ပြင်ပအကူအညီများ အားလုံး ကျဆုံးခြင်း
Vol. 7 Ch. 95
တိမ်တိုက်အိမ်ရာတွင်...
ဧည့်ခန်းထဲတွင် ကိုယ်ရံတော်အချို့ တံခါးဝတွင် မတ်မတ်ရပ်ကာ တည်ကြည်လေးနက်စွာ အစောင့်အကြပ် လုပ်နေကြသည်။ အနက်ရောင်ဝတ်စုံနှင့် လက်ထောက်တစ်ဦးက ပေယွီထန်၏ ခရီးဆောင်အိတ်များကို စစ်ဆေးနေသည်။
ပြင်သစ်ပြတင်းပေါက်များအပြင်ဘက်တွင် ညသည် တိမ်ထူပြီး မှောင်မိုက်နေ၏။ ပေယွီချန်သည် သက်တောင့်သက်သာရှိသော အိမ်နေရင်းဝတ်စုံကို ဝတ်ဆင်ကာ ဆိုဖာပေါ်တွင် ထိုင်နေသည်။ သူ၏လက်ချောင်းများကြားတွင် စီးကရက်တစ်လိပ်ကို ကိုင်ထားပြီး သက်သောင့်သက်သာရှိနေပုံရသည်။
သူ၏ခြေထောက်များဘေးတွင် ဒူးထောက်နေသော ပေယွီထန်က ကျယ်လောင်စွာ ငိုကြွေးနေသည်။
"အစ်ကိုကြီး ကျွန်တော် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး တစ်ခါလောက် ခွင့်လွှတ်ပေးပါ။ ကျွန်တော် နောက်ထပ် မလုပ်တော့ပါဘူး..."
"ဥက္ကဌ ပေ တတိယသခင်လေးရဲ့ ခရီးဆောင်အိတ်တွေ အားလုံး အသင့်ဖြစ်နေပါပြီ။ သူ Y နိုင်ငံကို ဘယ်အချိန်မဆို ထွက်သွားလို့ရပါပြီ။ ကျောင်းအတွက်လည်း စီစဉ်ထားပြီးပါပြီ။ ခငဥက္ကဌကိုယ်တိုင် ရွေးချယ်ထားတဲ့ ကိုယ်ပိုင်ကျောင်းပါ။ ပတ်ပတ်လည်ပိတ်ထားပြီး အဆောက်အအုံတွေလည်း လုံခြုံပါတယ်။ မနက်ဖြန်မနက်ကျ လျှောက်လွှာတင်တာကို ကျွန်တော် လုပ်ပေးနိုင်ပါတယ်"
လက်ထောက်သည် ဘေးတွင် ရပ်လျက် ယဉ်ကျေးစွာ သတင်းပို့နေသည်။
ပေယွီထန်က လက်ထောက်ကို ဒေါသတကြီး ကြည့်လိုက်ရာ သူ့ကို စားတော့မလိုပင်။
"မင်း သေနာ……လခွမ်း ငါ မသွားဘူး။ အဲဒီနေရာကို ပြန်သွားရမယ်ဆိုရင် သေတာကမှ ကောင်းဦးမယ်"
ပေယွီထန် ကန့်ကွက်ပြီးနောက် သူက ရုန်းကန်ကာ ပေနန်ရှုဆီသို့ ရွေ့သွားသည်။
"ဒုတိယအစ်ကို… ဒုတိယအစ်ကို ကျွန်တော့်ကို ကယ်ပါဦး။ တစ်ခုခု ပြောပါဦးဗျာ။ အစ်ကိုကြီးရဲ့ စိတ်ကို ပြောင်းလဲပေးဖို့ ကျွန်တော့်ကို ကူညီပါဦး"
ပေနန်ရှု ညင်သာစွာ သက်ပြင်းချကာ သူ့ကို ကူကယ်ရာမဲ့စွာ ပြန်ကြည့်သည်။
"ယွီထန် မင်း အစ်ကိုကြီးအကြောင်း ကောင်းကောင်း မသိဘူးလား။ ငါ ပြောစရာရှိတာ အကုန်ပြောပြီးပြီ။ ငါ မင်းအတွက် ဆက်ပြီး တောင်းပန်နေရင် ပိုဆိုးသွားနိုင်တယ်။"
ပေယွီထန် အလျင်အမြန် မေးလိုက်သည်။
"ဒါဆို အဖေရော။ သူ့ကို မေးကြည့်ပြီးပြီလား။"
ပေနန်ရှု ခေါင်းခါလိုက်သည်။
"အဖေက အစ်ကိုကြီး ဆုံးဖြတ်တဲ့အတိုင်းပဲလို့ ပြောတယ်။"
ပေယွီထန် လုံးဝ အံ့သြသွားသည်။
"လခွမ်း….သူ ကျွန်တော့်အဖေရော ဟုတ်ရဲ့လား။ အစ်ကိုကြီးကို အရမ်းကြောက်လို့ သူ့သားအကြောင်းတောင် ဂရုမစိုက်ဘူးလား။"
နောက်ဆုံးတွင် ပေယွီထန်သည် ပေယွီချန်ကို ထပ်မံတောင်းပန်ရတော့မည်။
"အစ်ကိုကြီး ဒီဖြစ်ရပ်က တကယ်ကို မတော်တဆပါ။ အဲဒီလူယုတ်မာ ဆုန်းယောင်နန်က တကယ်ကို ထိုးခံရသင့်တာ။ ဒါကြောင့် ကျွန်တော် အရက်မူးနေချိန်မှာ ဒေါသကို မထိန်းချုပ်နိုင်ခဲ့ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကောင်းမွန်တဲ့ အပြုအမူတွေအတွက် နောက်ထပ်အခွင့်အရေးတစ်ခါလောက် ပေးပါဦး။ ကျေးဇူးပြုပြီး အစ်ကိုကြီး..."
ပေယွီချန် သက်ပြင်းချကာ သူ့ပါးစပ်မှ မီးခိုးငွေ့ကို မှုတ်ထုတ်လိုက်သည်။ သူ့မျက်လုံးများတွင် စိတ်ခံစားမှု အရိပ်အယောင် တစ်စွန်းတစ်စမျှ မရှိချေ။
"ချိန်မို သူ့ကို ကိုယ်တိုင်ခေါ်သွားလိုက်"
သူ၏လက်ထောက်က ခေါင်းငုံ့လိုက်သည်။
"ဟုတ်ကဲ့ ဥက္ကဌ"
သူသည် ပေယွီထန် ဘက်သို့ လှည့်ကာ "တတိယသခင်လေး သွားကြစို့" ဟု ပြောလိုက်သည်။
ပေယွီထန်က ကြမ်းပြင်ပေါ်တွင် ထိုင်လျက် တွေဝေနေသည်။ သူ့သွေးများ အေးခဲသွားသလို ခံစားရပြီး သူ့ကမ္ဘာကြီး ပြိုလဲနေပြီဟု ထင်လိုက်သည်။
သူသိသည်။ သူ့အစ်ကိုက သူ့ဆုံးဖြတ်ချက်ကို ဘယ်တော့မှ မပြောင်းလဲဘူး။ လုံးဝမပြောင်းလဲဘူး။
သူ ပြီးဆုံးသွားပြီ...
ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း သူ၏ ကြိုးစားအားထုတ်မှုအားလုံးက အချည်းနှီးပင်။
ပေယွီထန်သည် စိတ်ပျက်အားငယ်စွာဖြင့် ပေနန်ရှု၏ ခြေထောက်ကို ဆွဲကိုင်လိုက်သည်။ "ဒုတိယအစ်ကို ဒုတိယအစ်ကို…ကျွန်တော့်ကို ကယ်ပါဦး"
သူ့ညီလေး၏ သနားစရာကောင်းသော တောင်းပန်သံများကို လျစ်လျူမရှုနိုင်သော ပေနန်ရှုသည် နောက်ထပ်တစ်ကြိမ် ထပ်ကြိုးစားလိုက်သည်။
"အစ်ကိုကြီး သူ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တကယ်ကို ကောင်းကောင်းမွန်မွန် နေခဲ့တာပါ။ သူ တော်တော်လေး တိုးတက်လာခဲ့ပြီ။ ကျွန်တော် အဲဒီဖြစ်ရပ်ကို စုံစမ်းပြီးပါပြီ။ ယွီထန်က အရင် စထိုးခဲ့တာ မှန်ပေမဲ့ တစ်ဖက်လူက လှုံ့ဆော်ခဲ့လို့သာ ဖြစ်တာပါ။ သူ တမင်တကာ အကြောင်းမဲ့ ပြဿနာရှာတာ မဟုတ်ပါဘူး။"
ပေယွီထန် မျက်လုံးများတွင် မျှော်လင့်ချက် ပြန်လည်တောက်ပလာပြီး သူ့ခေါင်းကို အပြင်းအထန် ညိတ်လိုက်သည်။
ပေယွီချန် လှည့်ကာ ပေနန်ရှုကို နက်နဲသော အပြုံးဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ဝင်ရောက်စွက်ဖက်ဖို့ ရည်ရွယ်နေတာလား"
ပေယွီချန်၏ မျက်လုံးများ သူ့ပေါ် ကျရောက်သည်နှင့် တစ်ပြိုင်နက် ပေနန်ရှုသည် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ သူ ချွေးအေးများ ပျံတက်လာပြီး "ကျွန်တော် အမှန်အတိုင်း ပြောပြတာပါ။ ဟုတ်ပါတယ် အစ်ကိုကြီးရဲ့ ဆုံးဖြတ်ချက်တွေက အမြဲမှန်တယ်ဆိုတာ ကျွန်တော် သိပါတယ်" ဟု ပြန်ဖြေလိုက်သည်။
ပေယွီချန်သည် ပြီးခဲ့သော နှစ်နှစ်တာကာလအတွင်း စိတ်တိုဒေါသထွက်မှု နည်းပါးခဲ့သဖြင့် သူ၏အစ်ကို မည်မျှ အာဏာရှင်ဆန်ပြီး အနိုင်ကျင့်တတ်သည်ကို သူ မေ့သွားခဲ့သည်။ သူ့ဆုံးဖြတ်ချက်ကို ဘာကြောင့် ထပ်ခါထပ်ခါ မေးခွန်းထုတ်မိပါလိမ့်။
ပေယွီထန်သည် ပြင်ပအကူအညီများအားလုံး ကျဆုံးသွားသောအခါ စိတ်ဓာတ်ကျကာ အားအင်ကုန်ခမ်းသွားခဲ့သည်...
သူ့အစ်ကိုက ဘယ်လိုများ ဒီလောက်လွယ်လွယ်ကူကူ ဘက်ပြောင်းသွားနိုင်တာလဲ။