ခရမ်းရောင်ဧကရာဇ် ချောက်ကျခြင်း
Vol. 19 Ch. 231-a
"သတ်မယ်။ သတ်မယ်"
"အရေအတွက် သန်း ၁၀၀ ရှိတဲ့ နတ်ဆိုး စစ်တပ်က ကောင်းကင်နယ်မြေကို မချေမှုန်းနိုင်ဘူးဆိုတာ ငါတို့ လက်မခံနိုင်ဘူး။ မိစ္ဆာတွေ သစ္စာဖောက်တော့ရော ဘာဖြစ်လဲ။ အသန်မာဆုံးသူတွေတောင် နောက်ဆုံးမှာ သေရမှာပဲ"
"သတ်ကြ"
နတ်ဆိုးများ ရူးသွပ်သောစိတ် အခြေအနေရောက်ကုန်သဖြင့် ခရမ်းရောင်ဧကရာဇ်က ကျေနပ်မှုကို ခံစားလိုက်ရ၏။ တားမြစ်ကံကြမ္မာသည် အမှန်တကယ်အားဖြင့် သေဆုံးသွားသော နတ်ဆိုး အလောင်းများကို စုစည်းထားသဖြင့် အမုန်းတရားများစွာ၏ စုရပ်တစ်ခု ဖြစ်နေသည်။ သာမန်နတ်ဆိုးများပင် ဒေါသထွက်နေသောအခါ သူ၏ ဒေါသက ပို၍ ကြီးမားပြီး ကူဧကရာဇ် နှင့် ကြာနီမှာ တားမြစ်ကံကြမ္မာ၏ ရင်းနှီးသော မိတ်ဆွေများ ဖြစ်ကြသည်။ တစ်ကိုယ်တည်း အထီးကျန် ဘဝတစ်ခုတွင် နေထိုင်ခဲ့ရသော သူက ဤ အဖော်နှစ်ဦးကို မျိုးနွယ်တူအဖြစ် မှတ်ယူထားခဲ့သည်။ နတ်ဆိုး စစ်တပ်ပ အထိန်းအကွပ်မဲ့စွာ ကောင်းကင်နယ်မြေသို့ ဒီရေလှိုင်းတစ်ခုကဲ့သို့ ချီတက်နေသောကြောင့် ခရမ်းရောင်ဧကရာဇ် အတွင်းစိတ်မှ ပြုံးလိုက်မိသည်။
"အကောင်းဆုံးပဲ၊ သူတို့ကို ရှေးဦး အစီအရင်ထဲကို အမြောက်စာအဖြစ် ပြေးဝင်ခိုင်းရမယ်။ အရုဏ်တက်နတ်ဧကရီရဲ့ အင်အားစုတွေကို တတ်နိုင်သလောက် သတ်ပေးကြစမ်း။ နောက်ဆုံးကျရင် ငါက စစ်မင်းသမီးနဲ့ ပူးပေါင်းပြီး အကျိုးအမြတ်တွေကို ရိတ်သိမ်းမယ်"
ခရမ်းရောင်ဧကရာဇ်က အမြဲတမ်း လိမ္မာပါးနပ်သော လူတစ်ယောက် ဖြစ်သပြီး အခြေအနေတိုင်းတွင် လေယူရာယိမ်း၍ ရှင်သန်ကြီးထွားတတ်၏။ ဤတစ်ကြိမ်တွင် သူ၏ မဟာဗျူဟာမြောက် အကြံအစည်အပေါ် အလွန်အမင်း ဂုဏ်ယူနေသည်။
"သတ်ကြ သတ်ကြ ဟား ဟား ဟား"
သူက စိတ်ထဲတွင် ဟားတိုက်ရယ်မောရင်း နတ်ဆိုး တိမ်တိုက်များကို တစ်ချက်မော့ကြည့်လိုက်သည်။ ခရမ်းရောင်ကောင်းကင် တပ်ဖွဲ့များမှာ မူလက အောက်နယ်မြေများသို့ ဆင်းသက်ပြီး ရမ်းကားဖျက်ဆီးရန် ကြံစည်ထားသော်လည်း လက်ရှိ၌ နတ်ဆိုးစစ်တပ်အနောက်တွင် ပုန်းအောင်းနေကြပြီ ဖြစ်၏။ နတ်ဆိုး စစ်တပ်မှာ အမုန်းတရားကြောင့် လုံးဝ ရူးသွပ်နေကာ ခရမ်းရောင်ဧကရာဇ်သည် တိတ်တဆိတ် အောင်ပွဲခံနေခဲ့သည်။
ထို့နောက် ငွေရောင် ဆံပင်နှင့် ပုံရိပ်တစ်ခု ကောင်းကင်နယ်မြေမှ ရုတ်တရက် ပြေးထွက်လာပြီး ကြီးမားသော အင်းဆက်ပိုး အလောင်းတစ်ခုကို သယ်ဆောင်လာခဲ့၏။ သူက နတ်ဆိုး စစ်တပ်ရှေ့တွင် ထွက်ပေါ်လာသောအခါ နတ်ဆိုးစစ်သည်များ၏ ဒေါသ အတန်ငယ် လျော့နည်းသွားပုံရသည်။ လနတ်သား အသက်ရှင်နေသည့်အတွက် နတ်ဆိုး မျိုးနွယ်အတွက် အနာဂတ်တစ်ခု ရှိနေသေးသည် မဟုတ်ပါလော။
"လနတ်သား"
ခရမ်းရောင်ဧကရာဇ် တုန်ခါသွားပြီး အပြုံးက မျက်နှာပေါ်တွင် အေးခဲသွားသည်။
"မဖြစ်နိုင်ဘူး၊ စစ်မင်းသမီးက သူ့ကို ကိုင်တွယ်ဖြေရှင်းလိုက်ပြီ မဟုတ်ဘူးလား"
သူ၏ မျက်နှာက ပြာနှမ်းသွား၍ လနတ်သားမှာ အမှန်တကယ် အသက်ရှင်ပြီး ကောင်းမွန်မွန် ရှိနေကြောင်း တွေ့လိုက်ရသည်။ ထိုမြေခွေးက မျက်လုံးများ သွေးကဲ့သို့ နီရဲနေပြီး နတ်ဆိုး စစ်တပ်ဆီ ကူဧကရာဇ်၏ အသက်မဲ့ ခန္ဓာကိုယ်ကို အထက်သို့ ကိုင်မြှောက်ထားရင်း ဒေါသတကြီး လျှောက်လှမ်းလာသည်။
"ကူ ဧကရာဇ်ကို သင်္ဂြိုဟ်ရအောင်"
စကားအဆုံးတွင် သူက မျက်ရည်များ စီးကျနေစဥ် နတ်ဆိုး စစ်တပ်အလယ်မှ အလောင်းများဖြင့် စုစည်းထားသည့် လက်ကြီးတစ်ဖက် ဆန့်ထွက်လာကာ တုန်တုန်ရီရီနှင့် ကူ ဧကရာဇ်၏ ခန္ဓာကိုယ်ကို သယ်ယူလိုက်သည်။ တားမြစ်ကံကြမ္မာ၏ ခန္ဓာကိုယ်ကြီးအထက်တွင် မရေမတွက်နိုင်သော မျက်လုံးများမှ သွေး မျက်ရည်များ ကျဆင်း၍ ပါးစပ်များက တစ်ပြိုင်နက်တည်း ငိုညည်းလိုက်ကြသည်။
"ခရမ်းရောင်ဧကရာဇ်"
လနတ်သားက ကြိတ်မနိုင်ခဲမရ ဒေါသဖြင့် မင်သက်အံ့သြနေသော ခရမ်းရောင်ဧကရာဇ်ကို လှည့်ကြည့်ခဲ့၏။
"မင်းက ငါတို့ကို သစ္စာဖောက်ခဲ့တယ်။ မင်းနဲ့ စစ်မင်းသမီး ပူးပေါင်းကြံစည်ပြီး ကူ ဧကရာဇ်ကို သတ်ဖြတ်ခဲ့တယ်။ ကြာနီက သူမရဲ့ နောက်ဆုံးထွက်သက်မှာ ငါ့ကို ဒီအကြောင်း ပြောသွားခဲ့တယ်။ ကူ ဧကရာဇ်ရဲ့ခန္ဓာကိုယ်ပေါ်မှာ မင်းရဲ့ ခရမ်းရောင် မုန်တိုင်း ဖီးနစ်ငှက် ဂါထာရဲ့ အကြွင်းအကျန်တွေ ရှိနေတုန်းပဲ။ ဝမ်းနည်းစရာကောင်းတယ်။ ငါ ကြာနီရဲ့ ခန္ဓာကိုယ်ကိုတော့ ပြန်မယူလာနိုင်ခဲ့ဘူး"
နတ်ဆိုး စစ်တပ်က ဒေါသူပုန်ထသွားပြီး ကူဧကရာဇ်၏ အလောင်းကို စစ်ဆေးလိုက်သောအခါ ခရမ်းရောင် မုန်တိုင်း ဖီးနစ်ငှက် တာအိုဂါထာ၏ အငွေ့အသက်များ ထင်ထင်ရှားရှား တည်ရှိနေသည်။ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာအများစုမှာ ခရမ်းရောင်ဧကရာဇ်၏ လက်ချက်ဖြစ်ကြောင်း ရှင်းလင်းနေသဖြင့် တားမြစ်ကံကြမ္မာထံမှ စို့စို့နင့်နင့် အော်သံကြီး ထွက်ပေါ်လာခဲ့၏။
"အားးးးး"
၎င်းက တားမြစ်ကံကြမ္မာ၏ အသံ မဟုတ်ဘဲ မရေမတွက်နိုင်သော နတ်ဆိုးများ၏ အမုန်းတရားမှ ထွက်ပေါ်လာခြင်းဖြစ်ကာ ကူ ဧကရာဇ် နှင့် ကြာနီ၏ အဖြစ်ဆိုးကြောင့် သူ၏ ဝမ်းနည်းပူဆွေးမှုမှာ ကောင်းကင်ကိုပင် ဆွဲဖြဲပစ်နိုင်လောက်သော ဒေါသအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ခရမ်းရောင်ဧကရာဇ်"
လနတ်သား၏ မျက်လုံးများက သွေး မျက်ရည်များဖြင့် ပြည့်နှက်နေပြီး ဖြူဖျော့နေသော မျက်နှာကို စိုက်ကြည့်နေသည်။
"မင်းကို ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်ကို ဦးဆောင်ပြီး နတ်ဘုရားတိုက်ကြီးရဲ့ အောက်နယ်မြေတွေက သာမန်ပြည်သူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်။ မင်းရဲ့ စစ်တပ်က အခု ဘယ်မှာလဲ။ လူသား ဘယ်လောက် သတ်ဖြတ်ထားပြီးပြီလဲ။ မင်းက နတ်ဆိုး စစ်တပ်ကို ဒေါသထွက်စေပြီး ငါတို့ကို ကောင်းကင်နယ်မြေထဲကို တွန်းပို့ဖို့ ကြံစည်ထားတာမလား။ ဒီလိုဆိုရင် မင်းရဲ့ ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်က အရုဏ်တက်နတ်ဧကရီ၊ မိစ္ဆာတွေနဲ့အတူ ငါတို့ကို ထောင်ချောက်ဆင်ပြီး ဆုတ်လမ်း မရှိအောင် လုပ်မှာပေါ့"
ခရမ်းရောင်ဧကရာဇ်က ပါးစပ်အဟောင်းသားဖြင့် တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်လုံးများ ပြူးထွက်နေသည်။
"ငါ့မေးခွန်းကို မဖြေနိုင်ဘူးမလား"
လနတ်သားက နတ်ဆိုး စစ်တပ်ဘက် လှည့်၍ အော်ဟစ်လိုက်၏။
"တကယ်လို့ ငါ ထင်ထားတာ မှန်တယ်ဆိုရင်၊ မင်းရဲ့ ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်က အောက်နယ်မြေတွေဆီ လုံးဝ မဆင်းသက်ခဲ့ဖူစဘူး။ သူတို့က ငါတို့ အနောက်မှာပဲ ပုန်းအောင်းနေကြပြီး နောက်ကျော ဓားနဲ့ထိုးဖို့ အသင့်အနေအထား ရှိနေတယ်။ ဟုတ်တယ်မလား"
ဒေါသထွက်နေသော နတ်ဆိုးများက ချက်ချင်း နောက်လှည့်ကြည့်လိုက်သောအခါ နတ်ဆိုးတိမ်တိုက်များကို ဖြတ်ကျော်သွား၏။
"မဟုတ်ဘူး။ မဟုတ်ဘူး"
ခရမ်းရောင်ဧကရာဇ်၏ မျက်နှာက ရှုံ့မဲ့၍ သွေးရူးသွေးတန်းဖြင့် အော်ဟစ်ငြင်းဆန်ခဲ့သော်လည်း နတ်ဆိုးစစ်တပ်မှာ နောက်ကြောင်းပြန်လှည့်၍ ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်ထံ ရူးရူးမိုက်မိုက် ပြေးဝင်သွားကြ၏။ ခရမ်းရောင်ကောင်းကင် စစ်သင်္ဘော တစ်ထောင်ကျော်က တိမ်များအကြား ပုန်းအောင်းနေပြီး မဝေးလှသော နေရာတွင် ရွှေရောင်တဖိတ်ဖိတ် တောက်ပနေသည့် ကောင်းကင်နယ်မြေကို မြင်နိုင်သည်။ ၎င်းမှာ လူသားများ သိမ်းပိုက်ထားသော နတ်ဘုရားတိုက်ကြီး၏ နယ်မြေတွင် အကောင်းဆုံး နေရာဖြစ်သည့်အပြင် ရှေးဟောင်း အင်မော်တယ်နတ်ပြည်ထောင်၏ တစ်ခုတည်းသော အင်မော်တယ် မြို့တော် ဖြစ်သည်။
"ငါတို့ရဲ့ ခရမ်းရောင်ကောင်းကင် နတ်ပြည်ထောင်က နတ်ဘုရားတိုက်ကြီးရဲ့ နံပါတ်တစ် အင်မော်တယ်နတ်ပြည်ထောင်အဖြစ် ဂုဏ်ယူကြတယ်။ ဒါပေမယ့် ငါတို့မှာ ကောင်းကင်နယ်မြေကို မြို့တော်အဖြစ် မပိုင်ဆိုင်ထားဘူး။ တကယ်နှမြောစရာပဲ"
ဝန်ကြီးချုပ် ဝေ့ဖုန်းက ရှည်လျားသော မုတ်ဆိတ်ကို ပွတ်သပ်ရင်း လေးနက်စွာ တွေးတောနေသည်။
"ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ် ခြေချတဲ့နေရာတိုင်း ငါတို့ရဲ့ နယ်မြေ ဖြစ်လာတယ်။ အခု နတ်ဆိုးတိုက်ကြီးလည်း မိစ္ဆာမျိုးနွယ်လက်ထဲ ကျရှုံးသွားမယ်ဆိုရင် သူတို့ ကောင်းကင်နယ်မြေကို သိမ်းပိုက်သွားခဲ့ရင်တောင် အနာဂတ်မှာ ခံတပ် မရှိတော့ဘူး။ တစ်နေ့ကျရင် နတ်ဆိုးတိုက်ကြီးရော နတ်ဘုရားတိုက်ကြီးရော ခရမ်းရောင်ကောင်းကင် နတ်ပြည်ထောင်ကို ဦးညွှတ်ရလိမ့်မယ်။ အရှင်မင်းကြီးက သူ့အတွက် အချိန်ကျလာမှာကို စောင့်နေရင်း ကြီးမားတဲ့ အကြံအစည်ရဲ့ အကျိုးအမြတ်တွေကို သေချာပေါက် ရိတ်သိမ်းနိုင်လိမ့်မယ်"
စစ်သေနာပတိချုပ် တုတင်က ရဲရဲတင်းတင်း ကြေညာ၍ တိမ်တိုက်များအကြား ရပ်နေရင်း ကြီးမားကျယ်ဝန်းသော လောကကြီးကို စိတ်ဓာတ်တက်ကြွစွာ စိုက်ကြည့်နေခဲ့သည်။
"တစ်ခုတည်းသော ဝမ်းနည်းစရာက ငါတို့ ခရမ်းရောင်ကောင်းကင်ရဲ့ မင်းသားတွေနဲ့ မင်းသမီးတွေ အားလုံးနီးပါး သေဆုံးသွားတာပဲ"
အိမ်ရှေ့စံမှ သတ္တမမြောက် မင်းသမီးအထိ သူတို့အားလုံး သေဆုံးသွားသဖြင့် ဝေ့ဖုန်းမှာ ခံရခက်နေသည်။
"စတုတ္ထ မင်းသမီးပဲ ကျန်တော့တယ်၊ သူမရဲ့ အရည်အချင်းတွေက အိမ်ရှေ့စံနဲ့ ယှဉ်နိုင်ပါတယ်။ သူမလည်း တစ်နေ့ကျရင် ငါတို့ ခရမ်းရောင်ကောင်းကင်ကို အုပ်ချုပ်နိုင်မှာပါ။ သူမက ဘိုးဘေးကျောင်းတော်မှာ ရှိနေတယ်မလား"
တုတင်က မှတ်ချက်ချသည်။
"ဟုတ်တယ်"
"ဒါဆိုရင် ကောင်းတယ်။ အရှင်မင်းကြီးရဲ့ ကျွမ်းကျင်တဲ့ ရေရှည်စီမံကိန်းနဲ့အတူ ငါတို့၊ ခရမ်းရောင်ကောင်းကင်က နောက်ဆုံးမှာ အောင်ပွဲကြောင့် ရယ်မောရလိမ့်မယ်။ ငါတို့က ခဏတာ အရှက်မဲ့ရရင်တောင် ဘာဂရုစိုက်စရာလိုလဲ"
တုတင်က ကျယ်လောင်စွာ ရယ်မောသည်။
" မှန်တယ်၊"
ဝေ့ဖုန်းက သဘောတူဟန်ဖြင့် သူ၏ မုတ်ဆိတ်ကို ပွတ်သပ်ရင်း အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လိုက်၏။ ခရမ်းရောင်ကောင်းကင်၏ ထိပ်တန်း အရာရှိ နှစ်ဦးက စစ်တပ်၏ ရှေ့တန်းတွင် ရပ်နေပြီး စစ်သင်္ဘော၏ လက်ရန်းများကို ဆုပ်ကိုင်ထားသည်။ ကောင်းကင်က ရုတ်တရက် မင်ရည်များပမာ အမှောင်ကျလာသဖြင့် ဝေ့ဖုန်း မော့ကြည့်လိုက်မိသည်။
"ကောင်းကင်နယ်မြေအပေါ် မုန်တိုင်း ကျတော့မှာလား"
တုတင်က အေးစက်စက် ပြုံးသည်။
"မုန်တိုင်းတစ်ခုဆိုရင်လည်း ကောင်းပါတယ်။ ဒါက သွေးတွေနဲ့ အလောင်းတွေကို ဆေးကြောပစ်ပြီး လောကသစ်တစ်ခု အစပြုပေးလိမ့်မယ်"
"ဒါပေမယ့် ဒီအမှောင် တိမ်တိုက်က ဘာလို့ ငါတို့ဘက်ကို ဦးတည်လာတာလဲ"
"ဟမ် ကင်းထောက်တပ် စစ်ဆေးစမ်း"
တုတင်က ခဏတာ မင်သက်သွားပြီး ငယ်သားများကို ချက်ချင်း အမိန့်ပေးခဲ့သည်။ ကျင့်ကြံသူ တစ်ရာခန့်က လေ နှင့် မိုးကြိုး၏ စွမ်းအားကို အသုံးပြု၍ လျင်မြန်စွာ ချီတက်သွားသဖြင့် ခဏအတွင်း အမှောင် တိမ်တိုက်များအတွင်း ပျောက်ကွယ်သွားသည်။ တိမ်တိုက်က ပို၍ ကြီးမားလာပြီး ပါးစပ်ဖြဲထားသော ဧရာမ သားရဲကြီးတစ်ကောင်ပမာ စစ်သင်္ဘော တစ်ထောင်ထံ ဦးတည်လာနေသည်။
"နတ်ဆိုး အရှိန်အဝါ"
ဝေ့ဖုန်းက ဆတ်ခနဲ တုန်ရီသွား၍ တုတင်ဘက် လှည့်ကြည့်သည်။
"ဒါက နတ်ဆိုးတိုက်ကြီးရဲ့ နတ်ဆိုး စစ်တပ်ပဲ။ ဘာတွေ ဖြစ်နေတာလဲ။ သူတို့ ထွက်ပြေးလာကြတာလား"
"ထွက်ပြေးလာတဲ့ပုံ မပေါ်ဘူး။ မစိုးရိမ်နဲ့၊ ငါ တားမြစ်ကံကြမ္မာကို ဆက်သွယ်ပြီး မေးလိုက်မယ်"
တုတင်၏ စိတ်ထဲတွင် ခံစားချက်များ ရုတ်တရက် ဆိုးရွားလာနေပြီ ဖြစ်၏။
"တစ်ခုခုတော့ လွဲနေတယ်"
ဝေ့ဖုန်းက နက်နက်ရှိုင်းရှုင်း မျက်မှောင်ကြုတ်လိုက်သည်။ တုတင်က ခရမ်းရောင် မုန်တိုင်းတစ်ခု ဖန်တီးပြီး လက်အောက်ငယ်သားများကို အမိန့်တစ်ခုပေးကာ နတ်ဆိုး စစ်တပ်ထံ ချဥ်းကပ်သွား၏။
"တပ်ဖွဲ့အားလုံး၊ သတိ။ နတ်ဆိုးစစ်တပ် ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ထား"
ခရမ်းရောင်ကောင်းကင် စစ်တပ်တွင် အထက်တန်းလွှာ ကျင့်ကြံသူ အရေအတွက် ဆယ်သန်းဖြင့် ဖွဲ့စည်းထားပြီး နတ်ဘုရားတိုက်ကြီးတစ်ခုလုံးတွင် အသန်မာဆုံး အင်အားစုအဖြစ် မှတ်ယူထားကြ၏။ ကြောက်မက်ဖွယ် အစွမ်းအစကိုလည်း အမှန်တကယ် ပိုင်ဆိုင်၍ သူတို့၏ စစ်ဗျူဟာနှင့် အစီအရင်များက ကိုးကောင်းကင် အင်မော်တယ် စစ်တပ်နှင့် ကောင်းကောင်းကြီး ယှဉ်နိုင်စွမ်း ရှိပေသည်။
"ငါတို့ရဲ့ နတ်ဆိုးညီအစ်ကိုတွေနဲ့အတူ ကာကွယ်ရေး အစီအမံနဲ့ ဆုတ်ခွာဖို့ ပြင်ဆင်ကြ"
ဝေ့ဖုန်းနှင့်အတူ မရေမတွက်နိုင်သော ခရမ်းရောင်ကောင်းကင် ကျင့်ကြံသူများ နတ်ဆိုးစစ်တပ် ဆုတ်ခွာလာသော အကြောင်းအရင်းကို နားမလည်နိုင် ဖြစ်နေကြသည်။ မကြာမီ အနက်ရောင် နတ်ဆိုး တိမ်တိုက်ကြီး ရောက်ရှိလာ၍ တိမ်တိုက်အတွင်း မရေမတွက်နိုင်သော နတ်ဆိုးများက အစစ်အမှန်အသွင်ပြောင်း၍ ဒေါသတကြီး ရူးသွပ်နေပုံရ၏။ နတ်ဆိုးများ၏ အမုန်းတရားက ယခုအချိန်တွင် ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်အပေါ် ပစ်မှတ်ထားနေပြီး သတ်ဖြတ်လိုစိတ်မှာ မရေမတွက်နိုင်သော ဓားသွားများကဲ့သို့ ခရမ်းရောင်ကောင်းကင် ကျင့်ကြံသူများ၏ ဦးခေါင်းများအထက် ဝေ့ဝဲနေသည်။
"ဘာတွေ ဖြစ်နေတာလဲ"
ခရမ်းရောင်ကောင်းကင် အင်မော်တယ် စစ်သည်များက ရုပ်တုများကဲ့သို့ အေးခဲတောင့်တင်းကုန်သည်။
"တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်ကို နှုတ်ခွန်းဆက်သပါတယ်"
တုတင်က သူ၏ လေးစားမှုကို ပြသရန် ရှေ့သို့ ခြေလှမ်းထွက်လိုက်သောအခါဧရာမ အနက်ရောင် လက်ဝါးတစ်ခု ရုတ်တရက် ဆန့်ထွက်လာပြီး သူ့ကို နဖူးတည့်တည့် ရိုက်ချလိုက်သည်။
"အား"
တုတင်၏ အမြင်အာရုံ အမှောင်ကျသွားကာ တစ်ကိုယ်လုံး တစ်စစီဖြစ်သည်အထိ ညှစ်သတ်ခံခဲ့ရ၏။ ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ် တစ်ခုလုံး နေရာတွင် မင်သက်၍ မျက်လုံးများ မယုံကြည်နိုင်ဟန်ဖြင့် ပြူးကျယ်ကုန်သည်။ သေစေလောက်သော အအေးဓာတ်တစ်ခု သူတို့၏ ခြေဖဝါးမှ ငယ်ထိပ်အထိ စိမ့်တက်လာခဲ့၏။
" တိုက်ပွဲအတွက် ပြင်ဆင်ကြ "
တစ်ကိုယ်လုံး တုန်ရီနေသော ဝေ့ဖုန်းက ကိုယ့်ကိုကိုယ် အားတင်း၍ စစ်သည်များကို အမိန့်ထုတ်လိုက်၏။
"နတ်ဆိုးတိုက်ကြီးရဲ့ နတ်ဆိုး စစ်တပ်က ငါတို့ကို တိုက်ခိုက်နေတယ်"
ထိုအခါမှသာ မယုံနိုင်စရာ လက်တွေ့အမှန်တရားက ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ်ကို ဓားတစ်စင်းကဲ့သို့ ထိုးဖောက်ဝင်ရောက်လာသည်။
"ဘာကြောင့်လဲ။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ"
သူတို့က နားမလည်နိုင်ခဲ့ပေ။ မဟာမိတ်များအဖြစ် ပူးပေါင်းထားသော နတ်ဆိုးညီအစ်ကိုများက ကောင်းကင်နယ်မြေကို မတိုက်ခိုက်မီ သူတို့ကို တိုက်ခိုက်လာသောကြောင့် စိတ်ရှုပ်ထွေးနေကြ၏။
"ဘာလို့ သတ်ဖြတ်လိုစိတ်က ဒီလောက်ကြီးမားရတာလဲ"
ဝေ့ဖုန်း၏ စိတ်ထဲတွင် အတွေးများ ဗြောင်းဆန်နေပြီး ပဋိပက္ခများ ရှိခဲ့လျှင်တောင် အလျှော့ပေးမှုများဖြင့် ညှိုနှိုင်းနိုင်သောကြောင့် သေသည်အထိ တိုက်ခိုက်စရာ မလိုအပ်ချေ။။ စစ်ပွဲက အကြောင်းပြချက် ပေးစရာ မလိုသောကြောင့် ခရမ်းရောင်ကောင်းကင် အင်မော်တယ်စစ်တပ် အဖြေမရှာနိုင်ခင် ဒေါသပေါက်ကွဲနေသော နတ်ဆိုးစစ်တပ်မှာ တိုက်ခိုက်လာနေပြီဖြစ်သည်။
ခရမ်းရောင်ကောင်းကင် စစ်တပ်က နတ်ဆိုး စစ်တပ်အနောက်တွင် အမှန်တကယ် ပုန်းအောင်းနေခဲ့သောကြောင့် လနတ်သား ပြောခဲ့သည့်အတိုင်း နောက်ကွယ်မှ ဓားဖြင့် ထိုးရန် အသင့်အနေအထား ရှိနေခဲ့သည်။ မဟာမိတ်အချင်းချင်း သစ္စာဖောက်မှုက မည်သည့် ရန်သူထက်မဆို ပို၍ ရွံရှာစက်ဆုပ်ဖွယ်ရာကောင်းသဖြင့် နတ်ဆိုးစစ်သည်သန်းတစ်ရာကျော်၏ တစ်ခုတည်းသော အတွေးမှာ သတ်ဖြတ်ရန်ပင်။
ဘုန်း
ကောင်းကင်မှ အနက်ရောင် တောင်ကျရေစီးကျလာသကဲ့သို့ နတ်ဆိုးစစ်တပ်က စစ်သင်္ဘော တစ်ထောင်ထံ အုပ်လိုက်တိုးဝင်၍ စစ်ပွဲ စတင်ခဲ့လေသည်။