင်ကို ထိပ်သီးပါရမီရှင်အဖြစ် အသိအမှတ်ပြုထားကြသည်။ ထိုအရာက သူ၏ ပထမ မိုးကြိုးဝိညာဉ်ဖွဲ့စည်းပုံကြောင့် မဟုတ်ပဲ ရင့်ကျက်မှုနှင့် လေးနက်မှုတို့ကြောင့် ဖြစ်၏။ သူက ပြဿနာများကို တည်ငြိမ်စွာ ဖြေရှင်းတတ်သည့်အတွက် ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ဖို့ အလားအလာရှိသည်ဟုလည်း ပြောကြသည်။

အံ့ဖွယ်မိုးကောင်းကင်အထွတ်အမြတ်မြေမှ အကြီးအကဲအများစုလည်း ထိုအရာကို အသိအမှတ် ပြုထားကြသည်။

ကံကြမ္မာသားတော် ရှန်ထျန်းသာ ရောက်မလာခဲ့ပါက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်လောင်းက ဖန်ချန်းမဟုတ်ဘဲ ကျန်းယွင်ထင် ဖြစ်မှာ သေချာသည်။

ဖန်ချန်းသာ ဂိုဏ်းချုပ် ဖြစ်သွားပါက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက ပရမ်းပတာ ဖြစ်သွားနိုင်သည်။

“ အစ်ကိုယွင်ထင်ရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်”

ရှန်ထျန်းက ပြုံးကာ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်တိမ်တိုက်များ၏ အပြင်ဘက်တွင် ထိုင်လိုက်သည်။ လုံယွမ်နတ်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီးနောက် တင်ပျဉ်ခွေကာ ထိုင်လိုက်သည်။

ကျန်းယွင်ရှီး၏ အကြည့်တို့ တောက်ပသွားကာ ရှန်ထျန်းနှင့် နီးသောနေရာသို့ ပြောင်းရွှေ့လိုက်သည်။

ကပ်ဘေးတစ်ဖန် ပညာရပ်ကို လေ့ကျင့်ဖို့ အကောင်းဆုံးနေရာက ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်တွေရဲ့ အပြင်ဘက်မှာပဲ

အဲဒီနေရာမှာက စွမ်းအားအကြွင်းအကျန်လေးပဲ ရှိတော့ မိုးကြိုးစမ်းသပ်ချက်က အားမပြင်းဘူး။ ဒါဆိုရင် ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကလည်း တကယ် စမ်းသပ်ခံတဲ့သူကို နှောင့်ယှက်နေတယ်လို့ တွေးမှာ မဟုတ်တော့ဘူး

ကောင်းကင်မိုးကြိုး စမ်းသပ်ချက် တိမ်တိုက်ရဲ့ အလယ်ကို ဝင်သွားရင် စွမ်းအားပြင်းတဲ့ မိုးကြိုးပစ်တာ ခံနေရဦးမယ်။ ကောင်းကင်မိုးကြိုး စမ်းသပ်ချက် မင်း ရှိတဲ့နေရာကို ဘောင်ခတ်ပစ်လိုက်ရင် လွတ်မြောက်ဖို့အတွက် နည်းလမ်းမရှိသလောက်ပဲ

ရှန်ထျန်း၊ ကျန်းယွင်ရှီး၊ ဖန်ချန်းနှင့် ကျန်းယွင်ထင်တို့ နေရာယူပြီးနောက် ရွှေကြာကောင်းကင်အသျှင်၏ ခေါင်းပေါ်ရှိ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်တိမ်တိုက်များလည်း ပိုမိုသိပ်သည်းလာသည်။

တိမ်တိုက်များ အလိပ်လိပ် ထလာသည့်အတွက် စမ်းသပ်ချက် စတင်ပြီဟု ဆိုနိုင်သည်။

All Chapters