ဖန်ချန်းကလည်း ထူးခြားတဲ့ပါရမီရှင်တစ်ယောက်ပဲ
Vol. 17 Ch. 249
အခန်း (၂၄၉) : ဖန်ချန်းကလည်း ထူးခြားတဲ့ပါရမီရှင်တစ်ယောက်ပဲ
ဝုန်း…
စစ်နတ်ဘုရား မျှော်နန်းဆောင်က မြေပြင်ပေါ်သို့ ဗုန်းခနဲ ဆင်းသက်သွားသည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်ကို အလယ်တွင် ထားကာ အချင်းဝက်အားဖြင့် မိုင်တစ်ရာ အကွာအဝေး ပတ်ပတ်လည်ရှိသော နေရာရှိ လေထုက တည်ငြိမ်သွားသည်။
ရွှေကြာ ကောင်းကင်အသျှင်၏ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ကြောင့် ဖြစ်ပေါ်ခဲ့သော အပျက်အစီးများအားလုံးကို ချက်ချင်း ပြုပြင်ပေးလိုက်သည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်က ကောင်းကင်နှင့်မြေကြီးကြားတွင် ဂုဏ်ယူစွာ တည်ရှိနေပြီး အားလုံး၏ အာရုံစိုက်မှုကို ဖမ်းစားထားသည်။
“ ဩဇာကြီးပုံပေါ်တဲ့ အံ့ဖွယ်မျှော်နန်းဆောင်ပဲ”
“ဒါက…အစ်ကိုရဲ့ ရတနာလား”
“ သူ့ရဲ့တည်ဆောက်ပုံနဲ့ အရှိန်အဝါကို ကြည့်လိုက်ရင် အထွတ်အထိပ်အဆင့် ဝိညာဉ်အသုံးအဆောင်ပစ္စည်းလို့တောင် ပြောလို့ရတယ်”
“ ဝိညာဉ်အသုံးအဆောင် ပစ္စည်းတဲ့လား။ အဲလိုမျိုး မောက်မာတဲ့စကားတွေ မပြောပါနဲ့။ဒါက အနည်းဆုံးတော့ အလယ်အလတ်အဆင့် သူတော်စင်အသုံးအဆောင် ပစ္စည်းပဲ”
“ အရင်တုန်းက ထိပ်သီးခေါင်းဆောင်တွေ အလယ်အလတ်အဆင့် သူတော်စင် အသုံးအဆောင်ပစ္စည်း အသုံးပြုတာကို တွေ့ဖူးတယ်။ အဲဒါတွေ ဒီလောက်ထိ စွမ်းအားကြီးတာကို မတွေ့ခဲ့ဖူးဘူး။ ဒါက… အံ့ဖွယ်အသုံးအဆောင် ပစ္စည်းလို့တော့ မပြောနဲ့နော်”
အံ့ဖွယ်မိုးကောင်းကင် တပည့်များက ရွှေကြာ ကောင်းကင်အသျှင် သူတော်စင်အဆင့်သို့ တက်လှမ်းသွားသည်ကို အာရုံစိုက်နေကြသည်။
အရှေ့ပိုင်းလွင်ပြင်တစ်ခွင်ရှိ စွမ်းအားကြီးသည့် သူတော်စင်အရှင်များကို လက်တစ်ဖက်ထဲဖြင့် ရေတွက်လို့ရနိုင်သည်။ ထို့အပြင် သူတို့တစ်ယောက်ချင်းစီတိုင်းက ဒဏ္ဌာရီလာ ပုဂ္ဂိုလ်များ ဖြစ်ကြ၏။
ကျင့်ကြံသူအများစုအနေဖြင့် သူတော်စင်အရှင် တစ်ယောက်ဖြစ်လာဖို့အတွက် စမ်းသပ်ချက်ခံယူခြင်းကို တွေ့ဖို့အတွက် အခွင့်အရေး ရလေ့ မရှိကြပေ။ ယခုလိုမျိုး တွေ့မြင်လိုက်ရသည့်အခါ ရှေ့လျှောက်စကားဝိုင်းထဲတွင် ကြွားဝါလို့ ရနိုင်သည်။
အံ့ဖွယ်မိုးကောင်းကင် ကမ္ဘာငယ်လေးထဲရှိ တပည့် ၉၀ ရာခိုင်နှုန်းလောက်က ရွှေကြာ ကောင်းကင်အသျှင်၏ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်ခံယူခြင်းကို ကြည့်ဖို့အတွက် ထွက်လာကြပြီး ရာခိုင်နှုန်းအနည်းငယ်သာ သီးသန့်ကျင့်ကြံအားထုတ်ရင်း ကျန်နေခဲ့သည်။
စိတ်လှုပ်ရှားစရာကောင်းသည့် စမ်းသပ်ချက်ကို ကြည့်ပြီးနောက် စစ်နတ်ဘုရား မျှော်နန်းဆောင် ထွက်ပေါ်လာပြီး အားလုံး၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။
လူတိုင်းက ခရမ်းရောင် အရှိန်အဝါလွှမ်းခြုံနေသော မျှော်နန်းဆောင်ကို စိုက်ကြည့်နေကြသည်။ မျှော်နန်းဆောင်၏ စွမ်းအားကြီးသော တည်ရှိမှုက ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ အကြွင်းအကျန်အားလုံးကို ရှင်းထုတ်လိုက်သည်။
“ သေစမ်း”
“ ဒီစုတ်ပြတ်နေတဲ့ မျှော်နန်းဆောင်က ဘယ်ကနေ ရောက်လာတာလဲ။ အရမ်းဖိအားများတာပဲ”
ဖန်ချန်းက ပျော်ရွှင်စွာဖြင့် မိုးကြိုးများကို စုပ်ယူရင်း နတ်ဘုရားတစ်ပါးလိုမျိုး ပီတီဖြစ်နေခဲ့သည်။
အစတုန်းက သူက အရမ်းဂုဏ်မောက်သည့်အတွက် ကပ်ဘေးတစ်ဖန် ပညာရပ်ကို လေ့ကျင့်ဖို့အတွက် ဆန္ဒ မရှိခဲ့ပေ။
ဖန်ချန်း၏ အမြင်တွင် သူက ဂိုဏ်းတူညီမလေး၏ သဘောကျမှုကို ရရှိဖို့အတွက် ရှန်ထျန်းနှင့် ယှဉ်ပြိုင်နေသည်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် သူ့အနေဖြင့် ရှန်ထျန်း၏ အကူအညီကို လုံးဝ လက်ခံစရာအကြောင်း မရှိပေ။
ရှန်ထျန်းက ကပ်ဘေးတစ်ဖန် ပညာရပ်ကို ကူညီပြီးရှာပေးခဲ့သူဖြစ်သည့်အတွက် သူ ဘယ်တော့မှ မလေ့ကျင့်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အဆုံးသတ်တွင် ဖန်ချန်းက အရမ်းလောဘကြီးပြီး ၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိရန် ကိုယ့်ကိုယ်ကို တွန်းအားပေးခဲ့သည်။ သူ ကျရှုံးသွားသည့်အတွက် စွမ်းအင်ဗဟိုချက်တစ်ခုလုံး ကွဲအက်သွားခဲ့ရသည်။
ဂိုဏ်းတူညီလေး ရှန်ထျန်းက သူ ပြန်ပြီး သက်သာလာအောင် များပြားသော အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ နိဗာနတော်ဝင်ရေစင်ကို ပေးခဲ့သည်။
ထို့ကြောင့် ဖန်ချန်း အန္တရာယ်တွင်းမှ လွတ်မြောက်လာနိုင်ခဲ့သည့်အပြင် စွမ်းအားတိုးလာသည့်အတွက် ယခင်ထက် တစ်ဆင့် မြင့်တက်သွားခဲ့သည်။
ထိုနေ့မှစပြီး ဖန်ချန်းလည်း ပြောင်းလဲသွားသည်။
သူ့အနေဖြင့် ရှန်ထျန်းကို ဆန့်ကျင်မနေတော့ဘဲ သူတော်စင်ရာထူးကို စတင်အသိအမှတ်ပြုလာသည်။
ဂိုဏ်းတူညီလေးက ငါ့ရဲ့အရည်အချင်းကို အသိအမှတ်ပြုပြီးတော့ ငါ့ကို ကပ်ဘေးတစ်ဖန် ပညာရပ် လေ့ကျင့်စေချင်တာ။ ငါ့အနေနဲ့ သူတော်စင်က ငါ့အထက်မှာ ရှိပေမဲ့ ငါ့စွမ်းအားတွေက တခြားသူတွေထက်တော့ အောက်မကျဘူးဆိုတာကို ပြသရမယ်။
ရှေ့လျှောက် ဂိုဏ်းတူညီလေးကို ပစ်မှတ်ထားတဲ့ ရန်သူ ဒါမှမဟုတ် စိန်ခေါ်ချင်တဲ့သူက ငါ့ကို အရင်ဖြတ်ကျော်ရမယ်။ ငါ့အလောင်းကို ဖြတ်ပြီးမှ ဂိုဏ်းတူညီလေးဆီ သွားလို့ရမယ်
ထိုအချိန်မှစတင်ပြီး ဖန်ချန်း၏ စွမ်းအားကြီးချင်သော ဆန္ဒက ပိုမိုကြီးမားလာခဲ့သည်။
ရွှေကြာ ကောင်းကင်အသျှင်၏ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်က ဖန်ချန်းအတွက် ကပ်ဘေးတစ်ဖန်ပညာရပ်ကို လေ့ကျင့်ဖို့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်ပေသည်။
ကောင်းကင်မိုးကြိုး စမ်းသပ်ချက်၏ စွမ်းအားကို ဌားပြီးနောက် ၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့်ကို တည်မြဲအောင် လုပ်နိုင်ပြီး ပြီးပြည့်စုံသော အုတ်မြစ်ကို တည်ဆောက်နိုင်လိုက်သည်ဟု ခံစားနေရသည်။
သူသာ ကံကောင်းပါက စမ်းသပ်ချိန်အတွင်း နတ်မိုးကြိုးငါးပါး ကျင့်စဉ်ကို ပိုမိုနားလည်သွားပြီး ဓာတ်နှောနတ်မိုးကြိုးဖွဲ့စည်းပုံကို ကျင့်ကြံနိုင်လိမ့်မည်။
သို့သော် ခရမ်းရောင် အံ့ဖွယ်မျှော်နန်းဆောင်တစ်ခု ရုတ်တရက် ပေါ်လာပြီးနောက် ပတ်ဝန်းကျင်ရှိ မိုးကြိုးအားလုံးကို စုပ်ယူသွားခဲ့သည်။
ဖန်ချန်း ကြောင်အသွားသည်။
ဒီအက်ကြောင်းထပ်နေတဲ့ မျှော်နန်းဆောင်က အရမ်းရဲတင်းလွန်းသွားပြီ
ရုတ်တရက် စစ်နတ်ဘုရား မျှော်နန်းဆောင် ပေါ်ထွက်လာခြင်းကြောင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်အပါအဝင် လူအများ၏ အစီအစဉ်တွေ ပျက်ကုန်ရသည်။ သူက စစ်နတ်ဘုရား မျှော်နန်းဆောင်အကြောင်း တရားဝင် ထုတ်ဖော်မပြောသေးခင် စိတ်ဝင်စားလာဖို့အတွက် လှုံ့ဆော်ချင်ခဲ့သေးသည်။
သို့သော် ရွှေကြာ ကောင်းကင်အသျှင်၏ ကောင်းကင်မိုးကြိုးစမ်းသပ်ချက်က တပည့်အများအပြားကို ဖိတ်ခေါ်ပြီးသွားဖြစ်သွားသည့်အခါ ထုတ်ဖော်ပြောကြားဖို့အတွက် အကောင်းဆုံးအချိန် ဖြစ်သွားသည်။
ထိုအတွေးကြောင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လေထဲတွင် ဖြည်းဖြည်းချင်း ပေါ်လာသည်။
မိုးကြိုးအရှိန်အဝါ လွှမ်းခြုံထားသော ဂိုဏ်းချုပ်က မြေပြင်ပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ဆန်းကြယ်လှသည်။
သူက တပည့်များကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ ဒီနေ့ ငါတို့ အထွတ်အမြတ်မြေမှာ သတင်းကောင်း နှစ်ခု ရှိတယ်။ ပထမတစ်ခုက အကြီးအကဲ ရွှေကြာက စမ်းသပ်ချက်ကို အောင်မြင်ပြီးတော့ ငါတို့ဂိုဏ်းရဲ့ သူတော်စင်အဆင့် အကြီးအကဲ တစ်ယောက် ဖြစ်လာပြီ။ အားလုံးပဲ သူမကို အားပေးလိုက်ရအောင် …”
အံ့ဖွယ်မိုးကောင်းကင် တပည့်များအားလုံးက သူတို့၏ ကိုယ်နေဟန်ထားကို ချက်ချင်းမတ်လိုက်ကြသည်။
တပည့်တိုင်းက လေးစားစွာဖြင့် အားပေးချီးမြှောက်လိုက်ကြသည်
“ကျွန်တော်တို့ရဲ့ သူတော်စင်အရှင်အသစ်ကို ဂုဏ်ယူပါတယ်...”
နယ်မြေငါးခုနှင့် လွင်ပြင်ရှစ်ခုတွင် စမ်းသပ်ချက် အောင်မြင်သော သူတော်စင်အရှင်ကို ထိပ်သီးအဆင့် ကျင့်ကြံသူဟု သတ်မှတ်ကြသည်။
ထိုအဆင့်၏ အထက်တွင် မဟာယနအဆင့်ရှိပြီး အတိအကျပြောရလျှင် ထိုအဆင့်ရှိ ကျင့်ကြံသူများက ထာဝရကိုယ်ထည်ကို ပိုင်ဆိုင်ထားပြီး ဤလောကနှင့် ဘာမှ မသက်ဆိုင်တော့ပေ။ မဟာယနအဆင့် ကျင့်ကြံသူများအနေဖြင့် ဘာပညာရပ်မှ မသုံးပါက ဤလောကတွင် နှစ်ပေါင်း ၃ ထောင်ကြာ တည်ရှိနိုင်သည်။ သို့သော် သူတို့သာ အသုံးပြုလိုက်ပါက သူတို့တက်လှမ်းဖို့အတွက် တွန်းအားအပေးခံရမည် ဖြစ်သည်။
ထို့ကြောင့် နယ်မြေငါးခုနှင့် လွင်ပြင်ရှစ်ခုရှိ မဟာယနကျင့်ကြံသူများအနေဖြင့် မည်သည့်ပညာရပ်ကိုမှ အကောင်အထည် ဖော်ခွင့်မရနိုင်ပေ။ သူတို့အနေဖြင့် သာမန်လူသားကဲ့သို့သာ နေခွင့် ရှိသည်။
မဟာယနအဆင့် ကျင့်ကြံသူများက ထာဝရကိုယ်ထည်ကို ပိုင်ဆိုင်ပြီး သူတော်စင်အရှင်တစ်ယောက်ထက် ပိုသော သက်တမ်း ရှိသည်။
ထာဝရရှင်သန်သူတစ်ယောက်အတွက် နယ်မြေငါးခုကြားက တိုက်ပွဲများက အဓိပ္ပာယ် မရှိပေ။
ဤလောကတွင် “သူတော်စင်အဆင့်အောက်က လူတိုင်းက ပါးမွှားလေးတွေပဲ … ထာဝရအရှင်အောက်က အဆင့်တိုင်းက လွှင့်မျှောနေတဲ့ တိမ်တိုက်လိုပဲ” ဆိုသော စကားတစ်ခွန်း ရှိသည်။
နယ်မြေငါးခုကြားက စွမ်းအားပြိုင်ဆိုင်မှုက များသောအားဖြင့် သူတော်စင်အဆင့် ကျင့်ကြံသူများကြောင့် ဖြစ်သည်။
သူတို့ဆီမှာ သူတော်စင်အရှင် တစ်ယောက်ရှိပြီဆိုသည်က အထွတ်အမြတ်မြေတစ်ခုလုံးအတွက် သတင်းကောင်းတစ်ခု ဖြစ်ပြီး ကြီးကြီးမားမား ဂုဏ်ပြုပွဲတစ်ခုလုပ်ဖို့ ထိုက်တန်သည်။
အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်က တပည့်များ၏ အပြုအမူကြောင့် ကျေနပ်နေသည်။
ထို့နောက် သူက ဆက်ပြောသည်
“ ဒုတိယအနေနဲ့ ငါတို့ရဲ့ တပည့်တွေက ပြီးခဲ့တဲ့ ကမ္ဘာဦး တိုက်ပွဲနယ်မြေ စစ်ဆေးမှုမှာ စံထားထိုက်တဲ့ ရလဒ်တွေကို ရရှိလာခဲ့တယ်။
ငါတို့ရဲ့ သူတော်စင် ရှန်ထျန်းက စစ်ဆေးမှုမှာ ပထမရရုံတင် မကသေးဘူး။ အထွတ်အထိပ်အဆင့် စစ်နတ်ဘုရား မျှော်နန်းဆောင်ကလည်း သူ့ကို သခင်အဖြစ် အသိအမှတ်ပြုထားတယ်။
ရှန်ထျန်းက ကိုယ်ကျိုးမငဲ့ဘဲနဲ့ မျှော်နန်းဆောင်ကို အထွတ်အမြတ်မြေဆီ လွှဲပေးတယ်။ ဒီနေ့ကစပြီးတော့ ငါတို့ဂိုဏ်းက တပည့်တွေအားလုံး စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲ ဝင်ပြီးတော့ လေ့ကျင့်လို့ရပြီ …
ပြီးတော့ ငါတို့ရဲ့တပည့်တွေက ဝင်ကြေးအတွက် ၂၀ ရာခိုင်နှုန်းလျှော့ဈေးရပြီးတော့ ကောင်းချီးပေးခံရသူများအဖွဲ့ဝင်တွေက ၃၀ ရာခိုင်နှုန်း လျှော့ဈေးရမယ်။
အားလုံးပဲ ငါတို့ရဲ့ သူတော်စင်အတွက် ဂုဏ်ပြုလိုက်ရအောင်”
သူတော်စင်အရှင်အသစ်အတွက် အားပေးမှုက ခပ်တည်တည်နှင့် အလေးအနက် ဖြစ်ခဲ့သည်။ သူတို့က သူတို့ဂိုဏ်း၏ ဂုဏ်သိက္ခာနှင့် ကြီးမြတ်မှုအတွက် ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။ ဒီတစ်ခေါက် ရှန်ထျန်းအတွက် ဂုဏ်ပြုမှုတွင် စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုယ်တိုင်လည်း ထိုအရာမှ အကျိုးအမြတ် ရရှိမည်ဖြစ်သောကြောင့် ဖြစ်သည်။
စစ်နတ်ဘုရား မျှော်နန်းဆောင်…
ဒါက စစ်နတ်ဘုရား မျှော်နန်းဆောင်ပဲ…
အရှေ့ပိုင်းလွင်ပြင်ရှိ အဆန်းကြယ်ဆုံး အထွတ်အထိပ်အဆင့် အသုံးအဆောင် ပစ္စည်းဖြစ်သည့်အတွက် စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ဂုဏ်သတင်းက ပြန့်နေပြီး အားလုံးက ကြားဖူးနေကြသည်။
ဒဏ္ဍာရီထဲတွင် ထိုမျှော်နန်းဆောင်က နတ်ဘုရားလောကမှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ မျှော်နန်းဆောင်ထဲတွင် မရေတွက်နိုင်သော နတ်ဘုရားလောက ပါရမီရှင်များ၏ ပုံရိပ်ယောင်များနှင့် အမွေအနှစ် ပညာရပ်များ၏ ကျယ်ပြန့်သော အစီအရင်များလည်း ရှိထားသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကတည်းက နယ်မြေငါးခုနှင့် လွင်ပြင်ရှစ်ခုရှိ စစ်နတ်ဘုရား မျှော်နန်းဆောင်မှ ကံအပြောင်းအလဲ အခွင့်အရေး ရရှိခဲ့သော ပါရမီရှင်များက ဒဏ္ဍာရီလာပုဂ္ဂိုလ်များ ဖြစ်လာကြသည်။
အသက်အကြီးဆုံး တစ်ယောက်က လွန်ခဲ့သောနှစ်ပေါင်း ၈ ထောင်မှ ဟွမ်ရှစ် ဖြစ်သည်။ သူ့မှာ ဇွဲမလျှော့တတ်သော ဂုဏ်သတင်းရှိပြီး သူ့ အောင်မြင်မှုများက နောက်မျိုးဆက်များကို အံ့အားသင့်သွားစေသည်။
မကြာသေးခင်မှ ပါရမီရှင်တစ်ယောက်က လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်မှ ကျန်းလုံယွမ် ဖြစ်သည်။ သူက အထွတ်အမြတ်မြေကို အပျက်အစီးများကြားထဲမှ ကယ်တင်ကာ ပြန်လည်တိုးတက်လာအောင် လုပ်ဆောင်ခဲ့သည်။ ထိုအရာက နယ်မြေငါးခုရှိ အဓိကဂိုဏ်းများအားလုံးအပေါ် အကျိုးသက်ရောက်မှုရှိဖို့အတွက် လုံလောက်စွာ စွမ်းအားရှိသည့် အဖိုးမဖြတ်နိုင်သော အသုံးအဆောင် ပစ္စည်းတစ်ခုဖြစ်ကြောင်း သိသာလှသည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကျော်က မရေတွက်နိုင်သော ပါရမီရှင်များက စစ်နတ်ဘုရား မျှော်နန်းဆောင်၏ အသိအမှတ်ပြုမှုကို ရရှိရန် မျှော်လင့်ချက်ဖြင့် ကမ္ဘာဦး တိုက်ပွဲနယ်မြေ စစ်ဆေးမှုသို့ သွားခဲ့သော်လည်း အားလုံး ကျရှုံးခဲ့ရသည်။
အားလုံးက စစ်နတ်ဘုရား မျှော်နန်းဆောင်ကို ဖြည်းဖြည်းချင်း “ ကောင်းကင်က ပေးသော ကံအပြောင်းအလဲ အခွင့်အရေး”ဟု စတင်ခေါ်ဆိုလာကြပြီဖြစ်ပြီး ဘယ်သူမှ ထိုအရာကို မထိန်းချုပ်နိုင်ပေ။
ဒါပေမဲ့ စောစောက အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်ပြောလိုက်တာက ဘာလဲ။ ဒီပျက်စီးနေတဲ့ မျှော်နန်းဆောင်က စစ်နတ်ဘုရား မျှော်နန်းဆောင်ဖြစ်တယ်လို့ ပြောလိုက်တာလား
စစ်နတ်ဘုရား မျှော်နန်းဆောင်က သူတော်စင်ကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီး သူတို့ရဲ့အထွတ်အမြတ်မြေထဲမှာ ရှိမယ်ဆိုပြီး ပြောလိုက်သေးတယ် မဟုတ်လား
ရှေ့လျှောက် သူတို့ဂိုဏ်းက တပည့်တွေက ကမ္ဘာဦး တိုက်ပွဲနယ်မြေထဲမှာ အသက်ကို စတေးဖို့ မလိုတော့တာလား။ သူတို့ လေ့ကျင့်ချင်တဲ့အချိန်တိုင်း စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲကို ဝင်နိုင်တယ်လို့ ဆိုလိုတာလား
အဲဒီထက်ပိုပြီးအရေးကြီးတာက တပည့်တွေက ၂၀ ရာခိုင်နှုန်းလျှော့ဈေးရတဲ့အချိန် ကောင်းချီပေးခံရသူများအဖွဲ့ ၃၀ ရာခိုင်နှုန်း လျှော့ဈေးရမှာတဲ့လား။ အဲလိုမျိုး လျှော့ဈေးနဲ့တင် တခြားဂိုဏ်းရဲ့တပည့်တွေ အားကျသွားအောင် လုပ်လို့ရတယ်
အံ့ဖွယ်မိုးကောင်းကင် တပည့်များက ရှန်ထျန်းကို လေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။
“ ငါတို့ သူတော်စင်အတွက် ဂုဏ်ပြုပါတယ်”
“ သူတော်စင်အတွက် ဂုဏ်ပြုပါတယ်”
သူတို့၏ အသံများက မြေကြီးကိုပင် တုန်လှုပ်သွားစေသည်။
ကံကောင်းစွာဖြင့် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ် ကျန်းလုံယွမ်က ဉာဏ်ပညာရှိသောသူ ဖြစ်နေသည်။
စိတ်မမှန်ပြီး သံသယများသော ဂိုဏ်းချုပ်သာ ဖြစ်ပါက သူတို့ အသေကြောက်ကြရမည် ဖြစ်သည်။ ထို့အပြင် ရှန်ထျန်း၏ ကျော်ကြားမှုနှင့် ရာထူးက အလျင်အမြန် မြင့်တက်လာပြီး ဂိုဏ်းချုပ်ကိုပင် ကျော်တက်တော့မလို ဖြစ်နေသည်။
သူတော်စင်ဖြစ်ဖို့အတွက် ဒုတိယနေရာနှင့် တတိယနေရာတွင် တန်းစီထားသော ဖန်ချန်းနှင့် ကျန်းယွင်ထင်ပင် ရိုးသားစွာဖြင့် ဂုဏ်ပြုနေကြသည်။ မူလက ဖန်ချန်းသည် သူ့ ကောင်းကင်မိုးကြိုး စမ်းသပ်ချက်မှ မိုးကြိုးကို ခိုးယူသွားသည့်အတွက် ထိုစုတ်ပြတ်နေသော မျှော်နန်းဆောင်ကို မကျေမနပ် ဖြစ်နေခဲ့သည်။
သို့သော် ဤမျှော်နန်းဆောင်ကို ယူလာခဲ့သူက ရှန်ထျန်း ဖြစ်သည့်အတွက် မကျေမနပ်ဖြစ်တာမျိုး မခံစားရတော့ပေ။
ဖန်ချန်းလိုမျိုး တိုက်ပွဲ ကြိုက်နှစ်သက်သူ တစ်ယောက်အတွက် စစ်နတ်ဘုရား မျှော်နန်းဆောင်က အကောင်းဆုံး ရတနာတစ်ပါး ဖြစ်သည်။
အဆင့်တူချင်း ပြိုင်ဆိုင်ဖို့အတွက် ပါရမီရှင်တွေကို တခြားဘယ်နေရာမှာများ ရှာလို့ရသေးလို့လဲ
ဗောဓိသတ္တဝ ကူသို့ တစ်ယောက်တည်းသာ ရှိသည်။
ရလဒ်အနေဖြင့် သူတို့နှစ်ယောက် အရမ်းရင်းနှီးသွားခဲ့သည်။
သို့သော် ဖန်ချန်းနှင့် ကူသို့က ငယ်စဉ်ကတည်းက တိုက်ခိုက်ခဲ့သည့်အတွက် အချင်းချင်း၏ တိုက်ကွက်ကို အရမ်းရင်းနှီးနေပြီ ဖြစ်သည်။
တစ်ယောက်က နည်းနည်းလောက် လှုပ်လိုက်တာနဲ့ တခြားတစ်ယောက်က ဘယ်တိုက်ကွက်ကို သုံးမယ်ဆိုတာ ခန့်မှန်းနေနိုင်တော့ အရမ်းငြီးငွေ့ဖို့ ကောင်းတယ်လေ
ဤစစ်နတ်ဘုရား မျှော်နန်းဆောင်နှင့်သာဆိုလျှင် ပြိုင်ဆိုင်ဖို့ ပါရမီရှင်အသစ် မရှိမှာကို စိုးရိမ်စရာ မလိုတော့သည့်အတွက် ဖန်ချန်း၏ ဆန္ဒတွေ ပြည့်ဝသွားသလို ခံစားရစေသည်။
ဟား…ဟား…ဟား…နောက်မှ စမ်းကြည့်ရမယ်။ ပျော်စရာကောင်းရင် ကူသို့ကိုလည်း အကြောင်းကြားရမယ်
ကူသို့က ကျမ်းစာတွေ ကူးရေးနေရတုန်းဆိုတော့ လုံးဝ မနာလိုဖြစ်သွားမှာပဲ
“ စစ်နတ်ဘုရား မျှော်နန်းဆောင်က အခုကစပြီးတော့ ဒီနေရာမှာရှိမယ်။ ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေက အဲဒါကို စောင့်ကြည့်နေလိမ့်မယ်။
သိချင်စိတ်များနေတဲ့သူတွေ အခုပဲ စပြီးတော့ လေ့ကျင့်လို့ ရပြီနော်။ မျှော်နန်းဆောင် ဝိညာဉ်မလေးက သိထားရမဲ့ စည်းမျဉ်းတွေကို ရှင်းပြလိမ့်မယ်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ကြေညာပြီးနောက် ရှန်ထျန်းကို ကြည့်ကာ ပြောလိုက်သည်။
“ ထျန်းအာ ဒီကိုလာခဲ့…”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ရွှေတောင်ပံကို ဖြန့်ကာ ပျံသန်းပြီး ဂိုဏ်းချုပ်၏ ဘေးသို့ သွားလိုက်သည်။
သူတို့နှစ်ယောက်က အာကာပြင်မုခ်ဝထဲသို့ ဝင်သွားပြီး ပျောက်ကွယ်သွားသည်။
ထို့နောက် စိတ်လှုပ်ရှားနေသော အံ့ဖွယ်မိုးကောင်းကင် တပည့်များက စစ်နတ်ဘုရား မျှော်နန်းဆောင်ဆီ အပြေးအလွှား သွားကြသည်။
သူတို့က စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ ဘေးမှာပဲ မတ်တပ်ရပ်ပြီးကြည့်နေကြသည်။ သူတို့က သေချာနားမလည်သေးသည့်အတွက် သူတို့ အထဲကို ဖြစ်သလို ဝင်မသွားရဲကြပေ။
“ ငါ အရင်တုန်းက မျှော်နန်းဆောင်ထဲကို လေ့ကျင့်ဖို့ ဝင်သွားဖူးတယ်။ အားလုံး ကြောက်ဖို့မလိုဘူးနော်။ အရမ်းလုံခြုံပါတယ်”
ချင်ယွင်တိက သူ့အတွေ့အကြုံကို ပြန်ပြောပြရင်း ပြုံးနေသည်။
စုန့်ဖူကွေ့၊ ကျောက်ဟောင်၊ လျှိုထိုက်ယီတို့ကလည်း သူတို့အကြောင်းကို ပြန်ပြောပြနေသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းကတည်းက ပါရမီရှင်တွေကို စစ်နတ်ဘုရား ကျောက်ပြားပေါ်မှာ အဆင့်တွေ သတ်မှတ်ပေးထားတယ်တဲ့လား
စစ်နတ်ဘုရားစင်မြင့်ပေါ်မှာ စွမ်းအားကြီးမျိုးနွယ်အသီးသီးက နတ်ဘုရားလောက ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်နိုင်တယ်တဲ့
အထွတ်အမြတ်မြေတွေအားလုံးနဲ့ မျိုးနွယ်တွေဆီက ပျောက်ဆုံးသွားတဲ့ ပညာရပ်တွေ စုစည်းထားတဲ့ စာကြည့်တိုက်ကြီးလည်းရှိတယ်တဲ့လား။
အချက်အလက် တစ်ချက်ချင်းစီက ငယ်ရွယ်သာ တပည့်များကို အင်မတန် ဆွဲဆောင်နေသည်။
နောက်ဆုံးတော့ အစ်ကိုကြီးဖန်ချန်းပါ လှုပ်ရှားလာအောင် ဆွဲဆောင်ခံလိုက်ရပြီ။
သူက ရွှေနီရောင် ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ မီးနဂါးလှံတံကို ကိုင်ဆောင်ထားရင်း စစ်နတ်ဘုရား မျှော်နန်းဆောင်ရှေ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်
“ ဒါဆို ဒီစုတ်ပြတ်နေတဲ့ မျှော်နန်းဆောင်က ဒဏ္ဍာရီလာ စစ်နတ်ဘုရား မျှော်နန်းဆောင်တဲ့လား။ အပြင်ပန်းကို ကြည့်ပြီး ဆုံးဖြတ်လို့ မရနိုင်ဘူးပဲ။
စစ်နတ်ဘုရား မျှော်နန်းဆောင် ကျွန်တော်ကို ဝင်ခွင့်ပြုပါ။ ကျွန်တော်က ၉ ဆင့်မြောက် ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ရောက်နေပြီးတော့ ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါတယ်။
နတ်ဘုရားလောက ပါရမီရှင်တွေက ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာကို ကြည့်ချင်တယ်။
ကျွန်တော်ရဲ့မီးနဂါးလှံတံကို ခုခံနိုင်လားဆိုတာ ကြည့်ကြသေးတာပေါ့”