ပိတ်ဆို့ထားခြင်း
Vol. 129 Ch. 1779
ရှေ့ဖြစ်ဟောသူကို ဝါးမြိုပြီးနောက် မြေနိမ့်သားရဲသည် ကောင်းကင်ဘုံတာအို ဖြစ်လာသည်။ ၎င်း၏အော်ရာကို တခြားသူများ ခန့်မှန်းနိုင်ဖို့မှာ အလွန်ခက်ခဲပေလိမ့်မည်။
သည်လှိုဏ်ဂူလောက၏ အပြင်ဘက်၌ ဖြစ်ပါက ကောင်းကင်ဘုံတာအိုသည် ပြစ်ချက်အချို့ ရှိပေလိမ့်မည်။ သို့သော် သည်လှိုဏ်ဂူလောက၌မူ ၎င်းမှာ အကြွင်းမဲ့ဖြစ်၏။
အတိတ်တုန်းက လျန်တောက်ဖေသည်ပင် သူ ဝါးမြိုခြင်း မခံရခင် တင်ကြို၍ သည်ကောင်းကင်ဘုံတာအိုကို ထောက်လှမ်းနိုင်စွမ်း မရှိခဲ့လေပေ။ မြေနိမ့်သားရဲသည် တိမ်ပင်လယ်ကို ဖြတ်သန်းလာစဉ် တစ္ဆေအိုကြီးကျန့်သည်လည်း ၎င်းကို သတိမပြုမိပေ။
ဗိုလ်ချုပ်လေးယောက်မှာလည်း သတိမပြုမိကြပေ။
သူတို့၏နတ်ဘုရားအာရုံများက တိမ်ပင်လယ်တစ်ခုလုံးကို ခြုံလွှမ်းစေသည့်အထိ အစွမ်းထက်ကြ၏။ သို့သော် သူတို့က မြေနိမ့်သားရဲကို မမြင်နိုင်ပေ။ သူတို့သည် မြေနိမ့်သားရဲပေါ်တွင် ထိုင်နေသော ဝမ်လင်းကိုလည်း သတိမပြုမိပေ။
ဤသည်မှာ ရှေ့ဖြစ်ဟောသူ ဘာကြောင့် ထောက်လှမ်းမခံရဘဲ နှစ်ပေါင်းရာချီ ဆင့်ခေါ်ခြင်းမြစ်၌ နေနိုင်စွမ်း ရှိနေသည့်အကြောင်းရင်းပင်။
ဝမ်လင်း၏မူလခန္ဓာကိုယ်က မြေနိမ့်သားရဲပေါ်တွင် ထိုင်နေလျက် သူ့ဘေးတွင် သူ့ကိုယ်ပွားက သူ၏အနှစ်သာရများကို သိပ်သည်းနေ၏။ တိမ်ပင်လယ်တခွင် ပျံ့နှံ့နေသော လှိုင်းဂယက်များကိုမူ မဖုံးကွယ်ထားနိုင်ဘဲ ဗိုလ်ချုပ်လေးယောက်နှင့် တခြားကောင်းကင်ဘုံသားများက သတိပြုမိကြ၏။
သို့ပေမည့် သူတို့က သူတို့နတ်ဘုရားအာရုံများကို အသုံးပြု၍ မည်မျှ ရှာဖွေပါစေ မည်သည့်အရာကိုမျှ ထောက်လှမ်းမိနိုင်ခြင်း မရှိပေ။ သူတို့၏နတ်ဘုရားအာရုံများအတွင်း၌ မြေနိမ့်သားရဲက မတည်ရှိပါ။ ၎င်းမှာ တည်ငြိမ်သောဟင်းလင်းပြင်မျှသာ ဖြစ်နေ၏။
သူတို့နောက်သို့ လိုက်လာနေသော တစ္ဆေအိုကြီးကျန့်သည်လည်း မျက်မှောင်ကြုတ်မိ၏။ သို့သော် အဆုံးသပ်၌ သူက မည်သည့်အရာကိုမျှ ရှာမတွေ့လေပေ။
“ဒါက နည်းနည်းတော့ ထူးဆန်းတယ်…” တစ္ဆေအိုကြီးကျန့်၏ မျက်လုံးတို့မှာ တလက်လက် ဖြစ်လာပြီး သူက စတင်စဉ်းစားသည်။
ဝမ်လင်းက ထိုအရာများကို မသိပေ။ သူ၏မူလခန္ဓာကိုယ်က အားဖြည့်နေပြီး သူ့ကိုယ်ပွားက အနှစ်သာရများကို ဖွဲ့စည်းနေသည်။ အမှန်အမှားအနှစ်သာရ ပေါ်လာပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့လက်ဝါးအား ဖြည်းညင်းစွာ ဖြန့်ကားလိုက်၏။
“တတိယသိမ်မွေ့ဆန်းကြယ်အနှစ်သာရဟာ ကံမ္မအနှစ်သာရပဲ။ လက်ဝါးဖြန့်တာဟာ ကံမ္မအကြောင်းရင်း လက်ဝါးပြန်ဆုပ်တာက ကံမ္မအကျိုးဆက်…” ဝမ်လင်း၏ညာလက်၌ ကံမ္မအနှစ်သာရ စုဝေး၏။ မမြင်ရသောအားတစ်ခုက သူ၏ညာလက်ဝါးတွင် သိပ်သည်းသည်။
ထို့နောက်တွင် သတ်ဖြတ်ခြင်းနှင့်အတားအဆီးအနှစ်သာရများ ပြန်ဆင့်ခေါ်ခြင်း ခံရပြီး ဝမ်လင်းက ၎င်းတို့ကို ပြန်သိပ်သည်းစေ၏။ အနှစ်သာရခုနစ်ခုက ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။
သူ့အနှစ်သာရများ ရွှေ့လျားနေစဉ် သူ၏မူလစိတ်ဝိညာဉ်သည် သူ့အနှစ်သာရများထံမှ တဖြည်းဖြည်း ထွက်ပေါ်လာ၏။ ဤသည်က ဝမ်လင်းကို သူ့ကိုယ်ပွား မပျက်စီးခင် အနေအထားသို့ ပြန်ရောက်စေလေ၏။
ကွာခြားချက်ဟူ၍ သူ့ကိုယ်ပွား၌ ရှေ့ဖြစ်ဟောသူ၏ကိုယ်ပွား စိတ်ဝိညာဉ် မရှိတော့ခြင်းသာ။
ဝမ်လင်း၏ကိုယ်ပွားက လုံးဝ ပြန်ကောင်းမွန်လာသည့်အခိုက်၌ သူ့မူလခန္ဓာကိုယ်သည် မျက်လုံးဖွင့်လာကာ သူ့ကိုယ်ပွားကို ကြည့်၏။ ခဏအကြာတွင် သူ၏ကိုယ်ပွားနှင့်မူလခန္ဓာကိုယ်တို့သည် တစ်ခုနှင့်တစ်ခု ထပ်ကာ တစ်ယောက်တည်း ပြန်ဖြစ်သွားသည်။
ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်ကာ သူက သည်ခန္ဓာကိုယ်နှင့်အတူ လှုပ်ရှားမှု ပြု၏။ မည်သို့မျှ မသက်မသက်ဖြစ်မှု မခံစားရသည့်နောက် သူသည် အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။
“ငါက ဒီလှိုဏ်ဂူလောကမှာ အကြွင်းမဲ့အစွမ်းထက်တဲ့သူ ဖြစ်လာမှတော့ ဒြပ်စင်ငါးပါးဂြိုဟ်ရှိ ခရီးတစ်ထောက် သွားဖို့ လိုပြီ။ အဲ့ဂြိုဟ်မှာ လျှို့ဝှက်ချက်အများအပြား ရှိနေပြီး ဒီလှိုဏ်ဂူလောကရဲ့ နောက်ဆုံးအင်အားစုလည်း ရှိနေတယ်…”
“ဒီအင်အားစုဟာ အဆုံးသပ်မှာ ရှေ့ဖြစ်ဟောသူလိုမျိုး အကျိုးအမြန်ရယူဖို့ တွေးကြံထားတာ ရှင်းနေတာပဲ။ သင်တို့အားလုံးက အမှောင်ထဲမှာ ပုန်းနေမှတော့ ငါက သင်တို့ ထွက်လာအောင် လုပ်ရမှာပေါ့။ ဒီလှိုဏ်ဂူလောကက မဟုတ်တဲ့ သင်တို့အားလုံးဟာ အပြင်လူတွေသာ ဖြစ်ကြောင်း သိအောင် ငါ လုပ်ပေးမယ်…”
“ဒီပုန်းကွယ်နေတဲ့ နောက်ဆုံးအင်အားစုကို ထွက်ပေါ်လာအောင် လုပ်ပြီးရင်တော့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူရဲ့ တတိယစိတ်ဝိညာဉ်အတွက် ယှဉ်ပြိုင်မှုက တရားဝင်စပြီ…”
ဝမ်လင်း၏အမြင်အရ ရှေ့ဖြစ်ဟောသူသည် သူ ဖယ်ရှားဖို့လိုသည် စူးတစ်ချောင်းပင်။ မဟုတ်ပါက အနာဂတ်၌ မမြင်ရသော ပြောင်းလဲမှုများစွာ ဖြစ်လာနိုင်၏။
ဤသည်မှာ တကယ်အမှန်ပင်။ ရှေ့ဖြစ်ဟောသူက ခုချိန်၌ ဝမ်လင်း၏ ဖျက်စီးခြင်း ခံလိုက်ရပြီး ဖြစ်၍ ကျန်နေသော ဒုတိယစူးမှာ ကောက်ရီကလန်မှ ကောင်းကင်ဘုံသားများ ဖြစ်ပေသည်။ ထိုပြင်ပလူများက ဒုတိယစူးတစ်ချောင်း ဖြစ်၏။ သူက ထိုသူများကို အမှောင်ထဲကနေ အလင်းထဲ ရောက်လာအောင် လုပ်ရပေမည်။
ဤသည်မှာ ကစားပွဲတစ်ခုလည်း ဖြစ်၏။ ဤသည်မှာ ဝမ်လင်း၏ ရှုမြင်ပုံပင်။ သည်ကစားပွဲက တတိယစိတ်ဝိညာဉ်ကို မည်သူအရင်ဆုံး ရှာနိုင်မည့်အပေါ် မူတည်နေပေသည်။
ဝမ်လင်း စဉ်းစားနေစဉ် သူ့အောက်မှ မြေနိမ့်သားရဲက ရှေ့သို့ တဖြည်းဖြည်း ရွှေ့လျားနေ၏။ မကြာမီတွင် ၎င်းက တိမ်ပင်လယ်၏အတွင်းနက်ပိုင်းသို့ ရောက်လာ၏။ ဝမ်လင်း၏အမိန့်အောက်၌ မြေနိမ့်သားရဲက ၎င်း၏ကြောက်မက်ဖွယ်မျက်လုံးကို မှိတ်ကာ တောက်ပသောလေဟာနယ်သို့ ရွှေ့လျားရန် ဟန်ပြင်သည်။
သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်းက အံ့အားသင့်သံ ခပ်တိုးတိုး ထွက်ပေါ်မိသွားသည်။ သူက အကွာအဝေးတစ်ခုထံ လှမ်းကြည့်ကာ သူ၏မျက်လုံးသည် တောက်ပလာ၏။
သိပ်မကြာခင်တွင် အလင်းတန်းတစ်ရာကျော်က အကွာအဝေးတစ်ခု၌ ပေါ်လာ၏။ ယင်းအလင်းတန်းများက ဝမ်လင်းထံ ဦးတည်နေသည်။
ရှေ့ဆုံးမှလေးယောက်၏ ဦးခေါင်းများထက်တွင် ဘူးသီးခြောက်တစ်ခု ရှိနေသည်။ ထိုဘူးသီးခြောက်က အစိမ်းရောင်အခိုးငွေ့များကို ပေးစွမ်းသည်။
ဝမ်လင်းက မြေနိမ့်သားရဲ ပေါ်တွင် ထိုင်လျက် တည်ငြိမ်စွာသာ ရှိနေ၏။ သူက နီးကပ်လာသော အလင်းတန်းများကို အေးစက်စက်ကြည့်လိုက်သည်။ သို့သော် သူက ထိုသူတို့ကို အရေးမစိုက်ပေ။
“ဝမ်လင်း…” အလင်းတန်းတစ်ရာကျော်က ရုတ်တရက် ရပ်တန့်သွား၏။ ထိုဦးဆောင်လာသော အဘိုးအိုလေးယောက်ထံမှ တုန်လှုပ်သွားသောအသံ ထွက်ပေါ်လာသည်။
ဝမ်လင်းဟု ပြောလိုက်သည့်သူမှာ အဇူရာနဂါးဗိုလ်ချုပ် ဖြစ်၏။
သူက ဝမ်လင်းကို စိုက်ကြည့်နေ၏။ အထူးသဖြင့် ဝမ်လင်းအောက်ရှိ မြေနိမ့်သားရဲကိုပင်။ အဇူရာနဂါးဗိုလ်ချုပ်၏ စိတ်နှလုံးမှာ ရုတ်တရက် တချက် ခုန်ပေါက်သွား၏။
“ဒါက ဘယ်လိုသားရဲ အမျိုးအစားလဲ…” သူက ၎င်းကို မြေနိမ့်သားရဲမှန်း မသိပေ။ ထိုသားရဲမှာ ကောင်းကင်ဘုံတာအို ဖြစ်နေသည်ကိုလည်း မသိပေ။ တကယ်တော့ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူကလွဲ၍ မည်သူကမျှ ကောင်းကင်ဘုံတာအို၏ အစစ်အမှန်ခန္ဓာကိုယ်ကို မသိကြပေ။ သူတို့က ကောင်းကင်ဘုံတာအိုကို မြူအစုအဝေးတစ်ခုဟုသာ သိထားကြ၏။
ဟင်္သာငှက်၊လိပ်နက်၊ကျားဖြူဗိုလ်ချုပ်တို့မှာလည်း တုန်လှုပ်ကုန်၏။ သူတို့၏အကြည့်များက ဝမ်လင်းအောက်ဘက်ရှိ မြေနိမ့်သားရဲ ပေါ်သို့ ကျရောက်နေသည်။
သူတို့အားလုံး တုန်လှုပ်သွားရသည့် အကြောင်းရင်းမှာ သူတို့၏နတ်ဘုရားအာရုံများကို တချိန်လုံး ဖြန့်ကျက်ထားသော်လည်း ဝမ်လင်းကို လုံးတ သတိမပြုမိသောကြောင့် ဖြစ်၏။ သူတို့၏ပကတိမျက်စိဖြင့် သူ့ကို တွေ့မြင်ရခြင်းကြောင့်သာ မဟုတ်ပါက ဝမ်လင်း ဒီနေရာတွင် ရှိနေသည်ကို ယုံကြလိမ့်မည် မဟုတ်ပါ။
ခုချိန်၌ သူတို့၏နတ်ဘုရားအာရုံဖြင့် တည်ငြိမ်သောကြယ်အဖွဲ့အစည်းကိုသာ တွေ့မြင်နေရတုန်း ဖြစ်၏။ ဝမ်လင်းနှင့် သူ့အောက်ရှိ သားရဲတို့မှာ မတည်ရှိလေသည့်အလား။
ထိုအချက်ကို သူတို့လေးယောက်က မထိတ်လန့်မိဘဲ မည်သို့နေပါ့မည်နည်း။
သူတို့လေးယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြကာ တစ်ယောက်မျက်လုံးထဲရှိ တုန်လှုပ်မှုနှင်စိတ်ရှုပ်ထွေးမှုကို တစ်ယောက်က မြင်လိုက်ကြသည်။
တစ္ဆေအိုကြီးကျန့်က ပို၍ပင် တုန်လှုပ်သွားသေး၏။ သူ့မျက်လုံးသူငယ်ပါ ကြုံ့သွားမိသည့်အထိပင်။ သူက ဝမ်လင်းထံမှ မည်သည့်အန္တရာယ်အာရုံကိုမျှ မခံစားမိပေ။ သို့သော် ဝမ်လင်းအောက်ရှိ သားရဲက သူ့အား အန္တရာယ်အငွေ့အသက်ကို ပေးစွမ်းနေသည်။
“သင်တို့ ငါ့ကို ဘာအတွက် ခေါ်လိုက်ကြတာလဲ…” ဝမ်လင်းက ကျင့်ကြံသူတစ်ရာကျော်ကို ကြည့်၍ အလွန်တည်ငြိမ်စွာ ရှိနေ၏။ မည်သူကမျှ သူ့အား မခြိမ်းခြောက်နိုင်သည့်အလား။
သူက ဝေ့ဝိုက်ကြည့်ရှုပြီးနောက် ထိုဗိုလ်ချုပ်လေးယောက်၏ အထက်ရှိ မြောလွင့်နေသော ဘူးသီးခြောက်ကို သတိပြုမိသည်။ ထိုဘူးသီးခြောက်က ကောင်းကင်ဘုံစွမ်းအင်ကို ထုတ်လွှတ်ပေးနေကာ သာမန်ထက်ထူးကဲသည်။
အဇူရာနဂါးနတ်အင်ပါယာက သူ့စိတ်ထဲရှိ တုန်လှုပ်မှုကို ဖိနှိပ်၏။ သူ့မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက ခပ်ဖြည်းဖြည်းချင်း ပြောသည်။ “ငါတို့ ခွဲခွာပြီးတည်းက ရောင်းရင်းဝမ်ကို မတွေ့ရတော့တာပဲ။ ဒီနေ့ ငါတို့ တွေ့ဆုံမှတော့ ငါ့အနေနဲ့ ရောင်းရင်းကျင့်ကြံသူဝမ် ဘယ်များ သွားမလို့လဲ သိချင်မိပါတယ်…”
“တောက်ပသောလေဟာနယ်…” ဝမ်လင်းက အချိန်မဖြုန်းပေ။ သူက သည်စကားများကို ပြောလိုက်ပြီးနောက် သူ့အောက်မှ မြေနိမ့်သားရဲသည် ရှေ့သို့ ငြိမ်သက်စွာ ဆက်သွားလေ၏။
သူက သည်လူများနှင့် အာလာပသာလာပ ပြောနေဖို့ အချိန်မရှိပေ။ ဗိုလ်ချုပ်လေးယောက်သာမက တစ္ဆေအိုကြီးကျန့်သည်ပင် သူ့ကို မတားဆီးနိုင်ကြပေ။ သို့ပေမည့် သူက ထွက်သွားချင်သော်လည်း တဖက်လူများက သူ့ကို မသွားစေချင်ကြသေးပေ။
ဗိုလ်ချုပ်လေးယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်ကာ သူတို့လေးယောက်လုံး၏ အကြည့်က ဝမ်လင်းအောက်ဘက်ရှိ မြေနိမ့်သားရဲထံ ကျရောက်သွားသည်။ သူတို့၏အကြည့်များထံမှ ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။
ဝမ်လင်း၏ ထွက်မသွားခင် အဇူရာနဂါးဗိုလ်ချုပ်က ဖြည်းဖြည်းချင်း ပြောလာ၏။ “ရောင်းရင်းကျင့်ကြံသူဝမ်…ဘာကြောင့် အလျင်စလို ထွက်သွားချင်နေရတာလဲ။ အတိတ်တုန်းက ငါတို့ သဘောတူညီချက် ရှိထားတယ်လေ။ ငါတို့ ရောက်လာတဲ့နောက် သင့်ရဲ့ ကောင်းကင်ဘုံနယ်မြေကို ပြဿနာမရှာခဲ့သလို ဒီလှိုဏ်ဂူလောကက ဘယ်သူ့ကိုမှ မသက်ခဲ့ကြဘူး။ အခု ရောင်းရင်းက အလျင်စလို ထွက်သွားချင်နေတယ်။ အရေးတကြီးကိစ္စတစ်ခုခုများ ရှိလို့လား…”
ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူက တဖက်လူကို အေးတိအေးစက် စိုက်ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူက စကားနှစ်ခွန်းကို တည်ငြိမ်စွာ ပြောလိုက်သည်။
“လမ်းဖယ်…”
“ရောင်းရင်းကျင့်ကြံသူဝမ်…ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ငါတို့မှာ မကောင်းတဲ့စိတ် မရှိပါဘူး။ ငါတို့က ဒီသားရဲဟာ ထူးဆန်းလွန်းတာကို ရှာတွေ့မိရုံပဲ။ ဒီသားရဲက နတ်ဘုရားအာရုံအားလုံးကို တကယ်ပဲ ရှောင်ရှားနိုင်တယ်။ ရောင်းရင်းကျင့်ကြံသူက ဒီသားရဲကို ဘယ်နေရာကများ ရှာဖွေတွေ့ခဲ့လဲ ငါ သိချင်မိတယ်…”
ကျားဖြူဗိုလ်ချုပ်က ပြုံး၍ ရှေ့သို့ လှမ်း၏။ သူက ဝမ်လင်း၏ညာဘက်ခြမ်းတွင် ရပ်လိုက်သည်။
တစ်ချိန်တည်းမှာ လိပ်နက်ကလည်း ရှေ့လှမ်းလာကာ ဝမ်လင်း၏ဘယ်ဘက်ခြမ်းတွင် ပေါ်လာသည်။ ဟင်္သာငှက်ဗိုလ်ချုပ်က အနည်းငယ် ချီတုံချတုံ ဖြစ်နေသေး၏။ သို့သော် သူက ဝမ်လင်း ထွက်သွားမည့်လမ်းကြောင်းကို ပိတ်ထားဖို့ ဆုံးဖြတ်လိုက်သည်သာ။
သိပ်မကြာမီမှာပင် ကောင်းကင်ဘုံသားတစ်ရာကျော်က ငြိမ်သက်စွာ ချဉ်းကပ်လာကာ ဝမ်လင်းနှင့်မြေနိမ့်သားရဲကို ဝန်းရံကြသည်။
“ရောင်းရင်းကျင့်ကြံသူဝမ်လင်း…ငါတို့သဘောတူညီမှုကို လိုက်နာခဲ့တယ်။ ဒါ့ကြောင့် ငါတို့ကြား ဆက်ဆံရေးကို အဖုအထစ် ဖြစ်စေဖို့ မလိုပါဘူး။ မဟုတ်ရင် သင့်ရဲ့ ကောင်းကင်ဘုံနယ်မြေလေးမှာ တစ်ခုခု ဖြစ်သွားနိုင်လိမ့်မယ်…”
လိပ်နက်ဗိုလ်ချုပ်က ထိုသို့ ပြောလိုက်၏။
ဝမ်လင်းက သူ့အား ဝန်းရံထားသော ကောင်းကင်ဘုံသားများကို ကြည့်၏။ သို့သော် သူ့မျက်လုံးတို့မှာ တည်ငြိမ်လျက်သာ။
“ရောင်းရင်းကျင့်ကြံသူဝမ်…သင့်မှာ လီကောင်းရဲ့လေး ပိုင်ဆိုင်ထားတယ်။ ဒါ့ကြောင့် ငါတို့က သင်နဲ့ ရန်သူတွေ မဖြစ်လာချင်ဘူး။ သင် ဒီသားရဲကို ဘယ်နေရာက ပိုင်ဆိုင်လာခဲ့လဲ ပြောပြရုံလေးပဲ…” အဇူရာနဂါးနတ်အင်ပါယာက မြေနိမ့်သားရဲကို ကြည့်၏။ သူ၏မျက်လုံးထဲ၌ လောဘကို ဖုံးကွယ်ထားသည်။
“ရောင်းရင်းကျင့်ကြံသူကျန့်ကလည်း ဒီသားရဲရဲ့ ဇစ်မြစ်ကို စိတ်ဝင်စားလိမ့်မယ်လို့ ငါ ယုံတယ်…” လိပ်နက်အင်ပါယာက ဉာဏ်အများဆုံး ဖြစ်၏။ သည်အခိုက်တွင် သူက အကွာအဝေးတစ်ခုတွင် တစ်ယောက်တည်း ရှိနေသော တစ္ဆေအိုကြီးကျန့်ထံ လှမ်းကြည့်လိုက်သည်။
တစ္ဆေအိုကြီးကျန့်က တဖြည်းဖြည်း ပြုံးလာ၏။ သူ့အသက်အရွယ်ဖြင့် သူသည် ကျိန်းသေပေါက် ပို၍ ဉာဏ်များသူပင်။ ဗိုလ်ချုပ်လေးယောက် ဝမ်လင်းကို တားဆီးဝံ့ခြင်းမှာ သူက သူတို့လေးယောက်နောက်သို့ လိုက်လာနေခြင်းကြောင့်ပင်။
မည်သို့ပင်ဖြစ်စေ သူသည်လည်း ဒီသားရဲကို စိတ်ဝင်စားမိ၏။ ထို့ကြောင့် အနည်းငယ်စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်၏။
“ဒီသားရဲက တကယ်ပဲ စိတ်ဝင်စားဖို့ ကောင်းတယ်….”
“ရောင်းရင်းကျင့်ကြံသူ…ကြမ်းကြုတ်တဲ့သားရဲလေးတစ်ကောင်အတွက် လီကောင်းရဲ့လေးက မြားချက်တွေကို မဖြုန်းတီးပစ်သင့်ဘူး။ ဒါက မတန်ဘူးနော်။ ဒါ့အပြင် သင့်မှာ လီကောင်းရဲ့ မြားချက်ဘယ်နှစ်ချက်များ ကျန်နေသေးလို့လဲ။ သင် ဒီသားရဲကို ရှာတွေ့ခဲ့တဲ့နေရာ ငါတို့ကို ပြောပြရုံပဲ။ သင်က ဒီသားရဲကို ငါ့ရှိ ငှားယမ်းပေးရင် ဒီအဘိုးအိုက သင့်ကို ချက်ခြင်း သွားခွင့်ပေးလိုက်မယ်…”
“သင် ငါ့ကို မငှားခဲ့ရင်လည်း ငါတို့က မိတ်ဆွေတွေ ဖြစ်နေမှတော့ ငါ သင့်ကို မပိတ်ဆို့ထားပါဘူး။ ဒါပေမဲ့ အတိတ်တုန်းက ငါတို့ ပူးပေါင်းဆောင်ရွက်မှုမှာ ပြဿနာအချို့ ရှိလာလိမ့်မယ်။ ဒီလှိုဏ်ဂူလောကမှာ တတိယအဆင့်ကျင့်ကြံသူ အရေအတွက်က သိပ်ကျန်တော့တာ မဟုတ်ဘူး…” အဇူရာနဂါးဗိုလ်ချုပ်က ဖြည်းဖြည်းချင်း ပြောရင်း ပြုံးယောင်သမ်းလာ၏။
“တတိယစိတ်ဝိညာဉ်ကို ရှာဖွေမယ့်အစား သင်တို့က ငါ့ကို လာပြီး ပြဿနာ ရှာနေတယ်။ အတိတ်တုန်းက နာကျင်မှုက မလုံလောက်သေးတဲ့ပုံပဲ။ ကောင်းပြီ။ ဒီနေ့ နာကျင်မှုဆိုတာ ဘယ်လိုလဲဆိုတာ ငါ သင့်ကို ခံစားခွင့် ပေးလိုက်မယ်။ သင့်ရဲ့ အရိုးထဲထိ ခပ်နှိပ်နေမဲ့ နာကျင်မှုမျိုးကို သင် သိသွားအောင် ငါ လုပ်ပေးမယ်…”
ဝမ်လင်းသည် မတ်တပ်ထရပ်၏။ သူက ဘယ်လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန် ပေါ်လာလေသည်။