သွေးထိုးလှုံ့ဆော်မှု
Vol. 017 Ch. 1622
နတ်ဘုရားအကြွင်းအကျန်နယ်မြေသည် လုယက်မှုများနှင့် နယ်မြေဖြစ်သည်။ တစ်စုံတစ်ယောက်က စည်းတံဆိပ်ကို ချိုးဖျက်နိုင်သည်နှင့် တိုက်ပွဲများဖြစ်ပွားလာပေမည်။ သူတို့အားလုံးသည် ရီဖူရှင်းအား အနိုင်ယူနိုင်ခဲ့ပြီး မြင့်မြတ်ခန်းမအား ဖွင့်စေခဲ့လျှင်ပင် သူတို့အားလုံး အညီအမျှခွဲဝေယူ၍ရနိုင်ပါမည်လား။ လုံးဝမဖြစ်နိုင်ပေ။
အရာအားလုံးသည် စွမ်းရည်ပေါ်မူတည်နေပြီး ရန်ဟောင်များနှင့် ထိပ်သီး အင်အားစုလေးခုသည် အကြီးမားဆုံးသော ဝေစုကိုတောင်းဆိုကြမည်မှာ သေချာပေသည်။ ထိုအင်အားစု များသာ အရာအားလုံးကို ခွဲဝေယူကြပြီးလျှင် လျှို့ဝှက်နယ်မြေကို ဖွင့်ကြပေမည်။ ထိုသို့ ဖြစ်လာမည်မှာ သေချာသလောက်ရှိပေသည်။
သူတို့သည် ရီဖူရှင်းအားအနိုင်ယူနိုင်ခဲ့လျှင်ပင် စည်းတံဆိပ်အားဖွင့်လှစ်ရန် ဖိအားပေးနိုင်ပါမည်လော။ သို့သော် ရီဖူရှင်းဘက်မှ အနိုင်ရခဲ့လျှင်မူ ကွဲပြားချက်များရှိလာပြီဖြစ်သည်။ ရီဖူရှင်းသည် ကိုယ်တိုင် စည်းတံဆိပ်ကို ဖွင့်နိုင်သူဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ သူသည် သူတို့အပေါ်တွင် မတရား ဆက်ဆံမည်မဟုတ်ပေ။
ယခင်က မြေအောက်နန်းတော်တွင် သူတို့ တိုက်ခိုက်ခဲ့ကြဖူးသည်။ နောက်ဆုံးတွင် သော်မျိုးနွယ်စုမှ သောကျောက်သည် ရီဖူရှင်းနောက်ကို လိုလိုလားလား လိုက်ခဲ့သည်။ ထိုအရာသည် သူတို့ပြိုင်ဘက်၏ တည်ကြည်ခိုင်မာသည့် စရိုက်ကိုဖေါ်ပြနေသည်။ ထိုအချက် များကြောင့်ပင် ကောင်းကင်အာဏာစက်ဘုံတစ်ခုလုံးရှိ ထိပ်တန်း အင်အားစု အားလုံးနီးပါးသည် ရီဖူရှင်းနှင့်အတူ ရှိနေကြခြင်းဖြစ်သည်။
ထို့ကြောင့် နတ်ဘုရားဂိုဏ်းကို ယုံကြည်မည့်အစား ရီဖူရှင်းအား ပို၍ယုံကြည်နိုင်ပေသည်။ ဤသည်မှာ ရွေးချယ်ရမည့် ကိစ္စဖြစ်သည်။ ဤမတိုင်မီက သတ္တမဝရိန်သည် အနည်းငယ် ချီတုံချတုံ ဖြစ်နေခဲ့သည်။ ရီဖူရှင်းစိတ်ဖြင့်ပို့လိုက်သည့် စကားကို ကြားသောအခါ သတ္တမဝရိန်သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။
ကြယ်အင်ပါယာကျောင်းတော်နှင့် ကောင်းကင်ဓားခန်မတို့နှင့် ပတ်သက်၍ ယခင်က ရီမင်သည် ရီဖူရှင်းအား မတွန့်ဆုတ်ဘဲ သစ္စာဖောက်ခဲ့သည်။ မြေအောက်နန်းတော်နှင့် ဓားမြို့တော်မှ မကျေနပ်ချက်များကြောင်း ရီဖူရှင်းကို ဆန့်ကျင်သည်မှာသဘာဝကျပေသည်။
တစ်ချိန်တည်းမှာပင် သတ္တမဝရိန်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် သူ၏မျိုးနွယ်စုမှ အခြားကျင့်ကြံသူများသည် ကောင်းကင်အာဏာစက်ဘုံ၏ မဟာမိတ်အဖွဲ့ဝင်များကို သတ်ဖြတ် လိုက်သည်။ ထိုသို့ဖြစ်ပေါ်လာမည်ကို မည်သူမျှ မျှော်လင့် မထားခဲ့ပေ။ ရီဖူရှင်းပင်လျှင် ထိုသို့ပြုလုပ်မည်ဟု မထင်မှတ်ခဲ့ပေ။ အချိန်ခဏလေး အတွင်းမှာပင် ကောင်းကင်အာဏာစက်ဘုံဘက်မှ လူများသည် အလွန်ကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ရသည်။ သူတို့ဘက်မှ အခြား အဖွဲ့ဝင်များသည်လည်း သူ့တို့ပတ်ဝန်းကျင်အား သတိကြီးကြီးထားကာ ကြောက်ရွံ့ ထိတ်လန့်စွာဖြင့် ပြန်လည် ဆုတ်ခွါသွားကြသည်။
တစ်ချိန်တည်းတွင် ထိပ်တန်းအင်အားစုကြီးနှစ်ခု ကျဆုံးသွားကြသည်ဖြစ်ရာ သတိမထားဘဲ မည်သို့ နေနိုင်မည်နည်း။ နောက်ထပ်ကျဆုံးသော အင်အားစုတစ်စု မထွက်ပေါ်လာနိုင်ဘူးဟု မည်သူ သိနိုင်မည်နည်း။ ဝရိန်ခုနှစ်ပါးကလန်မှ ကျင့်ကြံသူများသည် ရီဖူရှင်းနံဘေးသို့ ပြန်လည်ရောက်ရှိ လာသည်။
ရီဖူရှင်းသည် လမ်းစဉ်သစ်သီး တစ်လုံးကို သတ္တမဝရိန်ထံသို့ပစ်ပေးကာ ပြောလိုက်သည်။ “တော်တယ်”
သတ္တမဝရိန်သည် ချက်ချင်းပင် ပါးစပ်ထဲထည့်ကာ စားလိုက်သည်။ ဤတိုက်ပွဲတွင် ရန်ဟောင် မသေဆုံးမီ သူ့အား တန်ပြန်တိုက်ခိုက်ခဲ့သဖြင့် ပြင်းထန်သောဒဏ်ရာများ ရရှိခဲ့သည်။
“ပြီးရင် ခဏလောက် အနားယူလိုက်ပါ။” ရီဖူရှင်းကပြောလိုက်သည်။ အခုအချိန်တွင် နှစ်ဖက်မညီမျှမှု မရှိတော့ပေ။ ဝရိန်ခုနှစ်ပါးကလန် ပါဝင်လာမှုကြောင့် နှစ်ဖက်စလုံး ကွာခြားမှု မရှိသလောက် ဖြစ်သွားသည်။
နှင်းနတ်ဘုရားပြည်ထောင် ပါဝင်လျှင်ပင် ကောင်းကင်အာဏာစက်ဘုံ အကြီးအကျယ် ထိခိုက်မှုကြောင့် ယခုအခါတွင် ရီဖူရှင်းဘက်မှ ပို၍အားသာနေသည်။ ပြိုင်ဘက်၏ရန်ဟောင်များကို ထည့်တွက်လျှင်ပင် သူတို့၏ပြိုင်ဘက်များကို ကိုင်တွယ်ရန် ပြဿနာမရှိပေ။
သူတို့၏ အနေအထားများ ရုတ်တရက်ပြောင်းလဲသွားသည်။ ရီဖူရှင်းဘေးမှလူများသည် တိတ်တဆိတ် ပွဲခံနေကြသည်။ ဤရုတ်တရက် အလစ်အငိုက်တိုက်ခိုက်မှုသည် ရန်ဟောင်နှစ်ယောက်ကို သတ်ဖြတ်နိုင်ခဲ့သည်။ သူတို့က မကူညီနိုင်သော်လည်း ကောင်းစွာ ထိန်းချုပ်သတ်ဖြတ်နိုင်ရန်တော့ မျှော်လင့်မိကြသည်။ ထိုသို့ပြုလုပ်နိုင်ခဲ့သောကြောင့် ၎င်းတို့အပေါ် ကျရောက်နေသော ဖိအားများသည် ယခင်ကလောက် မလေးလံတော့ဘဲ လျော့နည်းသွားသည်ဟု ခံစားလိုက်ရသည်။ ယခုအခြေအနေအား သူတို့ ကိုင်တွယ်နိုင် လောက်ပေသည်။
“ကြယ်အင်ပါယာကျောင်းတော်မှ ဝရိန်ခုနှစ်ပါးကလန်” အကျဉ်းချခံတပ်ကလန်သည် လျှို့ဝှက် နယ်မြေဘုံ၏ ထိပ်တန်းအင်အားစုဖြစ်သည်။ သတ္တမဝရိန်၏ အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုကြောင့် သူတို့ကောင်းကင်နတ်ဆိုးအဖွဲ့၏ တစ်ဦးတည်းသောရန်ဟောင်ဖြစ်သော နတ်ဆိုးအင်ပါယာကို ဆုံးရှုံးခဲ့ရသည်။ ထိုဖြစ်ရပ်ကြောင့် ယခုအချိန်တွင် သူတို့၏ အကျဉ်းချခံတပ်ကလန်သည် မည်သည့် အခွင့်အရေးမျှ မရှိတော့ပေ။
သူတို့ကြားတွင် ရန်ငြိုးရန်စများ ဖြစ်ပေါ်လာသော်လည်း သတ္တမဝရိန်ကလန်သည် အရေးမစိုက်ပုံပေါ်သည်။ ရှေးဟောင်းနတ်ဘုရားနယ်မြေသို့ ဝင်ရောက်ကြချိန်တိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြသည်သာ ဖြစ်သည်။ မရေမတွက်နိုင်သောလူများသည် ယခုလိုပင် သေဆုံးသွားခဲ့ပြီးဖြစ်သည်။ သတ္တမဝရိန်ကလန်သည် ကြယ်အင်ပါယာဘုံ၏ ထိပ်တန်းအင်အားစုဖြစ်သည်။ လျှို့ဝှက်နယ်မြေဘုံမှ အကျဉ်းချခံတပ်ကလန်သည် သူတို့အား လက်စားချေဝံ့ပါမည်လော။
“အရင်က ကောင်းကင်အာဏစက်ဘုံက ကောင်းကင်နတ်တံခါးဂိုဏ်းကို လုပ်ကြံတိုက်ခိုက်ခဲ့တုန်းက ခရမ်းရွှေကြွက်ကလန်လည်းပါဝင်ခဲ့တယ်။ မင်းဘာတွေစဉ်းစားပြီး ဒီလိုလုပ်ခဲ့တာလဲ” ရိထျန်းယွီသည် ရှုဟွမ်စွန်းကို အေးစက်စွာကြည့်ပြီး မေးခွန်းထုတ်လိုက်သည်။
ကောင်းကင်အာဏာစက်ဘုံမှ ရန်ဟောင်သည် ရှုဟွမ်စွန်းကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ခရမ်းရွှေကြွက်ကလန်သည် နှစ်ဖက်စလုံးကို အပြစ်ပြုခဲ့သည်။ သူတို့သည် ကောင်းကင်အာဏာစက်ဘုံ၌ မည်သို့ ရှင်သန်ရပ်တည်နိုင် ပါမည်နည်း။ သူတို့သည် ပထမဆုံး ဖယ်ရှားခံရမည်သာ ဖြစ်သည်။
“ရိထျန်းယွီ အခု ကောင်းကင်အာဏာစက်ဘုံက အင်အားစုအများစုက ရီဖူရှင်းဘက်ကပဲ။ အခြေအနေကို နားမလည်သေးဘူးလား။ အရာရာတိုင်းက ပြောင်းလဲကုန်ပြီ။ ငါက အနိုင်ရဖို့ အခွင့်များတဲ့ဘက်ကို ပါတာက သဘာဝပဲလေ။ ကောင်းကင်အာဏာစက်မင်းဆက်ကို ဖယ်ရှားဖို့ ရီဖူရှင်းကို ကူညီပေးမယ်ဆိုရင် ခရမ်းရွှေကြွက်ကလန် နဲ့ ကောင်းကင်တံခါးဂိတ်ကြားက ရန်ငြိုးဟာ အတိတ်မှာ ကျန်ခဲ့လိမ့်မယ်” ရှုဟွမ်စွန်းက စူးရှသည့်အသံဖြင့် ပြောလိုက်သည်။
ထိုအသံသည် ရိထျန်းယွီ၏နားထဲကို ထိုးဖေါက်ဝင်လာသည်ဟု ခံစားလိုက်ရသည်။
“နိမ့်ကျတဲ့ ကြွက်သားရဲတွေ ထင်ထားတဲ့အတိုင်းပဲ” ကောင်းကင်အာဏာစက်မင်းဆက်ဘက်မှ အဖွဲ့သားတစ်ဦးက ရှုံ့ချလိုက်သည်။
ရှုဟွမ်စွန်း၏ စကားများကို ကြားသောအခါ ကောင်းကင်အာဏာစက်မင်းဆက် အဖွဲ့ဝင်များ၏ မျက်နှာများ ခက်ထန်သွားကြသည်။ သူသည် ထိုကဲ့သို့ အမှန်တကယ် ဘက်ပြောင်းခဲ့သည်လား။ ထို့အပြင် ခရမ်းရွှေကြွက်ကလန်သည် ရီဖူရှင်းအား သစ္စာစောင့်သိရန် ပြင်ဆင်ထားသည်လား။ သူတို့သည် အခြားနတ်ဆိုးသားရဲများဖြင့်ပူးပေါင်းကာ ကောင်းကင်အာဏာဆက်မင်းဆက်အား ဆန့်ကျင်ရန် ပြင်ဆင်ဝံ့ပါသည်လော။
“သားရဲဘုံက သားရဲကလန်တွေက မင်းကို တန်းတူ ဆက်ဆံမယ်လို့ ထင်နေတာလား။ နောက်ဆုံးမှာ မင်းတို့ခရမ်းရွှေကြွက်ကလန်က လက်အောက်ခံကလန်ပဲဖြစ်လာလိမ့်မယ်” ရိထျန်းယွီက ရေခဲတမျှ အေးစက်သောအသံဖြင့်မေးလိုက်သည်။
ကောင်းကင်အာဏာစက် နတ်အလင်းရောင်များသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် တောက်ပလင်းလက်လာပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။ ရိထျန်းယွီ ပထမဆုံးသတ်ဖြတ်ချင်သောသူမှာ ရှုဟွမ်စွန်းဖြစ်သည်။
ရီဖူရှင်းဘက်မှ သားရဲဘုံမှလူများနှင့် ကောင်းကင်အာဏာစက်ဘုံမှလူများသည် အနည်းငယ်ရှုပ်ထွေးသွားကြသည်။ ရီဖူရှင်းသည် အမှန်တကယ်ပင် ခရမ်းရွှေကြွက်လန်အား ကောင်းကင်အာဏာစက်မင်းဆက်အား သစ္စာဖေါက်ကာ သူ့ဘက်တွင် ရပ်တည်ရန် စည်းရုံးခဲ့သည်လား။
ထိုအရာသည်…. မည်သည့်အချိန်က ဖြစ်ပျက်ခဲ့သနည်း။ ရှုဟွမ်စွန်းသည် ထိုသို့ပြုလုပ်ခဲ့သည်များကို ထိုသို့ယူဆ၍ ရနိုင်သည်လား။
သို့သော် ခွန်ရွှမ်သည် ဖြစ်ပျက်နေသည်များကို လုံးဝသံသယမဝင်ဘဲ အေးဆေးတည်ငြိမ်စွာဖြင့် ရှိနေသည်။ တစ်ချိန်က သူမသည်လည်း ထိုလှည့်ကွက်ထဲတွင် ကျဆုံးခဲ့ဖူးပေသည်။ အခုအချိန်တွင် ရီဖူရှင်းသည် ဤလှည့်ကွက်ကိုသုံးပြီး ပြိုင်ဘက်ဘက်အင်အားစုများအကြားတွင် စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်စေခဲ့သည်။
ဤလှည့်ကွက်သည် အလွန်ရက်စက်သော်လည်း သူမသည် ထိုအကြောင်းနှင့်ပတ်သက်၍ နတ်ဆိုးဘုံမှ အခြားသောနတ်ဆိုးမျိုးနွယ်စုများ အပါအ၀င် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြောပြမည်မဟုတ်ပေ။ ရီဖူရှင်းသည် ပတ်ဝန်းကျင်မှ လူအုပ်စုကြီးကိုကြည့်ပြီး ကျယ်လောင်စွာ အော်ဟစ် ပြောဆိုလိုက်သည်။
“အားလုံး ထွက်လာခဲ့ကြတော့။ ငါတို့ ဒီတိုက်ပွဲကို နိုင်မှာသေချာနေပြီ။ တိုက်ပွဲကတစ်ဝက်ပဲ ရှိနေသေးပေမယ့် သိသာနေပြီပဲ” ရီဖူရှင်းဘေးမှလူများသည် သူ၏စကားကို ကြားသောအခါ ထူးဆန်းသောအမူအယာများ ဖြစ်လာကြသည်။ သူတို့ပြိုင်ဘက်များ၏ မျက်နှာများ ပျက်ယွင်းသွား ကြသည်။ သူတို့၏ မဟာမိတ်အဖွဲ့တွင် ဖုံးကွယ်ထားသည့် အခြားသစ္စာဖောက်များ ရှိနေသေးသည်လော။
အခုအချိန်တွင် ကောင်းကင်အာဏာစက်ဘုံမဟာမိတ်ဖွဲ့၏ အဓိကအင်အားစုနှစ်ခုမှာ ကောင်းကင် အာဏာစက်မင်းဆက်နှင့် နှင်းနတ်ဘုရားပြည်ထောင်တို့ဖြစ်ကြသည်။ သူတို့၏ ရပ်တည်မှုမှာ ခိုင်မာ သေချာသည်။
သူတို့ဘက်မှ အခြားအင်အားစုများဖြစ်ကြသော နတ်ဘုရားကလန်၊ ရှန်းရှင်းကလန်၊ ကောင်းကင်ဓားခန်းမ၊ ကြယ်အင်ပါယာကျောင်းတော်နှင့် ချီရှောင်းနတ်တောင်တန်းတို့မှာ သေချာခိုင်မာသည်ဟု မပြောနိုင်ပေ။
ဗဟိုအင်ပါယာဘုံ၏ နတ်ဘုရားကလန်သည် ရည်မှန်းချက် ကြီးမားသောကြောင့် သစ္စာရှိမှုသည် လျော့ရဲနည်းပါးနိုင်ပေသည်။ ဤအချိန်မတိုင်မီက ကောင်းကင်ဓား ခန်းမနှင့် ကြယ်အင်ပါယာကျောင်းတော်သည် ရီဖူရှင်းကို သစ္စာဖေါက်ခဲ့ကြသဖြင့် သူတို့သည် သစ္စာဖေါက်ဖြစ်နိုင်ချေ နည်းပါးပေသည်။
အခြားတစ်ဖက်တွင်မူ ရှန်းရှင်းကလန်သည် သူတို့အား ပို၍အကျိုးပြုနိုင်သည့် မည်သည့်ဘက်သို့မဆို ကူးပြောင်းနိုင်ပေသည်။ အကယ်၍ အခြေအနေများ ပြောင်းသွားလျှင် သူတို့သည် ရီဖူရှင်းဘက်သို့ ပါသွားမည်ဖြစ်သည်။ ချီရှောင်းနတ်တောင်တန်းနှင့် ပတ်သက်၍ သူတို့၏ အတွေးကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
ကောင်းကင်ဓားခန်းမ၏ဓားသမားများသည် ဓားမြို့တော်တွင် ချီရှောင်းနတ်တောင်တန်းလည်း ရှိနေသည်ကို သတိပြုမိလိုက်ကြသည်။ ရီဖူရှင်းသည် ချီရှောင်းနတ်တောင်တန်းအား သူ့ဘက်သို့ တိတ်တဆိတ် သိမ်းသွင်းခဲ့သည်လော။ ဖြစ်နိုင်ချေရှိသည့် အချက်ကို စဉ်းစားမိသောအခါ ကောင်းကင်ဓားခန်းမမှ ဓားသမားများသည် ချီရှောင်းနတ်တောင်တန်းကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ရုတ်တရက် ကောင်းကင်အာဏာစက်မင်းဆက်၏ မဟာမိတ်အဖွဲ့သည် မတည်မငြိမ် ဖြစ်လာသည်။ မဟာမိတ်အဖွဲ့မှလူတိုင်းသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ သံသယဝင်လာကြ။
ရီဖူရှင်းသည် မြင်ကွင်းကြောင့် ဖြစ်ပေါ်လာသော ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်သည်။ အမှန်တကယ်တွင် သူသည် ချီရှောင်းနတ်တောင်တန်းကို သူ့ဘက်ပါလာရန် ကြိုးစား သိမ်းသွင်းခဲ့သော်လည်း သူတို့၏ရပ်တည်ချက်ကို ရှင်းလင်းစွာ ထုတ်ဖေါ်မကြေငြာခဲ့သလို သူ့အား လုံးဝငြင်းပယ်ခဲ့ခြင်းလည်း မရှိပေ။
ရှန်းရှင်းကလန်နှင့်ပတ်သက်ပြီး ရီဖူရှင်းသည် သူတို့နှင့်ပူးပေါင်းရန် ရည်ရွယ်ချက်မရှိသောကြောင့် သူတို့အား အသံထုတ်လွှင့်၍ မေးမြန်းခြင်းပင်မရှိခဲ့ပေ။ ရီဖူရှင်းသည် ပြိုင်ဘက်များကြားတွင် သံသယများ ဖြစ်ပေါ်စေရန် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုစကား အနည်းငယ်ဖြင့် ရီဖူရှင်းတို့အဖွဲ့သည် စိတ်ဓါတ်စစ်ဆင်ရေးပွဲတွင် အနိုင်ရခဲ့လေသည်။
“လူတိုင်း အငြင်းပွားနေတာတွေ ရပ်လိုက်ပြီး ကိုယ့်ပြိုင်ဘက်နဲ့ကိုယ် ရွေးကြပါ” ဝူကျန်းက ရှန်းရှင်းကလန်၏ ဘုန်းတော်ကြီးများအား ပြောလိုက်သည်။ “ကျေးဇူးပြုပြီး ရှန်းရှင်းကလန်က ရန်ဟောင်က ခြေထောက်သုံးချောင်း ရွှေကျီးတွေကို ရင်ဆိုင်ရမယ်။ အဲဒီအတွက် အဆင်ပြေရဲ့လား”
ယခုအချိန်တွင် သူသည် ယခင်ကလို လူအားလုံးကို တိုက်ပွဲအတွင်း ပါဝင်ရန် မပြောဝံ့တော့ပေ။ သူ၏အသင်းသည် လျပ်တပြက် တိုက်ခိုက်ခံရသော နောက်ထပ် အဖွဲ့တစ်ခု ဖြစ်သွားမည်ကို စိုးရိမ်နေလေသည်။
“ကောင်းပြီ… သားရဲရိုင်း ခြေထောက်သုံးချောင်း ရွှေကျီးကန်းကလန်ကို ငါတို့နဲ့ထားခဲ့လိုက်” ရှန်းရှင်းကလန်မှ ဘုန်းတော်ကြီးများက ပြန်ပြောလိုက်သည်။ ယခုအချိန်သည် ဇီဇာကြောင်ပြီး ရွေးချယ်နေရန် အချိန်မဟုတ်ပေ။ သူတို့၏ မဟာမိတ်သည် အချိန်မရွေး ပြိုကွဲသွားနိုင်သည်ကို သူတို့နားလည်ခဲ့ကြသည်။ ထိုသို့ ဖြစ်သွားလျှင် မည်သူမျှ အကျိုးရှိမည်မဟုတ်ပေ။
“ကိစ္စမရှိဘူး ယွမ်ယန်ကလန်ကို ငါတို့နဲ့ထားခဲ့လိုက်” ဝူကျန်းက ပြောလိုက်သည်။ နတ်ဘုရားကလန်နှင့် ယွမ်ယန်ကလန်တို့ နှစ်အုပ်စုလုံးသည် ဗဟိုအင်ပါယာဘုံမှဖြစ်ကြသဖြင့် သူတို့သည် တစ်ဦးစွမ်းရည်ကို တစ်ဦးသိနေကြသည်။ နတ်ဘုရားကလန်မှ ရန်ဟောင်သည် ရီဖူရှင်းကို အနိုင်ယူရန် တာဝန်ရှိပေသည်။
ရီဖူရှင်းသည် အလွန်အစွမ်းထက်ပြီး ရန်ဟောင်ကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသူဖြစ်သည်။ ယခုလေးတင်မှ သူသတ်ဖြတ်လိုက်သော ကောင်းကင်အာဏာစက်မင်းဆက်မှ ရန်ဟောင်နှင့်တိုက်ပွဲကိုကြည့်ကာ သူ၏စွမ်းရည်ကို သိနိုင်ပေသည်။ ထို့အပြင် သူသည် စည်းတံဆိပ်ကို ဖွင့်နိုင်ပေသည်။ နတ်ဘုရားကလန်မှ ရန်ဟောင်ကိုယ်တိုင်သည် သူ့အား ဖမ်းဆီးရန် ဆန္ဒရှိပေသည်။
ရန်ဟောင်မဟုတ်သော အခြားသူများသည် ရီဖူရှင်းကို ဖမ်းဆီးပြီးလျှင် အသက်ရှင်သန်ရန် ခက်ခဲလိမ့်မည်။ ဝူချန့် တာ၀န်များ ခွဲဝေပေးနေသည်ကိုမြင်လျှင် ရီဖူရှင်းသည် ချီရှောင်းနတ်တောင်တန်း ခေါင်းဆောင်အား လျှို့ဝှက်စွာ အသံပို့လွှတ်လိုက်သည်။ “အခု နတ်ဘုရားကလန်က အမိန့်ပေးနေပြီ။ တကယ်လို့ ချီရှောင်း နတ်တောင်တန်းက ဘယ်ဘက်ကို ရွေးချယ်လဲဆိုတာ မကြေငြာချင်သေးဘူးဆိုရင် ကျုပ်တို့ တိုက်ပွဲမှာပဲ တွေ့ကြတာပေါ့။ ကျုပ်တို့မဟာမိတ်နှစ်ဖက်လုံးရဲ့ လက်ရှိအခြေအနေကို နှိုင်းယှဉ်ကြည့်ရင် သိမှာပါ။ ခင်ဗျားတို့အသင်းအနေနဲ့ ကျုပ်တို့ကို အနိုင်ယူဖို့ ခက်ခဲလိမ့်မယ်။ တိုက်ပွဲဖြစ်ကြမယ်ဆိုရင် ချီရှောင်းနတ်တောင်တန်းက အသေအပျောက်များလိမ့်မယ်။ ကျေးဇူးပြုပြီး ခင်ဗျားရပ်တည်မဲ့ဘက်ကို သေချာစဉ်းစားသုံးသပ်သင့်တယ်။”
“မင်းရဲ့ပြိုင်ဘက်အသင်းမှာ ရန်ဟောင်နှစ်ယောက် ကျန်နေသေးတယ်။ နတ်ဘုရားကလန်ရဲ့ ရန်ဟောင်ကို ဘယ်လိုရင်ဆိုင်ဖို့ တွေးထားသလဲ” ချီရှောင်းနတ်တောင်တန်း၏ ခေါင်းဆောင်သည် လျှို့ဝှက်အသံဖြင့် ပြန်လည်မေးမြန်းလိုက်သည်။ ထိုမေးခွန်းသည် သူ၏ပထမဆုံးအကြိမ် အလေးအနက် ထားကာ ပြန်ပြောခြင်းဖြစ်သည်။ သူလှုပ်ရှားရန်အချိန် သို့မဟုတ် ဆုံးဖြတ်ချက်တစ်ခုချရမည့် အချိန်ကျရောက်လာပြီဖြစ်သည်။ သူမှားယွင်းစွာ ရွေးချယ်မိသည်နှင့်တပြိုင်နက် သူတို့၏ ရန်ဟောင်လက်နက်များကို ဆုံးရှုံးသွားနိုင်ရုံသာမက တိုက်ပွဲတွင် လူပေါင်းများစွာ သေဆုံးသွားရမည် ဖြစ်သည်။
“ကျုပ်ဖြေရှင်းနိုင်ပါတယ်” ရီဖူရှင်းက ပြန်လည်ဖြေကြားလိုက်သည်။ “ထပ်ပြောစရာ အကြောင်း မရှိတော့ဘူး။ ခင်ဗျားကိုယ်တိုင် ဆုံးဖြတ်ပါ။”
“ငါတို့ချီရှောင်းနတ်တောင်တန်းက မင်းကို ကူညီပြီး အဓိကအင်အားစုနှစ်ခုဖြစ်တဲ့ ကောင်းကင်အာဏာစက်ဘုံနဲ့ အရိပ်ဘုံကို တိုက်ခိုက်ဖို့ တာဝန်ယူတယ်” တစ်ဖက်လူသည် မည်သည့်စကားမျှထပ်မပြောတော့ဘဲ ဆုံးဖြတ်ချက် ချပြီးဟန်ဖြင့် ပြတ်သားစွာ ပြောလိုက်သည်။
သို့သော် သူတို့သည် နတ်ဘုရားကလန်နှင့် ရှန်းရှင်းကလန်အား တိုက်ခိုက်ရန် မရွေးချယ်ဘဲ ကောင်းကင်အာဏာစက်ဘုံနှင့် နှင်းနတ်ဘုရားပြည်ထောင်တို့အား တိုက်ခိုက်ရန်ရွေးချယ်ခဲ့သည်။ သူတို့သည် ရီဖူရှင်းဘက်တွင် ရပ်တည်ခဲ့သော်လည်း အန္တရာယ်များသည့် အင်အားစုအား မရင်ဆိုင်လိုပေ။
နတ်ဘုရားကလန်နှင့် ရှန်းရှင်းကလန်တို့သည် မူလကတည်းက အစွမ်းထက်ကလန်များဖြစ်ကြပြီး ရန်ဟောင်အများအပြားကို ပိုင်ဆိုင်ထားကြသည်။ ထိုကလန်များကို တိုက်ခိုက်ခြင်းသည် အန္တရာယ်များပေသည်။ ကောင်းကင်အာဏာစက်မင်းဆက်နှင့် နှင်းနတ်ဘုရား ပြည်ထောင်သည် ယခင်တိုက်ပွဲတွင် အကြီးအကျယ်ဆုံးရှုံးခဲ့သည်ဖြစ်ရာ သူတို့အား ရင်ဆိုင်ရန် အလွယ်ကူဆုံးဖြစ်သည်။
“ကောင်းပြီ” ရီဖူရှင်း ချက်ချင်းသဘောတူလိုက်သည်။ ချီရှောင်းနတ်တော်တန်း နှင့် လှုပ်ရှားရန် ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် ခရမ်းရွှေကြွက်လန်နှစ်ခုကို စီစဉ်ထားလိုက်သည်။ ပြိုင်ဘက်၏ အခြားကျန်နေသော အင်အားစုများကို နတ်ဆိုးဘုံ၊ သောမျိုးနွယ်စု၊ ဝရိန်ခုနှစ်ပါးကလန်နှင့် ချီရှောင်းနတ်တောင်တန်းတို့က တိုက်ခိုက်ရန်မှာ အလွန်လွယ်ကူပေသည်။
ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။ ရှန်းရှင်းကလန်၏ ရန်ဟောင်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူ၏မဟာလမ်းစဉ် နတ်ဝင်ရိုးသည် ဧရာမရွှေရောင်ခြေဖဝါးကြီးအသွင်ဖြင့် ပေါက်ကွဲထွက်ပေါ်လာသည်။ ရှန်းရှင်းကလန်၏အဓိပ္ပာယ်မှာ ဧရာမရွှေရောင်ခြေဖဝါးကြီးပင်ဖြစ်သည်။ ခြေတစ်လှမ်းဖြင့်ပင် သူ၏ရွှေရောင်ခြေဖဝါးကြီးသည် ကောင်းကင်ထက်မှ ကောင်းကင်နတ်ဆိုးအဖွဲ့မှ ကျင့်ကြံသူများထံသို့ ကျဆင်းလာပြီး တိုက်ပွဲကွင်းပြင်တစ်ဝက်ကို ဖုံးလွှမ်းနေရာယူသွားသည်။
ဘုန်း…
ကောင်းကင်နတ်ဆိုးအဖွဲ့မှ နတ်ဆိုးအင်ပါယာသည် သူ၏အတောင်ပံများကို ဖြန့်လိုက်သည်။ အတောင်ပံများသည် နေမင်းနှင့် ကောင်းကင်ကိုပင် တားဆီးပိတ်ဆို့သွားသည်။ မီးလျှံများ ဖုံးလွှမ်းနေသော ရွှေရောင်အတောင်ပံများသည် ကောင်းကင်ကိုဖုံးလွှမ်းသွားပြီး ရွှေရောင် ခြေထောက်ကြီးနှင့် ရိုက်ခတ်မိသွားသည်။
ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားသကဲ့သို့ ထင်မှတ်ရပေသည်။ ကျင့်ကြံသူအများစုသည် ထိုရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားကြသည်။ တချိန်တည်းမှာပင် နတ်ဘုရားကလန်၏ ရန်ဟောင်သည် ရှေ့သို့ ထွက်လာသည်။ သူသည် ရီဖူရှင်းဆီသို့ ဦးတည်ကာ သွားလိုက်ပြီး သူ့အပေါ်သို့ ရန်ဟောင်အရှိန်အဝါများကို ဖိနှိပ် ထုတ်လွှင့်လိုက်သည်။ ယခင်က သူတို့၏ ရန်ဟောင်နှစ်ယောက်စာ် အမှန်တကယ် ကျဆုံးသွားခဲ့သည်။ ထိုဖြစ်ရပ်အတွက် ရီဖူရှင်းအား ခွင့်မလွှတ်နိုင်ပေ။ ယခုသူသည် ရီဖူရှင်းကို ကိုယ်တိုင် တိုက်ခိုက်မည် ဖြစ်သည်။ သူ၏ လမ်းပေါ်တွင် ရှိနေသောသူတိုင်း သေရပေမည်။
ရီဖူရှင်း၏ ခန္ဓာကိုယ်သည် ကောင်းကင်ထက်တွင် လျှပ်စီးမိုးကြိုးတစ်ခုပမာ ပေါ်ထွက်လာသည်။ တစ်ဖက်တွင် ယူချင်းသည်လည်း ရှေ့သို့တစ်လှမ်းတက်ကာ ပျံတက်သွားသည်။ ယခုအခါတွင် တိုက်ပွဲ စတင်ပြီဖြစ်သည်။
***