ငါကအဲ့လို လူမျိုးမဟုတ်ပါဘူး
Vol. 7 Ch. 102
လင်းယန်သည် သူမ၏ တိုက်ခန်းသို့ မည်သို့ ပြန်ရောက်လာသည်ကို မသိခဲ့ပေ။ တစ်ချိန်လုံး ရေပေါ်မျောနေသကဲ့သို့ ခံစားနေရသည်။ ဟန်ရီရွှမ်နှင့် နှစ်အနည်းငယ် တွဲခဲ့သော်လည်း ယခင်က တစ်ခါမျှ ဤကဲ့သို့ ခံစားရဖူးခြင်း မရှိခဲ့ပေ။
စိတ်ကို အေးအေးထားရမယ်။
မနက်ဖြန် သူမ ဓာတ်ပုံရိုက်ရန် ရှိပြီး ဇာတ်ရုပ်အတွက် မိတ်ကပ်များ၊ ဝတ်စုံများကို စမ်းသပ်ဝတ်ဆင်ရဦးမည်။
လင်းယန် အိပ်ရာပေါ် လဲချလိုက်သည်နှင့် ဖုန်းမြည်လာသည်။
ဒီကားက သူငယ်တန်းကျောင်းကို သွားမှာမဟုတ်ဘူး ဆိုသည့် အမည်ဖြင့် မက်ဆေ့ချ် ရောက်လာသည်။
'အစ်မကြီး ကျွန်တော် အသက်ရှင်သရွေ့ အစ်မကြီးရဲ့ ကြင်နာမှုကို ဘယ်တော့မှ မမေ့ပါဘူး။ အစ်မကြီး ကျွန်တော့်ကို လိုအပ်တဲ့အခါ ကျွန်တော် တောင်တွေကို ကျော်ဖြတ်ပြီး မီးပင်လယ်တွေကိုလည်း ဖြတ်ကျော်ပေးပါ့မယ်'
ဒီကားက သူငယ်တန်းကျောင်းကို သွားမှာမဟုတ်ဘူးက ထပ်မံ ပို့လိုက်သည်။
'ဒါပေမဲ့ အစ်မကြီး…ကျွန်တော့်အစ်ကိုနဲ့ အစ်မကြီးရဲ့ ဆက်ဆံရေးက နည်းနည်း နှေးကွေးနေပုံရတယ်။ ဘာလို့ မစ္စတာပေနဲ့ မစ္စလင်းလို့ပဲ ခေါ်နေကြတာလဲ။'
ဒီကားက သူငယ်တန်းကျောင်းကို သွားမှာမဟုတ်ဘူးက နောက်တစ်ကြိမ် ထပ်မံ ပို့လိုက်သည်။
'ကျွန်တော် အစ်ကို့ကို အစ်မကြီးရဲ့ အိပ်ရာပေါ် ပို့ပေးပြီး ကူညီရမလား။ ဒါက သူနဲ့ နီးစပ်ဖို့ အမြန်ဆုံးနည်းလမ်း ဖြစ်မှာ သေချာတယ်။ အစ်မကြီး ဒါကို စဉ်းစားကြည့်မလားဗျ'
လင်းယန် :….ဒီသောက်ကလေးကတော့….
ဒီစကားကို အခုလိုညနက်ကြီးရောက်မှ ပြောရလား။ ငါ ဘယ်လိုလုပ် အိပ်ပျော်တော့မှာလဲ။
ညနေဆည်းဆာအလယ်က မြူများဖုံးလွှမ်းသောမြို့မှ 'ငါက အဲဒီလိုလူမျိုး မဟုတ်ပါဘူး' ဟု ပြန်ပို့လိုက်သည်။
လင်းယန်၏ မျက်နှာမည်းမှောင်သွားပြီး ပြန်ဖြေကာ ဖုန်းကို ဘေးသို့ ပစ်ချလိုက်သည်။ ထို့နောက် မျက်လုံးမှိတ်၍ အိပ်လိုက်သည်။
နောက်တစ်နေ့ နံနက်တွင် လင်းယန် စောစောနိုးလာသည်။ သူမ၏ မှန်တင်ခုံပေါ်တွင် မိတ်ကပ်အမျိုးအစားများနှင့် အသားအရေထိန်းသိမ်းမှု ပစ္စည်းများ အစုံအလင်ရှိနေသည်။ စပွန်ဆာပေးထားသည့် ပစ္စည်းအချို့မှလွဲ၍ ကျန်သည့်ပစ္စည်းများကို သူမ ကြုံသလို ဝယ်ထားခြင်း ဖြစ်သည်။ ဤကဲ့သို့ ပစ္စည်းမျိုးများတွင် သူမ အမှန်တကယ် စိတ်မဝင်စားပေ။
လင်းယန်သည် ပစ္စည်းပုံထဲမှ Toner တစ်ခုကို ရွေးထုတ်လိုက်သည်။ သူမ၏ မျက်နှာပေါ် လိမ်းလိုက်သည်။ ဤ Brand မှာ ပြည်တွင်း Brand ဖြစ်ကြောင်း သူမ သိသည်။ သူမ အခြေခံ အသားအရေထိန်းသိမ်းမှု ပစ္စည်းအချို့ကို လိမ်းလိုက်သည်။
သူမသည် ကိုယ့်ဘာသာ မိတ်ကပ်လိမ်းတတ်ရန် ဝေးစွ စဉ်းပင် မစဉ်းစားဘူးချေ။
သူမ ဗီရိုဆီ သွားရောက်ကာ အဝတ်အစားများကို ကြည့်လိုက်သည်။ အများအားဖြင့် အနက်ရောင်နှင့် ပွပွချောင်ချောင် အဝတ်အစားများသာ ဖြစ်သည်။ ဖက်ရှင်ထက် သက်တောင့်သက်သာဖြစ်မှုကို ပိုမိုနှစ်သက်သောကြောင့် ဖြစ်သည်။ သူမ၏ အဝတ်အစားများအားလုံးသည် သူမအား ဈေးထဲမှ ဆိုင်ရှင်တစ်ဦးကဲ့သို့ ဖြစ်စေသည်။
သူမ၏ လစာအများစုကို အိမ်လခပေးရာတွင် အသုံးပြုလိုက်ပြီး ကျန်များကိုမူ သူမမိခင်၏ ဘဏ်အကောင့်ထဲသို့ လွှဲပေးလိုက်သည်။ သူမတွင် ကျန်ရှိသော ပမာဏမှာ အဝတ်အစားအသစ်များ ဝယ်ရန် မလုံလောက်ပေ။
ကြိုးစားအားထုတ်ပြီးနောက် လင်းယန်သည် အဖြူရောင် ဂါဝန်ရှည်တစ်ထည်ကို ရွေးချယ်လိုက်သည်။ ပြီးခဲ့သည့်ညက ပေယွီချန်အား သွားရှာစဉ် သူမ ပွပွချောင်ချောင် ဘောင်းဘီနှင့် အမျိုးသားတစ်ဦးကဲ့သို့ ဖြစ်နေသော ရှပ်အင်္ကျီကို ဝတ်ဆင်ခဲ့သည်ကို ပြန်သတိရမိသွားသည်။
ပေယွီချန်ရဲ့ အရသာပဲ မှားယွင်းနေတာလား။
ဒေါက်..ဒေါက်…
"လင်းယန်..."
ဝမ်ကျင်းယန် တံခါးခေါက်လိုက်သည်။
လင်းယန် အဆင်သင့်ဖြစ်သောအခါ တံခါးဖွင့်ပေးလိုက်သည်။
ဝမ်ကျင်းယန်က ပုံမှန် မထီမဲ့မြင်ပြုတတ်သော သူ၏ မျက်နှာအမူအရာဖြင့် သူမအား ခေါင်းဖျားမှ ခြေဖျားအထိ စူးစမ်းကြည့်လိုက်သည်။
"မင်း အရင်ရက်တွေတုန်းက ဘာအသက်အောင့်အသက်ရှူသံမှ မကြားရလို့ မင်းကို မုန်းတီးသူတွေက ခုတ်ထစ်ပြီး သတ်လိုက်ပြီလို့ ထင်နေတာ"
လင်းယန် မျက်စောင်းထိုးလိုက်သည်။
"ငါ သရုပ်ဆောင်ကျွမ်းကျင်မှုတွေ လေ့ကျင့်ရမယ်လို့ ပြောပြီးသားပဲ..."
"မင်း ဒီနေ့ ဓာတ်ပုံရိုက်ဖို့ ရှိတယ်ဆိုတာ မှတ်မိတယ်။ လိုက်ပို့ပေးရမလား" ဟု ဝမ်ကျင်းယန်က မေးလိုက်သည်။
လင်းယန်က သူမခေါင်းကို အပြင်းအထန် ခါရမ်းလိုက်သည်။
"ရပါတယ်။ ငါ့ပတ်ဝန်းကျင်ရဲ့ ဆယ်လှမ်းအတွင်း ဘယ်ယောက်ျားမှ မတွေ့ရဘူး။"
ဝမ်ကျင်းယန်၏ ပါးစပ် နည်းနည်းလေး တွန့်သွားသည်။
"ကောင်းပြီလေ။ ဂရုစိုက်နော်။"
လင်းယန် လက်ဝှေ့ယမ်းလိုက်သည်။
"အိုကေ"
ဝမ်ကျင်းယန်က မဝံ့မရဲဖြင့် သူမကို ကြည့်နေသည်။
"ကိုယ့်ကိုယ်ကိုယ် သိပ်မဖိအားပေးပါနဲ့။ မင်း တကယ် မလုပ်နိုင်ရင် နုတ်ထွက်လိုက်။ ဒါ့အပြင်... မင်းမှာ ငါ ရှိသေးတယ်..."
လင်းယန် ကျေးဇူးတင်စွာ ခေါင်းညိတ်ပြီး ဝမ်ကျင်းယန်၏ ပခုံးကို ပုတ်လိုက်သည်။
"ငါ သိပြီ ကျေးဇူးတင်ပါတယ်။ နင်က ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းပဲ"
ဝမ်ကျင်းယန်: “…”
သူငယ်ချင်း ဟုတ်လား။
ငါ မင်းကို ကြိုးစားပြီး မြှူဆွယ်နေတာ မင်း မသိဘူးလား။