အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ် ဆက်လက်တုန်ခါနေခြင်း
Vol. 17 Ch. 254
အခန်း (၂၅၄) : အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ် ဆက်လက်တုန်ခါနေခြင်း
“ ထျန်းအာ … ပြီးခဲ့တဲ့ တိုက်ပွဲနယ်မြေစစ်ဆေးမှုမှာ အတွေ့အကြုံ ဘယ်လိုလဲ”
မိုးကြိုးအရှိန်အဝါကြားထဲမှ အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်၏ အသံက အေးဆေးတည်ငြိမ်ပြီး ခံစားချက်မဲ့စွာဖြင့် ထွက်ပေါ်လာသည်။
သို့သော် သူ့မေးခွန်းက စိတ်ဝင်တစားရှိကြောင်း ပြသနေသည့်အတွက် ရှန်ထျန်း၏ နှလုံးသား နွေးထွေးသွားရသည်။
သူက အရိုအသေပြုကာ ပြောလိုက်သည်
“ ဆရာရဲ့ စိတ်ဝင်စားမှုအတွက် ကျေးဇူးတင်ပါတယ်။ စစ်ဆေးမှုက အဆင်ပြေပြေနဲ့ ပြီးသွားခဲ့တာပါ”
ဂိုဏ်းချုပ်က ပြန်ပြောလိုက်သည်
“ ဒီစစ်ဆေးမှုမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေကို အရင်ဆုံး ရှာတွေ့တာ မင်းလို့ ကြားထားတယ်။ မင်းက မိစ္ဆာဝိညာဉ်ဂိုဏ်းကို ပြန်လည်ရှင်သန်အောင်မဲ့ သူတို့ရဲ့ အစီအစဉ်တွေကိုလည်း ဖျက်စီးခဲ့သေးတယ်ဆို ဟုတ်လား။
အဆင်ပြေရင် သူတို့ရဲ့အစီအစဉ်ကို ဘယ်လိုဖျက်စီးခဲ့လဲဆိုတာ ပြောပြပါလား။ အဆင်မပြေရင်တော့ မပြောလည်းရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူငယ်တစ်ယောက်မှာ လျှို့ဝှက်ချက်တွေ ရှိတာ ပုံမှန်ပဲလေ။ ငါ နားလည်ပေးလို့ ရပါတယ်”
ရှန်ထျန်းက အရေးမကြီးသလိုပုံစံမျိုး ပြောနိုင်ရန်အတွက် ဇာတ်ကြောင်းတချို့ကို စဉ်းစားဖို့ ဆုံးဖြတ်ပြီးနောက် ပြောလိုက်သည်
“ ဆရာက မေးနေမှတော့ အကုန်လုံး ပြောပြပါ့မယ်။
အမှန်တော့ မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေကို ရှာတွေ့ခဲ့တာက ကျွန်တော် မဟုတ်ပါဘူး။ ကျန့်စန်းနဲ့ ကျန်တဲ့သူတွေက လေ့ကျင့်ရေးဆင်းတုန်း ပြန်ပေးဆွဲခံခဲ့ရတာပါ။
သူတို့ အဖမ်းခံရတာနဲ့ ညီလေးယွင်တိဆီကို အကြောင်းကြားကြတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း သူတို့ကို သွားကယ်ဖြစ်တာပါ”
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ မင်း ကောင်းကောင်းလုပ်ခဲ့ပါတယ်။
အခုလက်ရှိ အစီရင်ခံစာတွေအရ အဲဒီမိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေ ကမ္ဘာဦးတိုက်ပွဲနယ်မြေထဲကို ဝင်ခဲ့ရတာက တိုက်ပွဲနယ်မြေထဲမှာ ပိတ်မိနေတဲ့ မိစ္ဆာဝိညာဉ်အရှင်ကို ပြန်လည်အသက်သွင်းပေးဖို့ ရည်ရွယ်ချက်ကြောင့် ဝင်ခဲ့တာတဲ့။
သူက အရမ်းစွမ်းအားကြီးတဲ့ ထာဝရတပိုင်း မိစ္ဆာဝိညာဉ်လေ။ သူသာ အသက်ပြန်ရှင်လာခဲ့ရင် အရှေ့ပိုင်းလွင်ပြင်မှာရှိတဲ့ သက်ရှိတွေ အကုန်လုံးကို ဖျက်စီးပစ်မှာ။
ကံကောင်းလို့ မင်း အချိန်မီ ဖမ်းမိသွားတာနဲ့ အရှေ့ပိုင်းလွင်ပြင်က သွေးချောင်းစီးမဲ့ရန်ကနေ ရှောင်ရှားလိုက်နိုင်တာ။
မင်းက စစ်ဆေးမှုမှာ အခုမှ ပါဝင်ဖူးတာ ဆိုပေမဲ့လည်း မိစ္ဆာဝိညာဉ်ဂိုဏ်းရဲ့ ကြီးကျယ်တဲ့ အစီအရင်ကို ဖျက်လိုက်နိုင်တယ်။ ထျန်းအာ မင်းက အထွတ်အမြတ်မြေဆီက ကောင်းကင်က ပို့ဆောင်ထားတဲ့ ကံကြမ္မာသားတော် တစ်ယောက်ပဲ။ ထျန်းအာ … ငါ အရမ်းပျော်တယ်”
ရှန်ထျန်း အနည်းငယ်ရှက်သွားကာ ပြန်ဖြေလိုက်သည်
“ ဆရာက အရမ်းကြင်နာတတ်တာပဲ။ ဒါတွေ အကုန်လုံးက ဆရာ ကောင်းကောင်း သင်ပေးထားလို့ပါ”
ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါ မသိမသာလှုပ်ခတ်သွားကာ ပြောလိုက်သည်
“ ငါ့ရှေ့မှာ အရမ်းရိုသေစရာ မလိုပါဘူး။ ရဲရဲနီကကြိုး ကောင်းကင်အသျှင်နဲ့ ကြာဖြူ ကောင်းအသျှင်တို့က လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေကို စစ်မေးခဲ့တယ်တဲ့။ ဒါပေမဲ့ တစ်ယောက်ချင်းဆီမှာ ထူးခြားတဲ့ မှတ်ဉာဏ်ပိတ်ထားတာမျိုး ရှိနေတယ်တဲ့။ သူတို့ရဲ့ အတွင်းအကျဆုံး လျှို့ဝှက်ချက်တွေကို သွားထိမိမယ်ဆိုရင် သူတို့ရဲ့နတ်ဘုရားအသိစိတ် ပြိုလဲသွားလိမ့်မယ်တဲ့။
ရလဒ်အနေနဲ့ ငါတို့ရဲ့ စစ်မေးမှုကို အရမ်းဖိအားထည့်လို့မရဘူး။ သူတို့ရဲ့ အရေးသိပ်မပါတဲ့ အခြေစိုက်နေရာတွေကိုပဲ သိထားသေးတယ်။ သူတို့ရဲ့ အခြေစိုက်နေရာတစ်ခုက မင်းတို့ရဲ့ မီးတိုင်းပြည်မှာ …
အဲဒီပြိုကွဲနေတဲ့ အခြေစိုက်နေရာတွေကို အံ့ဖွယ်မိုးကောင်းကင်နဲ့ ကျောက်စိမ်းရေကန်ရဲ့ တပည့်တွေက အနီးကပ် စောင့်ကြည့်နေတယ်။ သူတို့ကို စောစောအသိပေးလိုက်သလို ဖြစ်သွားမှာကိုသာ စိတ်မပူခဲ့ရင် အထွတ်အမြတ်မြေနှစ်ခုက သူတို့ကို အချိန်မရွေး ချုံခိုတိုက်ခိုက်လို့ရတယ်”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ဆရာက အရမ်းပညာရှိတာပဲ။ ကျွန်တော်တို့အားလုံးမှာ မိစ္ဆာဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်ဖို့အတွက် တာဝန်ရှိတယ်။ ကျွန်တော်လည်း ကူညီလို့ ရမလား”
ဂိုဏ်းချုပ်က တည်ငြိမ်စွာ ပြောလိုက်သည်
“ မင်းမှာ မိစ္ဆာတွေကို နှိမ်နင်းချင်တဲ့စိတ် ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ မင်းရဲ့ကျင့်ကြံဆင့်က အဲလောက်ထိ မမြင့်သေးဘူးလေ။
မိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေဆီမှာ တရားမျှတမှုလည်း မရှိသလို အပြန်အလှန် လေးစားမှုဆိုတာလည်း ရှိမှာ မဟုတ်ဘူး။ သူတို့လောကမှာ အင်အားကြီးတဲ့သူက အနိုင်ရတာပဲ။
မင်းက အရှေ့ပိုင်းလွင်ပြင် ဂုဏ်သတင်း မွှေးပြီးသားလေ။ မိစ္ဆာဝိညာဉ်ဂိုဏ်းသာ မင်းကို မှတ်မိသွားရင် သူတို့ရဲ့ သူတော်စင်က မင်းကို ပစ်မှတ်အဖြစ် သတ်မှတ်လိမ့်မယ်။
မင်း ဒီထက်ပိုမြင့်တဲ့ အဆင့်မရောက်မချင်း ဂရုစိုက်ဖို့ မှာချင်တယ်။ မင်းကိုယ်မင်း အန္တရာယ်တွင်းထဲ ခုန်မဆင်းချင်ပါနဲ့။ ထူးခြားတဲ့အရာတွေ မလုပ်ဘဲနဲ့ လူမသိသူမသိလေးနေတာ အကောင်းဆုံးပါပဲ။
ငါ့တုန်းကလည်း လူမသိ သူမသိလေး နေခဲ့ပြီးမှ အရွယ်ရောက်တဲ့အခါ အလားအလာအပြည့် ရှိခဲ့တာ။ မဟုတ်ရင် စွမ်းအားကြီးတဲ့ သူတော်စင်အရှင်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံနေပြီးလောက်ပြီ”
ငါ့ကို ဖြေရှင်းဖို့ သူတို့ရဲ့ သူတော်စင်အဆင့်ကို ပို့မယ်တဲ့လား
ရှန်ထျန်း နှုတ်ခမ်းကို တွန့်ချိုးလိုက်မိသည်။
သူတို့က အဲလောက်ထိတောင် အရှက်မရှိဘူးလား
ငါက အခုမှ ရွှေရောင်ကိုယ်ထည် နယ်ပယ်အဆင့်မှာပဲ ရှိသေးတယ်
ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူအများစုကို အနိုင်ရနိုင်ပေမဲ့ ငါ့ကို တိုက်ခိုက်ဖို့အတွက် ဝိညာဉ်အသွင်ပြောင်းအဆင့် ကောင်းကင်အသျှင်တစ်ယောက်ကို ပို့ရုံနဲ့တင် လုံလောက်နေပါပြီ။ ဒါဆိုရင် လွတ်မြောက်ဖို့အတွက် အခွင့်အရေး ရှိသေးတယ်
ငါ ထွက်ပြေးတုန်းမှာ ကံအပြောင်းအလဲ အခွင့်အရေးတချို့ကို ကြုံတွေ့ရပြီးတော့ ပြန်လည်ခုခံတာမျိုးလည်း ဖြစ်နိုင်တာပဲ
သူတော်စင်အရှင်က ငါ့ကို တိုက်ခိုက်မယ်ဆိုရင် ခြင်ကို အမြောက်နဲ့ တိုက်ခိုက်သလို ဖြစ်နေမှာပဲ
ရှန်ထျန်းက အနီဝတ်ဂိုဏ်းသခင်ဆီမှ အောင်မြင်စွာ လွတ်မြောက်နိုင်သော်လည်း ကံကောင်းသောကြောင့်သာ လွတ်လာခဲ့သည်။ အနီဝတ်ဂိုဏ်းသခင်က ရှန်ထျန်းကို လျှော့တွက်ထားကာ သူ့ကို မတိုက်ခိုက်ဘဲ ဂိုဏ်းထဲ ဝင်ဖို့အတွက်သာ ဖျောင်းဖျနေခဲ့သည်။
ထိုသို့သာ မဟုတ်ပါက ရှန်ထျန်းလည်း မြေပြင်ထဲသို့ လှိုဏ်ခေါင်းတူးချိန် မရလိုက်ဘဲ အန္တရာယ် ကျရောက်နေမှာ သေချာသည်။
အခု ငါက သိပ်ပြီးတော့ မသန်မာသေးဘူးဆိုတော့ ပိုပြီးတော့ သတိထားဖို့လိုတယ်
ထိုအတွေးကြောင့် ရှန်ထျန်းက ပျော့ပျောင်းစွာ ပြန်ဖြေလိုက်သည်
“ ဆရာရဲ့ အကြံဉာဏ်ကို စိတ်ထဲမှာ အမြဲတမ်း မှတ်သားထားပါ့မယ်”
အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က ရှန်ထျန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်
“ ဒါက ငါ့ရဲ့ အတွေ့အကြုံ သက်သက်တစ်ခုပါပဲ။
သာမန်ပါရမီရှင် တစ်ယောက်အတွက် လူမသိ သူမသိလေးနေတာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ မင်းက ကောင်းကင်ရဲ့ ကာကွယ်မှုကို ရထားတဲ့ ကံကြမ္မာသားတော်လေ။
အဲဒါကြောင့် လူမသိ သူမသိလေး မနေချင်ဘူးဆိုရင်လည်း ရတယ်။ ပုန်းကွယ်နေတဲ့ စွမ်းအားကြီး ရန်သူတွေကိုလည်း စိုးရိမ်စရာမလိုဘူးလေ။
သစ္စာလေးပဲရှိပါ။ မင်းရဲ့ ကံကြမ္မာ မြင့်နေသ၍ ဘယ်လိုအန္တရာယ်ရှိတဲ့ အခြေအနေပဲဖြစ်ဖြစ် အဆင်ပြေလိမ့်မယ်။
ကောင်းကင်ဘုံက မင်းကို ကာကွယ်ပေးလိမ့်မယ်”
ရှန်ထျန်းက ကျန်းလုံယွမ်၏ တုန်ခါနေသော အရှိန်အဝါကို ကြည့်ကာ မကျေမနပ် ဖြစ်နေမိသည်။
ကျွန်တော် ဒါကို ဘယ်နှစ်ခေါက်တောင် ပြောရမှာလဲ။ ကံကြမ္မာသားတော်အစစ် မဟုတ်ပါဘူးဆို … ကိစ္စမရှိပါဘူး။ ရှေ့လျှောက် ကိုယ့်ကိုယ်ကို ပိုပြီးတော့ ဂရုစိုက်ရမယ်
ငါ သူတို့သူတော်စင်အဆင့်ရဲ့ ရိုက်နှက်တာကို ခံရပြီး သေသွားရင် အရမ်းဆိုးရွားလိမ့်မယ်။
ရှန်ထျန်းက လေးစားစွာဖြင့် မေးလိုက်သည်
“ ဆရာက ကျွန်တော်ကို အဲဒီအကြောင်းပြောဖို့အတွက် ဒီနေရာကို ဆင့်ခေါ်လိုက်တာလားဟင်”
ဂိုဏ်းချုပ်က ခေါင်းယမ်းပြကာ ပြောလိုက်သည်
“ မဟုတ်ပါဘူး။ ထျန်းအာ…မင်း ဘယ်လိုလုပ်ပြီးတော့ မိစ္ဆာဝိညာဉ်အရှင်ကို ဘယ်လိုရှာတွေ့သွားလဲဆိုတာကို ပျှမ်းမျှနားလည်ချင်လို့။ ဒါဆိုရင် အနီဝတ်ဂိုဏ်းသခင်နဲ့ ကျန်တဲ့သူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ အရမ်းအထောက်အကူ ဖြစ်လိမ့်မယ်။ မင်းအတွက်ရော ပြောပြဖို့အတွက် အဆင်ပြေရဲ့လား”
ငါ မိစ္ဆာဝိညာဉ်အရှင်ကို ရှာတွေ့ခဲ့တဲ့ အကြမ်းဖျင်းတဲ့လား …
ရှန်ထျန်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒါဆိုရင် ငါ ဘယ်လိုလုပ်ပြီးတော့ ပြန်လည်ဝင်စားခြင်း လမ်းစဉ်ခြောက်သွယ် စက်ဝန်းပြား ရထားလဲဆိုတာကိုပါ ထုတ်ဖော်ပြီးသား ဖြစ်သွားလိမ့်မယ်
ရှန်ထျန်း အဖြေပေးဖို့အတွက် အရမ်းအခက်တွေ့နေသည်။
ရှန်ထျန်း၏ စိတ်ထဲတွင် အကြံဉာဏ်များစွာ ထွက်ပေါ်လာသည်။
“ ကျွန်တော်က ဆရာကို မဖုံးကွယ်ထားရဲပါဘူး။ အရိုးသားဆုံး ပြောရရင် ကျွန်တော်ဆီမှာ ထူးခြားတဲ့ စွမ်းရည်တစ်ခု ရှိတယ်။ ကျွန်တော်က တန်ဖိုးရှိတဲ့ အသုံးအဆောင်ပစ္စည်းနဲ့ ကံအပြောင်းအလဲ အခွင့်အရေးကို ဘယ်မှာရှိလဲဆိုတာ သိရှိနိုင်တယ်
အဲဒါက မွေးရာပါအသိစိတ်လို ပုံစံမျိုးပဲ။ အဲလိုမျိုး မကြာခဏ မဖြစ်တတ်ပေမဲ့ တိကျမှုတော့ ရှိပါတယ်။ ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး။
ရှေးဦးအဆီအနှစ် လေးလံရေစင်၊ နိဗာနတော်ဝင်ရေစင်နဲ့ ငှက်မွေးထာဝရသတ္တုကို အဲဒီထူးခြားတဲ့ အာရုံကြောင့် ရှာတွေ့ခဲ့တာ။
ကမ္ဘာဦး တိုက်ပွဲနယ်မြေထဲမှာတုန်းက အမှောင်ဓာတ် ယင်လွင်ပြင်ထဲမှာ ရတနာတွေရှိတဲ့ တည်ရှိမှုကို ခံစားမိသွားတာ။ အဲဒါကြောင့် သွားကြည့်လိုက်တာ။ ဒါပေမဲ့ လွင်ပြင်ရဲ့ နယ်နိမိတ်မှာ အမှောင်ထု ယင်စွမ်းအင်ရဲ့ ပိတ်ဆို့ခြင်းကို ခံလိုက်ရတဲ့အတွက် စုံစမ်းဖို့အတွက် အတင်းဝင်မသွားရဲခဲ့ဘူး။
ပြီးတော့ စစ်နတ်ဘုရား မျှော်နန်းဆောင်ရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီးတော့မှ အဲဒီထဲကို ထပ်ပြီးတော့ စွန့်စားပြီး ဝင်သွားရဲတာ။
နောက်ဆုံးတော့ အဲဒီလွင်ပြင်ရဲ့ အလယ်မှာ မိစ္ဆာဝိညာဉ်အရှင်ကို စည်းပိတ်ထားတာ တွေ့ခဲ့တာ”
ဘာ…အနီးအနားမှာရှိ အဖိုးတန် အသုံးအဆောင်ပစ္စည်းတွေနဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို သိရှိနိုင်တဲ့ ထူးခြားတဲ့ စွမ်းရည်တဲ့လား။ ထျန်းအာက အဲလိုမျိုး မှတ်သားလောက်စရာ အရည်အချင်းကို ဘယ်လိုလုပ်ပြီးတော့ ပိုင်ဆိုင်ထားတာပါလိမ့်
ပြီးတော့ ထျန်းအာက အဲလိုမျိုး ကြီးမားတဲ့ လျှို့ဝှက်ချက်ကို ပြောပြတယ်တဲ့လား
ရှန်ထျန်း၏ ရှင်းပြချက်ကို နားထောင်ပြီးသွားသည့်အခါ ဂိုဏ်းချုပ်၏ အရှိန်အဝါက ပြင်းထန်စွာ လှုပ်ခတ်နေသည်။
စိတ်လှုပ်ရှားတယ်…အရမ်း စိတ်လှုပ်ရှားသွားပြီ
ဂိုဏ်းချုပ်က ကံကြမ္မာသားတော်နှင့် ပတ်သက်ပြီး ဆန်းကြယ်သော အကြောင်းများစွာကို ကြားဖူးထားပြီး အဲဒီထဲက တစ်ခုက သူတို့မှာ ထူးခြားသော စွမ်းရည်များကို ပိုင်ဆိုင်ထားသည်ဆိုသော အကြောင်း ဖြစ်သည်။
သူတို့မှာ ကွယ်လွန်သွားသော စွမ်းအားကြီး ကျင့်ကြံသူတွေကို သာမန်လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ပြန်လည်မွေးဖွားနိုင်ရန်အတွက် ကူညီပေးနိုင်ပြီး ဘဝအတွက် ဒဏ္ဍာရီအသစ်ကို ဖွင့်လှစ်နိုင်သည်။
သူတို့မှာ စွမ်းအားကြီးသော အံ့ဖွယ်လက်နက်များကို ပိုင်ဆိုင်ဖို့ အရည်အချင်းရှိပြီး သူတို့၏ စွမ်းအားများကို တစ်ဖန်ပြန်လည်မြင့်တက်လာအောင် အရှိန်တင်နိုင်သည်။ တချို့က ဘိုးဘေးများနှင့် စာချုပ်ချုပ်ဆိုပြီး သူတို့သွားချင်သော နေရာသို့ ခေါ်သွားခိုင်းနိုင်သည်။ ထိုဘိုးဘေးများက သူတို့ကို ကျင့်ကြံရေးမှာ လမ်းပြပေးသည်။
ကံကြမ္မာသားတော် အများစုတွင် သူတို့၏ ကိုယ်ပိုင်ထူးခြားသော စွမ်းရည်များရှိပြီး အများစုက ထိုအကြောင်းကို ဘယ်သူ့ကိုမှ ပြောပြလေ့ မရှိပေ။
ရှန်ထျန်း၏ ထူးခြားသော စွမ်းရည်က တခြား ကံကြမ္မာသားတော်တွေထက်ကို ပိုပြီးတော့ စွမ်းအားကြီးနေတာပဲ။ သူက အနီးအနားမှာရှိတဲ့ ကံအပြောင်းအလဲ အခွင့်အရေးတွေကို အာရုံခံနိုင်တယ်တဲ့။ ရှန်ထျန်း လအနည်းငယ်အတွင်း ထူးခြားအံ့ဖွယ် ပစ္စည်းငါးခုလုံး စုဆောင်းနိုင်ခဲ့တာက ဒီထူးခြားတဲ့ စွမ်းရည်ကြောင့်ပေါ့
ဒါက ထူးခြားစွမ်းရည်လား ဘာလဲ။ အားကျပြီး ရူးသွပ်သွားဖို့ လုံလောက်တယ်
ထျန်းအာက ငါ့ကို အဲလောက်ထိ ကြီးမားတဲ့ လျှို့ဝှက်ချက်ကို တကယ်ပြောပြတယ်ပေါ့။ ဒါက ယုံကြည်မှုရဲ့ သင်္ကေတပဲ။ ဒါဆို ငါက ထျန်းအာရဲ့ နှလုံးသားထဲမှာ အားကိုးပြီးတော့ ယုံကြည်လို့ရတဲ့ ဆရာတစ်ယောက်များလား …
ထို့ကြောင့် ဂိုဏ်းချုပ်၏ အရှိန်အဝါက ပြင်းထန်စွာ တုန်ခါနေသည်။ အရှိန်အဝါက အကသမား တစ်ယောက် “တီကောင်အက” ကနေသလိုမျိုး ပြင်းထန်စွာ လှုပ်ရှားနေသည်။
ဂိုဏ်းချုပ်၏ အရှိန်အဝါ ပြန်လည်တည်ငြိမ်ဖို့အတွက် အချိန်နည်းနည်းကြာသွားခဲ့သည်။
သူက ရှန်ထျန်းကို လေးနက်စွာ ကြည့်ကာ ပြောလိုက်သည်
“ ဆရာကလွဲပြီးတော့ ထူးခြားတဲ့ စွမ်းရည်အကြောင်း တခြားဘယ်သူတွေ သိသေးလဲ”
ရှန်ထျန်းက ခေါင်းယမ်းပြကာ ဖြေလိုက်သည်
“ တခြား ဘယ်သူမှ မသိသေးပါဘူး”
ယခင်တုန်းက သူ လျှောက်ပြောပြီး အနာဂတ်ကို မြင်ရသည်ဟု လိမ်လည်ခဲ့သည်။
သို့သော် ဂိုဏ်းချုပ်အတွက် အဲဒီအကြောင်းပြချက်ကို ပေးပြီး ကျော်သွားလို့ ရမည်မထင်သောကြောင့် ရှန်ထျန်း ပုံပြင်အသစ်တစ်ပုဒ်ကို စဉ်းစားလိုက်ခြင်း ဖြစ်သည်။
သို့သော် ဂိုဏ်းချုပ်က ထိုအကြောင်းကို လုံးဝ မစဉ်းစားမိပေ။
ငါက ပထမဆုံး သိတာတဲ့လား
ထျန်းအာက သူ့မိဘနဲ့ မောင်နှမတွေကိုတောင် မပြောပြဘဲနဲ့ ငါ့ကိုတော့ ပြောပြတယ်တဲ့လား
ဂိုဏ်းချုပ်၏ မိုးကြိုးအရှိန်အဝါက ထပ်မံပြီး ပြင်းပြစွာ တုန်ခါလာပြန်သည်။
ဂိုဏ်းချုပ်က ရှန်ထျန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်
“ ဒါက လေးနက်တဲ့ ကိစ္စတစ်ခုပဲ။ ဘယ်သူ့ကိုမှ မပြောနဲ့နော်”
ရှန်ထျန်းက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်
“ ကျွန်တော် နားလည်ပါပြီ”
ဂိုဏ်းချုပ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်
“ ရှေ့လျှောက် ယွင်ရှီးနဲ့ အတူနေဖြစ်သွားရင်တောင် သူမကိုလည်း မပြောပြတာပဲ ကောင်းလိမ့်မယ်”
ရှန်ထျန်း ပြန်ဖြေလိုက်သည်
“ ဟုတ်ကဲ့ပါ ဆရာ… ကျွန်တော် တခြားဘယ်သူ့ကိုမှ မပြောတော့ပါဘူး”
ဂိုဏ်းချုပ်က ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်
“ ကောင်းတယ်။ အခု ငါ့နောက် လိုက်ခဲ့။ အဲဒီမိစ္ဆာဝိညာဉ်ဂိုဏ်းသားတွေတွေကို တစ်ချက်သွားကြည့်ရအောင်။
နောက်ထပ် နှစ်တစ်ရာကျရင် ဂိုဏ်းချုပ်နေရာကို လက်လွှဲပေးတော့မှာ။ မင်းအနေနဲ့ အမြန်ဆုံး စွမ်းအားကြီးလာဖို့အတွက် မျှော်လင့်တယ်။ ကျင့်ကြံရေးမှာတင် မဟုတ်ဘူး စီမံခန့်ခွဲ့မှုမှာလည်း ကျင့်သားရနေစေချင်တယ်။
ဒီနေ့ မင်း သင်ယူဖို့အတွက် အခွင့်အရေးကောင်း တစ်ခု ဖြစ်လိမ့်မယ်”
ထို့နောက် အံ့ဖွယ်မိုးကောင်းကင် ဂိုဏ်းချုပ်က လက်ဟန်တချို့ လုပ်ကာ အာကာပြင်မုခ်ဝကို ဖွင့်လိုက်သည်။
သူတို့နှစ်ယောက် ဝင်သွားပြီးနောက် မိုးကြိုးများဖြင့် ဖန်တီးထားသော နေရာတစ်ခုသို့ ရောက်ရှိသွားသည်။
ထိုနေရာ၏ အလယ်တွင် အနီဝတ် အမျိုးသားတစ်ယောက်ကို သံကြိုးများဖြင့် ချည်နှောင်ကာ ချိတ်ဆွဲထားသည်။
ထိုသံကြိုးများကို အသန့်စင်ဆုံး ဓာတ်နှောနတ်မိုးကြိုးများဖြင့် ပြုလုပ်ထားသည့်အတွက် ချိုးဖောက်လို့ မရသလို မိစ္ဆာဝိညာဉ်ဂိုဏ်းသားများကို ထိန်းထားဖို့အတွက် အကောင်းဆုံး ဖြစ်သည်။ ထို့အပြင် အနီဝတ်ဂိုဏ်းသခင်၏ အရေပြားပေါ်ရှိ ရွှေရောင်စာသားများကလည်း သူတော်စင်အဆင့် ကျင့်ကြံသူအနေဖြင့် သူ့ စွမ်းအားကို လုံးဝ ပိတ်ဆို့ထားသည်။ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် ဂိုဏ်းသခင်က အထူးဝန်ဆောင်မှုကို ခံစားနေခြင်းဖြစ်သည်။
သံကြိုးတွေ…စစ်ဆေးပြီး
အပိတ်အဆို့…စစ်ဆေးပြီး
လျှပ်စီးကြောင်းများ…စစ်ဆေးပြီး
အားလုံးအဆင်သင့်ပဲ
မိုးကြိုးကြာပွတ်အသံ ထွက်လာသည်ကို ရှင်းလင်းစွာ ကြားနေရသည်။
အနီဝတ်ဂိုဏ်းသခင်က အံ့ဖွယ်မိုးကောင်းကင်ဂိုဏ်းချုပ်နှင့် ရှန်ထျန်းတို့ကို မြင်သည့်အခါ မဲ့ပြုံးပြုံးလိုက်သည်။
“ မင်း လေကုန်ခံစရာ မလိုပါဘူး။ မင်းကို ဘာမှ ပြောမှာ မဟုတ်ဘူး။ ငါ့ရဲ့ ဂိုဏ်းအပေါ် သစ္စာရှိတယ်။ ငါ့ကို ကြာပွတ်နဲ့ အကြိမ်းသုံးထောင် ရိုက်မယ်ဆိုရင်တောင် …အား…။
မင်းကို ဘာမှ ပြောမှာ မဟုတ်ဘူး။ မင်းတို့မှာ ရှိသမျှ ရက်စက်တဲ့ နည်းလမ်းတွေကို သုံးလိုက် …အား … လာစမ်းပါ… အား…အား…အား…”
ရှန်ထျန်းက မိုးကြိုးကြာပွတ်က အနီဝတ်ဂိုဏ်းသခင်ဆီ လွှဲယမ်းရိုက်ခတ်နေသည်ကို အံ့အားသင့်စွာဖြင့် ကြည့်နေသည်။
ဒီလူက ဘယ်လိုမျိုး ကလေးမကြည့်သင့်တဲ့ ပညာရပ်မျိုးကို လေ့ကျင့်ခဲ့တာလဲ
မိုးကြိုးကြာပွတ်နဲ့ အရိုက်ခံရတာတောင် ဘာလို့ နာကျင်တဲ့ပုံ မပေါ်ရတာလဲ။ သူ့ကို ကြည့်ရတာ… ပျော်တောင် ပျော်နေသလိုပဲ
ဒီလို စစ်ဆေးမေးမြန်းမှုမျိုးက ရလဒ်ရော ကျန်နိုင်ရဲ့လား ...