ငရှုပ်လေး ဟွမ်ရှစ်
Vol. 17 Ch. 251
အခန်း (၂၅၁) : ငရှုပ်လေး ဟွမ်ရှစ်
ဖန်ချန်းက စစ်နတ်ဘုရားစင်မြင့်ပေါ်တွင် ထိုင်ပြီး လုံးဝ ကြောင်အနေသည်။ ထိုအချက်ကြောင့် သူ လုံးဝ ကိုယ့်ကိုယ်ကို သံသယဝင်သွားသည်။
သုံးစက္ကန့်…
ဘာလို့ ဒီလောက်ထိ မြန်နိုင်ရတာလဲ
သူ ဘယ်တုန်းကမှ ဒီလောက်ထိ မမြန်ခဲ့ဖူးဘူး
သူက တိုက်ပွဲရဲ့ စိတ်လှုပ်ရှားမှုကိုတောင် မခံစားရသေးဘဲနဲ့ ပြီးသွားပြီတဲ့လား
ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုသော အရာက သာမန်ကျင့်ကြံသူ တစ်ယောက်အတွက် ထိတ်လန့်စရာကောင်းသည့် ပမာဏတစ်ခု ဖြစ်သည်။
ဆန်းကြယ်နယ်ပယ်အဆင့်များနှင့် တိုက်ပွဲများတွင် ကံအပြောင်းအလဲ အခွင့်အရေးများစွာ ရရှိထားသော ဖန်ချန်းကဲ့သို့ ပါရမီရှင်တစ်ယောက်အတွက်ပင် ကံကောင်းမှုအားလုံးကို တွက်ချက်ကြည့်လိုက်ပါက ဝိညာဉ်ကျောက်တုံး တစ်သိန်းထက်တော့ လျော့နည်းနေသေးသည်။ သူက ထိုအရာအများစုက သူ့ကိုယ်ပိုင် ကျင့်ကြံရေးအတွက် အသုံးပြုပြီးနေပြီ ဖြစ်သည်။
ပါရမီရှင်တစ်ယောက်အနေဖြင့် ကျင့်ကြံရေးအတွက် ကောင်းမွန်သော အုတ်မြစ်ကို တည်ဆောက်ချင်ပါက ပိုမိုများပြားသော အရင်းအမြစ်များကို အသုံးပြုဖို့ လိုအပ်သည်။
ယခုလက်ရှိတွင် ဖန်ချန်း၏ ကိုယ်ပေါ်ရှိ အထွတ်အထိပ်အဆင့် ချပ်ဝတ်တန်ဆာနှင့် နဂါးလှံတံကလွဲပြီး ဖန်ချန်းပေါ်ရှိ အဖိုးတန်ရတနာများ၏ တန်ဖိုးက ဝိညာဉ်ကျောက်တုံး ၃သောင်းသာ တန်ဖိုးရှိသည်။
ဖန်ချန်း၏ ကံကောင်းမှု သုံးပုံပုံ တစ်ပုံက သုံးစက္ကန့်အတွင်းမှာတင် ရှင်းထုတ်ခံလိုက်ရသည်။
သူ ရင်နာလွန်းသည့်အတွက် အသက်ကိုပင် ခက်ခက်ခဲခဲ ရှူနေရသည်။
ထိုအခိုက်အတန့်တွင် ဝိညာဉ်မလေး၏ အသံက ထွက်ပေါ်လာသည်
“ ပါရမီရှင်ငယ်လေး ရင်နာမနေပါနဲ့နော်။
ကြယ်ခုနစ်ပွင့် ပါရမီရှင်ဆိုတာက နတ်ဘုရားလောကမှာတောင် မြင့်တဲ့ အဆင့်တစ်ခုပါ။ မင်းကိုမင်း အားဖြည့်ဖို့အတွက် မိုးကြိုးအရှိန်အဝါ မရှိမှတော့ သူနဲ့ပြိုင်ဆိုင်ရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့တောင် ခက်ခဲလိမ့်မယ်။
ကြယ်ခုနစ်ပွင့် ပါရမီရှင်ရဲ့ တိုက်ခိုက်ခြင်းကို သုံးစက္ကန့်လောက် တောင့်ခံနိုင်တယ်ဆိုတာကတင် ရှားပါးတဲ့ အောင်မြင်မှု ဖြစ်နေပါပြီ။ မင်းက ကမ္ဘာပေါ်မှာ ရှားပါးတဲ့ အရည်အချင်း ရှိတဲ့သူပဲ။
အားဖြည့်ပေးတဲ့အနေနဲ့ ဒဏ်ရာတွေကို အလကား ကုသပေးလိုက်မယ်။
ဆက်လက်ကြိုးစားချင်စိတ် ရှိသေးလားဆိုတာကို သိခွင့်ရှိမလား”
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ သိမ်မွေ့သောအသံကြောင့် ဖန်ချန်း၏ နှလုံးသားထဲ နွေးထွေးသွားရသည်။
သူမက ငါ့ရဲ့ ဒဏ်ရာတွေကိုတောင် အလကား ကုပေးမယ်လို့ ပြောနေတယ်။ အဲဒါကလည်း ငါ တစ်ခါ ပြန်ထပြီးတော့ တိုက်ခိုက်နိုင်ဖို့တဲ့လား
ဖန်ချန်း စိတ်ဓာတ်ကျ သွားခဲ့သော်လည်း ယခုတော့ စစ်နတ်ဘုရား စင်မြင့်ပေါ်တွင် တစ်ခါပြန်လည်ရပ်တည်ခဲ့သည်။ သူ့လက်ထဲရှိ နဂါးလှံတံလည်း တောက်ပလာကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်
“ ကိစ္စမရှိပါဘူး။ နတ်ဘုရားလောကက ကြယ်ခုနစ်ပွင့် ပါရမီရှင်က တကယ်ကို စွမ်းအားကြီးတာပဲ။
ဒါပေမဲ့ စောစောက ကျွန်တော်ရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို ပြသခွင့် မရလိုက်ဘူး။ ပြသခွင့်သာရရင် သူ့ကို သေချာပေါက် နိုင်အောင် တိုက်နိုင်လောက်တယ်။
ဒါပေမဲ့ အခု ကြယ်ခုနစ်ပွင့် ပါရမီရှင်ကို ယှဉ်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို ဝန်ခံပါတယ်။ ညီလေး ရှန်ထျန်းကသာ ယှဉ်ပြိုင်နိုင်မှာ”
ဖန်ချန်းက ရင်နာနာဖြင့် သိုလှောင်လက်စွပ်ထဲမှ ရတနာများကို ထုတ်ကာ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်
“ ဟုတ်ပြီ…ဒီတစ်ခါ ကျွန်တော်ကို ကြယ်ခြောက်ပွင့် ပါရမီရှင်ကို စိန်ခေါ်ခွင့်ပေးပါ”
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အသံ ထပ်မံထွက်ပေါ်လာသည်
“ လူငယ်လေးက အရမ်းသတ္တိရှိပြီးတော့ တိုက်ခိုက်လိုစိတ် ပြင်းထန်တာပဲနော်။ မင်းရဲ့ အပြုအမူတွေကြောင့် စိတ်လှုပ်ရှားမိပါတယ်။
အကြောက်အလန့်ကင်းတဲ့ မင်းရဲ့ပုံစံကြောင့် မင်းရဲ့ နောက်ပြိုင်ဘက်အတွက် ကန့်သတ်ချက်တွေ ရွေးချယ်လို့ရတယ်”
ဖန်ချန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်
“ ကျွန်တော် နောက်ပြိုင်ဘက်ရဲ့ ကန့်သတ်ချက်တွေကို ရွေးချယ်ရမယ်တဲ့လား။ အဲဒါ ဘာကိုဆိုလိုတာလဲ”
မျှော်နန်းဆောင် ဝိညာဉ်မလေးက ရှင်းပြလိုက်သည်
“ စစ်နတ်ဘုရားစင်မြင့်ပေါ်မှာရှိတဲ့ အားလုံးရဲ့ တိုက်ခိုက်တဲ့ပုံစံနဲ့ အရည်အချင်းတွေကို မှတ်တမ်းတင်ထားပြီးတော့ ပုံရိပ်ယောင် ဖြစ်လာတာ။
အဲဒါကြောင့် စစ်နတ်ဘုရားစင်မြင့်ပေါ်မှာ နတ်ဘုရားလောကက ပါရမီရှင်တွေရဲ့ ပုံရိပ်ယောင်တွေတင် မဟုတ်ဘဲနဲ့ မင်းတို့လောကရဲ့ ပါရမီရှင်တွေလည်း ရှိတယ်လေ။
မျှော်နန်းဆောင်အနေနဲ့ စစ်နတ်ဘုရားလောကက ပါရမီရှင်လား မင်းတို့လောကက ပါရမီရှင်လားဆိုတာကို ရွေးချယ်ဖို့ တစ်ခါလောက် ခြွင်းချက် လုပ်ပေးမယ်”
မျှော်နန်းဆောင် ဝိညာဉ်မလေး၏ ရှင်းပြချက်က အရမ်းတိကျပြီး ရှင်းလင်းသည်။
ဖန်ချန်းလည်း သူမစကားပေါ်တွင် မြောသွားသည်
“ နတ်ဘုရားလောကက ပါရမီရှင်တွေက အရမ်းစွမ်းအားကြီးတာပဲ။
ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပါရမီရှင်တစ်ယောက်နဲ့ ယှဉ်မယ်ဆိုရင်လည်း ကျွန်တော်က ၉ ဆင့်မြောက် ရွှေအမြုတေ ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီးပြီမလို့ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး။
ဖန်ချန်းက နှာခေါင်းရှုံ့ကာ ပြန်ဖြေလိုက်သည်
“ ဒါဆိုရင် ကျွန်တော်ရဲ့ ကမ္ဘာက ကြယ်ခြောက်ပွင့် ပါရမီရှင်ကို စိန်ခေါ်ချင်တယ်။ လုပ်လိုက်တော့”
စစ်နတ်ဘုရားအမှတ်က တစ်ထောင်အထိ ထပ်မံ မြင့်တက်သွားသည်။ ထို့နောက် ပုံရိပ်တစ်ခုက စစ်နတ်ဘုရားစင်မြင့်ပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
ထိုပုံရိပ်ကို မြင်လိုက်ရသည့်အခါ ဖန်ချန်း ကြောင်အသွားသည်။
ပုံရိပ်က ကြောက်စရာကောင်းနေခြင်းမရှိဘဲ ကလေးပေါက်စလေးတစ်ယောက် ဖြစ်နေသောကြောင့်ဖြစ်သည်။
ဟုတ်တယ် သူ့ရဲ့ ပြိုင်ဘက်အသစ်က ကောင်လေးတစ်ယောက်
သူက အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ်လောက် ဖြစ်ပြီး တိရစ္ဆာန်သားရေ ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် အရမ်းချစ်ဖို့ ကောင်းနေသည်။
သူ့ကို မြင်တဲ့ အမျိုးသမီးတိုင်း ရင်ခွင်ထဲ ပွေ့ချီချင်သွားမှာ သေချာတယ်
ဖန်ချန်း လုံးဝ အံ့အားသင့်သွားသည်။
သေစမ်း
ငါက ဖြောင့်မတ်မှန်ကန်ပြီး အရပ်ရှစ်ပေရှိတဲ့ အရွယ်ရောက်ပြီးသားသူလေ ဒါပေမဲ့ ဒီလိုကလေးမျိုးနဲ့ တွဲပေးတယ်တဲ့လား။ လာနောက်နေတာလား
ဒီကလေး သူ့လက်လေးတွေကို ဆန့်တန်းလိုက်ရင်တောင် ငါ့ဒူးကို မှီမှာ မဟုတ်ဘူး
ငါ နိုင်ရင်တောင် အရှက်ရစရာကြီးဖြစ်နေမှာပဲ
ဖန်ချန်းက မခံမရပ်နိုင်ဖြစ်ပြီး ပြောလိုက်သည်
“ မျှော်နန်းဆောင် ဝိညာဉ်မလေး … ကျွန်တော် တကယ်ကို မလုပ်နိုင်…”
သူ စကားဆုံးအောင် မပြောရသေးခင် ကလေးက ဝင်ပြောလိုက်သည်
“ လူသား…ခင်ဗျားက ထင်ထားတာထက် အရည်အချင်းနိမ့်တာပဲ” ထို မှတ်ချက်ကို ပေးပြီးသည်နှင့် တစ်ပြိုင်နက် မူလရှိနေသော နေရာမှ ကောင်လေး ပျောက်သွားသည်။
အရမ်းမြန်တယ်
ဖန်ချန်း၏ မျက်နှာထား ပြောင်းလဲသွားသည်။
သူ မှားသွားပြီ…ဒီကလေးက လိုက်ပြီးတော့ မကြည့်နိုင်လောက်အောင် အရမ်းမြန်တယ်
ငါ ဒီငရှုပ်လေးကို လျှော့တွက်မိသွားပြီ
ဖန်ချန်း၏ စိတ်ထဲတွင် ဖိအားများသွားသည်။ သူက မီးနဂါးလှံတံကို ထိုကလေးဆီသို့ အလျင်အမြန် လွှဲယမ်းလိုက်သည်။
သူက ကလေးကို လှံဖြင့် ချက်ချင်း မထိုးစိုက်လိုက်ပေ။ အဘယ်ကြောင့်ဆိုသော် လွှဲယမ်းတိုက်ခိုက်ခြင်းက ပို၍ကြီးမားသော နေရာတစ်ခုကို ကာထားနိုင်ပြီး သူ့ပြိုင်ဘက်နှင့် ထိတွေ့နိုင်ရန် မြင့်မားသော အခွင့်အရေး ရှိသောကြောင့်ဖြစ်သည်။
ဒုတိယအကြောင်းအရင်းက ဤကလေးက အရမ်းစွမ်းအားကြီးသော်လည်း အရမ်းချစ်ဖို့ ကောင်းနေသေးသောကြောင့် ဖြစ်သည်။
ဖန်ချန်းက ကြီးမားထွားကျိုင်းသောသူ ဖြစ်သည့်အတွက် ချစ်စရာဖွယ် ကောင်လေးကို မသတ်နိုင်ပေ။
ဝှီး…
သူ၏ မီးနဂါးလှံတံက စင်မြင့်ကို ဖြတ်သွားသောအခါ နေရာတစ်ခုလုံး မီးတောက်ပင်လယ်ဖြစ်သွားသည်။
ကလေးက တောက်ပသော အလင်းတန်းထုတ်လွှတ်ကာ မီးတောက်နှင့် လှံတံကို လုံးဝ လျစ်လျူရှုသွားသည်။
တစ်ချိန်တည်းမှာပဲ ကလေးက ဝိညာဉ်မျောက် တစ်ကောင်ကဲ့သို့ ပေါ့ပါးလွတ်လပ်စွာ လေထဲတွင် ခုန်နေသည်။
သူက မီးနဂါးလှံတံကို ဆွဲကိုင်ကာ ဖန်ချန်းဆီသို့ ပေါ့ပါးစွာခုန်ရင်း ဦးတည်လာနေသည်။
လှံတံက အဝေးသုံး လက်နက်ဖြစ်ပြီး ပြိုင်ဖက်နှင့် နီးကပ်နေပါက သက်ရောက်အား လျော့ကျသွားနိုင်သည်။
“ နောက်ဆုတ်”
ဖန်ချန်းက သူ့လှံတံကို ဘေးတွင်ထားကာ နတ်မိုးကြိုး ချပ်ဝတ်တန်ဆာကို ထုတ်ယူဖို့အတွက် လက်ဟန်ကို ပြုလုပ်လိုက်သည်။ ထိုအရာက မြေဓာတ် ချီလင်နတ်မိုးကြိုးမှ ဖြစ်ပေါ်လာသော ချီလင်ချပ်ဝတ်တန်ဆာဖြစ်ကာ နတ်သားရဲငါးကောင်ထဲတွင် အလယ်အလတ်အဆင့်ရှိပြီး ကာကွယ်ပေးနိုင်သော စွမ်းအင်ရှိသည်။
ဓာတ်ငါးပါး နတ်မိုးကြိုးထဲတွင် မြေဓာတ်ချီလင် နတ်မိုးကြိုးက တန်းတူညီတူ အဖြစ်ဆုံးအရာဖြစ်ပြီး စွမ်းအင်အမျိုးအစား အားလုံးကို ပျောက်ကွယ်သွားအောင် လုပ်သည့်နေရာတွင် အထူးကောင်းမွန်သည်။ ထိုချပ်ဝတ်တန်ဆာ၏ ကာကွယ်နိုင်စွမ်းက လိပ်နက်ချပ်ဝတ်တန်ဆာလောက် မကောင်းသော်လည်း တိုက်ခိုက်မှုအများစုကို အားလျော့သွားအောင် လုပ်ဖို့အတွက်တော့ စွမ်းအား လုံလောက်မှု ရှိသည်။
ပြီးခဲ့သော တိုက်ပွဲတွင် ဖန်ချန်းအနေဖြင့် ချီလင်နတ်မိုးကြိုးချပ်ဝတ်တန်ဆာကို ထုတ်ယူပြီး ရွှေနီရောင်တိုက်ပွဲလက်နက်ကို ပြီးပြည့်စုံအောင် လုပ်ဖို့အတွက်ပင် အချိန်မရှိလိုက်ပေ။
သူပြိုင်ဘက်က ကြယ်ခုနစ်ပွင့် ပါရမီရှင် ဖြစ်ခဲ့သော်လည်း ဖန်ချန်းအနေဖြင့် သုံးစက္ကန့်အတွင်းမှာ ရှုံးနိမ့်သွားခဲ့သည့်အတွက် အရမ်းဆိုးရွားသွားအောင် မလုပ်နိုင်ခဲ့ပေ။
သူ အနည်းဆုံးတော့ ဆယ်စက္ကန့်ကနေ ဆယ့်ရှစ်စက္ကန့်လောက်ထိ တောင့်ခံနိုင်ခဲ့သင့်တာ
ချပ်ဝတ်တန်ဆာ နှစ်ထပ် ဝတ်ဆင်ပြီးနောက် ဖန်ချန်းက ခြေထောက်တစ်ဖက်ကို မြှောက်ကာ ကလေးဆီသို့ ကြာပွတ်တစ်ခုကဲ့သို့ လွှဲယမ်းလိုက်သည်။ ထိုအချိန်တွင် ဖန်ချန်းက သူ့ပြိုင်ဘက်ကို လေးလေးနက်နက် ဆက်ဆံဖို့အတွက် ဆုံးဖြတ်လိုက်သည်။
ဒီ ငရှုပ်လေးက အရမ်းချစ်စရာကောင်းတဲ့ ပုံစံပေါ်ပေမဲ့ သူ့ တိုက်ခိုက်စွမ်းရည်က အရမ်းပြင်းထန်တယ်
ဒီလိုကလေးနဲ့ ရင်ဆိုင်ရတဲ့အခါ ပေါ့ပေါ့ဆဆ တိုက်ခိုက်နေရင် ဆုံးရှုံးမှုကြီးတဲ့ ကြုံတွေ့သွားနိုင်တယ်
ဖန်ချန်း၏ တောင့်တင်းသော ခြေထောက်နှင့် ရိုက်မိမလိုဖြစ်နေစဉ် ကလေးက လေထဲသို့ ခုန်ရင်း ကန်ချက်ကို ရှောင်လိုက်သည်။
ထို့နောက် သူက ဖန်ချန်း၏ ဒူးကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
တစ်ချိန်တည်းမှာပဲ လှုပ်ရှားမှုစွမ်းအားကို မြှင့်တင်ကာ ကလေးက ဖန်ချန်း၏ နောက်သို့ ရောက်သွားသည်။ ရွှေရောင်အရင့် နတ်သင်္ကေတက သူ့လက်ဖဝါးပေါ်တွင် တောက်ပလာကာ လေးထောင့်ပုံစံ စည်းတံဆိပ်အဖြစ် ပြောင်းလဲသွားသည်။
ထိုစည်းတံဆိပ်တော်ကို အံ့ဖွယ်အလင်းတန်းဖြင့် လွှမ်းခြုံထားသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သာမန်မဟုတ်ဘူးဆိုတာကို သိနိုင်သော်လည်း ကောင်လေးကတော့ ဘာမှမဖြစ်သလိုမျိုး ကိုင်တွယ်နေသည်။
ဒုန်း…
လေးထောင့်ပုံစံ စည်းတံဆိပ်ဖြင့် ဖန်ချန်း၏ နောက်စေ့ကို ရိုက်ချလိုက်သည်။ ချီလင်နတ်မိုးကြိုး ချပ်ဝတ်တန်ဆာနှင့် ရွှေနီရောင်ချပ်ဝတ်တန်ဆာတို့ကို ဝတ်ဆင်ထားသော်လည်း ရိုက်ချက်ကြောင့် ဖန်ချန်း မူးဝေသွားသည်။
သူ နေရာတိုင်းမှာ ကြယ်တွေ၊ လတွေ မြင်နေရလေပြီ။
ထိုအခိုက်အတန့်တွင် ဤလူထွားကြီးက သူ့ဘဝသူ မယုံကြည်နိုင်ဖြစ်နေတော့သည်။
ဒီငရှုပ်လေးက ဘယ်သူလဲ
သူက ဘာလို့ ဒီလောက်ထိ စွမ်းအားကြီးနေရတာလဲ