← Chapters

မဟာအင်ပါယာရွှမ်လော လှိုဏ်ဂူလောကထဲ ဝင်ရောက်လာခြင်း

Vol. 129 Ch. 1780

မဟာအင်ပါယာရွှမ်လော လှိုဏ်ဂူလောကထဲ ဝင်ရောက်လာခြင်း

Vol. 129 Ch. 1780

သူ ထိုသို့ ပြောနေစဉ် ဗိုလ်ချုပ်လေးယောက်၏ အမူအရာများမှာ ပြောင်းလဲသွားကြ၏။ တစ္ဆေအိုကြီးကျန့်၏အမူအရာသည်ပင် အလေးအနက် ဖြစ်လာကာ သူက ဝမ်လင်းကို စိုက်ကြည့်၏။

ဤသည်မှာ ဝမ်လင်း တတိယစိတ်ဝိညာဉ်အကြောင်း ပြောလိုက်သည့် ပထမဆုံးအကြိမ်ပင်။

ဗိုလ်ချုပ်လေးယောက်သည် ဝမ်လင်းထံ သည်စိတ်ဝိညာဉ်အကြောင်း အရင်တုန်းက ထုတ်မပြောဖူးခဲ့ပေ။ သူတို့အတွက် ဤသည်မှာ ဒီလှိုဏ်ဂူလောက၏ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်၏။ သည်အချက်ကို သိသောလူမှာ လက်ချိုးရေ၍ ရပေသည်။

သို့ပေမည့် သူတို့က ဝမ်လင်း၏စကားကြောင့် တုန်လှုပ်၍  မပြီးခင်မှာပင် ဝမ်လင်း၏လက်ထဲရှိ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ချက်က မြန်ဆန်စွာ ချဲ့ကားလာ၏။ ဝမ်လင်း၏ခန္ဓာကိုယ်တွင်းမှ ရှေးတောက်အော်ရာက ပေါက်ကွဲထွက်လာသည်။

ဝမ်လင်း၏ရှေးတောက်စွမ်းအားက ရှေးဟောင်းနတ်ဘုရားများ၏ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ချက်အတွင်းသို့ ရောက်ရှိ၏။ ဝမ်လင်းက ပုဆိန်ကို ဆုပ်ကိုင်ကာ တုံ့နှေးခြင်းမရှိ ခုတ်ပိုင်းချသည်။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လှသည်။ သည်ပုဆိန်ချက် သက်ဆင်းလာသည်နှင့် ကြယ်အဖွဲ့အစည်းမှာ တုန်ဟည်းကာ ရှေးတောက်အရိပ် ထွက်ပေါ်လာသည်။ ထိုအရိပ်ကလည်း ပုဆိန်ကို ဆွဲကိုင်၍ ဝမ်လင်းနှင့်အတူ ခုတ်ပိုင်းချသည်။

အဇူရာနဂါးဗိုလ်ချုပ်က အနီးဆုံးတွင် ရှိနေသည်။ ချက်ခြင်းပင် သူ၏ ကောင်းကင်ဘုံသွေးမျိုးဆက် ပေါ်လာကာ သူ့ပတ်လည်၌ အဇူရာနဂါးအရိပ် ပေါ်ထွက်လာသည်။ သူက ပုဆိန်ထံ တိုးဝင်လာ၏။

တစ်ချိန်တည်းမှာ လိပ်နက်၊ ဟင်္သာငှက်၊ ကျားဖြူတို့မှာ မာန်သွင်းသည်။ ဝမ်လင်းပတ်လည်တွင် အရိပ်ကြီးသုံးခု ပေါ်လာသည်။ ကျားဖြူ၊ ဟင်္သာငှက်၊ လိပ်နက်တို့က ဝမ်လင်းထံ တရကြမ်း တိုးဝင်လာကြသည်။

ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ သူက သည်ကောင်းကင်ဘုံသားများကို နာကျင်မှု ခံစားစေကာ သင်ခန်းစာ ပေးရလိမ့်မည်။ သူက မရှောင်‌ပေ။ သို့ပေမည့် သူ့ရှေးတောက်စွမ်းအားက သူ့အား အင်မောတယ်ရှေးခန္ဓာကိုယ်ကို ဖွဲ့စည်းစေသည်။

သူ့ခန္ဓာကိုယ်က ဆက်တိုက် ပြန်ကောင်းမွန်နိုင်စွမ်း ရှိလာကာ သူ့ဘယ်လက်က ကျဆင်း၍ အက်ကြောင်းကြီးတစ်ခုကို ဖန်တီးသည်။ အဇူရာနဂါးအင်ပါယာက ၎င်းအက်ကြောင်း မချဲ့ကားလာခင် ရုန်းကန်၏။

သည်ဗိုလ်ချုပ်လေးယောက်၏ စုပေါင်းအားနှင့် သူတို့မန္တာန်များက ဝမ်လင်းပေါ်သို့ တပြိုင်နက်တည်း ကျရောက်လာ၏။

ဝမ်လင်းက ဘယ်လက်ကို ပင့်မြှောက်ကာ ပုဆိန်ကို ထပ်မံ၍ မြှောက်၏။ သူက ဝေ့ယမ်းလိုက်ရာ ကျယ်လောင်စွာတုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ပြင်းထန်သောပုဆိန်စွမ်းအင်က သူတို့၏မန္တာန်များနှင့် ထိပ်တိုက်တွေ့၏။ ထိုအခါ ပြင်းထန်သော တုန်ခါလှိုင်းက သည်ဝန်းကျင်ရှိ ကောင်းကင်ဘုံသားတစ်ရာကျော်ကို နောက်ဆုတ်သွားစေသည်။

တစ်ချိန်တည်းမှာ ဗိုလ်ချုပ်လေးယောက်၏ မန္တာန်များက ပုဆိန်စွမ်းအင်ကို ထွင်းဖောက်ကာ ဝမ်လင်းပေါ်သို့ ကျရောက်သည်။

ဗိုလ်ချုပ်လေးယောက်က နောက်သို့ ဆုတ်လိုက်ရင်း သူတို့၏ သတ်ဖြတ်လိုဟန်အမူအရာများ လှစ်ဟဖော်သည်။

ဝမ်လင်းက မြေနိမ့်သားရဲ၏ခန္ဓာကိုယ်ပေါ်တွင် မားမားရပ်နေလျက် သူ၏အင်မောတယ်ရှေးခန္ဓာကို အသုံးပြုကာ ထိုလေးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုအားကို ခုခံသည်။

“သင်တို့ရဲ့ ကျင့်ကြံမှုက အပြည့်အဝ ပြန်မကောင်းမွန်သေးဘူး။ ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့်မှာပဲ ရှိကြသေးတယ်။ ဒီလိုအဆင့်နဲ့ သင်တို့က ငါ့ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူး…”

ဝမ်လင်းက ရှေ့သို့ လှမ်း၏။ သူက အလွန်မြန်သည်။ သူက ကောင်းကင်ဘုံသားတစ်ယောက်၏ နောက်သို့ ရောက်သွားကာ သူ့ညာလက်ဖြင့် ရှေ့သို့ ကုတ်ဆွဲလိုက်၏။

ကောင်းကင်ဘုံဆုတ်ဖြဲခြင်းစွမ်းအားသည် ပေါ်ထွက်လာသည်။ ဝမ်လင်း၏ညာလက်မှာ ယဲ့မို၏လက်ဖြစ်၏။ ထိုကောင်းကင်ဘုံသားမှာ သည်ဆုတ်ဖြဲအားကို မခုခံနိုင်ပေ။ သူ၏ခန္ဓာကိုယ်သည် အပိုင်းပိုင်း ဖြစ်သွားလေ၏။

သူ့နောက်မှ နောက်ထပ် ကောင်းကင်ဘုံသားနှစ်ယောက်သည်ပင် ဒီဆုတ်ဖြဲအားထံမှ မလွတ်မြောက်နိုင်ပေ။ သူတို့၏ခန္ဓာကိုယ်များ ပျက်စီး၍ မူလစိတ်ဝိညာဉ်များ အပိုင်းပိုင်း ဖြစ်ရသည်။

ဗိုလ်ချုပ်လေးယောက်က သူ့ထံ နီးကပ်လာကြစဉ် ဝမ်လင်းက ဖျတ်ခနဲ အက်ကြောင်းအတွင်းသို့ ဝင်ရောက်သည်။ သူက သိပ်မဝေးလှသော နေရာရှိ ကောင်းကင်ဘုံသားအုပ်စုနား၌ ပေါ်လာချေသည်။

“ကောင်းကင်ဘုံဆုတ်ဖြဲခြင်း…”  ဝမ်လင်းက ပေါ်လာသည်နှင့် ကောင်းကင်ဘုံဆုတ်ဖြဲခြင်းမန္တာန်ကို အကြမ်းပတမ်း အသုံးပြုသည်။ နာကျင်စွာအော်ဟစ်သံများ ပဲ့တင်ထပ်ကာ ကောင်းကင်ဘုံသားခုနစ်ယောက်၊ရှစ်ယောက်ခန့် သေဆုံးသွားရသည်။

ဗိုလ်ချုပ်လေးယောက်၏ မာန်သွင်းသံများနှင့် မန္တာန်များက ဒီကြယ်အဖွဲ့အစည်းတွင် ပြည့်နှက်သည်။ သူတို့က ဝမ်လင်းထံ တရကြမ်း ဦးတည်လာကြသည်။ သို့သော် ဝမ်လင်းက ထိုလေးယောက်ကို သူ၏အင်မောတယ်ရှေးခန္ဓာဖြင့် ခုခံပြီး နောက်ထပ် ကောင်းကင်ဘုံသားအုပ်စုတစ်စုရှေ့တွင် ပေါ်လာတော့သည်။

ထိုကောင်းကင်ဘုံသားများသည် ကြောက်လန့်ကုန်ကာ သူတို့၏ခန္ဓာကိုယ်တွင်း၌ နာကျင်မှုတို့ ပြည့်လျှံလာ၏။ သူတို့က ရှောင်နိုင်စွမ်း၊ ခုခံနိုင်စွမ်း မရှိဘဲ အပိုင်းပိုင်း ဆုတ်ဖြဲခံလိုက်ရသည်။

“ဝမ်လင်း…ငါ မင်းရဲ့ ကောင်းကင်ဘုံနယ်မြေ သွားပြီး သတ်ဖြတ်မယ်…” အဇူရာနဂါးဗိုလ်ချုပ်က မာန်သွင်းကာ ဒေါသတကြီး လှမ်းအော်သည်။ သို့ပေမည့် မည်သို့ပင်ဖြစ်စေ သူသည် ဝမ်လင်း၏နည်းလမ်းများနှင့် သူ့အစွမ်းထက်ခန္ဓာကိုယ်ကို မယုံကြည်နိုင် ဖြစ်ရသည်သာ။

“သွေးနဲ့ ပေးတဲ့ သင်ခန်းစာက မလုံလောက်သေးဘူးပဲ…”  ဝမ်လင်းက နောက်ဆုတ်ကာ မြေနိမ့်သားရဲ၏ ထိပ်တွင် ရပ်သည်။ တစ္ဆေအိုကြီးကျန့်က အနားရောက်လာတော့မည့်အခိုက်တွင် ဝမ်လင်းက သူ့ညာလက်မှ သွေးကို ခါထုတ်ကာ မြေနိမ့်သားရဲကို ပုတ်လိုက်သည်။

“ဒီလူတွေကို ဝါးမြိုလိုက်…”

ထိုအခါ တစ္ဆေအိုကြီးကျန့်က ရုတ်တရက် ရပ်လိုက်၏။ တစ်ချိန်တည်းမှာ မြေနိမ့်သားရဲက မျက်လုံးဖွင့်လာသည်။

မြေနိမ့်သားရဲ၏ မျက်လုံးထဲရှိ ကြမ်းကြုတ်မှုနှင့် မထူးခြားနားဟန်က ဒီနေရာရှိ လူတိုင်းကို တုန်လှုပ်သွားစေသည်။

သည်လိုအကြည့်မျိုးက ရှားပါးလှသည်။ အဇူရာနဂါးဗိုလ်ချုပ်သည် သည်လိုအကြည့်မျိုးကို သူ့ဘဝ၌ တစ်ခါသာ မြင်ခဲ့ဖူး၏။ ဟိုးလွန်ခဲ့သော အချိန်က သူသည် လျန်တောက်ဖေကို ဝါးမြိုခဲ့သော မြူအစုအဝေးထံ၌လည်း သည်လို တူညီသောအကြည့်မျိုးကို တွေ့မြင်ခဲ့ဖူးခြင်းပင်။

“ဒါ…ဒါက…” ဗိုလ်ချုပ်လေးယောက်က ကြောက်လန့်တကြား ခံစားမိရုံ ရှိသေး မြေနိမ့်သားရဲက ဝမ်လင်း၏အမိန့်အတိုင်း ဝါးမြိုဖို့ငှာ ၎င်း၏ပါးစပ်ကို ဖွင့်ဟလာ၏။

ထိုအခါ လောကသည် အရောင်များ ပြောင်းလဲသည်။ သည်ကြယ်အဖွဲ့အစည်းတွင် အဆုံးအစမဲ့မြူများ ပေါ်လာပြီး လူတိုင်းခံစားမိနိုင်သော ရှေးအော်ရာတစ်ခုကို ပေးစွမ်းသည်။

အလားတူပင် ပြင်းထန်သောစုပ်အားတစ်ခု ပေါ်လာ၏။ ဗိုလ်ချုပ်လေးယောက်ပတ်လည်ရှိ ကျန်နေသေးသော ကောင်းကင်ဘုံသား ခုနစ်ဆယ်၊ရှစ်ဆယ်ခန့်မှာ စုပ်အား၏ ဆွဲသွင်းခြင်း ခံရသည်။ အကြောက်အကန်အော်သံများ ပဲ့တင်ထပ်ကာ ထိုသူများသည် မြေနိမ့်သားရဲ၏ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။

အဖြစ်အပျက်များမှာ မြန်ဆန်လှ၏။ သူတို့သည် ပတ်ဝန်းကျင်ဧရိယာ၌ မြူများ ခြုံလွှမ်းလာသည်ကို ခံစားလိုက်ရပြီးနောက် နာကျင်ထိတ်လန့်စွာ အော်ဟစ်ရုံသာ တတ်နိုင်ခဲ့၏။

သည့်နောက် သည်ကြယ်အဖွဲ့အစည်းမှာ မြူများ ကင်းစင်ကာ ပြန်တည်ငြိမ်သွားလေ၏။ သို့ပေမည့် သည်နေရာတွင် ဝမ်လင်းအပြင် လူငါးယောက်သာ ကျန်ခဲ့တော့သည်။

“ဒီတစ်ကြိမ် နာကျင်မှုကိုတော့ သင်တို့ မှတ်မိနေမှာ မလား…”  ဝမ်လင်းက မြေနိမ့်သားရဲ ကျောပေါ်တွင် ထိုင်နေ၏။ သူက တစ်ချိန်လုံး မလှုပ်ရှားခဲ့ပေ။ သူ့အသံမှာ မကျယ်ပေ။ သို့သော် တစ္ဆေအိုကြီးကျန့်အပါအဝင် ဗိုလ်ချုပ်လေးယောက်၏ နားထဲသို့ သူ့အသံ ဝင်ရောက်သွားသည့်အခါ သူတို့၏စိတ်နှလုံးမှာ တုန်ယင်ရသည်။

“ကောင်းကင်ဘုံတာအို…ဒါဟာ ကောင်းကင်ဘုံတာအိုပဲ…”  အဇူရာနဂါးဗိုလ်ချုပ်က တုန်ယင်ကာ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှုတို့ ကြီးစိုးသည်။ သူသည် အရင်က ခုလောက် မကြောက်ရွှံ့ခဲ့ဖူးပေ။ သူ ဝမ်လင်းက လီကောင်း၏လေးကို ဆွဲထုတ်ခဲ့သည်အား တွေ့မြင်ခဲ့ချိန်ကပင် အခုလောက် မကြောက်ရွှံ့ခဲ့ပေ။

“ကောင်းကင်ဘုံတာအို…ဒါက မင်းနဲ့အတူ တကယ်ပဲ ရှိနေတာလား…ဒါ…ဒါဟာ…”

ဉာဏ်အများဆုံး လိပ်နက်ဗိုလ်ချုပ်မှာလည်း တုန်လှုပ်နေ၏။ သူ၏မျက်လုံးထဲရှိ အကြောက်တရားသည် အဇူရာနဂါးထက် မလျော့နည်းပေ။

သူ့အမြင်၌ ဝမ်လင်းသည် ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပေပြီ။

ကျားဖြူနှင့်ဟင်္သာငှက်ဗိုလ်ချုပ်တို့မှာလည်း မင်သက်ကုန်၏။

“ကောင်းကင်ဘုံတာအိုကို ငါ့ မျက်လုံးနဲ့ တကယ်တွေ့မြင်နေရတာပဲ…”

“၎င်းရဲ့ အော်ရာကို ငါ မထောက်လှမ်းမိနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး…”

တစ္ဆေအိုကြီးကျန့်၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားကာ တုန်လှုပ်မှု လှစ်ဟပေါ်၏။ သူ၏ကိုယ်တွင်းရှိ ခုနစ်ရောင်စုံစိတ်ဝိညာဉ်က ရုန်းကန်ကာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်လာ၏။ သူ၏မျက်နှာသည် တွန့်ခေါက်လာပြီး သူက ဝမ်လင်းထံ တရကြမ်း တိုးဝင်လာသည်။ သူက ဝမ်လင်းကို စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် ရှိန်လန့်နေဟန်တို့ ရှိနေသည်။

လှိုဏ်ဂူလောကထဲတွင် မဟုတ်ပါက သည်ကောင်းကင်ဘုံတာအိုမှာ ထိတ်လန့်ဖွယ် ကောင်းလိမ့်မည် မဟုတ်ပေ။ သို့သော် သည်နေရာတွင်မူ လုံးဝ ကွာခြားပေ၏။ သည်နေရာတွင် ကောင်းကင်ဘုံတာအိုသည် အရာအားလုံး ဖြစ်သည်။

ကောင်းကင်ဘုံတာအိုကို ထိန်းချုပ်နိုင်ခြင်းက ဒီနေရာရှိ အရာအားလုံးကို ထိန်းချုပ်နိုင်သည် ဟူ၏။

သို့ပေမည့် မည်သို့ပင်ဖြစ်စေ ကောင်းကင်ဘုံတာအို၏ ဝါးမြိုနိုင်ခြင်းက အကန့်အသတ် ရှိပေ၏။ မဟုတ်ပါက ၎င်းသည် လျန်တောက်ဖေ၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဖျက်စီးခြင်းကြောင့် အစိတ်အပိုင်းအဖြစ် ကွဲထွက်သွားခဲ့လိမ့်မည် မဟုတ်ပေ။ တစ္ဆေအိုကြီးကျန့်၌လည်း ၎င်းကို ရင်ဆိုင်နိုင်သည့် ကိုယ်ပိုင်နည်းလမ်း ရှိထားသည်ပင်။ သို့သော် သူက တခြားပြဿနာတစ်ခုကို စဉ်းစားနေချေသည်။

“မင်း တတိယစိတ်ဝိညာဉ်ကို ရှာတွေ့ခဲ့ပြီလား…”  တစ္ဆေအိုကြီးကျန့်၏ အသံက ခါးသီးမှုတို့ ပြည့်နေ၏။ သို့ပေမည့် သည်အသံမှာ သူ၏အသံ မဟုတ်ပေ။ သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားသော ခုနစ်ရောင်စုံစိတ်ဝိညာဉ်၏အသံ ဖြစ်လေ၏။

“ငါ ရှာမတွေ့သေးဘူး…”  ဝမ်လင်းက ခေါင်းယမ်း၏။ သူ၏အောက်ရှိ မြေနိမ့်သားရဲသည် အေးတိအေးစက်ကြည့်သည်။ ၎င်းက သူတို့ငါးယောက်ကို ကြည့်လိုက်ပြီးနောက် ၎င်း၏မျက်လုံးကို မှိတ်ကာ တဖြည်းဖြည်းချင်း ရွှေ့လျားသွားတော့သည်။

ဝမ်လင်းသည် ဗိုလ်ချုပ်လေးယောက်ကို ဖြတ်သန်းကျော်ဖြတ်လာပြီးနောက် သူတို့သည် တုန်ယင်ကာ ပျံသန်းသွားကြတော့၏။ သူတို့က ဝမ်လင်းကို ထပ်၍ မပိတ်ဆို့ဝံ့တော့ပေ။ သူတို့က ဝမ်လင်းနှင့်မြေနိမ့်သားရဲ အကွာအဝေးတစ်ခုထံ ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေမိပြီး အချိန်အတန်ကြာသည့်အထိ စိတ်မတည်ငြိမ်နိုင် ဖြစ်ရသည်။

သူတို့သည် တစ္ဆေအိုကြီးကျန့်ကို မကြောက်ရွှံ့ဘဲ ရှိနေခြင်းမှာ သူနှင့် ရင်ဆိုင်ရန် နည်းလမ်းအချို့ ပိုင်ဆိုင်ထားခြင်းကြောင့်ပင်။ တကယ်တော့ တစ္ဆေအိုကြီးကျန့်၏ ခန္ဓာကိုယ်ထဲ၌ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ စိတ်ဝိညာဉ်တစ်ခု ပါဝင်နေပေသည်။ သို့သော် ကောင်းကင်ဘုံတာအိုနှင့် ဝမ်လင်းကို ရင်ဆိုင်ရသည့်အခါ သူတို့သည် ငြိမ်သက်နေရုံသာ တတ်နိုင်တော့သည်။

ဝမ်လင်းက မြေနိမ့်သားရဲပေါ်တွင် ထိုင်၍ တောက်ပသောလေဟာနယ်ထံသို့ လှမ်းကြည့်၏။ သူက တည်ငြိမ်နေသော်လည်း စိတ်ထဲကနေမူ သက်ပြင်းချမိသည်။

“ကောင်းကင်ဘုံတာအိုဟာ မပြီးပြည့်စုံသေးတာများလား။ ဗိုလ်ချုပ်လေးယောက်ဟာ လွယ်ပေမဲ့ မြေနိမ့်သားရဲဟာ တစ္ဆေအိုကြီးကျန့်ကို ဝါးမြိုဖို့တော့ ခက်ခဲလွန်းလိမ့်မယ်…”

တောက်ပသောလေဟာနယ်၌ ခုနစ်ရောင်စုံအလင်းတန်းတစ်ခုလည်း ရှိ၏။ ခုနစ်ရောင်စုံတာအိုသခင်က လက်သီးဆုပ်ခန့် သွေးလုံးကိုးလုံးကို ကိုင်ကာ ရှေ့သို့ ပျံသန်းနေသည်။

“ကိုးခုဆန်းကြယ်သွေးဟာ နောက်ဆုံးတော့ ပြီးပြည့်စုံလာခဲ့ပြီ။ ဒီလျှိ့ဝှက်သွေးနဲ့ ငါဟာ ပြန်လည်မွေးဖွားခြင်းထဲ ဝင်ရောက်နိုင်ပြီး တတိယစိတ်ဝိညာဉ် ပြန်လည်မွေးဖွားခဲ့တဲ့ နေရာကို ရှာနိုင်မယ်။ သူဟာ ဒီတောက်ပသောလေဟာနယ်ထဲမှာပဲ ရှိလောက်တယ်…”

အင်မောတယ်ကောင်းကင်ဘုံကုန်းမြေပေါ်၌ ကောင်းကင်ဘုံသားများ အပိုင် ဧရိယာ၌ တောင်တန်းများ သွယ်တန်းတည်ရှိသည်။ ထိုနေရာကို သိပ်သည်းသောတောအုပ်က ဖုံးအုပ်ထားကာ အရိုင်းမြေတစ်ခုအလား။

ခုချိန်၌ ကြယ်အလင်းက သည်ကုန်းမြေကို ပြန့်ကြဲလာ၏။ သို့သော် ၎င်းမှာ ငြိမ်သက်ခြင်း မရှိလေပေ။ သားရဲဟိန်းသံများသည် တောအုပ်အတွင်း၌ မြည်ဟိန်းနေသည်။

ဟိုးလွန်ခဲ့သောနှစ်ပေါင်းများစွာက သည်နေရာတွင် ကောင်းကင်ဘုံကလန်တစ်ခု ရှိခဲ့၏။ ၎င်းကလန်ကို တာအိုခုနစ်ခုကကလန်ဟု ခေါ်တွင်သည်။

ကောင်းကင်ထက်ရှိ တွဲခိုနေသော လမင်း၌ လှိုင်းဂယက်များ ထလာ၏။ထိုလှိုင်းဂယက်များသည် လကို ပုံပျက်ယွင်းစေသည်ဟု ထင်မှတ်ရကာ ပုံရိပ်တစ်ခု တဖြည်းဖြည်းချင်း ပေါ်လာသည်။ ထိုပုံရိပ်မှာ ဆံပင်နက်နှင့်လူငယ်တစ်ယောက် ဖြစ်၏။

ထိုလူငယ်က ပင်ပန်းသည့်ဟန် ပေါ်နေကာ သူ့အောက်ဘက်ရှိ မြေပြင်ထုကို ကြည့်သည်။ သူ၏ပင်ပန်းနေသော မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ့မျက်နှာထက်တွင် မျှော်လင့်ချက်တို့ ပြည့်သည်။ သူက သည်နေရာသို့ လာရောက်ဖို့ တန်ဖိုးကြီးကြီး ပေးခဲ့ရသော်လည်း ထိုက်တန်ပေသည်။

“ရှေးတောက်ကလန်ရဲ့ ကောင်လေး…ငါ မင်းကို အိမ်ပြန်ဖို့ လာခေါ်တာ။ အပြန်လမ်းဟာ ကြမ်းပေမယ့် မင်း မကြောက်ရွှံ့တာ ငါ သိတယ်…”

ထိုလူငယ်က ပြုံး၍ ရှေ့သို့ လျှောက်လှမ်းသည်။

All Chapters