← Chapters

ဖန်ချန်းနှင့် ကြယ်ခုနစ်ပွင့် ပါရမီရှင် ပြိုင်ပွဲ

Vol. 17 Ch. 250

ဖန်ချန်းနှင့် ကြယ်ခုနစ်ပွင့် ပါရမီရှင် ပြိုင်ပွဲ

Vol. 17 Ch. 250

အခန်း (၂၅၀) : ဖန်ချန်းနှင့် ကြယ်ခုနစ်ပွင့် ပါရမီရှင် ပြိုင်ပွဲ

ဖန်ချန်းတွင် ကြံ့ခိုင်သော ခန္ဓာကိုယ်ရှိပြီး အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ တပည့်များအားလုံးထဲမှ ကွဲထွက်နေသည်။

ချပ်ဝတ်တန်ဆာ ဝတ်ထားပြီး နဂါးလှံတံကို ကိုင်ဆောင်ထားသည့်ပုံစံက အားလုံးကို မှင်သက်သွားစေသည်။

သူက တကယ့်အစ်ကိုကြီးပဲ။ ဘယ်သူမှ သူ့သတ္တိကို သံသယဝင်လို့မရဘူး

သူက စစ်နတ်ဘုရား မျှော်နန်းဆောင်လိုမျိုး အထွတ်အထိပ်အဆင့်ရတနာနဲ့ နတ်ဘုရားလောကရဲ့ ပါရမီရှင်ဟောင်းတွေကို ရင်ဆိုင်ရတာတောင် တည်ငြိမ်ပြီးတော့ ယုံကြည်မှုရှိတုန်းပဲ

သူ့လိုမျိုး ယုံကြည်မှုက တခြားကျင့်ကြံသူတွေဆီမှာ မြင်တွေ့ရဖို့ ခဲယဉ်းတဲ့အပြင် သူ့အရည်အချင်းကလည်း ၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းကို ရောက်ရှိနေပြီလေ

ရှန်ထျန်းသာ ပေါ်မလာပါက ဖန်ချန်းက အထွတ်အမြတ်မြေကို ဦးဆောင်မည့်သူ ဖြစ်လိမ့်မည်ဟု အားလုံးက ယုံကြည်ထားကြသည်။

သူက တခြားသူတော်စင်များနှင့် ယှဉ်ပြိုင်ရန်အတွက် သေချာပေါက် စွမ်းအားကြီးသည်။

ဖန်ချန်း၏ တောင်းဆိုမှုကြောင့် စစ်နတ်ဘုရား မျှော်နန်းဆောင်တံခါး ဖြည်းဖြည်းချင်း ပွင့်သွားကာ သက်တံအလင်းတန်း တစ်ခုပေါ်လာပြီး ဖန်ချန်းအပေါ် ဖြာကျကာ သူ့ကို မျှော်နန်းဆောင်ထဲသို့ ခေါ်ဆောင်သွားသည်။

ကျန်းယွင်ထင်နှင့် ကျန်းယွင်ရှီးတို့ကလည်း မျှော်နန်းဆောင်ရှေ့မှာ ရပ်နေကြသည်။

“ ကျွန်တော်က အံ့ဖွယ်မိုးကောင်းကင်ရဲ့ တပည့် ကျန်းယွင်ထင်ပါ။ နတ်ဘုရားလောကရဲ့ ပါရမီရှင်တွေက ဘယ်လောက်ထိသန်မာလဲဆိုတာ သိချင်ပါတယ်။ နတ်ဘုရားမျှော်နန်းဆောင်အနေနဲ့ ကျွန်တော်ကို စစ်ဆေးမှုခံယူဖို့အတွက် လမ်းပြပေးနိုင်မလား”

“ ကျွန်မက အံ့ဖွယ်မိုးကောင်းကင်ရဲ့ တပည့် ကျန်းယွင်ရှီးပါ။ နတ်ဘုရားလောကရဲ့ ပါရမီရှင်တွေက ဘယ်လောက်ထိ သန်မာလဲဆိုတာ သိချင်ပါတယ်။ နတ်ဘုရားမျှော်နန်းဆောင်အနေနဲ့ ကျွန်မကို စစ်ဆေးမှုခံယူဖို့အတွက် လမ်းပြပေးနိုင်မလား”

တံခါး ထပ်ပွင့်လာပြီး အလင်းတန်းက သူတို့နှစ်ယောက်လုံးအပေါ် လွှမ်းခြုံထားသည်။

ခဏအကြာတွင် ဖန်ချန်း၊ ကျန်းယွင်ရှီးနှင့် ကျန်းယွင်ထင်တို့ စစ်နတ်ဘုရားစင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။

သူတို့က မတူညီသောနေရာမှာ ဖြစ်သည့်အတွက် အချင်းချင်း မတွေ့ကြပေ။

သူတို့ လှည့်ပတ်ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။

ထို့နောက် ပျော့ပြောင်းသော အမျိုးသမီးတစ်ယောက်၏ အသံထွက်ပေါ်လာသည်။

“ အမျိုးသားများနဲ့ အမျိုးသမီးလေးတို့ စစ်နတ်ဘုရားစင်မြင့်ကနေ ကြိုဆိုပါတယ်။ ဒီမှာ ဘာကန့်သတ်ချက်မှ မရှိဘဲနဲ့ များပြားတဲ့ ပါရမီရှင်တွေနဲ့ တိုက်ခိုက်နိုင်ပါတယ်။

အဲဒီပါရမီရှင်တွေကို နိုင်အောင် တိုက်ခိုက်နိုင်မယ်ဆိုရင် မင်းတို့အနေနဲ့ အဖိုးတန်တဲ့ အမွေအနှစ် ဆန်းကြယ်ပညာရပ်မျိုးစုံကို ရရှိနိုင်မယ်။

ရှုံးသွားခဲ့မယ်ဆိုရင်တော့ ဝိညာဉ်ကျောက်တုံး အနည်းငယ် ကုန်ဆုံးရမယ်။ ဒါက တကယ်ကို ကောင်းတဲ့ အပေးအယူပါ။

မင်းတို့သာ ကောင်းကောင်း စွမ်းဆောင်နိုင်မယ်ဆိုရင် စစ်နတ်ဘုရား ကျောက်ပြားပေါ်မှာ မင်းတို့ရဲ့ နာမည်ပါလာလိမ့်မယ်”

ကျောက်ပြားက သူတို့ရှေ့တွင် ပေါ်လာသည်။

ကျော်ကြားသော နာမည်များစွာကို တွေ့ရပြီး တော်တော်များများကို ဖန်ချန်း ကြားဖူးထားသည်။

ကျောက်စိမ်းရေကန်၊ အံ့ဖွယ်မိုးကောင်းကင်ရဲ့ ဂိုဏ်းချုပ်တွေ၊ ပြိုင်ဘက်ကင်း ကျင့်ကြံသူတွေနဲ့ အထက်ဘုံတက်လှမ်းခြင်းကို ရောက်သွားတဲ့သူတွေကို ကျော်လိုက်မယ်

ဒီကျောက်ပြားပေါ်မှာ နာမည်ရှိနေတဲ့သူတိုင်း သူတို့ဘဝမှာ ထူးခြားတဲ့ အရာတစ်ခုကို ရရှိသွားတာပဲ

သူတို့ မတော်တဆသာ မဖြစ်ရင် ဘဝမှာ အရမ်းကို အောင်မြင်နေမှာပဲ

ကျန်းယွင်ရှီးက ကျောက်ပြားပေါ်ရှိ နာမည်များကိုကြည့်လိုက်ပြီး မျက်မှောင်ကြုံ့ကာ မကျေနပ်သောလေသံဖြင့် မေးလိုက်သည်

“ မျှော်နန်းဆောင်ဝိညာဉ်မလေး ရှန်ထျန်းရဲ့ နာမည်က ဘာလို့ စာရင်းထဲမှာ မပါရတာလဲ။ သူ ကောင်းကောင်း မလုပ်နိုင်ခဲ့လို့လား”

အဲဒါတင် မဟုတ်သေးဘူး … ဆရာဦးလေးကြာပြာက သူမအဖေထက်တောင် အဆင့်မြင့်နေတယ်တဲ့ ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ

ကျန်းယွင်ရှီးက ရှန်ထျန်း ဘာလို့ ထိပ်ဆုံးအယောက် တစ်ရာထဲမှာ မပါရလဲဆိုတာကို ပိုပြီး သိချင်နေသည်။

ဝိညာဉ်မလေးက ရယ်ကာ ပြောလိုက်သည်

“ မိန်းကလေး… အဲဒါက ရှန်ထျန်းအတွက် မတရားဘူးလို့ထင်လား။

မစိုးရိမ်ပါနဲ့။ ရှန်ထျန်းက မျှော်နန်းဆောင် စစ်ဆေးမှုကို ဖြတ်ကျော်ပြီးတော့ မင်းတို့လောကမှာ တစ်ဦးတည်းသော ကြယ်ခုနစ်ပွင့် ပါရမီရှင်ပဲ။

သူ့နာမည်ကို ကျောက်ပြားပေါ်မှာ မဖော်ပြဘူးဆိုတာက သူ့ဆုံးဖြတ်ချက်ဖြစ်ပြီးတော့ မျှော်နန်းဆောင်က အဲဒါကို အလေးအနက်ထားပါတယ်။

မိန်းကလေးလည်း စစ်နတ်ဘုရားစာရင်းရဲ့ ထိပ်ဆုံးအယောက်တစ်ရာထဲမှာ ပါအောင် လုပ်နိုင်ခဲ့ရင် အဲလိုမျိုး လူမသိအောင် လုပ်ဖို့အတွက် ရွေးချယ်လို့ရပါတယ်။ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံး တစ်သောင်းတော့ ကုန်လိမ့်မယ်”

ကျန်းယွင်ရှီး ထိတ်လန့်အံ့ဩသွားသည်။

ဈေးနှုန်းက သူမအတွက် မများသော်လည်း ပမာဏက စဉ်းစားထားတာထက် များနေသည်။

နာမည်လေး ဖုံးကွယ်ဖို့အတွက် တစ်သောင်းပေးရမယ်တဲ့လား။ ဒါ လုံးဝ မဖြစ်သင့်ဘူး

ရှန်ထျန်းက ကြယ်ခုနစ်ပွင့် ပါရမီရှင်အဖြစ် သတ်မှတ်ထားခံရသည်ကို သိပြီးပြီဖြစ်သည့်အတွက် ဒီအကြောင်း အရမ်းစိတ်ထဲမထည့်ဖို့ ကျန်းယွင်ရှီး ဆုံးဖြတ်လိုက်သည်။

သူမ တည်ငြိမ်စွာ ပြောလိုက်သည်

“ မျှော်နန်းဆောင် ဝိညာဉ်မလေး ကျွန်မကို စည်းမျဉ်းတွေ ပြောပြပါတော့”

“ ဟုတ်ပြီ…သေချာနားထောင်နော်။ စစ်နတ်ဘုရားစင်မြင့်က စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ အဓိကကျတဲ့ အရာပဲ။ ထာဝရရှင်သန်သူလောကနဲ့ လူသားလောကက ပါရမီရှင်တွေရဲ့ ပုံရိပ်ယောင်တွေ အကုန်လုံးကို ဒီမှာ ဖန်ဆင်းလို့ ရတယ်။

ပါရမီရှင်တွေ အမျိုးမျိုးကို စိန်ခေါ်ပြီးတော့ အတွေ့အကြုံတွေ အများကြီး ယူလို့ရတယ်။

ကြယ်တစ်ပွင့် ပါရမီရှင်ကို အနိုင်ရရင် လုပ်ဆောင်မှုကို ကြည့်ပြီးတော့ ကြယ်တစ်ပွင့် ကျင့်ကြံရေးပညာရပ်နဲ့ အမွေအနှစ်ပညာရပ်ကို ဆုချလိမ့်မယ်။ ရှုံးသွားမယ်ဆိုရင် စစ်နတ်ဘုရားအမှတ် ၁၀ မှတ်ကို ဆုံးရှုံးရလိမ့်မယ်။

ကြယ်နှစ်ပွင့် ပါရမီရှင်ကို အနိုင်ရရင် လုပ်ဆောင်မှုကို ကြည့်ပြီးတော့ ကြယ်နှစ်ပွင့် ကျင့်ကြံရေးပညာရပ်နဲ့ အမွေအနှစ် ပညာရပ်ကို ဆုချလိမ့်မယ်။ ရှုံးသွားမယ်ဆိုရင် စစ်နတ်ဘုရားအမှတ် ၃၀ ကို ဆုံးရှုံးရလိမ့်မယ်။

ကြယ်လေးပွင့် ပါရမီရှင်ကို အနိုင်ရရင် လုပ်ဆောင်မှုကို ကြည့်ပြီးတော့ ကြယ်လေးပွင့် ကျင့်ကြံရေးပညာရပ်နဲ့ အမွေအနှစ်ပညာရပ်ကို ဆုချလိမ့်မယ်။ ရှုံးသွားမယ်ဆိုရင် စစ်နတ်ဘုရားအမှတ် ၃၀၀ ကို ဆုံးရှုံးရလိမ့်မယ်။

ပါရမီရှင်အသီးသီးကို ဆုချတာက ဒီစည်းမျဉ်းအတိုင်းပဲ ဒါပေမဲ့ မင်း ရှုံးသွားရင် စစ်နတ်ဘုရားအမှတ် တစ်ထောင် ကုန်လိမ့်မယ်။

စစ်နတ်ဘုရားအမှတ် ရဖို့အတွက် ဝိညာဉ်ကျောက်တုံး၊ ဓမ္မရတနာတွေ၊ ဆေးလုံးတွေနဲ့ လဲလှယ်လို့ရတယ်။ အမှတ်တစ်မှတ်ချင်းစီက ဝိညာဉ်သလင်းကျောက် ၁၀တုံး တန်ကြေးရှိပြီးတော့ ဝိညာဉ်ကျောက်တုံးတစ်သောင်း တန်တယ်”

ကျန်းယွင်ရှီးက ခဏတာစဉ်းစားကာ ပြောလိုက်သည်

“ ကြယ်တစ်ပွင့် ပါရမီရှင်က စစ်နတ်ဘုရားအမှတ် ၁၀၀ ကုန်ကျမယ်လို့ ကျွန်မ ဖတ်ထားရတယ်”

ဝိညာဉ်မလေးက ရယ်ကာ ရှင်းပြလိုက်သည်

“ အံ့ဖွယ်မိုးကောင်းကင် သူတော်စင်ရှန်ထျန်းက ကုန်ကျမှုစရိတ်ကို ကျွန်မတို့နဲ့ တိုင်ပင်ထားပါတယ်။ ဒါက ထွက်လာတဲ့ ရလဒ်ပါ။

နယ်မြေငါးခုက ကျင့်ကြံသူတွေကို ၉၀ ရာခိုင်နှုန်းလျှော့ဈေးနဲ့ မျှော်နန်းဆောင်ထဲကို ဝင်ခွင့်ပြုထားတယ်။

မင်းက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရဲ့ သူတော်စင်မ ဖြစ်တဲ့အတွက် ယခုလက်ရှိ လျှော့ဈေးထက် ၅၀ ရာခိုင်နှုန်းထပ်ပြီး ထည့်ပေါင်းလို့ ရပါသေးတယ်။

ဒါက တကယ်ကို ကောင်းတဲ့ အပေးအယူပဲ။ အချိန်ကန့်သတ်ထားတာမလို့ အခွင့်အရေးကို လက်လွှတ်မခံနဲ့နော်။”

ဒါဆို ယခုလက်ရှိ လျှော့ဈေးအတွက် မောင်လေးရှန်ထျန်းကို ကျေးဇူးတင်သင့်တာလား

ကျန်းယွင်ရှီးက ရှက်သွေးဖြာရင်း ပြောလိုက်သည်

“ ဟုတ်ပါပြီ .. အဖြေအတွက် ကျေးဇူးတင်ပါတယ်”

ကျန်းယွင်ထင်ကလည်း တခြားစင်မြင့်ပေါ်တွင် မျှော်နန်းဆောင် ဝိညာဉ်မလေးနှင့် စကားပြောနေသည်။

သူက တရုတ်ဗျက်စောင်းကို သယ်လာပြီး မေးလိုက်သည်

“ မျှော်နန်းဆောင် ဝိညာဉ်မလေး…ဒါက စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲမှာရှိတဲ့ တစ်ခုတည်းသော တိုက်ပွဲပုံစံလား”

ဝိညာဉ်မလေးက ပြန်လည်ဖြေကြားလိုက်သည်

“ ဟုတ်ပါတယ် လူငယ်လေး။ ပြဿနာများရှိလို့လားဟင်”

ကျန်းယွင်ထင်က ပြုံးကာ ပြောလိုက်သည်

“ ဒါက မျှော်နန်းဆောင်ကို အကျိုးအမြတ်ရစေမဲ့ အကောင်းဆုံး နည်းလမ်းမဟုတ်ဘူးလို့ ယွင်ထင် ယုံကြည်တယ်။ ဒီကိုလာတဲ့ ကျင့်ကြံသူတွေက ပါရမီရှင်အဖြစ် သတ်မှတ်ခံထားရပြီးသားဆိုတော့ ပြင်းထန်တဲ့ ပြောင်းလဲမှုဆိုတာ ရှိမှာ မဟုတ်ဘူး။ အဲဒါကြောင့် သူတို့သာ တိုက်ပွဲမှာ ရှုံးသွားရင် အရာအားလုံးကို ဆုံးရှုံးပြီးတော့ ဒီနေရာကို ထပ်ပြီးတော့ လာလည်မှာ မဟုတ်တော့ဘူး။

သူတို့သာ တိုက်ပွဲကို အနိုင်ရသွားရင်လည်း အများဆုံး အမွေအနှစ်ပညာရပ် နှစ်ခုကိုပဲ ရွေးချယ်နိုင်မယ်။ အဲဒါပြီးတော့ နောက်ထပ် ဆုလာဘ်တွေ မရှိတော့ရင် သူတို့က မျှော်နန်းဆောင်ကို အလည်လာမှာ မဟုတ်တော့ဘူးလေ”

“ အော်…ဒါဆိုရင် မင်းရဲ့အကြံပြုချက်က ဘာလဲ”

ကျန်းယွင်ထင်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်

“ ဒါက လွယ်ပါတယ်။ ဒီလိုမျိုး လောင်းကြေးထပ်ပြီး တိုက်ရတဲ့ တိုက်ပွဲအပြင် သာမန်တိုက်ပွဲအတွက်လည်း စင်မြင့်တစ်ခု လုပ်ထားသင့်တယ်။

ပါဝင်သူတွေက ဝင်ကြေးနည်းနည်းပဲ ပေးပြီးတော့ သူတို့လိုချင်တဲ့ ပြိုင်ဘက်ကို ရွေးချယ်နိုင်မဲ့ တိုက်ပွဲမျိုးပေါ့။

ပါဝင်သူ အနိုင်ရသွားမယ်ဆိုရင် စစ်နတ်ဘုရား မျှော်နန်းဆောင်က အကျိုးရှိနေတုန်းပဲလေ။ သူတို့ရှုံးသွားမယ်ဆိုရင်လည်း ပမာဏ သိပ်မများတဲ့အတွက် အကြိမ်အနည်းငယ် ကြိုးစားပြီး ထွက်သွားလို့ ရတယ်။

အဲဒီအခါ အတွေ့အကြုံ နည်းသေးတဲ့ ပါရမီရှင်အများစုက စစ်နတ်ဘုရား မျှော်နန်းဆောင်ကို တိုးတက်ဖို့ အကောင်းဆုံးနည်းလမ်းလို့ သတ်မှတ်လာကြလိမ့်မယ်။

ဒါက လက်ရှိနည်းလမ်းထက် အများကြီးပိုကောင်းပြီးတော့ မျှော်နန်းဆောင်ကိုလည်း ရေရှည်တည်တံ့စေလိမ့်မယ်”

ယဲ့ချန်းခန်က စစ်နတ်ဘုရား မျှော်နန်းဆောင်၏ ခုနစ်ထပ်မြောက်တွင် မတ်တပ်ရပ်နေရင်း ရေရွတ်လိုက်သည်

“ ဒီကောင်လေးကလည်း ဟာသဉာဏ်ရွှင်တာပဲ။ ထျန်းအာပဲ အဲလိုစဉ်းစားတယ်လို့ ထင်ထားခဲ့တာ။ ဒီကောင်လေးကလည်း တော်တယ် ထင်တယ်”

ရှန်ထျန်းက တိုက်ပွဲပုံစံထက် တခြားတစ်ခုကို အဆိုပြုခဲ့သည်။ သူက မျှော်နန်းဆောင်ထဲမှာ “ရုပ်သံလွှင့်ခြင်း”ကို ထားရှိဖို့အတွက် အကြံပြုခဲ့သည်။ ဥပမာအားဖြင့် ကျန်းယွင်ထင်က စစ်နတ်ဘုရား မျှော်နန်းဆောင်ထဲတွင် ပါရမီရှင်တစ်ယောက်နှင့် တိုက်ခိုက်စဉ် ရုပ်သံလွှင့်ဖို့အတွက် ရွေးချယ်နိုင်သည်။

တခြားသူတွေက ပြပွဲအတွက် အဖိုးအခပေးဖို့ ဆန္ဒရှိသည်နှင့်တစ်ပြိုင်နက် မျှော်နန်းဆောင်အတွင်းတွင် တိုက်ပွဲကို တိုက်ရိုက်ကြည့်ရှုဖို့ အခွင့်အရေးရမည် ဖြစ်သည်။ ထို့အပြင် ယှဉ်ပြိုင်သူများကို အဖိုးအခ ပေးလို့လည်း ရသေးသည်။

သူတို့ကို အဲလိုမျိုး ပေးမဲ့သူရော ရှိပါ့မလား

ရှိတာပေါ့ ကျန်းယွင်ထင်က ရှန်ထျန်းလောက် မကျော်ကြားပေမဲ့လည်း သူ့မှာ အမျိုးသမီး ပရိသတ် တော်တော်များများ ရှိထားတယ်

ပရိသတ်တွေက သူတို့ကြိုက်တဲ့သူနဲ့ဆိုရင် ဘယ်တော့မှ ကျိုးကြောင်းဆင်ခြင်တာမျိုး မရှိကြတော့ဘူး

မတူညီတဲ့ အထွတ်အမြတ်မြေက ဒီပါရမီရှင်တွေဆီမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်ပရိသတ်တွေ ရှိနေမှာပဲ

သာမန်နေ့တစ်နေ့မှာတော့ အဲဒီပရိသတ်တွေက သူတို့ သဘောကျတဲ့သူကို တွေ့ဖို့ အခွင့်အရေး မရှိဘူး။ ဒါပေမဲ့ သူတို့ သဘောကျတဲ့သူ တိုက်ခိုက်တာကိုသာ ကြည့်ခွင့်ရမယ်ဆိုရင် ပိုက်ဆံကို လိုလိုလားလားနဲ့ သုံးပြီးတော့ သူတို့ကို ထောက်ပံ့လိမ့်မယ်

ရှန်ထျန်းက ပုံရိပ်ဖမ်း သလင်းကျောက်ကို ထားရှိဖို့အတွက် အကြံပြုခဲ့သည်။ တိုက်ပွဲတစ်ခုလုံးကို သလင်းကျောက်အတွင်း ဖမ်းယူထားနိုင်သည်။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေတွင် ဤ သလင်းကျောက်များကို စိတ်ဝင်စားသူဆီ ရောင်းချခွင့် ရှိသည်။ ထိုဖမ်းယူထားသည်များကို ကြည့်ခြင်းအားဖြင့် တခြားပါရမီရှင်များအတွက်လည်း အကျိုးအမြတ် ရှိနိုင်သည်။

တခြားကျင့်ကြံသူများက ထိုကဲ့သို့သော ပစ္စည်းမျိုးအတွက် သူတို့ပိုက်ဆံကို ထုတ်သုံးမည်ဟု ရှန်ထျန်း ယုံကြည်ထားသည်။

ထိုအရာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ တစ်ခွင်လုံးကို ကိုယ်တိုင်လျှောက်သွားနေသည်ထက် အများကြီး ပိုပြီး သက်သာသည်။

ဂိုဏ်းချုပ်ကလည်း ထိုအကြံကို တစ်ခါပြောခဲ့ဖူးသလို ရှန်ထျန်း ထိုအကြံကို ပြန်လည်ပြင်ဆင်မှု ပြုလုပ်လိုက်သည်။

အရာအားလုံးသာ အဆင်ပြေပါက ပုံရိပ်ဖမ်းသလင်းကျောက် ရောင်းအားက အတော်ကို များပြားလိမ့်မည်။

ရှန်ထျန်းနှင့် ယဲ့ချန်းခန်က ပိုက်ဆံကို သူတို့အတွက်ပဲ ယူထားမည် မဟုတ်ပေ။

အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေက မူပိုင်ခွင့် ချိုးဖောက်တာမျိုး မရှိအောင် ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချပြီး နောက်ပိုင်း ဝန်ဆောင်မှုနှင့် ကာကွယ်မှုတို့ကို တာဝန်ယူရမည်။

သို့သော် အံ့ဖွယ်မိုးကောင်းကင်ကလည်း ပိုက်ဆံကို သူတို့ချည်း ယူမထားပေ။ အဘယ်ကြောင့်ဆိုသော် စစ်နတ်ဘုရား မျှော်နန်းဆောင်အတွင်း ပုံရိပ်ဖမ်းယူခြင်းကို ယဲ့ချန်းခန်ကသာ လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။

ထို့ကြောင့် အကျိုးရလဒ်ကို ခွဲယူခြင်းက အကောင်းဆုံး ဖြစ်သည်။

ယဲ့ချန်းခန်က မျှော်နန်းဆောင် အသွင်အပြင်တစ်ချို့ကို ပြန်လည်သန့်စင်ပြီးနောက် သင်္ကေတတစ်ချို့ကို ထွင်းထားသည်။

ကျန်းလုံယွမ်၏ သားက ဒီလောက်ထိ ထက်မြက်လိမ့်မည်ဟု သူ မတွေးထားခဲ့ပေ။ အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေမှာ ပါရမီရှင်များဖြင့် ပြည့်နှက်နေသည်။

သို့သော် ယဲ့ချန်းခန်က မထက်မြက်သူများကို ပိုကြိုက်သည်။

ဘာလို့လဲဆိုတော့… သူတို့က လွယ်လွယ်နဲ့ အလိမ်ခံရလို့လေ

ယဲ့ချန်းခန်က ခေါင်းယမ်းကာ တတိယမြောက် စင်မြင့်ကို ကြည့်လိုက်သည်။

ယှဉ်ပြိုင်သူက အစ်ကိုကြီးဖန်ချန်း ဖြစ်၏။ သူ မျှော်နန်းဆောင်ထဲသို့ ဝတ်စုံအပြည့် ဝတ်ကာ ဝင်လာသည်။ ရှန်ထျန်း၏ နာမည်က ကျောက်ပြားပေါ်မှာ မရှိသည်ကို သူ သတိမထားမိသလို မျှော်နန်းဆောင်ကို ကြေညာပေးနိုင်မည့် နည်းလမ်းအသစ်တွေကိုလည်း မပေးပေ။

သူ ဈေးနှုန်းစာရင်းကို ကြားသိရသည်နှင့် တစ်ပြိုင်နက် အရမ်းစိတ်လှုပ်ရှားကာ ပြောလိုက်သည်

“ ကြယ်လေးပွင့် ပါရမီရှင်ကို စိန်ခေါ်ချင်ရင် စစ်နတ်ဘုရားအမှတ် ၃၀၀ ကုန်မယ်။ ကြယ်ငါးပွင့် ပါရမီရှင်ကို အမှတ် တစ်ထောင်တဲ့လား။ ခြောက်ပွင့်နဲ့ ခုနစ်ပွင့်ကို စိန်ခေါ်တဲ့ ကုန်ကျစရိတ်ကလည်း ငါးပွင့်နဲ့ အတူတူပဲတဲ့။

ဒါဆိုရင် ကြယ်ငါးပွင့် တစ်ယောက်ရဲ့ ဈေးနှုန်းနဲ့ ကြယ်ခုနစ်ပွင့် ပါရမီရှင်နဲ့ တိုက်ခိုက်လို့ ရနိုင်တာပေါ့။

အဲလိုဆိုရင် တန်တယ်”

ဖန်ချန်းက နဂါးလှံတံကို တင်းကြပ်စွာ ကိုင်ထားကာ မေးလိုက်သည်

“ မျှော်နန်းဆောင် ဝိညာဉ်မလေး… ကျွန်တော် ကြယ်ခုနစ်ပွင့် ပါရမီရှင်နဲ့တိုက်ခိုက်ပြီး ရှုံးရင် ကျွန်တော် သေမှာလား”

ဝိညာဉ်မလေးက ပြန်ဖြေလိုက်သည်

“ မသေပါဘူး။ မျှော်နန်းဆောင်ဘက်ကနေ အဲလိုကိစ္စမျိုး ဖြစ်မလာဖို့အတွက် အကောင်းဆုံး မင်းကို ကာကွယ်ပေးမှာပါ။ မတော်တဆမှုဆိုတာ လုံးဝ မရှိပါဘူး”

ဖန်ချန်းက ပြုံးကာ လက်စွပ်ထဲမှ ပိုက်ဆံကိုထုတ်လိုက်သည်။

“ ကောင်းတယ်…ကျွန်တော်ရဲ့ ပြိုင်ဘက်နဲ့ တွေ့ခွင့်ပြုပါ။

ဒီကြယ်ခုနစ်ပွင့် ပါရမီရှင်က ဘယ်လောက်ထိ သန်မာလဲဆိုတာကို ကျွန်တော် သိချင်နေပြီ”

ယဲ့ချန်းခန်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။

တွေ့လား…ဉာဏ်သိပ်မကောင်းတဲ့သူတွေဆီကနေ ပိုက်ဆံရဖို့က တကယ်ကို လွယ်ကူတယ်

စွန့်စားခရီးမှ ရလာသော ပစ္စည်းများနှင့် လဲလှယ်ပြီးနောက် ဖန်ချန်း၏ စစ်နတ်ဘုရားအမှတ်က အလျင်အမြန် တိုးသွားသည်။ ကံကြမ္မာကောင်း ရှိသော ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဖန်ချန်းက ယခင်ကတည်းက ကံအပြောင်းအလဲ အခွင့်အရေးများစွာ တွေ့ကြုံထားရသည်။ စစ်နတ်ဘုရားအမှတ် တစ်ထောင်သို့ ရောက်ရှိသွားသည့်အခါ ကြယ်ခုနစ်ပွင့် ပါရမီရှင်နှင့် စိန်ခေါ်မှု စတင်တော့သည်။

မကြာခင်မှာပဲ ပြိုင်ဘက်၏ ပုံရိပ်ယောင် ပေါ်လာသည်။

ဖန်ချန်းက သူ့နဂါးလှံတံကို ကိုင်ကာ ပြေးဝင်သွားပြီး သုံးစက္ကန့်အကြာတွင် စစ်နတ်ဘုရား အမှတ်တစ်ထောင်ကို နှုတ်ယူခံလိုက်ရသည်။

All Chapters