နတ်ဆိုးစစ်တပ် ပြိုကွဲခြင်း
Vol. 19 Ch. 239
တားမြစ်ကံကြမ္မာ၏ အမြင်တွင် လနတ်သားသည် သူနှင့် ပူးပေါင်းပြီး ယွမ်ရှောင်ကို အရင် သတ်ပစ်မည်ဟု ထင်ခဲ့သည်။ သို့သော် ကံကြမ္မာ၏ လှည့်ကွက်တစ်ခုတွင် လူငယ်နှစ်ဦး ထိပ်တိုက်ရင်ဆိုင်မိကြသောအခါ လနတ်သားမှာ တစ်ဖက်လူ၏ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားခဲ့၏။
"ဘာဖြစ်သွားတာလဲ"
မိစ္ဆာမင်းသမီး၏ အပြုအမူများကြောင့် မယုံကြည်နိုင်ဖြစ်ခဲ့ရသော တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်သည် နောက်တစ်ကြိမ် မင်သက်သွားရပြန်သည်။
ဘုန်း
ဖန်ဆင်းရှင် အင်မော်တယ်၏ ခန္ဓာကိုယ်တွင် ပျက်စီးနတ်ခန္ဓာပိုင်ရှင် နတ်ဆိုးနှင့် လူသားက အပြစ်အနာအဆာကင်းစွာ ပေါင်းစပ်သွားသဖြင့် စွမ်းအားအသစ်တစ်မျိုးကို မွေးဖွားပေးလိုက်သည်။ အသစ်ထွက်ပေါ်လောသော စွမ်းအားကြောင့် ယွမ်ရှောင်သည် လူတစ်ယောက်တည်းဖြင့် မတူညီသော ကျင့်ကြံမှု စနစ်နှစ်ခု၏ တန်ခိုးစွမ်းအင်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။ ထိုစွမ်းအား ပမာဏသည် ပြီးပြည့်စုံခြင်းအဆင့် ဧကရာဇ် နယ်ပယ်မှ နတ်ဆိုးသတ္တဝါတစ်ကောင်ကိုပင် ဒူးတုန်သွားလောက်အောင် အစွမ်းထက်နေ၏။ သူက ဓားနှလုံးသား လေးသောင်းကိုလည်း ဓားတစ်ချက်တည်းအတွက် စွမ်းအင်ထောက်ပံ့ပေးရန် လောင်ကျွမ်းပစ်ခဲ့ပြီး
လနတ်သားနှင့် ပေါင်းစပ်သွားသောအခါ ဓားစွမ်းအင် မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာ၍ သူ၏ မျက်ဝန်းများ၌ ဓားသွား ဓားရောင် တဖြတ်ဖြတ် တောက်ပနေသည်။
"သတ်ပစ်မယ်"
ယွမ်ရှောင်၏ လက်စားချေလိုသော ကြုံးဝါးသံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး တားမြစ်ကံကြမ္မာ၏ ခန္ဓာကိုယ်ကိုပင် ဖြတ်သန်း ပဲ့တင်ထပ်နေသည်။
"အတိတ်မှ ဘီလီယံချီတဲ့ ဓားကျင့်ကြံသူတို့ ကြယ်သတ်ဓားသိုင်း၏ အမွေဆက်ခံသူက လူသားမျိုးနွယ်ရဲ့ အထွတ်အထိပ် ဓားသိုင်းဖြင့် ဒီနေရာ ဒီအချိန်၌ အလောင်းနတ်ဆိုးရဲ့အသက်ကို ပူဇော်ပသပါမယ်"
ယွမ်ရှောင်သည် ပထမဆုံးအကြိမ်အဖြစ် ကြယ်သတ်ဓားသိုင်း၏ အစွမ်းအထက်ဆုံး ဓားရှည်သိုင်းကွက်၊ နဂါးငွေ့တန်း ဝဲဂယက် ဓားချက်ကို ထုတ်လွှတ်လိုက်သည်။ သူက နဂါးငွေ့တန်း ကြယ်စင်စုအလား ပြောင်းလဲ၍ တားမြစ်ကံကြမ္မာ၏ အလောင်းခန္ဓာကြီး အပြင်ဘက်သို့ တိုးထွက်သွားကာ မရေမတွက်နိုင်လောက်အောင် များပြား၍ ထိုးဖောက်နိုင်စွမ်းမြင့်သော ဓား အလင်းများကို ခြံရံနေသဖြင့် ဖြူကောင်တစ်ကောင်နှင့်ပင် တူညီသွား၏။
"ဟင်"
ထိုဓားချက်၏ ပေါက်ကွဲသံသက်သက်ကပင် တားမြစ်ကံကြမ္မာ၏ နတ်ဆိုး နှလုံးသားကို ကြောက်ရွံ့မှုဖြင့် တုန်ခါသွားစေသည်။ အသစ် ပြန်လည်ဖွဲ့စည်းထားသော ဦးခေါင်းကြီးမှာ ယခုထိ အပြည့်အဝ ပုံမဖော်ရသေးဘဲ အင်္ဂါအစိတ်အပိုင်းများ စုစည်းနေစဥ် ပြင်းထန်သော ဝေဒနာကြောင့် ချက်ချင်း နာနာကျည်းကျည်း အော်ဟစ်လိုက်ရသည်။
ဇွတ် ဇွတ် ဇွတ်
ဓားအလင်း ရာပေါင်းများစွာက အလောင်းကောင်ကြီး၏ အသွေးအသားကို ထိုးဖောက်သွားသည့် အသံများ စစ်မြေပြင်တစ်ခွင် ပဲ့တင်ထပ်နေသည်။
လူသားများ နှင့် နတ်ဆိုးများ ထိတ်လန့်တကြားဖြင့် ပြိုင်တူ လှည့်ကြည့်လာကြသောအခါ ဓားအလင်း ထောင်ပေါင်းများစွာသည် အလောင်းကောင်ကြီး၏ ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာခဲ့၏။ ဓား အလင်းတိုင်းသည် အပြာရောင် မီးလျှံ မုန်တိုင်းတစ်ခု သယ်ဆောင်ထားသဖြင့် အလောင်းကြီး၏ ခန္ဓာကိုယ်၌ ဟောင်းလောင်းပေါက် ဒဏ်ရာများ ဆုတ်ဖြဲပစ်နိုင်ခဲ့သည်။ ဒဏ်ရာတစ်ခုချင်းစီတွင် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်၏ မီးလျှံများ တောက်လောင်နေကာ တားမြစ်ကံကြမ္မာ၏ ခန္ဓာကိုယ် တစ်ဝက်ခန့်ကို တမဟုတ်ချင်း ဝါးမျိုသွားခဲ့သည်။
ယွမ်ရှောင်၏ ဓားချက်မှာ ဒဏ္ဍာရီဆန်လောက်အောင် အစွမ်းထက်နေပြီး ဝှစ်ခနဲ မြည်သံနှင့်အတူ အဖြူရောင် ပုံရိပ်တစ်ခုသည် တားမြစ်ကံကြမ္မာ၏ ဦးခေါင်းမှ နောက်တစ်ကြိမ် ဖောက်ထွက်လာသည်။ မည်းနက်ညစ်ထွေးသော သွေးများ ကောင်းကင်မှ မိုးရွာကျလာပြီး ကြောက်မက်ဖွယ်ရာ အပြာရောင် မီးလျှံများ တောက်လောင်နေသည်။ သို့ရာတွင် သူက ပြိုင်ဘက်ကင်း ဓားနတ်ဘုရားတစ်ပါးကဲ့သို့ နတ်ဆိုး ထောင်ပေါင်းများစွာအလယ်တွင် ထွန်းလင်းတောက်ပနေပြီး ဓားတစ်လက်ကို ဆွဲကိုင်ထားလျှင် ကောင်းကင် နှင့် နေမင်းကို ထိုးဖောက်နိုင်စွမ်း ရှိပေလိမ့်မည်။
"အားးးးး"
ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်၏ အစွမ်းအောက်တွင် တားမြစ်ကံကြမ္မာ၏ ခန္ဓာကိုယ် အများစုမှာ သေစေနိုင်လောက်အောင် လောင်ကျွမ်းခံနေရသည်။ ဤစွမ်းအားက ၎င်း၏ အဆီအနှစ်ကို ချေမှုန်းပစ်ရန်ပင် လုံလုံလောက်လောက် အစွမ်းထက်ပေသည်။
"မသေနိုင်တဲ့ အလောင်းနတ်ဆိုးလည်း ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ရဲ့ အစစ်အမှန် စွမ်းအားရှေ့မှာ ဘာမှ အဓိပ္ပာယ်မရှိဘူး"
ယွမ်ရှောင်က ကောင်းကင်ထောက်ထိုင်နှင့် ကောင်းကင် သင်္ချိုင်း ခေါင်းတလား ပေါင်းစပ်မှုမှ မွေးဖွားလာသော နတ်ဘုရားဓားအပေါ် ယုံကြည်မှုအပြည့်ဖြင့် ကြုံးဝါးလိုက်၏။ အရင် ဘဝတွင် ဖန်ဆင်းရှင် အင်မော်တယ်ပင် ကောင်းကင်သင်္ချိုင်း ဓားဝိညာဉ်ကို မပိုင်ဆိုင်ခဲ့ပေ။ ထို့ကြောင့် ဤရှေးခေါင်းတလား ဆယ်ခုမှာ ပြန်လည်မွေးဖွားရာတွင် ယခင်ဘဝထက် ကျော်လွန်နိုင်ရန် အခြေခံအုတ်မြစ် ဖြစ်လေသည်။နတ်ဆိုးတိုက်ကြီး နှင့် အကျဉ်းထောင် ခေါင်းတလား ပေါင်းစပ်လိုက်လျှင် မည်သည့်ရတနာမျိုး ထွက်ပေါ်လာမည်ကို သူ အလွန်သိချင်နေသည်။ ရှေးခေါင်းတလားများ၏ အထောက်အပံ့ နတ်ဘုရား ပစ္စည်းများအပြင် သူက အတိတ်ဘဝထက် ကျော်လွန်၍ ပျက်သုဥ်းခြင်း နတ်ဆိုးဘိုးဘေးနတ်ဘုရား၏ ပျက်စီးနတ်ခန္ဓာနှင့် မိစ္ဆာဘိုးဘေးနတ်ဘုရား၏ ကပ်ဘေးမိစ္ဆာသွေးကိုလည်း ပိုင်ဆိုင်နေပြီ ဖြစ်သည်။
"သွေးကျွန်မ၊ အခု မင်းအလှည့် ရောက်ပြီ"
ယွမ်ရှောင်က သူ၏ ဓားဖြင့် နာကျင်စွာ အော်ဟစ်နေသော တားမြစ်ကံကြမ္မာကို ဖိနှိပ်ထားရင်း စစ်မင်းသမီးဘက်လှည့်ကာ ရုတ်တရက် အမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့"
စစ်မင်းသမီးက အစာအိမ်အတွင်းမှ အော့အန်ချင်စိတ်ကို မျိုသိပ်၍ သွေးကျာပွတ်ကို ဆင့်ခေါ်ရင်း မျက်စိစုံမှိတ်ကာ တားမြစ်ကံကြမ္မာ၏ နှလုံးသားထံ ချက်ချင်း ဦးတည်ပြေးထွက်သွားခဲ့သည်။ ထိုအချိန်တွင် တားမြစ်ကံကြမ္မာသည် ယွမ်ရှောင်၏ လက်ချက်ဖြင့် သူမကို မတားဆီးလိုက်နိုင်သဖြင့် ကပ်ဘေးမိစ္ဆာသွေး ထွက်ပေါ်လာခဲ့သည်။ နှလုံးသွေးကြောများ ရပ်တန့်သွားကာ မရေမတွက်နိုင်သော သွေးစီးကြောင်းများ ပန်းထွက်လာသကဲ့သို့ ကပ်ဘေးသွေးသည် နှလုံးမှတဆင့် သူ၏သွေးကြောအားလုံးသို့ ခန္ဓာကိုယ်တလျှောက် လျင်မြန်စွာ ပျံ့နှံ့သွားသည်။
အလောင်းကောင်ကြီးက ဆတ်ခနဲ တုန်ခါသွားကာ သွေးမြူခိုးများ ပေါက်ကွဲထွက်လာပြီး ၎င်းတို့သည် မိစ္ဆာဘိုးဘေးနတ်ဘုရား၏ ဧရာမ ပုံရိပ်ကြီးအဖြစ် ဖွဲ့စည်းလာခဲ့၏။ ခဏအတွင်း တားမြစ်ကံကြမ္မာ၏ သွေးများ စစ်မင်းသမီးထံ ရေတံခွန်ပမာ တဝေါဝေါ စီးဝင်လာခဲ့သော်လည်း ထူးဆန်းသော ဖြစ်ရပ်မှာ ခန္ဓာကိုယ်အတွင်း၌သာ ဖြစ်ပျက်နေသောကြောင့် မည်သူမှ မမြင်နိုင်ခဲ့ပေ။
"ယွမ်ရှောင်"
စစ်မင်းသမီးက ပုပ်သိုးနေသော နတ်ဆိုးသွေးများကြောင့် နှုတ်ခမ်းကိုက်ထားရင်း ထိုနာမည်ကို ဒေါသတကြီး အော်ဟစ်ကာ အားတင်းထားရသည်။ မရေမတွက်နိုင်သော သွေးကြောများ သူမ၏ ခန္ဓာကိုယ်နှင့် ချိတ်ဆက်သွားသောအခါ အလောင်းမျိုးစုံ၏ သွေးများ စုစည်းရာမှ ဖြစ်ပေါ်လာသော အညစ်အကြေး ၉၉ ရာခိုင်နှုန်းကို ကပ်ဘေးမိစ္ဆာသွေးမှ ဖယ်ရှားသန့်စင်ထားကြောင်း နားလည်သွားခဲ့၏။ ကျန်ရှိနေသည်မှာ အသန့်စင်ဆုံး အနှစ်သာရသာ ဖြစ်၍ ရွံရှာစက်ဆုပ်ဖွယ်ရာ မကောင်းတော့ဘဲ သူမ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်အတွင်း ပေါင်းစပ်သွားသည်။
"ကောင်းပြီ။ ဒါဆိုရင် ငါက အလကားနေရင်း ပါးရိုက်ခံလိုက်ရတာပေါ့"
သူမက မင်သက်နေရာမှ မျက်နှာကို ပွတ်သပ်လိုက်မိပြီး ပါးပြင်သည် နာကျင်နေဆဲဖြစ်သည်။ သူမက ပို၍ စိတ်လှုပ်ရှားလာပြီး သွေးများကို အဆက်မပြတ် စုပ်ယူနေခဲ့သောကြောင့် တားမြစ်ကံကြမ္မာ၏ နာကျင်မှုကို ပို၍ ပြင်းထန်လာစေသည်။ သူက ကောင်းကင်သင်္ချိုင်း ဓား၏ လောင်ကျွမ်းခြင်း ခံနေရပြီး တစ်ချိန်တည်းမှာပင် ကပ်ဘေးမိစ္ဆာမှ သွေးစုပ်ခြင်း ခံနေရသည်။ အလောင်းနတ်ဆိုး၏ အခြေခံအုတ်မြစ်များ ဖြစ်သော ခန္ဓာကိုယ်က မီးလောင်နေပြီး သွေးမှာ စုပ်ယူ ဝါးမျိုခံနေရသည်။
အခြား အလောင်းများကို အမြဲတမ်း စုပ်ယူခဲ့သော တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ်သည် အရှင်လတ်လတ် အရေခွံဆုတ် အရိုးများ ဆွဲထုတ်ခံနေရသကဲ့သို့ နာကျင်နေသည်။ မသေနိုင်သော အလောင်းနတ်ဆိုးမှာ ယွမ်ရှောင်၏ အစွမ်းများကြောင့် သေခြင်းတရား၏ အငွေ့အသက်ကို စတင် ခံစားလာရသည်။
"မဟုတ်ဘူး။ မဖြစ်နိုင်ဘူး"
ရောနှောနေသော ဝိညာဉ်များစွာ၏ ငိုညည်းသံများက အလောင်းကောင်ကြီးထံမှ ရူးသွပ်စွာ ထွက်ပေါ်နေသည်။ နာကျင်အားကြီးလွန်း၍ ထွက်ပေါ်လာသော အသံမျိုးဖြစ်နေသဖြင့် စစ်မြေပြင်ရှိ သက်ရှိတိုင်း တိုက်ခိုက်ခြင်းများ ရပ်တန့်ကာ မင်သက် စိုက်ကြည့်နေမိကြသည်။
"ဘယ်သူက ဒီအလောင်း နတ်ဆိုးဟာ မိစ္ဆာလို့ ပြောခဲ့တာလဲ။ ယွမ်ရှောင်က တကယ့် မိစ္ဆာပဲ။ ငါကတော့ မိစ္ဆာရဲ့ စွမ်းအား အစိတ်အပိုင်းတစ်ခုကို အသုံးပြုခွင့်ရထားတာတောင် အလောင်းနတ်ဆိုးထက် ပိုအစွမ်းထက်နေပြီ"
စစ်မင်းသမီး၏ မျက်နှာက အရောင်မျိုးစုံ ပြောင်းလဲနေကာ တားမြစ်ကံကြမ္မာသည် တိုက်ကြီး နှစ်ခုလုံး၏ အလောင်းနှင့် ဝိညာဉ်များကို ဝါးမျိုခဲ့သော်လည်း သူမက တားမြစ်ကံကြမ္မာကို တစ်ဖန် ဝါးမျိုခဲ့သည်။ နတ်ဆိုးက မည်မျှ အစွမ်းထက်နေပါစေ၊ အစစ်အမှန်မိစ္ဆာက ခေါင်းတစ်လုံး ပိုမြင့်နေသည် မဟုတ်ပါလော။
စစ်မင်းသမီးအနေဖြင့် ကပ်ဘေး မိစ္ဆာသွေး ဤမျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မသိနားမလည်ခဲ့ပေ။ ၎င်းက အလောင်းနတ်ဆိုး၏ သွေးကိုပင် အတင်းအကျပ် ဆွဲထုတ်ပြီး သန့်စင်နိုင်သောအခါ ဤလောကတွင် သူမ မစုပ်ယူနိုင်သော သွေးဟူ၍ မရှိနိုင်တော့ပေ။
"နတ်ဆိုးကိုယ်ပွားနဲ့ ငါ နှစ်ယောက်လုံးက နတ်ဆိုး နဲ့ မိစ္ဆာဆန်တဲ့ စွမ်းအားတွေကိုလက်ခံရတယ်။ ဒါပေမယ့် သူ့ရဲ့ မူလကိုယ်က ဖြောင့်မတ်တဲ့ လမ်းကို ကျင့်ကြံတယ်။ ပုံမှန်မဟုတ် အရာအားလုံးက သူ့ရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်နေတာပဲ"
သူမက တားမြစ်ကံကြမ္မာကို ဝါးမျိုနေရင်း ၎င်း၏ ကံကြမ္မာသည် ယွမ်ရှောင်အား ကလန်ကဆန် မလုပ်ရန် သတိပေးချက်တစ်ခု ဖြစ်ကြောင်း ခံစားလိုက်ရ၏။
အလောင်းကောင်ကြီးမှာ မီးလောင်ကျွမ်းနေရင်း သွေးစုပ်နေခံနေရသဖြင့် ညှိုးနွမ်းခြောက်သွေ့လာပြီး အတင်းအကျပ် ပေါင်းစပ်ထားသော အလောင်းများ ပေါက်ကွဲထွက်သွားသည်။ မရေမတွက်နိုင်သော မျက်လုံးများ၊ ပါးစပ်များ၊ လျှာများ၊ ဆံပင်များ၊ အရိုးများ နှင့် ကိုယ်တွင်း အင်္ဂါများ လျင်မြန်စွာ ပြာကျသွားသည့်အပြင်သွေးစီးကြောင်းများစွာက စစ်မင်းသမီးထံသို့ ရောက်ရှိကုန်သည်။ ၎င်းဖြစ်စဥ်အတွင်း တားမြစ်ကံကြမ္မာ၏ ဝိညာဥ်များစွာ ပေါင်းစပ်ထားသော အော်ဟစ်သံများက စစ်မြေပြင်ရှိ အသံအားလုံးကို လွှမ်းမိုးသွားသည်။ ထို့နောက် ငိုညည်းသံများ ဖြည်းဖြည်းချင်း တိုးလာကာ ဝမ်းနည်းပူဆွေး၍ နာကျင်နေပုံပေါ်၏။
လူသားများ နှင့် နတ်ဆိုးများ စောင့်ကြည့်နေစဥ် အပြာရောင် မီးလျှံများ ပို၍ ပြင်းထန်လာပြီး နောက်ဆုံးတွင် အလောင်းကောင်ကြီးကို လွှမ်းခြုံ၍ ဧရာမ မီးလုံးကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ အနံ့ဆိုးများ တလှိုင်လှိုင် ထွက်နေပြီး မီးခိုးများ ကောင်းကင်သို့ တလူလူ လွင့်ပျံသွားကာ မည်းနက်မှောင်မိုက်သော တိမ်တိုက်ကြီးများ ဖြစ်တည်လာသည်။
"နတ်ဆိုး… နတ်ဆိုးတိုက်ကြီး၊ နတ်ဆိုးတိုက်ကြီး။ ငါ့ပိုက်နက်.... အား......."
တားမြစ်ကံကြမ္မာ ဝါးမျိုထားသော ဝိညာဉ်များ၏ ဝမ်းနည်းပူဆွေး ငိုညည်းသံများ လောကကြီးတစ်ခွင် ပျံ့နှံ့လာပြီး မရေမတွက်နိုင်သော နတ်ဆိုးများ၏ နှလုံးသားများအတွင်း နက်ရှိုင်းစွာ စိမ့်ဝင်သွားခဲ့သည်။
"တားမြစ်ကံကြမ္မာ နတ်ဆိုးဧကရာဇ် ပျက်စီးသွားပြီလား"
နတ်ဆိုး သန်းပေါင်းများစွာက နေရာတွင် ရပ်တန့်သွားကာ အလောင်းကောင်ကြီး၏ အဖြစ်ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း တိုက်ခိုက်လိုစိတ်များ ပရမ်းပတာဖြစ်အောင် မွှေနှောက် ဖျက်ဆီးခံလိုက်ရလေသည်။