ကြာပြာကောင်းကင်အသျှင်၏ တုတ်ပညာရပ်
Vol. 17 Ch. 253
အခန်း (၂၅၃) : ကြာပြာကောင်းကင်အသျှင်၏ တုတ်ပညာရပ်
နှစ်ဆတဲ့လား
မျှော်နန်းဆောင် ဝိညာဉ်မလေး ပြောသော ဈေးနှုန်းကြောင့် ဖန်ချန်း အံ့ဩတုန်လှုပ်သွားရသည်။
“ ဟွမ်ရှစ်ကို စိန်ခေါ်ဖို့အတွက် ဘာလို့ နှစ်ဆပေးဖို့ လိုတာလဲ”
ဖန်ချန်းက တိုက်ပွဲများကို ချစ်မြတ်နိုးသော်လည်း ငတုံးတစ်ယောက် မဟုတ်ပေ။
ဒါက ဟွမ်ရှစ် ငယ်ရွယ်စဉ်က ပုံရိပ်လေ။ သူက ဘယ်လိုလုပ်ပြီးတော့ သူနဲ့ တိုက်ခိုက်နိုင်မှာလဲ
၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက် ဒီလောက်ပဲလားဆိုတဲ့ အတွေးနဲ့ အရူးအလုပ်မခံနဲ့။ ဟွမ်ရှစ်ရှေ့မှာတော့ သူက တိမ်တိုက်လေး တစ်ခုလိုပဲ
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်တုန်းက ကျိရှားကျောင်းတော်၏ အာဏာပိုင်ဆိုင်မှုကို မောက်မာစွာ စိန်ခေါ်ခဲ့သည့် အလယ်ပိုင်းမှ ၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့် ပါရမီရှင်တစ်ယောက် ရှိခဲ့ဖူးသည်။
ကျိရှားကျောင်းတော်က မောက်မာသည့် ပါရမီရှင်ကို လုံးဝ အနိုင်ယူဖို့ ၈ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း ကျင့်ကြံသူတစ်ယောက်ကို လွှတ်လိုက်သည့်အတွက် သူ့ရွှေအမြုတေလည်း အစိတ်စိတ်အမြွာမြွာ ဖြစ်သွားရသည်။
ထို ၈ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း ကျင့်ကြံသူက ဟွမ်ရှစ်၏ အမည်ခံတပည့် ဟူသော ကောလဟာလများလည်း ရှိခဲ့သည်။
၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်း ကျင့်ကြံသူကို ကောင်းကင်၏ ကောင်းချီးပေးခြင်းခံရသော ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်နိုင်သည့်အတွက် အရှေ့ပိုင်းလွင်ပြင်တွင် မြင်ရခဲသော မြင်ကွင်းတစ်ခု ဖြစ်ခဲ့သည်။
နယ်မြေငါးခုလုံးတွင် နှစ်ပေါင်းရာကျော်ကြာပြီးမှ တစ်ခါသာ ၉ ဆင့်မြောက်ရွှေအမြုတေ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာနိုင်သည်။ သို့သော် ဟွမ်ရှစ်ရှေ့တွင် ထိုအရာက ကြွားဝါလို့ ရသည့်အရာ မဟုတ်တော့ပေ။ ထိုကလေးနှင့် ထပ်မံယှဉ်ပြိုင်ပါက သူ ထပ်ပြီးဆိုးရွားသော ရှုံးနိမ့်ခြင်းကို ခံရမည်ကို ဆိုတာကို ဖန်ချန်း သိသည်။
အရိုက်ခံဖို့အတွက် ပိုက်ဆံသုံးရမှာလား။ ပြီးတော့ အရင်တစ်ခေါက်က ပမာဏထက် နှစ်ဆတဲ့။ ဒါဆိုရင် နှစ်ဆပိုပြီး ဆိုးဆိုးရွားရွား အရိုက်ခံရမှာလို့ ဆိုလိုတာလား
ဒါက ဘယ်လို အကြောင်းပြချက်မျိုးလဲ
ဖန်ချန်း နားမလည်ပေ။ ထို့ကြောင့် မျှော်နန်းဆောင် ဝိညာဉ်မလေးက ရှင်းပြလိုက်သည်
“ စည်းမျဉ်းတွေအရ တိုက်ပွဲတွေ အကုန်လုံးက ကျပန်းပဲ။
စစ်နတ်ဘုရားမျှော်နန်းဆောင်မှာလည်း ကိုယ်ပိုင်စည်းမျဉ်းတွေ ရှိတယ်လေ။ ပြီးခဲ့တဲ့တိုက်ပွဲမှာ မင်းရဲ့ပြိုင်ဘက်ကို ရွေးလို့ရအောင် အရင်းအမြစ်တွေ အများကြီး အကုန်ခံပြီးသွားပြီ။
မင်းအတွက် ထပ်ပြီးတော့ စည်းမျဉ်းတွေကို မချိုးဖောက်နိုင်တော့ဘူး။ မင်း ဟွမ်ရှစ်ကို ထပ်ပြီးစိန်ခေါ်ချင်ရင် ပမာဏကို နှစ်ဆပေးရမယ်။
မင်းသာ ဟွမ်ရှစ်ကို အောင်အောင်မြင်မြင်နဲ့ အနိုင်ယူနိုင်မယ်ဆိုရင် ဒီစစ်နတ်ဘုရားအမှတ် ၂ထောင် မင်းကို ပြန်ပေးမှာ”
ဟုတ်တယ်…ငါသာ ဟွမ်ရှစ်ကို အနိုင်ရရင် စစ်နတ်ဘုရားအမှတ်တွေ ပြန်ရမှာ…
ဖန်ချန်း စိတ်ပျက်သွားသည်။
သူသာ ဟွမ်ရှစ်ကို အနိုင်ယူနိုင်ခဲ့ရင်…
ရယ်ရတယ်…တကယ် ရယ်ရတယ်
သူက ၉ ဆင့်မြောက် ရွှေအမြုတေသန့်စင်ခြင်းအဆင့်ကို ရောက်အောင် လုပ်နိုင်တာလေးနဲ့တင် သူ့ကိုယ်သူ ထိပ်သီးပါရမီရှင် တစ်ယောက်လို့ ထင်ထားခဲ့မိတာ
ဒါပေမဲ့ အခုတော့ ငါးနှစ်သားဟွမ်ရှစ်ကိုတောင် နိုင်အောင် မတိုက်ခိုက်နိုင်ဘူး
ငါက အံ့ဖွယ်မိုးကောင်းကင်ရဲ့ အစ်ကိုကြီး ဖြစ်ဖို့ မထိုက်တန်ဘူး
“ ကျွန်တော်အနေနဲ့ ကြယ်ငါးပွင့် ပါရမီရှင်ကို အရင်စိန်ခေါ်လိုက်တာ ပိုကောင်းမယ် ထင်တယ်”
သူ့မျက်လုံးများကို ပွတ်ရင်း ဤထွားကျိုင်းသောသူက လက်တွေ့ကို လက်ခံပြီး ခြေတစ်လှမ်းဆုတ်လိုက်သည်။
ပမာဏနှစ်ဆ လောင်းကြေးထပ်ရမယ်တဲ့လား။ သူ တကယ်ကို မတတ်နိုင်ဘူးလေ
ငါးစာကို မဟပ်သော ဖန်ချန်းကို ကြည့်ပြီး ယဲ့ချန်းခန်က စိတ်ပျက်သွားသည်။
ဟင်း…သူက ပရိတ်သတ်အတုပဲ
မင်းရဲ့ စံပြပုဂ္ဂိုလ်အတွက် ပိုက်ဆံ မသုံးချင်ဘဲနဲ့ မင်းကိုယ်မင်း ပရိတ်သတ်တစ်ယောက်လို့ သတ်မှတ်ထားသေးတယ်ပေါ့လေ။ မင်း မရှက်ဘူးလား
မင်းက ကြယ်ငါးပွင့် ပါရမီရှင်ကို စိန်ခေါ်ချင်တယ်ပေါ့လေ။ ကောင်းပြီလေ မင်းကို တစ်ယောက်ပေးမယ်
“ ဟုတ်ပါပြီ … ကြယ်ငါးပွင့် ပါရမီရှင်ကို တွဲပေးနေပါတယ်…။
“ တွဲဖက်ရပါပြီ။ တိုက်ပွဲ စတင်ပါပြီ”
ထို့နောက် စစ်နတ်ဘုရားစင်မြင့်ပေါ်ရှိ အလင်းရောင် မှေးမှိန်သွားကာ ဖန်ချန်းရှေ့တွင် အသက်၂၀ အရွယ်ရှိ လူငယ်တစ်ယောက်ပေါ်လာသည်။
လူငယ်၏ နောက်ဘက်ရှိ တုတ်ချောင်းရှည်တစ်ချောင်းကား ရွှေမိုးကြိုးဖြင့် လွှမ်းခြုံထားသည်။ သူ၏ ကြောက်စရာကောင်းသော အရှိန်အဝါက ကောင်းကင်အထိ မြင့်တက်နေသည်။
ဖန်ချန်းက မိုးကြိုးကို ဖြတ်ပြီး ရင်းနှီးသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရသည်။
“ အာ…ဒါက ဆရာဦးလေးကြာပြာလား”
ဖန်ချန်း၏ မျက်နှာပေါ်တွင် ကျေနပ်သော အရိပ်အယောင်တို့ ဖြတ်ပြေးသွားသည်။
“ ငါက အရမ်းကံကောင်းတာပဲ။ ငါသာ ဒီစင်မြင့်မှာ ဆရာဦးလေးကို အနိုင်ယူပြီးတော့ ဆရာ ကြည့်ဖို့ပြလိုက်မယ်ဆိုရင် သူ အရမ်းကျေနပ်သွားမှာပဲ။
ဒါဆိုရင် သူက အပြစ်ပေးတဲ့အနေနဲ့ စည်းမျဉ်းစာအုပ်ကို ထပ်ပြီးတော့ မကူးခိုင်းတော့တာလည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့…ဒီဆရာဦးလေးက မိုးကြိုးပညာရပ်ကို မကျင့်ကြံဘူး ထင်တယ်။ သူက သူ့ရဲ့ခန္ဓာကိုယ်ကိုပဲ အာရုံထားပြီးတော့ ကျင့်ကြံတယ် ထင်တယ်။ ဒီဆရာဦးလေးက ရွှေနတ်မိုးကြိုးလွှမ်းခြုံထားပြီးတော့ သူ့အရှိန်အဝါကိုလည်း ငါ အရမ်းရင်းနှီးနေတယ်”
ရုတ်တရက် ဖန်ချန်းက မျက်လုံးထောင့်မှ စစ်နတ်ဘုရားကျောက်ပြားပေါ်သို့ ကြည့်လိုက်ပြီး ငါးယောက်မြောက် နေရာက နာမည်ကို သတိထားမိသွားသည်။
နေပါဦး ဆရာဦးလေးကြာပြာရဲ့ နာမည်ကို ဘာလို့ ငါးနေရာမြောက်မှာ ရှိနေရတာလဲ
သူ့ဆရာတောင် ထိပ်ဆုံးငါးယောက်ထဲ မရောက်နိုင်ခဲ့ဘူးလို့ ဆိုလိုချင်တာပေါ့
မဖြစ်ဘူး
ပြင်းထန်သော နိမိတ်အာရုံတစ်ခုကို ခံစားလာရသည်။
ထိုလူငယ်က သူ့နောက်ရှိ ရွှေရောင်တုတ်ကို ဆွဲထုတ်လိုက်သည်။
“ တကယ်လို့ ချူးလုံဟယ်ဆိုတဲ့ ငါသာ မွေးဖွားမလာခဲ့ရင် တုတ်ချောင်းပညာရပ်က အမှောင်ထုထဲမှာ ဖုံးလွှမ်းသွားလိမ့်မယ်။ ငါ့တုတ်ချောင်းအောက်မှာ ကြောက်ကြောက်လန့်လန့် အော်ဟစ်လိုက်စမ်း ”
ထိုလူငယ်၏ ပတ်လည်တွင် မိုးကြိုးများ ဝန်းရံပြီးနောက် တောက်ပသော ချပ်ဝတ်တန်ဆာတစ်ခုကို ဖန်တီးလိုက်သည်။
သူ မူလနေရာမှ ပျောက်သွားကာ ခဏအကြာတွင် ဖန်ချန်း၏ ခေါင်းပေါ်တွင် ပြန်ပေါ်လာသည်။ ရွှေရောင်တုတ်ကို လွှဲယမ်းလိုက်သည်။
“ငါ့တိုက်ကွက်လေး မြည်းကြည့် … အဝါရောင်နဂါး ”
ဝေါင်း …
နဂါး၏ ဟိန်းဟောက်သံက ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားသည်။ ရွှေရောင်အံ့ဖွယ်နဂါးက တုတ်ချောင်းထဲမှ ထွက်ကာ တိုက်ခိုက်မည့်ပုံစံဖြင့် လက်သည်းများထုတ်ကာ ဖန်ချန်းဆီသို့ ဦးတည်သွားနေသည်။
ဖန်ချန်း တကယ့်နဂါးအစစ် တစ်ကောင်နှင့် ရင်ဆိုင်နေရသည်ဟု ခံစားရလောက်အောင်ပင် သူ့အရှိန်အဝါက ထူးခြားနေသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း လုံးဝ ဖိနှိပ်ထားသည်။
ချူးလုံဟယ်၏ စွမ်းအားက ဖန်ချန်း ခန့်မှန်းထားသည်ထက် အများကြီး ပိုကြီးနေသည်။
ဒီဆရာဦးလေးက သူငယ်ငယ်တုန်းက ဒီလောက်ထိ သန်မာခဲ့တာပေါ့
သူ၏ မီးနဂါးလှံတံဖြင့် တုတ်ချောင်း၏ အားကို တားဆီးလိုက်သည့်အတွက် မီးပွားများပင် ထွက်လာသည်။
ချူးလုံဟယ်က သူ့ တုတ်ချောင်းကို လွှဲယမ်းရင်း ကောက်ကွေ့သောပုံစံဖြင့် ဆက်တိုက် တိုက်ခိုက်နေသည်။
လေထဲတွင်လည်း တုတ်ချောင်း.၏ လွှဲယမ်းသည့်ပုံရိပ်များနှင့် ပြည့်နှက်နေသည်။
“အထွတ်အထိပ်ပင်လယ် တုတ်ချောင်း ကောင်းကင်ထောက်တိုင်”
“အထွတ်အထိပ်ပင်လယ် တုတ်ချောင်း နဂါးဝါ တိုက်ခိုက်မှု”
“အထွတ်အထိပ်ပင်လယ် တုတ်ချောင်း ပင်လယ်ကို သွန်မှောက်ခြင်း”
“အထွတ်အထိပ်ပင်လယ် တုတ်ချောင်း ရန်သူတစ်ထောင် အနိုင်ပိုင်းခြင်း”
“အထွတ်အထိပ်ပင်လယ် တုတ်ချောင်း အလုံးစုံလွှမ်းမိုးခြင်း”
ပုံရိပ်ယောင်၏ လက်ထဲရှိ ရွှေရောင် တုတ်ချောင်းက အံ့အားသင့်စေလောက်သော စွမ်းအားကို ထုတ်လွှတ်နေသည်။
လှုပ်ရှားမှု တစ်ခုပြီးတစ်ခုတွင် တုတ်ချောင်း ပိုမိုလျင်မြန်ပြီး အားကောင်းလာသည်။
တိုက်ကွက်တစ်ခုချင်းစီက ဖန်ချန်းအတွက်တော့ ပြင်းထန်လှသည်။ ပြင်းထန်သော တုန်ခါမှုက သူ့ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်ပြီး မီးနဂါးလှံတံတွင်လည်း အက်ကြောင်းများ ပေါ်လာသည်။
“ ပါရမီရှင်ငယ်လေး စိတ်ကိုခိုင်ခိုင်ထားနော်။ မင်းနဲ့ ချူးလုံဟယ်ကြားက အရည်အချင်းက အဲလောက် မကွာဟဘူး။
မင်း သူ့ကို အနိုင်ယူနိုင်တာနဲ့ မင်း သဘောကျတဲ့ ပညာရပ်ကို ရွေးချယ်လို့ရပြီ။
ဒီ အထွတ်အထိပ်ပင်လယ် တုတ်ချောင်းပညာရပ်က စစ်နတ်ဘုရားမျှော်နန်းဆောင်ထဲမှာ ရှိတဲ့ ကြယ်ငါးပွင့် ပညာရပ်ပဲ။ မင်းသာ ဒီပုံရိပ်ယောင်ကို အနိုင်ရမယ်ဆိုရင် အဲဒီပညာရပ်ကို သင်ယူဖို့ အခွင့်အရေး ရလိမ့်မယ်”
ဖန်ချန်းက မျှော်နန်းဆောင် ဝိညာဉ်မလေး၏ အားပေးမှုကြောင့် စိတ်ထဲနွေးထွေးသွားကာ တိုက်ခိုက်ချင်စိတ်လည်း ပြန်လည် ဖြစ်ပေါ်လာသည်။
သူက ဆရာဦးလေး၏ ပြင်းထန်သော တိုက်ခိုက်မှုများကို လှံတံဖြင့် ပိတ်ဆို့ ခုခံရင်း တိုက်ခိုက်မှုများက ပိုမိုပြင်းထန်လာသည်။
ယဲ့ချန်းခန်က မြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်မိသည်။
သူက ပျော့ဖတ်နေတဲ့အထိ အရိုက်ခံထားရပေမဲ့ လက်လျှော့ဖို့ ငြင်းဆိုနေတယ် … ဒါက ငယ်ရွယ်တဲ့သူမလို့များလား။ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ
အခုချိန်ဆို ပေါက်ပေါက်လေးနဲ့မုန့်စားဖို့ အကောင်းဆုံး အခြေအနေပဲ
ထျန်းအာလေးရော အခု ဘာတွေလုပ်နေမလဲ သိချင်လိုက်တာ
ယဲ့ချန်းခန်က မုတ်ဆိတ်မွေးကို သပ်လိုက်သည်။ အမှန်အတိုင်းပြောရလျှင် ဤလောကရှိ ပါရမီရှင်အများစုကို စိတ်မဝင်စားပေ။ ထိုပါရမီရှင်များက နတ်ဘုရားလောကသို့ ရောက်သွားသည့်အခါ ဘာမှမဟုတ်တော့ပေ။ ယဲ့ချန်းခန်အတွက် သူတို့၏ တိုက်ပွဲကို ကြည့်ခြင်းက အချိန်ကုန်ဆုံးဖို့ နည်းလမ်းတစ်ခုသာ ဖြစ်သည်။
ယဲ့ချန်းခန်၏ အမြင်တွင် သူ့အာရုံကို ဖမ်းစားနိုင်သော လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက ထူးခြားသည့် ပါရမီရှင်များကို လက်တစ်ဖက်တည်းဖြင့် ရေတွက်လို့ ရသည်။
ထိုထဲတွင် သူ ငယ်ငယ်တုန်းကလိုမျိုး ချောမောသည့်ရှန်ထျန်းလည်း ပါဝင်သည်။ ရှန်ထျန်းက သူ့အာရုံ၏ ဆုံမှတ် ဖြစ်သည်။
ယဲ့ချန်းခန် သက်ပြင်းချလိုက်မိသည်။ ထျန်းအာ အနားမှာ မရှိသည့်အတွက် လွမ်းသလိုလို ဖြစ်နေမိသည်။
“ ဟက်ချိုး…”
အံ့ဖွယ်မိုးကောင်းကင် စမ်းသပ်ချက် တောင်ကြားတွင် နှာချေသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအရာက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေ၏ ဆန်းကြယ်ဆုံးသော အပိုင်းဖြစ်ပြီး နယ်မြေ၏ အဓိက ကျသောအရာဖြစ်သည်။
တောင်ကြားတွင် တစ်နှစ်ပတ်လုံး မိုးကြိုးများရှိနေသော်လည်း သာမန်မိုးကြိုးများပင် ဖြစ်သည်။
သို့သော် ကံကောင်းပါက ရှားပါးသောမိုးကြိုး အမျိုးအစားများကို တွေ့နိုင်သည်။ ဒဏ္ဍာရီလာ ဓာတ်ငါးပါးနတ်မိုးကြိုး သို့မဟုတ် ဓာတ်နှောနတ်မိုးကြိုးများကိုပင် မြင်တွေ့နိုင်သည်။ ကျန်းလုံယွမ် တပည့်အဖြစ် ရှိနေစဉ်က ဓာတ်နှောနတ်မိုးကြိုးစွမ်းအား အရင်းအမြစ်ကို ဤနေရာမှာ ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုသို့မဟုတ်ခဲ့လျှင် ကပ်ဘေးတစ်ဖန် ပညာရပ် အခန်း ပျောက်ဆုံးသွားစဉ်က ဓာတ်နှောနတ်မိုးကြိုးခန္ဓာကို ရရှိရန် သူ့အတွက် အရမ်းခက်ခဲလိမ့်မည်။
သို့သော် ကျန်းလုံယွမ် ရှန်ထျန်းကို အတိဒုက္ခလွန် တောင်ကြားသို့ ခေါ်လာသည့်အကြောင်းအရင်းက ရှားပါးသော နတ်မိုးကြိုးများကို ရှာဖွေဖို့ မဟုတ်ဘဲ တခြားတစ်ခုကြောင့် ဖြစ်၏။
ထိုအရာက မိစ္ဆာဝိညာဉ်ဂိုဏ်း အစောင့်အရှောက်နှင့် သက်ဆိုင်နေသည်။