တားမြစ်ကံကြမ္မာ ရိပ်မိသွားခြင်း
Vol. 19 Ch. 234
"နတ်ဆိုးဧကရာဇ်၊ အရှင် ဘာတွေ ပြောနေတာလဲ။"
လနတ်သား၏ တစ်ကိုယ်လုံး တုန်ခါသွား၍ မော့ကြည့်ပြီး မေးသည်။
"ငါ ခံစားလို့ရတယ်။ မင်းရဲ့ နှလုံးသား ရေခဲလောက်ကို အေးစက်နေတယ်"
တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်က သူ၏ ဦးခေါင်းကို ခါယမ်းလိုက်သည်။
"ဆရာ သေသွားတယ်။ နတ်ဆိုး သန်းပေါင်းများစွာ ပျက်စီးသွားတယ်။ ဒါပေမယ့် မင်းရဲ့ နှလုံးသားထဲမှာ စစ်မှန်တဲ့ နာကျင်မှု မရှိဘူး။ ဒါတွေအားလုံးက မင်းရဲ့ အကွက်ချစီစဉ်မှုတစ်ခုပဲ"
တားမြစ်ကံကြမ္မာ၏ မျက်လုံးများစွာက လနတ်သားကို စိုက်ကြည့်ရင်း အဆက်မပြတ်လှုပ်ရှားနေသည်။
"နှလုံးသားကို လှည့်စားလို့မရဘူး။ လူသားတွေမှာ လူသား နှလုံးသား ရှိတယ်။ နတ်ဆိုးတွေမှာ နတ်ဆိုး နှလုံးသား ရှိတယ်။ မင်းက နတ်ဆိုးတိုက်ကြီးရဲ့ ဒုက္ခဆင်းရဲအတွက် ဝမ်းမနည်းဘူး။ ဟန်ဆောင်တာ ဘယ်လောက်ပဲ ကျွမ်းကျင်ပါစေ၊ နတ်ဆိုး နှလုံးသားမရှိရင် နောက်ဆုံးမှာ ပေါ်ပေါက်လာတာပါပဲ"
"ခင်ဗျား ဘာတွေ ပြောနေတာလဲ ကျုပ် မသိဘူး။ ကျုပ်ရဲ့ မျိုးနွယ်အတွက် အရာအားလုံးကို စတေးဖို့ အသင့်ပါပဲ။ အင်မော်တယ်နတ်ပြည်ထောင် လေးခုကို တိုက်ခိုက်တာဖြစ်ဖြစ်၊ ကောင်းကင်နယ်မြေကို တိုက်ခိုက်တာဖြစ်ဖြစ် ကျုပ် ရှေ့ဆုံး တပ်ဦးကနေ ဦးဆောင်မယ်"
လနတ်သားက အံကြိတ်၍ လိမ်ညာနေခဲ့သည်။
"မဟုတ်ဘူး။ အစက အဆုံးထိ နတ်ဆိုးတိုက်ကြီးမှာ သစ္စာဖောက် တစ်ယောက်တည်းပဲ ရှိခဲ့တယ်။ အဲ့ဒါက မင်းပဲ။ ဝမ်းနည်းစရာကောင်းတာ ငါလည်း မင်းရဲ့ လှည့်စားခြင်းကို ခံခဲ့ရပြီး ကူဧကရာဇ်၊ ကြာနီ နဲ့ လနတ်ဆိုးတို့ သေခဲ့ရတာ ငါ့ပယောဂ မကင်းဘူး။ ဒါတွေအားလုံး ငါ့ရဲ့ လုပ်ရပ်တွေပဲ"
ဝမ်းနည်းပူဆွေးမှု နှင့် အဆုံးမရှိသော ဒေါသများက တားမြစ်ကံကြမ္မာ၏ မျက်လုံးများတွင် ထင်ဟပ်နေသည်။ နတ်ဆိုး စစ်တပ်က ဤ စကားဝိုင်းကို နားထောင်နေရင်း လုံးဝ နားမလည်နိုင် ဖြစ်သွားကြ၏။
"ဒါက ဘာအဓိပ္ပာယ်လဲ"
"ငါလည်း ဘာမှ မသိဘူး"
"တားမြစ်ကံကြမ္မာဧကရာဇ် ရူးသွားပြီလား။ သူက အဓိပ္ပာယ်မရှိတာတွေ ဘာလို့ ပြောနေတာလဲ"
နတ်ဆိုးအားလုံး မျက်လုံးဗလာများဖြင့် လနတ်သားကို စိုက်ကြည့်နေမိကြသည်။
"မင်းက နတ်ဆိုးတစ်ကောင်ပဲ။ မင်းရဲ့ နှလုံးသားက ဘာလို့ နတ်ဆိုးမျိုးနွယ်ဘက်မှာ မရပ်တည်တာလဲ"
တားမြစ်ကံကြမ္မာကိုယ်တိုင် ဤမေးခွန်း၏ အဖြေကို နားလည်ပုံမရချေ။
"လနတ်သားက တကယ်ပဲ သစ္စာဖောက်တစ်ယောက်လား"
"ဘာကြောင့်လဲ"
"ဒါပေမယ့် ခရမ်းရောင်ဧကရာဇ်မှာတော့ အမှန်တကယ် မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတယ်"
နတ်ဆိုးစစ်တပ်က ပရမ်းပတာဖြစ်၍ ဆူညံပွက်လောရိုက်နေစဥ် အဆုံးမရှိသော ဒေါသမှာ တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်၏ နှလုံးသားတွင် ဖြစ်တည်လာသည်။ မျက်လုံးပေါင်းများစွာဖြင့် လနတ်သားကို စိုက်ကြည့်နေရင်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"သူ့ရဲ့ သွေးနဲ့ ယဇ်ပူဇော်ရင်း ငါတို့ ကောင်းကင်နယ်မြေပေါ်ကို ဆင်းသက်ပြီး ကျဆုံးသွားတဲ့ နတ်ဆိုး မျိုးနွယ်အတွက် လက်စားချေရမယ်"
နတ်ဆိုးများက ကောင်းကင်နယ်မြေကို တိုက်ခိုက်ရမည်ဖြစ်ကြောင်း နားလည်သွားကာ တားမြစ်ကံကြမ္မာကို ယုံကြည်ပြီး သတ်ဖြတ်ရန် ချက်ချင်း ပြင်ဆင်လိုက်ကြသည်။ ထိုအချိန်၌ လနတ်သားမှာ သေခြင်းတရားနှင့် ဘေးကျပ်နံကျပ် အခြေအနေတစ်ခုအတွင်း ရောက်ရှိသွားခဲ့သည်။
"မဟုတ်သေးဘူး။ ဒါတွေ အားလုံး တစ်ခုခု မှားနေတယ်"
သူက မျက်မှောင်ကြုတ်၍ တားမြစ်ကံကြမ္မာကို စိုက်ကြည့်နေပြီး ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။
"တားမြစ်ကံကြမ္မာ။ ဘာလို့ ငါ့ကို အပြစ်ပုံချနေတာလဲ ငါ သိတယ်။ နတ်ဆိုးတိုက်ကြီးရဲ့ နတ်ဆိုး သုံးပုံတစ်ပုံ ပျက်စီးခြင်း၊ ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်နဲ့ စစ်ပွဲမှာ ငါတို့ မျိုးနွယ် သန်း ၂၀ ကျဆုံးခြင်းက မင်းလို အလောင်း နတ်ဆိုးတစ်ကောင်ကို အကန့်အသတ်မရှိတဲ့ စွမ်းအားရဲ့ အရသာကို ပေးအပ်ခဲ့တယ်။ ကောင်းကင်နယ်မြေက ငါတို့ နတ်ဆိုး မျိုးနွယ်အတွက် အသားကြိတ်စက်တစ်ခုလို ထောင်ချောက် ဖြစ်ကြောင်း မင်း ကောင်းကောင်းသိပေမယ့် သူတို့ကို သေအောင် တွန်းပို့ချင်နေတယ်။ မင်းက လူသား နဲ့ နတ်ဆိုး မျိုးနွယ်တွေ အချင်းချင်း သတ်ဖြတ်ကြရင် ကိုယ်ပိုင်စွမ်းအားအတွက် မရေမတွက်နိုင်တဲ့ သေဆုံးမှုတွေကို ရိတ်သိမ်းပြီး ဒီ လောကကြီးကို မင်းတစ်ယောက်တည်း ပိုင်ဆိုင်တဲ့ နယ်မြေတစ်ခုအဖြစ် ပြောင်းလဲချင်နေတာမလား။ မင်းက ကိုယ့်အတွက်ကိုယ်ပဲ ဂရုစိုက်တယ်။ မင်းကမှ နတ်ဆိုး မျိုးနွယ်ရဲ့ တကယ့် သစ္စာဖောက်ပဲ"
ချက်ကျလက်ကျ ထောက်ပြခဲ့သော လနတ်သား၏ စကားလုံးများက ရက်စက်ကြမ်းကြုတ်ပြီး သွေးဆူနေသော နတ်ဆိုးစစ်တပ်ကို ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ငြိမ်သက်သွားစေသည်။
"ဘာ"
နတ်ဆိုးများက မွေးရာပါ ဗီဇအလျောက် တားမြစ်ကံကြမ္မာဘက်သို့ လှည့်ကြည့်လိုက်သောအခါ အလောင်းကောင်ကြီးအထက်တွင် သူတို့ ရင်းနှီးသော နတ်ဆိုးများ၏ အလောင်းများ ပြည့်နှက်နေကာ မရေမတွက်နိုင်သော အမုန်းတရား ဝိညာဉ်များ ပတ်ပတ်လည်တွင် ရစ်သိုင်းနေရင်း သေခြင်းတရား ပွဲတော်တစ်ခုအတွက် အားပေးနေသကဲ့သို့ ရူးသွပ်စွာ အော်ဟစ်နေကြသည်။ သူ၏ ခန္ဓာကိုယ်က သေမင်းဝဲတစ်ခုနှင့် ဆင်တူပြီး လူသားများ နှင့် နတ်ဆိုးများအားလုံးကို ဝါးမျိုရန် အသင့်ဖြစ်နေပုံရသည်။
"ဒါက သူ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်လား"
နတ်ဆိုးများစွာ ချက်ချင်း ထိတ်လန့်သွားကြသည်။
"ကောက်ကျစ်တဲ့ ဒီမြေခွေးရဲ့ အဓိပ္ပာယ်မရှိတာတွေကို နားမထောင်နဲ့။ မြေခွေးမျိုးနွယ်က လိမ္မာပါးနပ်ပြီး လှည့်စားတတ်တယ်။ သူက တားမြစ်ကံကြမ္မာအရှင်ကိုတောင် အပုပ်ချရဲတယ်။ တကယ် ရဲတင်းတဲ့ လုပ်ရပ်ပဲ"
"ဒါပေမယ့် သူ ပြောတာလည်း မမှားဘူးလို့ မပြောနိုင်ဘူးလေ"
တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်၏ ခန္ဓာကိုယ် အလောင်းတောင်ကြီးက နတ်ဆိုးများစွာ၏ နှလုံးသားတွင် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။ ကိုယ်တွင်း၌ နတ်ဆိုး နှင့် လူသား အလောင်းများစွာ ရှိနေသည့်အတွက် ၎င်းကို နတ်ဆိုးတစ်ကောင်အဖြစ် မှတ်ယူနိုင်သလား သို့မဟုတ် နတ်ဆိုးအဖြစ်ကို ကျော်လွန်ပြီး ကြောက်မက်ဖွယ် မိစ္ဆာတစ်ကောင် ဖြစ်လာခဲ့သလား ဆိုသော မေးခွန်းများက နတ်ဆိုးများ၏ မသိစိတ်အတွင်း ကြောက်စိတ်ရိုက်သွင်းပေးခဲ့သည်။ ငှက်၊ သားရဲ၊ နှင့် အခြား နတ်ဆိုးများအားလုံး မငြိမ်မသက် ဖြစ်လာကြပြီး တားမြစ်ကံကြမ္မာကို ကြောက်ရွံ့လေလေ လနတ်သားဘက်တွင် ရပ်တည်လေလေ ဖြစ်သည်။ ကျန်ရစ်သည်မှာ သွေးဆာမှု၊ လက်စားချေလိုစိတ်နှင့် ဒေါသမှလွဲ၍ ခံစားချက်မရှိသော အမုန်းတရား နတ်ဆိုးအုပ်စုဖြစ်၍ တားမြစ်ကံကြမ္မာကို စိတ်အားထက်သန်စွာ ထောက်ခံကြသည်။
ဘုန်း
နတ်ဆိုးများ အချင်းချင်းငြင်းခုံနေစဉ် တားမြစ်ကံကြမ္မာက တိတ်ဆိတ်သွားသော်လည်း ခန္ဓာကိုယ်ကြီး ပြင်းထန်စွာ တုန်ခါလာ၍ မျက်တွင်းဟောက်ပက်နှင့် ဒေါသထွက်နေသော နတ်ဆိုး နှင့် လူသား မျက်နှာများသည် သူ၏ မျက်နှာပေါ်သို့ စုပြုံ၍ အားလုံး လနတ်သားဘက်သို့ မျက်နှာမူလာကြ၏။
"လနတ်ဆိုးလည်း ဒီလို အဆုံးသတ်နဲ့ တွေ့ခဲ့ရတယ်။ ဟုတ်တယ်မလား"
လနတ်ဆိုး ဧကရာဇ်၏ နောက်ဆုံး ထွက်သက်တွင် ရင်ဆိုင်ခဲ့ရသော မပြောပြနိုင်လောက်အောင် နာကျင်သော ခံစားချက်ကို သူကိုယ်တိုင်လည်း ခံစားမိလိုက်သည်။ သရဲခြောက်သကဲ့သို့ ထူးဆန်းပြီး နားဝင်ခက်လှသော ငိုညည်းသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်က ဘုန်းခနဲ လှုပ်ရှားလိုက်ပြီး နတ်ဆိုးစစ်တပ်၏ စိတ်နှလုံးများ တုန်ရီသွားကာ မည်သို့ပင် တွေးထားပါစေ၊ ဝင်ရောက်စွက်ဖက်ရန် သတ္တိမရှိကြပေ။ တားမြစ်ကံကြမ္မာ၏ တစ်ခုတည်းသော ပစ်မှတ်မှာ လနတ်သား မဟုတ်ပါလော။
အလောင်းကောင်ကြီးထံမှ လူသား လက်များ နှင့် နတ်ဆိုး ခြေလက်အင်္ဂါများဖြင့် ဖွဲ့စည်းထားသော မရေမတွက်နိုင်သည့် လက်တံများမှာ ကျာပွတ်များစွာကဲ့သို့ ဆန့်ထွက်လာကာ လနတ်သားကို ရိုက်ချလိုက်သည်။ လက်တံတိုင်း၌ နတ်ဆိုးအရှိန်အဝါ နှင့် သွေးနံ့များ မွှန်ထူနေ၏။
"သေစမ်း။ သေစမ်း"
တားမြစ်ကံကြမ္မာ၏ အလောင်းကိုယ်ကြီးထံမှ မရေမတွက်နိုင်သော ပါးစပ်များက တစ်ပြိုင်နက်တည်း ဟိန်းဟောက်ခဲ့ကြသည်။ ၎င်း၏ သတ်ဖြတ်လိုစိတ်က နတ်ဆိုးသန်းပေါင်းများစွာ၏ စုစုပေါင်း အမုန်းတရားမှ ဖြစ်တည်လာကာ လနတ်သားအပေါ်သို့ ပုံချလိုက်၏။ နတ်ဆိုးစစ်တပ်သည် နတ်ဆိုးတိုက်ကြီး၏ ပစ္စုပ္ပန် ဧကရာဇ် နှင့် အနာဂတ်ဧကရာဇ် ကောင်းကင်နယ်မြေ၏ တံခါးတွင် တိုက်ခိုက်နေသည်ကို ကြည့်နေရုံသာ တတ်နိုင်ပြီး စွက်ဖက်ရန် စွမ်းအားမရှိကြပေ။
"လခွမ်းထဲမှ"
လနတ်သားသည် တားမြစ်ကံကြမ္မာအပေါ် နတ်ဆိုးစစ်တပ် သံသယဝင်စေရန် သွေးထိုးနိုင်ခဲ့သော်လည်း ထိုအလောင်း နတ်ဆိုး ရူးသွပ်သွားလိမ့်မည်ဟု မျှော်လင့်မထားပေ။ အင်မော်တယ်နတ်ပြည်ထောင် လေးခု၏ စစ်တပ်များ ရောက်ရှိမလာခင် အချိန်ဆွဲနိုင်ရန် သူက ၎င်းကို တစ်ကိုယ်တော် ရင်ဆိုင်နေရပြီး ယွမ်ရှောင်အနေဖြင့် ကိုယ်ပွားကို စွန့်ပစ်ရန် အချိန်မတန်သေးချေ။
"ငါ့စကားကို နားထောင်စမ်း။ ငါတို့ အခြား အင်မော်တယ်နတ်ပြည်ထောင် လေးခုဆီ သွားတိုက်ခိုက်ရင် မင်းအနေနဲ့ သတ်ဖြတ်ပြီး အားကောင်းလာနိုင်သေးတယ်။ ဘာကြောင့် ငါ့ကို တိုက်ခိုက်နေရတာလဲ"
လနတ်သားက တားမြစ်ကံကြမ္မာကို ရဲရင့်စွာ ကြားဖြတ်တိုက်ခိုက်နေစဉ် အချို့ နတ်ဆိုးများ၏ အမြင်တွင် သူ့ကို သစ္စာဖောက်အဖြစ် လက်မခံနိုင် ဖြစ်နေကြ၏။ လနတ်သားက အမြှီးသုံးချောင်း နတ်ဆိုး မြေခွေးအဖြစ် ပြောင်းလဲသွားကာ လက်တံများစွာကို မယုံနိုင်စရာ အရှိန်ဖြင့် ရှောင်တိမ်းရင်း သေခြင်းမှ အကြိမ်ပေါင်းများစွာ လက်တစ်လုံးခြား လွတ်မြောက်နေခဲ့၏။
ဘုန်း ဘုန်း ဘုန်း
လက်တံများက ရူးရူးမိုက်မိုက် တိုက်ခိုက်နေပြီး အထိန်းအကွပ် လွတ်နေသောကြောင့် နတ်ဆိုးစစ်တပ်အား မတော်တဆထိမှန်ခဲ့လျှင်ပင် အရှိန်မလျော့သဖြင့် တစ်စစီဖြစ်အောင် ရိုက်ချကာ အလောင်းများကို ဝါးမျိုစုပ်ယူပစ်ခဲ့သည်။
"တားမြစ်ကံကြမ္မာ ရပ်လိုက်စမ်း။ အပြစ်မဲ့နတ်ဆိုးတွေကို မတိုက်ခိုက်ပါနဲ့"
အမြီးသုံးချောင်း နတ်ဆိုး မြေခွေးက သူတော်ကောင်းဟန်ဆောင်၍ နတ်ဆိုးများဘက်မှ အသနားခံနေသည်။
"သေစမ်း"
တားမြစ်ကံကြမ္မာက သူ၏ တောင်းပန်သံများကို နားမထောင်ဘဲ အမှန်တကယ်လည်း အလောင်းနတ်ဆိုး၏စိတ်အတွင်း လနတ်သား စွပ်စွဲခဲ့သည့်အတိုင်း အရာအားလုံးကို ဝါးမျိုလိုသော ဆန္ဒတစ်ခု အမှန်တကယ် ရှိနေသည်။ သူက ဆင်ခြင်ဉာဏ်ဖြင့် ထိုဆန္ဒကို ထိန်းချုပ်ထားခဲ့သော်လည်း လက်ရှိတွင် ဒေါသကြောင့် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် မည်သည်မှ ဂရုမစိုက်တတ်သော ရက်စက်ကြမ်းတမ်းသည့် သေမင်း ဖြစ်လာခဲ့သည်။
ဘန်း ဘန်း ဘန်း
လက်တံများဖြင့် တိုက်ခိုက်နေသောကြောင့် စက်ကွင်းမလွတ်သည့် နတ်ဆိုး တစ်သိန်းကျော်ကို ဒဏ်ရာရစေပြီး တားမြစ်ကံကြမ္မာ၏ ချက်ချင်း ဝါးမျိုခံလိုက်ရသည်။
"တားမြစ်ကံကြမ္မာက တကယ် ရူးသွားပြီ"
"သူက ငါတို့ကို စိတ်တိုင်းကျ သတ်ဖြတ်နေပြီး ငါတို့ အသက်တွေကို ဂရုမစိုက်တာ ရှင်းနေတာပဲ"
"လနတ်သားပြောတာ မှန်တယ်။ သူက ငါတို့ကို ရှေးဦး အစီအရင်ထဲကို ချီတက်စေချင်တယ်။ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားအတွက် အလောင်းတွေအဖြစ် သေစေချင်တာ ဖြစ်ရမယ်"
"ဒါက မိစ္ဆာတစ်ကောင်ပဲ။ နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက် မဟုတ်တော့ဘူး"
နတ်ဆိုးများစွာ စိတ်ပျက်အားငယ်နေကြပြီး နတ်ဆိုးတိုက်ကြီးသည် နတ်ဘုရားတိုက်ကြီးကို ချေမွပစ်မည်ဟု မျှော်လင့်ထားကြသော်လည်း အင်အားများ တစ်စ တစ်စ သေဆုံးကုန်သည်။ နတ်ဆိုးဧကရာဇ် လေးပါး၊ နတ်ဆိုးသူတော်စင်များ နှင့် နတ်ဆိုး ပါရမီရှင်များအားလုံး ပျက်စီးသွားခဲ့သည်။ လက်ရှိ အသန်မာဆုံး နတ်ဆိုးဧကရာဇ်သည်လည်ယ နှလုံးသားမရှိသော အလောင်း မိစ္ဆာတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်ကို အောင်နိုင်ခြင်းကြောင့် တောက်လောင်နေသော တိုက်ပွဲဝင်စိတ်ဓာတ်များ ပျောက်ဆုံးကာ ထင်ကြေးအမျိုးမျိုးသည် နတ်ဆိုးစစ်တပ်၏စိတ်ကို ရှုပ်ထွေးနောက်ကျိစေခဲ့သည်။
"တားမြစ်ကံကြမ္မာ နိုးထစမ်း။ နတ်ဆိုးစစ်တပ် အသက်ရှင်ကျန်ရစ်ဖို့ လမ်းတစ်ခု ပြပေးရမယ်လေ။ မင်းရဲ့ ခွန်အား တိုးတက်လာဖို့အတွက် ငါတို့အားလုံးကို သတ်ပစ်ချင်နေတာလား"
လနတ်သားက ရှောင်တိမ်းရင်း အဆက်မပြတ် အော်ဟစ်စွပ်စွဲနေသည်။ လက်တံများက ဧရာမ ပိုက်ကွန်တစ်ခုပမာ ယှက်နွယ်၍ သူ့ကို ဖမ်းချုပ်လိုက်သောအခါ ပျက်စီးနတ်ခန္ဓာအားကိုးဖြင့် ဖောက်ထွက်နေရ၏။ သို့ရာတွင် အဆက်မပြတ် ရိုက်ချလာသော လက်တံအားလုံးကို မကာကွယ်နိုင်သောကြောင့် ကြောက်မက်ဖွယ် အလောင်းနတ်ဆိုး၏ ခွန်အားအောက်တွင် နတ်ခန္ဓာပင် ဒဏ်ရာများ ပြည့်နှက်လာ၏။
လနတ်သားက နတ်ဆိုးအားလုံး သူ့ဘက်ပါလာအောင် စည်းရုံးလှုံ့ဆော်ချင်သော်လည်း နတ်ဆိုးစစ်တပ်မှာ နေရာ၌ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ရပ်နေကြဆဲဖြစ်ကာ ကောင်းကင်နယ်မြေထံ မချီတက်ခြင်းသည်ပင် ရလဒ်ကောင်းတစ်ခု ဖြစ်လာ၏။ နတ်ဆိုး စစ်တပ်တစ်ခုလုံး၏ စိတ်ကို စွပ်စွဲလှည့်ဖျားသော စကားအနည်းငယ်ဖြင့် ပြောင်းလဲရန် အမှန်တကယ် မဖြစ်နိုင်ပေ။
"ငါ အကောင်းဆုံး လုပ်ပြီးပြီ။ ကျန်တာ ကံကြမ္မာအတိုင်းပဲ။ အဆိုးဆုံး ဖြစ်လာရင်တောင့် ဒီကိုယ်ပွားကို စွန့်လွှတ်လိုက်ရုံပါပဲ"
လနတ်သား၏ မျက်နှာက စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် တင်းမာသွားကာ အလောင်းနတ်ဆိုး၏ မျက်နှာထံ ပြေးဝင်၍ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ တားမြစ်ကံကြမ္မာ၏ မျက်နှာက ဘုန်းခနဲ ပေါက်ကွဲသွားကာ သွေးများစွာ ဒလဟော သွန်ထွက်လာ၍ ခန္ဓာကိုယ်ကြီး အနောက်သို့ ယိမ်းယိုင်သွားသည်။
"လနတ်သားက အစွမ်းထက်လိုက်တာ"
နတ်ဆိုးစစ်တပ် အံ့ဩတကြီး ဖြစ်နေစဥ် တားမြစ်ကံကြမ္မာ၏ ပျက်စီးသွားသော မျက်နှာက လျင်မြန်စွာ ပြန်လည် ဖွဲ့စည်းလာသဖြင့် အလောင်းများ၏ စွမ်းအားဖြင့် ပြိုင်ဘက်ကင်းပမာ မသေနိုင်သောကြောင့်။ အမုန်းတရား တည်ရှိနေသရွေ့ သူက ရှင်သန်နိုင်ပြီး စစ်ပွဲများကြောင့် အလောင်းများနှင့် အမုန်းတရားများစွာ ဖြစ်ပေါ်လာသောအခါ အိပ်မက်ဆိုးတစ်ခုအလား အစွမ်းထက်လွန်းလှ၏။
"လနတ်သား၊ ရှေးဦး အစီအရင် တကယ် ပျက်စီးသွားလို့ ဒီလောက်တိုက်ခိုက်ချင်နေတာလား"
တားမြစ်ကံကြမ္မာ၏ နဖူးရှိ ခရမ်းရောင်ဧကရာဇ်၏ခေါင်းပြတ်က ထူးဆန်းစွာ ပြောလာသည်။ လနတ်သားက ခွန်းတုံ့မပြန်ဘဲ ထိုဦးခေါင်းကို တစ်ချက်တည်းဖြင့် ရိုက်ချပစ်လိုက်သည်။
"ဟား ဟား ဟား။ မင်း ကြောက်နေတယ်ပေါ့။ အမှန်တရားကို ငါ သိလိုက်ရပြီ။ အရာအားလုံး ပြီးဆုံးစေရမှာပေါ့"
ခရမ်းရောင်ဧကရာဇ်၏ နောက်ထပ်ခေါင်းပြတ်တစ်ခု ထွက်ပေါ်လာပြီး မနှစ်မြို့စရာကောင်းအောင် ရယ်မောနေခဲ့သည်။ လနတ်သားက ၎င်းကို နောက်တစ်ကြိမ် လျင်မြန်စွာ ဖျက်ဆီးပစ်လိုက်သော်လည်း နောက်ထပ်ခေါင်းပြတ်တစ်ခု ထွက်လာပြန်သည်။
"မင်းပြောတာ မှန်တယ်။ ငါက လူသားမျိုးနွယ်ရော နတ်ဆိုးမျိုးနွယ်ကိုရော ပျက်စီးစေချင်တယ်။ သက်ရှိအားလုံး အလောင်းတွေဖြစ်လာပြီး ငါ့အတွက် စွမ်းအား ဖြစ်လာစေချင်တယ်။ ဒီလိုဆိုရင် ငါက သူတို့အားလုံးနဲ့ ဆက်နွယ်ပြီး နောက်ထပ်အထီးကျန်နေမှာ မဟုတ်တော့ဘူး"
ဤစကားလုံးများက လနတ်သား၏ နားအတွင်းသာ ဝင်ရောက်လာပြီး အခြား နတ်ဆိုးများ မကြားနိုင်ပေ။
"ထောက်ခံသူတွေနဲ့ သူငယ်ချင်းတွေကို ဆုံးရှုံးသွားတဲ့အခါ၊ မင်းရဲ့ တည်ရှိမှုက အဓိပ္ပာယ်မဲ့သွားပြီး ပျက်စီးခြင်းဟာ မင်းရဲ့ ကံကြမ္မာ ဖြစ်လာလိမ့်မယ်"
လနတ်သားက အသက်ကို ခပ်ပြင်းပြင်းရှူ၍ တစ်လုံးချင်း ပြောလိုက်သည်။
"ကောက်ကျစ်တဲ့ မြေခွေးလေး။ ငါ့အကြံကို မင်းနဲ့ စတင်ပေးလိုက်မယ်"
တားမြစ်ကံကြမ္မာက နှာခေါင်းတစ်ချက်ရှုံ့၍ မျက်နှာထက်တွင် ဧရာမပါးစပ်ကြီး ရုတ်တရက် ပြဲထွက်လာကာ နတ်ဆိုးမြေခွေးကို မျက်တောင်တစ်ခတ်အတွင်း မျိုချပစ်ခဲ့လေသည်။