ငါတို့ထဲက တစ်ယောက်
Vol. 017 Ch. 1620
“ခင်ဗျားတို့က တကယ်ပဲ ကျုပ် အတွေးတစ်ချက်နဲ့ ချိပ်စည်းတွေကို ဖျက်နိုင်တယ်လို့ ယုံကြလား။”
ရီဖူရှင်းသည် သူ့ကို ဝိုင်းလာသည့် လူများကို ပြောလိုက်သော်လည်း သူတို့၏ မျက်လုံးများထဲမှ ဆုံးဖြတ်ချက်တို့ကို မြင်လိုက်ရသည်။
သိသာစွာပင် သူတို့ကို ထိုအချင်းအရာကို လုံးဝဥဿုံ ယုံကြည်နေကြပေသည်။
တောင်တန်းဘုံမှ ဘုန်းကြီးများသည် ရီဖူရှင်း၏ ဘေးတွင် ထွက်ပေါ်လာခဲ့သည်။ ဤဘုန်းကြီးများမှာ ယခင်ကပင် သဲလွန်စအချို့ကို ရရှိထားခဲ့သည်။ ထို့ကြောင့် သူတို့က ရီဖူရှင်း လုပ်ခဲ့သည်ကို ပို၍ပင် ယုံကြည်ကြသည်။ ရီဖူရှင်းသည် ကောင်းကင်အာဏာစက် ပြည်ထောင်ကို သုတ်သင်ရန်အတွက် သူတို့၏ အင်အားကို အသုံးချရန် ကိစ္စရပ်တစ်ခုလုံးကို အစီအစဥ်ဆွဲထားခဲ့ခြင်း ဖြစ်သည်။
“အရှင်ရီ ကျုပ်တို့ဘက်က ရိုးသားမှု ပြပြီးခဲ့ပြီလို့ မထင်ဘူးလား။” ရှန်ရှင်းကလန်မှ ဘုန်းကြီးက ပြောလိုက်သည်။
ရီဖူရှင်းသည် သူ၏ မျက်လုံးများကို မှေးကျဥ်းကာ သူ့ဘေးမှ ဘုန်းကြီးကို ကြည့်လိုက်ပြီး စိတ်ထဲ၌ ကျိန်ဆဲနေခဲ့သည်။ သူ၏ စကားများက သူ့ကို ရောင်းစားလိုက်ခြင်း ဖြစ်နေပြီး ရှင်းပြရန် မည်သည့်အခွင့်အရေးမှ မရနိုင်တော့ပေ။
သူသည် ရွေးချယ်စရာ မရှိတော့သောကြောင့် ကိုယ်တိုင်ဖြေရှင်းရပေတော့မည်။
“ဒီက ဆရာတော် ပြောတာ မှန်တာပေါ့။” ရီဖူရှင်း၏ မျက်နှာထက်တွင် အပြုံးတို့ ရှိနေကာ လူအုပ်ကြီးကို ပြောလိုက်သည်။ “ကျုပ် တောင်းပန်ပါတယ်။ ကျုပ် လက်လွန်သွားလို့ အဲဒီ ချိပ်စည်းသုံးခုကို ဖွင့်လိုက်မိတာကတော့ တကယ့်ကို မတော်တဆပါပဲ။”
လူတိုင်း၏ မျက်လုံးများက ရီဖူရှင်းပေါ်၌ ရှိနေခဲ့သည်။ သို့ဆိုလျှင် ချိပ်စည်းကို ဖွင့်ခဲ့သူက အမှန်တကယ်ပင် သူ ဖြစ်နေသည်လား။
အတွေးတစ်ချက်နှင့် ချိပ်စည်းကို ဖျက်ဆီးနိုင်ခြင်း။
လူအများသည် ရီဖူရှင်းကို မီးဝင်းဝင်းတောက်သည့် မျက်လုံးများနှင့် ကြည့်နေကြသည်။ ဤသည်မှာ ရိထျန်းယွီတွင် ချိပ်စည်း ဖွင့်ရန် နည်းလမ်းရှိသည်ဟု ယူဆမိခဲ့ကြစဥ်ကထက်ပင် ကြောက်မက်ဖွယကောင်းနေသေးသည်။ အတွေးတစ်ချက်နှင့် ချိပ်စည်းများကို ဖွင့်နိုင်ခဲ့ခြင်း။ ထိုသည်မှာ သူ့အတွက် လေဟာနယ်ခန်းမမှ ရတနာများ အားလုံးကို ယူဆောင်သွားနိုင်သည်ဟူသော အဓိပ္ပါယ်ပင် မဟုတ်ပါလား။
အတိတ်တွင် ထိုသို့ မည်သူမှ မလုပ်ဆောင်နိုင်ခဲ့ပေ။ သူတို့အားလုံးသည် ရတနာအနည်းငယ်ကိုသာ ယူဆောင်လာနိုင်ခဲ့ပေသည်။
ရီဖူရှင်းသည် ရတနာပုံထဲ၌ ရှင်သန်နေသည်နှင့် တူပေသည်။
သူ့ဘေးမှ သောကျောက်သည်လည်း မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားရသည်။ သူသည် ဤလူက ပြောသည့်အတိုင်း အမှန် လုပ်နိုင်လိမ့်မည်ဟု ထင်မထားမိခဲ့ပေ။
ယခုတွင် ရီဖူရှင်းက အားလုံး၏ အာရုံစိုက်မှုအလယ်တွင် ရောက်ရှိနေပြီး နေရာတစ်ခုလုံးကလည်း အနည်းငယ် တိတ်ဆိတ်နေခဲ့သည်။ သို့သော် အားလုံး၏ အာရုံစိုက်မှုများကတော့ ရီဖူရှင်း အပေါ်၌သာ ရှိနေခဲ့၏။
“ကျွန်မတို့ သူ့ကို အရင်ဆုံး အညံ့ခံပြီး ထိန်းချုပ်မှုအောက် ရောက်လာအောင် လုပ်ရမယ်။ ပြီးတော့မှ သူ့ဆီက ချိပ်စည်းဖွင့်တဲ့ နည်းလမ်းရယူရမယ်။” အေးစက်သည့် အသံတစ်ခုက ပြောလိုက်သည်။ ထိုသူမှာ ယဲ့မန်ပင် ဖြစ်သည်။ တိုက်ပွဲဖြစ်ခဲ့သည့်အချိန်တွင် ကောင်းကင်အာဏာစက် ပြည်ထောင်နှင့် နှင်းနတ်ပြည်ထောင် နှစ်ခုလုံးက ကြီးမားစွာ ဆုံးရှုံးနစ်နာခဲ့ရသည်။ ထိုအရာအားလုံးမှာ ရီဖူရှင်းကြောင့်ဖြစ်ကာ ကျိန်းသေ လက်စားချေရပေမည်။
သူမသာ အားလုံး၏ အာရုံကို ရီဖူရှင်းဘက် လှည့်မပေးနိုင်ခဲ့ပါက ရိထျန်းယွီသည် ဤနေရာ၌ပင် အသတ်ခံခဲ့ရနိုင်ပေသည်။
“ကောင်းကင်အာဏာစက် ပြည်ထောင်နဲ့ ကျုပ်တို့ကြား ရန်ငြိုးရန်စက မင်းနဲ့ ဘာဆိုင်လဲ။ ဘာကိစ္စနဲ့ ဝင်စွက်ဖက်နေရတာလဲ။” ရီဖူရှင်းက ယဲ့မန်ကို ကြည့်လိုက်ပြီးနောက် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။ “ကျုပ်က လုပ်နိုင်တဲ့ အရာအားလုံးကို တည့်တိုးပဲ လုပ်တတ်တယ်။ ရိုးရိုးသားသား ပြောရရင် ကျုပ်နဲ့ ကောင်းကင်အာဏာစက် ပြည်ထောင်ကြားမှာ သွေးကြွေးတချို့ ရှိနေခဲ့တယ်။ အဲဒါကြောင့် လက်စားချေဖို့အတွက် အားလုံးကို အသုံးချခဲ့မိတာ တောင်းပန်ပါတယ်။ အခု ခင်ဗျားတို့ အားလုံးလည်း ကျုပ်ရဲ့ အတွေးတစ်ချက်နဲ့ ချိပ်စည်းကို ဖွင့်နိုင်တာ သိသွားပြီဆိုတော့ ဒီခန်းမထဲ ရှိသမျှ အရာအားလုံးကို ကျုပ် ချိပ်ဖွင့်ပေးနိုင်တယ်။ ကျုပ်ရဲ့ မိတ်ဆွေဖွဲ့လိုတဲ့ စိတ်ရင်းစေတနာကို ပြသဖို့အတွက် အဲဒီ ရတနာတွေကို ခင်ဗျားတို့နဲ့ မျှဝေပေးချင်ပါတယ်။ ဘယ်လို သဘောရကြလဲ။”
လူအများတို့၏ မျက်နှာထက်၌ သံသယအကြည့်တို့ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းသည် ရိထျန်းယွီနှင့် မတူသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ရိထျန်းယွီသည် အမှန်တကယ်ပင် အမွေအနှစ် ပစ္စည်းများကို ချိပ်ဖွင့်ရန် နည်းလမ်းမရှိခဲ့ဘဲ မည်သူကမှလည်း သူ၏ ရှင်းပြချက်ကို လက်မခံခဲ့ရာ သူသည် အရိုက်ခံရခြင်းမှလွဲ၍ အခြား မည်သည့်အရာ လုပ်နိုင်ပါမည်နည်း။
သို့သော် ရီဖူရှင်းက ချိပ်စည်းများကို ဖွင့်ခဲ့သူက သူ ဖြစ်ကြောင်း ဝန်ခံခဲ့သည့်အတွက် သူတို့အတွက် ရွေးချယ်ရန်မှာ သူနှင့် မိတ်ဆွေ ဖွဲ့မလား ရန်သူ ဖြစ်မလား ဆိုသည်ပင် ဖြစ်၏။
ယခု ဤအကြံပြုချက်က စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။ ထိုအချိန်တွင် ရီဖူရှင်း၏ ဘေး၌ ဘုန်းကြီးများ ရပ်နေသလို သောမျိုးနွယ်စုနှင့် ဗြဟ္မာ့သန့်စင်ကောင်းကင်မှ တန်ခိုးရှင်များ ရှိနေသည်။
ယဲ့မန်က ရီဖူရှင်း၏ စကားကို ကြားလိုက်ရသည့်အခါ သူမ၏ အမူအရာက ပြောင်းလဲသွားပေသည်။
“တကယ်လို့ မင်းနဲ့ မိတ်ဆွေဖွဲ့မယ်ဆိုရင် အဲဒီပစ္စည်းတွေကို ဘယ်လို ခွဲဝေပေးဖို့ ရည်ရွယ်ထားလဲ။” ဗဟိုအင်ပါယာဘုံ သိုင်းနတ်ဘုရားကလန်မှ တန်ခိုးရှင်က ရီဖူရှင်းကို မေးလိုက်သည်။
ထိုတန်ခိုးရှင် မေးလိုက်သည်က အခြားသော အင်အားစုများလည်း သိချင်နေသည့် အကြောင်းအရာ ဖြစ်သည်။
“အရာအားလုံးက ကျုပ်တို့ရဲ့ ခင်မင်ရင်းနှီးမှု ဘယ်လောက်နက်ရှိုင်းလဲဆိုတဲ့အပေါ် မူတည်တယ်။” ရီဖူရှင်းက ပြုံး၍ ပြောလိုက်သည်။
“မင်း ဆိုလိုတာက ဆုံးဖြတ်ပိုင်ခွင့်ရှိတာ မင်းတစ်ယောက်ပဲပေါ့” သိုင်းနတ်ဘုရားကလန်မှ တန်ခိုးရှင်က မေးလိုက်သည်။
“တကယ်လို့ ခင်ဗျားသာ ဒီနတ်လက်နက်တွေကို ချိပ်စည်းဖွင့်ပြီး ပိုင်ဆိုင်နိုင်သူ ဖြစ်ခဲ့ရင် ဘယ်သူ ဘာပစ္စည်း ရသင့်တယ်ဆိုတာ တခြားတစ်ယောက်ကို ဆုံးဖြတ်ခွင့်ပေးမှာလား။” ရီဖူရှင်းက ပြန်ဖြေလိုက်သည်။ သူ၏ အကြောင်းပြချက်ကို လူတိုင်း လက်ခံပေးမည်မဟုတ်သည်ကို သိရှိပေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ရီဖူရှင်း၏ တုံ့ပြန်မှုကို ကြားသည့်အခါ လူအများက နှာခေါင်းရှုံ့ကြပြီး အတော်လေး မကျေမချမ်း ဖြစ်နေပုံပေါ်သည်။ သိသာစွာပင် လူအများက သူ၏ အဖြေကို ကျေနပ်ခြင်း မရှိကြပေ။
“အဲဒီလို လုပ်မယ်ဆိုရင် မင်း ဖိအားအများကြီး ရလိမ့်မယ်။” သူ့ဘေးမှ လုံချန်က သူ့ကို သတိပေးလိုက်သည်။
“ကျုပ်တို့ အားလုံးက ကောင်းကင်အာဏာစက်ဘုံက လာကြတာ။ နတ်ဆိုးဘုံရဲ့ ထိပ်သီးအင်အားစုတွေနဲ့ ကျုပ်ကလည်း ရေစက်ရှိခဲ့တယ်။ ခင်ဗျားတို့ ကျုပ်နဲ့ ရန်သူတော့ မလုပ်ဘူးမလား။” ရီဖူရှင်းက လုံချန်နှင့် နတ်ဆိုးဘုံမှ အခြားတန်ခိုးရှင်များကို ပြောလိုက်သည်။
နတ်ဆင်ကလန်နှင့် ယူချင်းကို စောင့်ရှောက်ပေးခဲ့သော နတ်နဂါးကလန်က သူနှင့် မဟာမိတ်ဖြစ်သည်ကို မေးခွန်းထုတ်ရန် မလိုပေ။ ဥဒေါင်းနတ်ဆိုးအင်ပါယာနှင့် ခွန်ရွှမ်သည် ကောင်းကင်နတ်ဆိုးနန်းတော်တွင် လွှမ်းမိုးမှုရှိသည်။ ထို့ပြင် သူ၏ စီနီယာအစ်ကိုသုံးကလည်း နတ်မိစ္ဆာလမ်းစဥ်ကို ဆက်ခံခဲ့သည်။ သူက မည်သို့ပင် ရှုမြင်စေ ကောင်းကင်အာဏာစက်ဘုံ၏ နတ်ဆိုးအင်အားစုများက သူ့ဘက်တွင် အခိုင်အမာ ရှိနေသင့်သည်။
“ငါ ကောင်းတာတချို့ လိုချင်တယ်။” လုံချန်က ပြောလိုက်သည်။
“ကောင်းပြီ။” ရီဖူရှင်းက ခေါင်းညိတ်လိုက်၏။
“ကောင်းကင်နတ်ဆိုးနန်းတော်ကို နတ်နဂါးကလန်ထက် လျော့ပြီး ဆက်ဆံလို့မရဘူးနော်။” လေထဲမှ ကျွင့်က ရီဖူရှင်းကို ပြောလိုက်သည်။
ရီဖူရှင်းက ပြုံးကာ ပြောလိုက်၏။ “ကျုပ်က ဘယ်သူကိုမှ မဆန့်ကျင်ချင်တာမို့လို့ လူတိုင်းကို ညီတူမျှတူဆက်ဆံပါ့မယ်။”
ကောင်းကင်အာဏာစက်ဘုံမှ တန်ခိုးရှင်များအားလုံးနီးပါး ဤနေရာသို့ ရောက်ရှိလာကြပြီဖြစ်ကာ သူတို့၏ စွမ်းအားက အားအကောင်းဆုံး ဖြစ်သည်။ ရန်ဟောင်ငါးယောက်တွင် ကောင်းကင်အာဏာစက်ဘုံတွင် နှစ်ယောက် ရှိပေသည်။ တစ်ယောက်မှာ ကောင်းကင်အာဏာစက် ပြည်ထောင်မှ ဖြစ်ပြီး အခြားတစ်ယောက်မှာ ကောင်းကင်နတ်ဆိုးနန်းတော်မှ နတ်ဆိုးအင်ပါယာ ဖြစ်သည်။
နတ်ဆင်များသည် တွေဝေမနေကြပေ။ ယခင်က ရီဖူရှင်းသည် သူတို့နှင့်အတူ ကျင့်ကြံဖူးခဲ့ပြီး နတ်ဆင်အင်ပါယာက သူတို့၏ လေးနက်သော ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြရန် သူ၏ တန်ခိုးရှင်များကို ရီဖူရှင်းအား ထောက်ပံ့ပေးရန် အထူးမှာကြားထားခဲ့သည်။ ထို့ကြောင့် သူတို့က ရီဖူရှင်း၏ ဘက်မှ ဖြစ်သည်။
ဤဖြစ်ရပ် အလှည့်အပြောင်းက ရိထျန်းယွီအား ရှက်ရွံ့စေသည်။ ရီဖူရှင်းသည် နောက်ကွယ်၌ နတ်ဆိုးဘုံမှ အင်အားစုများကို စုစည်းထားနိုင်ခဲ့ပြီး ကောင်းကင်အာဏာစက်ဘုံ၏ အနာဂတ်ကို ကြီးမားစွာ လွှမ်းမိုးနိုင်စွမ်း ရှိနေခဲ့သည်။ ထိုအဖြစ်က ကောင်းကင်အာဏာစက်ပြည်ထောင်အတွက် အလွန် ဆိုးဝါးနိုင်ပေသည်။ ဗြဟ္မာ့သန့်စင်ကောင်းကင်၏ ချင်းဟယ်သည်လည် ရီဖူရှင်းနှင့် အလွန် နီးစပ်သည်။
“ကြည့်ရတာ ကောင်းကင်အာဏာစက်ဘုံကို ဆန့်ကျင်ရပ်တည်တာက ကျုပ်အတွက် ကောင်းကျိုးမရှိနိုင်ဘူး ထင်ပါရဲ့။” ထောင်ချီနတ်တောင်မှ ကောင်းဟွမ်က ရယ်ရယ်မောမော ပြောလိုက်သည်။
“အချိန်မရွေးကြိုဆိုပါတယ်။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။
“ကောင်းကင်အာဏာစက်ဘုံကြီး ဒီလောက် မစည်းလုံးတာ ကြာခဲ့ပြီပဲ။” ကောင်းဟွမ်က ပြုံးကာ ပြောလိုက်သည်။ ထိုသည်မှာ ရီဖူရှင်းကဲ့သို့ သူ၏ မျိုးဆက်တွင် အားလုံးက လေးစားခြင်းကို ခံရအောင် မည်သူမှ မလုပ်နိုင်ခဲ့သည့်အတွက် ဖြစ်နိုင်သည်။ ကောင်းကင်အာဏာစက် ပြည်ထောင်၏ အိမ်ရှေ့စံ ရိထျန်းယွီသည်ပင် ထိုသို့ မအောင်မြင်နိုင်ခဲ့သလို နတ်ဆိုးဘုံမှ ကျွင့်နှင့် လုံချန်သည်လည်း အတူတူပင် ဖြစ်သည်။
ရီဖူရှင်းသည် ရိထျန်းယွီ၏ အောင်မြင်ကျော်ကြားမှုတို့ကို ဖိနှိပ်ကာ ကောင်းကင်အာဏာစက်ဘုံ၏ ဤမျိုးဆက်မှ လူများအတွက် စံပြဖြစ်လာခဲ့ပေသည်။
ကောင်းကင်အာဏာစက်ဘုံ၏ ထိပ်သီးအင်အားစုများအားလုံးက ရီဖူရှင်း၏ နောက်တွင် ရပ်နေပြီး သောမျိုးနွယ်စုသည်လည်း မဟာမိတ်အဖြစ် ပူးပေါင်းထားသည်ဖြစ်ရာ သူတို့၏ အင်အားက ပို၍ အစွမ်းထက်လာခဲ့သည်။
လူတိုင်းက အံ့အားသင့်နေကြ၏။ သူတို့သည် ရီဖူရှင်းက ကောင်းကင်အာဏာစက်ဘုံ၌ ထိုမျှထိ လွှမ်းမိုးနိုင်စွမ်းရှိမည်ဟု ထင်မှတ်မထားခဲ့ကြပေ။
နှိုင်းယှဥ်ကြည့်ရလျှင် ယခင်က လောက၌ ပြိုင်ဘက်ကင်းဟု ချီးမြှောက်ခံခဲ့ရသည့် ရိထျန်းယွီသည် ရီဖူရှင်းထက် နိမ့်ကျနေပုံရလေသည်။
သူတို့၏ လွှမ်းမိုးမှုအဆင့် ကွာခြားပုံက သိသာလွန်းလှသည်။
သောကျောက်သည် ရီဖူရှင်းကို ကြည့်ကာ လေးစားစွာ တွေးလိုက်သည်။ “အထင်ကြီးစရာပဲ။”
ဤလူက အမှန်တကယ် ထူးခြားပြောင်မြောက်လှပေသည်။ သူ ဖော်ပြခဲ့သော လွှမ်းမိုးမှုနှင့် ဆုံးဖြတ်ရလျှင် ထိတ်လန့်အံ့သြဖွယ် ပါရမီကို လက်ဆောင်ရထားသူ ဖြစ်သည်။ သူက ထိုသူကို ရှုံးနိမ့်ခဲ့သည့်အတွက် မည်သည့် ရှက်စရာမှ မရှိတော့ပုံပင် ဖြစ်၏။
“အရင်က ဓားမြို့တော်မှာ ညီနောင်ရီရဲ့ ဦးဆောင်လမ်းပြပေးမှုက တကယ်ပဲ ရိုးသား စစ်မှန်တယ်။ ယွမ်ယန်ကလန်က ဒီလိုလူမျိုးနဲ့ မိတ်ဆွေ ဖြစ်ခွင့်ရရင် ဂုဏ်ယူမိပါလိမ့်မယ်။” ယွမ်ဟုန်က သူ၏ မှတ်ချက်ကို အများကြားအောင် လုပ်ခဲ့ပြီး အခြားအင်အားစုများလည်း ရီဖူရှင်းဘက်သို့ လာပူးပေါင်းရန် ဆွဲဆောင်ခဲ့သည်။ လက်ရှိအခြေအနေတွင် သူတို့သည် ပြိုင်ဘက်များ၏ အင်အားထက် အားမနည်းသော်လည်း ရန်ဟောင်အဆင့်မှ ပုဂ္ဂိုလ်များ နည်းပါးနေခဲ့သည်။
ထိုသည်မှာ ရှန်ရှင်းကလန်မှ ဘုန်းကြီးများ၏ သဘောထားအပေါ်တွင်လည်း မူတည်နေသေး၏။
ရှန်ရှင်းကလန်၏ သဘောထားက အရေးကြီးနေသည်ဟု ထင်မှတ်ရပေသည်။
“ခင်ဗျားတို့ ဘယ်လိုထင်လဲ” ရီဖူရှင်းက သိုင်းနတ်ဘုရားကလန်မှ တန်ခိုးရှင်များကို မေးလိုက်သည်။
“ကျုပ်မှာ အကြံပေးချင်တာ ရှိတယ်။” ရှန်ရှင်းကလန်မှ ဘုန်းကြီးက ပြောလိုက်သည်။
ရီဖူရှင်းနှင့် အခြားသူများက သူတို့၏ အာရုံကို သူ့ဘက်သို့လှည့်လိုက်ပြီးနောက် ထိုဘုန်းကြီး အပြုံးနှင့် ပြောသည်အား ကြားလိုက်ရသည်။ “ခန်းမထဲက နတ်လက်နက်တွေကို ငါးပုံ ပုံလိုက်ပြီး တစ်ဖက်ကို နှစ်ပုံစီ ယူလို့ရတယ်။ ဒါဆို နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေ မဖြစ်နိုင်ဘူးလား။”
“နောက်တစ်ပုံက ဘာလုပ်ဖို့လဲ။” ရီဖူရှင်းက မေးလိုက်သည်။
“သေချာပေါက် အဲဒါက ကျုပ်တို့ အတွက်ပေါ့။” ဘုန်းကြီးက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ ရှန်ရှင်းကလန်က ရတနာ တစ်ပုံစာ လိုချင်နေပြီး ထိုသည်က အကောင်းဆုံးဟု ဆိုနေသည်။
“ဆရာတော်က နောက်တတ်တာကိုး” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။
“အရှင်ရီက ဒါကို လက်မခံရင် ဘာလို့ တခြားလူတွေရဲ့ အကြံဉာဏ်ကို နားမထောင်ကြည့်တာလဲ။” ဘုန်းကြီးက ပြုံးကာ တခြားဘက်မှ တန်ခိုးရှင်များကို ပြောလိုက်သည်။ ယခု သူတို့၏ အနေအထားက အရေးသာနေပြီး အခြေအနေတစ်ရပ်က နှစ်ဖက်လုံးကို တိုက်ရိုက်သက်ရောက်နေသည်။ ထိုသို့သော အခြေအနေအောက်တွင် သူတို့က သဘောတူညီချက်ရရှိရန် မည်သည့်အတွက် အားမထုတ်နိုင်ရမည်နည်း။
“ဆရာတော်က ရတနာတစ်ပုံလုံးသာ ရသွားမယ်ဆိုရင် ကျန်တဲ့ ကျုပ်တို့လည်း ရသင့်တာပဲ။ အဲဒါ မကောင်းဘူးလား။” သိုင်းနတ်ဘုရားကလန်မှ တန်ခိုးရှင်က ရှန်ရှင်းကလန်မှ ဘုန်းကြီးကို ကြည့်ကာ ပြောလိုက်သည်။ သူတို့သည် ရှန်ရှင်းကလန်မှ ဘုန်းကြီးများက မထိုက်တန်ဟု ယူဆခဲ့ကြသည်။
“ကျုပ် သဘောမတူဘူး။ ဒါပေမယ့် အရှင်ရီက ကျုပ်ရဲ့ အကြံပေးချက်ကို သဘောတူမယ်ဆိုရင် ကျုပ်က သူ့ကို အခွင့်အရေး တစ်ခု ပေးဖို့ဆန္ဒရှိပါတယ်။ ကျုပ်တို့ ဘုန်းကြီးတွေက သတ်ဖြတ်ခြင်းနဲ့ မပတ်သတ်တာမို့ ငြိမ်းချမ်းရေးက တန်ဖိုးအရှိဆုံးပါပဲ။” ဘုန်းကြီးက အပြုံးနှင့် ပြောလိုက်သည်။ သူ၏ အပြုံးမျက်နှာကို ကြည့်ရင်း ရီဖူရှင်းသည် ရှင်းမပြတတ်လောက်အောင် ရယ်မောချင်စိတ် ဖြစ်လာခဲ့သည်။
“ခင်ဗျားတို့လို 'ဆရာတော်တွေ' ကို ဗုဒ္ဓဘာသာအစစ်တွေက နှင်ထုတ်ခဲ့တာ မအံ့သြတော့ပါဘူး။ ခင်ဗျားမှာ အရမ်းကို ဉာဏ်ပညာကြွယ်ဝတဲ့ အတွေးတွေ ရှိနေတာကိုး။” ရီဖူရှင်းက ပြုံး၍ ပြောလိုက်သည်။ ရှန်ရှင်းကလန်က သူတို့သည် အမှန်တကယ်ပင် ရတနာတစ်ပုံလုံးနှင့် ထိုက်တန်သည်ဟု ယူဆနေသလား။
ယခု သူက စဥ်းစားတွေးတောပြီးသွားခဲ့ပြီ ဖြစ်သည်။
ဘုန်းကြီးက ဒေါသမထွက်သော်လည်း သူတို့၏ မျက်နှာထက်တွင် အပြုံးတုများ ဆင်မြန်းထားသည်။ သူက ဆက်လက်၍ ပြောလိုက်၏။ “ဒါဆို အရှင်ရီရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်က ဘာများလဲ။”
“လေဟာနယ်ခန်းမရဲ့ ချိပ်စည်းတွေကို ကျုပ်တစ်ယောက်ပဲ ဖွင့်နိုင်တယ်။ အဲဒါကြောင့် ကျုပ်တစ်ယောက်တည်းကပဲ တခြားလူတွေကို ခွဲဝေပေးနိုင်မယ်။ ကျန်တဲ့ လူတွေရဲ့ ဘယ်လို အကြံပေးချက်ကိုမှ လက်မခံဘူး။” ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်သည်။ “မိတ်ဆွေဖြစ်မလား ရန်သူဖြစ်မလားကတော့ ခင်ဗျားတို့ရဲ့ ရွေးချယ်မှုနဲ့ပဲ လုံးလုံးလျားလျား သက်ဆိုင်သွားပါပြီ။”
“အရှင်ရီက အတော်လေး ရဲတင်းတာပဲ။” ဘုန်းကြီးက ပြုံးလိုက်ပြီး သိုင်းနတ်ဘုရားကလန်မှ တန်ခိုးရှင်များကို ကြည့်လိုက်သည်။ “မင်းက ငါတို့ ငါးပုံတစ်ပုံ ရမယ်ဆိုတာ အာမခံနိုင်လား။”
“ရှန်ရှင်းကလန်မှာ ရန်ဟောင်လေးယောက်ထဲက တစ်ယောက် ရှိနေတယ်။ ဒါပေါ့ အာမခံနိုင်ပါတယ်။” သိုင်းနတ်ဘုရားကလန်က တုန့်ပြန်လိုက်သည်။
“သိပ်ကောင်းတယ်” ဘုန်းကြီးက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် ရီဖူရှင်းကို ပြောလိုက်သည်။ “ဂရုစိုက်ပါ အရှင်ရီ”
မိတ်ဆွေအား နှုတ်ဆက်သကဲ့သို့ ပြောပြီးနောက် သူက တခြားဘက်သို့ လျှောက်လှမ်းသွားတော့သည်။
ထို့ကြောင့် နှစ်ဖက် သိသာစွာ ကွဲထွက်သွားပြီး နှစ်ဖက်မဟာမိတ်အင်အားစုများ ဖြစ်တည်လာသည်။ ဤကဲ့သို့ အဖြစ်မျိုးသည် ယခင်က မည်သည့်အခါတွင်မှ မဖြစ်ဖူးခဲ့ပေ။
ထိုအရာအားလုံးမှာ လူတစ်ယောက် ကြောင့် ဖြစ်လေသည်။
“အောက်ဘက်က ကြွက်တွေ။ မင်းတို့ကိုယ်မင်းတို့ ထွက်ပြသင့်နေပြီ မထင်ဘူးလား။” ရှန်ရှင်းကလန်မှ တန်ခိုးရှင်က ပြောလိုက်သည်။ သူ၏ စကားလုံးများ ပျောက်ကွယ်သွားသည့်အခါ သူသည် လေထဲသို့ ထွက်ပေါ်လာသော ရွှေရောင်ပုံရိပ်များကို မြင်လိုက်ရသည်။ သူတို့အားလုံးသည် ခရမ်းရွှေကြွက်ကလန်မှ တန်ခိုးရှင်များ ဖြစ်ကြသည်။
“အစ်ကိုရီ၊ ကျုပ်တို့ ကြွက်ကလန်အတွက် ရတနာအချို့ ရနိုင်မလား။” ရှုဟွမ်စွန်းက ရိထျန်းယွီကို မေးလိုက်သည်။
“ရမှာပေါ့” ရိထျန်းယွီက ခေါင်းညိတ်လိုက်၏။
“အာ... ဒါဆို မင်းက ငါတို့ထဲတစ်ယောက်ပဲ။ တောင်းပန်ပါတယ်လေ” ရှန်ရှင်းကလန် ဘုန်းကြီးက ပြုံးလိုက်လေသည်။
***