နောက်ဆုံးအပိုင်း
Vol. 103 Ch. 1442
"ဒီအဂ္ဂိရတ် ကုန်စည်ပြပွဲက တော်တော်ကြာတာပဲ..."
လင်းမင်က မူးဝေစွာ မှတ်ချက်ပြုလိုက်၏။ သူက ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်များ အားလုံးကြောင့် အကြီးအကျယ် စိတ်ဖိစီးနေခဲ့ပြီး တစ်ခါတစ်ရံ လိုက်လို့ မမှီနိုင်အောင်ပင် ခံစားခဲ့ရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... များစွာသော အကျိုးအမြတ်များကိုတော့ သူ ရှာဖွေ နိုင်ခဲ့သည်။ အိပ်မက် သန့်စင်ရည်ကြောင့် သူ၏ စိတ်စွမ်းအင်က ပိုမို တိုးတက်လာသလို အာရုဏ်ဦး နေကြယ်မျိုးစေ့ကိုလည်း အရယူနိုင်ခဲ့သည်။
လင်းရှန်းရှဲ့ မျက်မှောင်ကြုတ်လိုက်၏။ သူမ၏ အတွေးများက အလွန်ရှုပ်ထွေးနေသည်။ ခေတ်တစ်ခေတ် ပြောင်းလဲခြင်းနှင့် ပတ်သက်၍ သံသယများ ကျန်ရှိနေပါက အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲမှာ အားလုံးကို သက်သေပြနေခဲ့ပြီ ဖြစ်သည်။
ဝေ့ဝူယင်မှာ သူ၏ အဂ္ဂိရတ် အမွေအနှစ်ကို အဂ္ဂိရတ် ရှန့်ထို တစ်ယောက် မွေးထုတ်ပေးခြင်းဖြင့် မီးမောင်းထိုးပြခဲ့ကာ ထာဝရ ဧကရာဇ်ထက် မည်သို့မျှ မနိမ့်ကျကြောင်း၊ သာ၍ပင် ကောင်းမွန်နိုင်ကြောင်း အတွေးအမြင်ကို စိန်ခေါ်ခဲ့သည်။ သူသည် ဤကျင့်ကြံခြင်း လူ့အဖွဲ့အစည်း၏ အနာဂတ်အတွက် အတွက် မျှော်လင့်ချက်နှင့် ယုံကြည်မှုလှိုင်းလုံးများကို ဦးဆောင်ကာ ဆောင်ကျဉ်းလာခဲ့သည်။
အနာဂတ်တွင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ ယခုကဲ့သို့ အဆင့်အတန်း မြင့်မားစွာ ဆက်လက် ရှိနိုင်ပါဦးမည်လော။ အဂ္ဂိရတ် ရှန့်ထိုများမှာလည်း ဤမျှ ရှားပါးဦးမည်လော။ မြေကြီးရှန့်ထို အဆင့်မှာလည်း ယနေ့ကဲ့သို့ မရောက်ရှိနိုင်လောက်အောင် ခက်ခဲသော အဆင့်တစ်ခု ဖြစ်နေဦးမည်လော။
စန်းယွန်းလီ၏ လက်များက အနည်းငယ် တုန်ယင်နေသည်။ ချိပ်ပိတ်နယ်မြေ၏ ပဉ္စမမြောက် အဂ္ဂိရတ် ရှန့်ထို လော့နင်ကို ကြည့်ရင်း နှလုံးသားထဲ၌ မသေချာ မရေရာမှုများကို ပိုမို၍ ခံစားနေရသည်။ ဖြစ်ပျက် သွားခဲ့သမျှ အရာအားလုံးမှာ ရူးသွပ်ဖွယ် ကောင်းလောက်အောင် လျင်မြန်သည်။ ထို့အပြင်... ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် အင်ပါယာ မျိုးနွယ်၏ အစီအစဉ်များမှာလည်း ဝေ့ဝူယင်နှင့် ဤအဂ္ဂိရတ် ကုန်စည်ပြပွဲကြောင့် အခက်အခဲအချို့နှင့် ကြုံတွေ့ရနိုင်သည်။
သူတို့ အနေဖြင့် ကျန်ရှိသည့် နှစ်နှစ်အတွင်း အခွင့်အရေးတိုင်းကို အသုံးချရမည် ဖြစ်သည်။ သို့မဟုတ်ပါက... ဆိုးရွားလှသော အကျိုးဆက်များနှင့်ပင် ကြုံတွေ့ရနိုင်သည်။
ဝေ့ဝူယင်မှာ ဤအဂ္ဂိရတ် ထုတ်ကုန်များကို ပြပွဲသို့ ရောက်မှသာ ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သော်လည်း သူက ဆယ်စုနှစ် များစွာ ကတည်းက ကြိုတင် ပိုင်ဆိုင်ထားပြီး ဖြစ်နိုင်သည်။ ထိုအချိန်လောက် ကတည်းက သူ့ လက်အောက်ငယ်သားများမှာလည်း အကျိုးအမြတ်ကို ခံစားခဲ့ပြီး ဖြစ်နိုင်သည်။
ထို့အပြင်... ဝေ့ဝူယင် ကိုယ်တိုင်မှာလည်း အလွန် ထူးချွန်သည်။ လူငယ်မှာ သေမျိုးတစ်ပိုင်း အရှင် အဆင့် ဟွမ်ရီကောင်း၏ ကိုယ်ပွားကိုပင် သတ်ဖြတ်ပစ်ခဲ့ကာ တိုက်ခိုက်ရေး၌လည်း ထူးချွန်သည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်း သိသာစေခဲ့သည်။ သူက ထျန်းရီဝူနှင့်ပင် နှိုင်းယှဉ်ကောင်း နှိုင်းယှဉ်နိုင်ပေသည်။
“ပရိသတ်များရှင်... ပြပွဲရဲ့ နောက်ဆုံး အဆင့်ကို သုံးပတ်ကြာ အနားယူပြီးတဲ့နောက် ပြန်လည်ပြီးတော့ တင်ဆက်ပါ့မယ်...”
ထျန်းရှောင်ချွမ်းက ဝမ်းနည်းမှုတို့ အနည်းငယ် စွက်နေသည့် လေသံဖြင့် ကြေညာလိုက်၏။ လော့နင်ကလည်း ကျေးဇူးတင်စကား အနည်းငယ် ပြောကြားကာ တိတ်ဆိတ်စွာ ပြန်လည် ထွက်ခွာသွားခဲ့သည်။
သို့သော်လည်း... ပရိသတ်ပေါင်း များစွာကတော့ သုံးပတ်တာ အနားယူချိန် ဆိုသည့် စကားကို ကြားကတည်းက လှုပ်လှုပ်ရွရွ ဖြစ်နေကြပြီ ဖြစ်သည်။ အနားယူချိန်တိုင်း သူတို့ ရရှိသည့် ရင်းမြစ် ပမာဏက ထိတ်လန့်စရာ ကောင်းလွန်းလှသည်။ သူတို့၏ တုန့်ပြန်မှုများကို ကြည့်ရင်း ထျန်းရှောင်ချွမ်း စိတ်ထဲမှ ရယ်မောလိုက်မိ၏။ ဝေ့ဝူယင်မှာ ဤကျင့်ကြံသူများကို သေချာပေါက် ဖျက်ဆီးနေပြီ ဖြစ်သည်။
မည်သည့် အဂ္ဂိရတ် ကုန်စည်ပြပွဲက ဤပြပွဲနှင့် နှိုင်းယှဉ်နိုင်မည်နည်း။ ထာဝရ ဧကရာဇ် ဖြစ်စေ၊ ထာဝရ နတ်ဘုရား ဖြစ်စေ... ပြပွဲတိုင်း၌ အသုံးပြုခဲ့သည့် အရင်းအမြစ် ပမာဏမှာ ဝေ့ဝူယင်နှင့် လုံးဝ နှိုင်းယှဉ်နိုင်စွမ်း မရှိပါချေ။
"တစ်ချိန်တုန်းက ထာဝရ ဧကရာဇ်ဟာ လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန် ခုနစ်ခုရဲ့ သီအိုရီတွေကို စုစည်းထားတဲ့ လောက အံ့ဖွယ် ခုနစ်ပါးကို ပေါ်ပေါက်စေခဲ့တယ်... သူ ထွက်ခွာ သွားပြီးတဲ့နောက် အဂ္ဂိရတ် အာဏာရှင်ဝေ့ကလည်း ဘယ်လောက်အထိ အမီလိုက်နိုင်မလဲ ဆိုတာ သိချင်မိတယ်"
ဧကရီက တွေးတောရင်း ဧဒင်ကမ္ဘာထဲမှ များပြားလှသော လူအုပ်ကြီးကို နောက်ဆုံးအနေဖြင့် တစ်ချက် ဝှေ့ကြည့်ကာ ဆုတ်ခွာသွားခဲ့သည်။ လှည့်ထွက်သွားသော အခိုက်၌ အလွန်တရာ လှပသည့် အပြုံး တစ်ခုက သူမ၏ နှုတ်ခမ်းများပေါ်တွင် ပေါ်လာကာ ညင်သာစွာ ရေရွတ်လိုက်လေသည်။
"ပျော်စရာကောင်းခဲ့တယ်..."
ဧကရီ ပျောက်ကွယ်သွားပြီးနောက် ဗဟိုစင်မြင့်မှာ ဗလာကျင်းကာ ကျန်ရစ်ခဲ့သည်။ သို့သော်လည်း... ထိုနေရာတွင် အထီးကျန်ဆန်ဆန် အေးစက်မှုများ မရှိဘဲ နွေးထွေးသော အမှတ်တရများသာ ကျန်ရှိနေခဲ့သည်။ သို့သော်လည်း... အများစုမှာ သူတို့ အသစ်ရရှိထားသည့် အရင်းအမြစ်သေတ္တာများနှင့် အတွင်းရှိ ပါဝင် ပစ္စည်းများအပေါ်တွင်သာ အာရုံစိုက်နေကြလေရာ သတိမထားမိကြပေ။
လူများစွာမှာ သူတို့ ရရှိထားသည့် ဉာဏ်အလင်းများကို မိတ်ဆွေများ၊ မိသားစုများ၊ အိမ်ထောင်ဖက်များနှင့် ဆွေးနွေးခြင်းတို့ဖြင့် ချေဖျက်နေကြသည်။ အဂ္ဂိရတ် ကုန်စည်ပြပွဲ၏ 'နောက်ဆုံး' အပိုင်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများကလည်း နေရာအနှံ့၌ ပျံ့လွင့်နေကာ မကြာခင်မှာပင် နှမြောတသမှုများ၊ ဝမ်းနည်းမှုများ ပြည့်နှက်နေသည့် ဝါကျတစ်ခုက စတင်ကာ ပျံ့နှံ့လာခဲ့သည်။
"ဒီအာရုဏ်ဦး ကြယ်တာရာ နယ်မြေကနေ အစောကြီး ထွက်ခွာစရာမလိုခဲ့ရင် အရမ်း ကောင်းမှာပဲ..."
ထိုခံစားချက်က လူပေါင်းများစွာ၏ နှလုံးသားများထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင် သူတို့ ခံစား ရရှိခဲ့သည့် ပတ်ဝန်းကျင်နှင့် လွတ်လပ်မှုတို့မှာ အဆင့်နိမ့် ကြယ်နယ်မြေအချို့ထက် များစွာ သာလွန်သည်။ နှိုင်းယှဉ်စရာပင် မရှိပေ။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှာ ဧရာမ အရွယ် နေကြယ်ကြီးကြောင့် မြင့်မြတ်သည့် နေရာ အဖြစ် သတ်မှတ်ခံထားရသော်လည်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ အလွှာ နှစ်ခု ရှိသဖြင့် ပိုမို၍ ကြီးမားရုံသာ မက ထွန်းလင်းနေသည့် အာရုဏ်ဦး ဖီဆန် နေကြယ်မှာလည်း အံ့မခန်း ထူးခြားလှသည်။
လက်ရှိတွင် သူတို့မှာ ဧဒင်ကမ္ဘာ အတွင်း ရှိနေဆဲ ဖြစ်သော်လည်း သူတို့၏ အစစ်အမှန် ရုပ်ခန္ဓာများကတော့ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်း ရှိနေလေရာ ဖီဆန် နေကြယ်၏ အကျိုးကျေးဇူးများကို တိုက်ရိုက်ပင် ခံစား နေကြရသည်။
အနားယူချိန် ပထမ တစ်ပတ် ကုန်ဆုံးသွားပြီးနောက် ရုတ်ရုတ်သဲသဲ ဆွေးနွေးမှုများ ဖြစ်ပေါ် လာခဲ့သည်။ အချို့ဆိုလျှင် ရှက်ရွံ့ခြင်းမရှိဘဲ အိမ်ပြန်ဖို့ ငြင်းဆိုပါက မည်ကဲ့သို့ ဖြစ်မည်ကို တွေးတောနေမိခဲ့ကြသည်။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်က သူတို့ကို အတင်းအကျပ် ပြန်လွှတ်မည်လော။
ထိုအတွေးကို ဟာသ တစ်ခု အဖြစ် အများစုက ပြောဆိုခဲ့ကြသည့်တိုင် အချို့သော ကျင့်ကြံသူများမှာလည်း သားသမီးများ၏ အကျိုးအတွက် ရေရှည်နေထိုင်ရန် ကြိုးစားဖို့ အလေးအနက် စဉ်းစားနေခဲ့ကြသည်။
"..."
ထျန်းမူယန်မှာ ရံဖန်ရံခါ သာမန် ကျင့်ကြံသူများ၏ စကားဝိုင်းများကို လျှို့ဝှက်စွာ နားထောင်နေခဲ့ကာ သူတို့၏ ဆွေးနွေးမှုများက စိတ်ဝင်စားဖွယ်ကောင်းကြောင်း တွေ့ရှိခဲ့သည်။ အမှန်တကယ်တွင် သူကိုယ်တိုင်ပင် နေထိုင်လိုစိတ်ရှိခဲ့သည်။ အဆုံးမဲ့ ကောင်းကင် နယ်မြေတွင် နေထိုင်ကာ ပတ်ဝန်းကျင် ကြယ်တာရာ နယ်မြေများစွာကို သွားရောက်လည်ပတ်ခဲ့ဖူးသူ တစ်ယောက် အနေဖြင့် ပတ်ဝန်းကျင်များ အကြား သိသာထင်ရှားသော ကွာခြားချက်ကို သူ နားလည်ထားသည်။
"ရှင် တခြားသူတွေကို ထပ်ပြီး စောင့်ကြည့်နေပြန်တာလား..."
ထျန်းလင်းယုက ထျန်းမူယန်ကို သံသယ မျက်လုံးများဖြင့် ကြည့်လိုက်၏။ ထျန်းမူယန်၏ မျက်လုံးများက နေရာမျိုးစုံကို ရွေ့လျားနေကာ လူငယ်မျိုးဆက်၊ လူကြီးမျိုးဆက် နှစ်ခု စလုံးမှ အလှမယ်များရှိရာထံ ရစ်ဝဲနေ သကဲ့သို့ ထင်ရသည်။ သူသည် နောက်ထပ် ဇနီးမယားတစ်ဦးကို ရှာဖွေနေသည်နှင့် တူနေသည်။
ထျန်းမူယန်မှာ သူ့ရည်ရွယ်ချက်ကို ထျန်းလင်းယု ရိပ်မိသွားကြောင်း သဘောပေါက်သော်လည်း ရှက်ရွံ့ခြင်းမရှိဘဲ ရယ်မောလိုက်သည်။ ထို့နောက် သူက ဆက်လက်၍ မစဉ်းစားတော့ဘဲ မေးလိုက်သည်။
“အာရုဏ်ဦး ကြယ်တာရာ နယ်မြေရဲ့ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး နင် ဘယ်လိုထင်လဲ..."
ထျန်းလင်းယုမှာ အနည်းငယ် ဆွံ့အသွားခဲ့၏။ စောစောပိုင်းက အတွေးများကို ပြန်လည် တွေးတောမိသော အခိုက်၌ သူမ၏ မျက်နှာထက်တွင် ပန်းနုရောင်အလင်းက ဖြတ်ပြေး သွားခဲ့သည်။ သူမထံတွင် စိတ်ကူး တစ်ခု ရှိသည်။ ထိုအရာက အာရုဏ်ဦး ဖီဆန် နေကြယ်၏ နေရောင်ခြည် အောက်တွင် ကျင့်ကြံရန်နှင့် ရေချိုးရန် ဖြစ်သည်။
ဤနေရာက အမှန်တကယ် ထူးခြားလှသည်။ အာရုဏ်ဦး ဖီဆန် နေကြယ်မှာ သေမျိုးနှင့် လျှို့ဝှက် အမတေများ အကြားတွင် လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ် မရှိဘဲ သဟဇာတဖြစ်ရုံသာမက ၎င်း၏ အမတေ အတွင်းတွင်လည်း ထူးခြားသည့် နူးညံ့မှုတစ်ခု ပါဝင်ကာ စုပ်ယူရန် ပိုမိုလွယ်ကူစေသည်ကို တွေ့ရှိခဲ့ရသည်။ အာရုဏ်ဦး မြူခိုးကိုပင် ၎င်းထံမှ သန့်စင်ထားသည်ဟု ဆိုလေရာ သူမကို ပိုမို၍ အဆုံးမရှိ စိတ်ဝင်စားစေခဲ့သည်။
ထို့အပြင် နေကြယ်၏ ပတ်ဝန်းကျင် နယ်မြေ ဒေသများ အပေါ် သက်ရောက်မှုများမှာလည်း အံ့မခန်း ဖြစ်သည်။ ချီပျစ်ခဲခြင်း အဆင့်ရှိ စိုက်ပျိုးရေး ကျွမ်းကျင် ပညာရှင် အချို့မှာ သက်ဆိုင်ရာထံမှ ခွင့်ပြုချက်ရယူပြီးနောက် အခြေခံ အရင်းအမြစ် တချို့ကို ပေါ့ပေါ့ဆဆ စိုက်ပျိုးခဲ့ကြသည်။ ယခုအခါ ထိုအပင်များမှာ ကြယ်တာရာ အဆင့်ကို ရောက်ရှိမည့် လက္ခဏာများအား ပြသနေခဲ့ကြပြီ ဖြစ်သည်။ ထို့အပြင်... များလှစွာသော ဂြိုဟ်များ ထက်တွင်လည်း သဘာဝအတိုင်း ပေါက်ဖွားလာသည့် ကြယ်တာရာ အဆင့် ကျင့်ကြံခြင်း ကုန်းမြေများ တည်ရှိနေကာ အချို့ဆိုလျှင် မှိန်ဖျော့ဖျော့ လျှို့ဝှက် အော်ရာများကိုပင် ထုတ်လွှတ်နေခဲ့သည်။
"အံ့မခန်းပဲ..."
ထျန်းလင်းယုက အဖြေပေးလိုက်လေ၏။ အကယ်၍ အခွင့်အရေး ရရှိပါက ဤသည်က သူမ၏ ဒုတိယမြောက် နေအိမ် ဖြစ်လာလိမ့်မည် ဖြစ်သည်။
အချိန်ကာလများက တဖြည်းဖြည်း ရွေ့လျားသွားခဲ့ကာ သုံးပတ်ကြာ အနားယူချိန်မှာလည်း ပြီးဆုံးသွားခဲ့သည်။
သတ်မှတ်ထားသည့် အချိန်စေ့ပြီးနောက် လူတိုင်းမှာ မသိစိတ်မှ ဗဟိုစင်မြင့်ဆီသို့ အာရုံစိုက်လိုက်ကြသည်။ ရင်သပ်ရှုမောဖွယ် လှပသည့် ဧကရီကို သူတို့ နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့ရတော့မည် ဖြစ်သည်။ ယနေ့၌ သူမ မည်သည့် ဝတ်စုံမျိုးကို ဝတ်ဆင်မည်၊ ဤနောက်ဆုံးအပိုင်းအတွက် မည်ကဲ့သို့ အော်ရာမျိုးကို ထုတ်ဖော်ထားလိမ့်မည်ကို တွေးတော နေမိကြသည်။
ဟူး... ဟူး...
ရုတ်ချည်းပင် ငွေရောင်မြူခိုးများက ဗဟိုစင်မြင့်ထက်၌ ပေါ်လာကာ ဝဲဂယက် တစ်ခု သဖွယ် လှည့်ပတ်လာ၏။ လူတိုင်းမှာ မည်သည့် အရာများ ဆက်ဖြစ်မည်ကို ရင်ခုန် စိတ်လှုပ်ရှား လာခဲ့ကြသည်။ မြူခိုးများမှာ အလွန်ထူထပ်ခြင်း မရှိသလို အလွန် ပါးလွှာခြင်းလည်း မရှိပေ။
ထို့နောက်တွင်တော့ အသံလှိုင်း တစ်ခုမှာ ဧဒင်ကမ္ဘာ တစ်ခွင်လုံးကို ဖြန့်ကျက်ကာ ထွက်ပေါ်လာခဲ့တော့၏။
"ပထမဆုံး အနေနဲ့..."
၎င်းက တည်ကြည် ခန့်ညားလှကာ ကောင်းကင်ကို ဖျက်ဆီးနိုင်လောက်အောင် ထူးခြားသည့် ယုံကြည်မှုများနှင့် ပြည့်နှက် နေခဲ့၏။
"ကျုပ်ရဲ့ အဂ္ဂိရတ် ကုန်စည်ပြပွဲကို တက်ရောက်လာခဲ့တဲ့ ခင်ဗျားတို့ တစ်ဦးချင်းစီကို ကျေးဇူး တင်ပါတယ်"
ငွေရောင်မြူခိုးများက တဖြည်းဖြည်း မှိန်ဖျော့လာကာ စင်မြင့်ထက်တွင် အရပ်ရည်ရည် အရိပ်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းက ဖြည်းဖြည်းချင်းပင် ရှေ့ကို လျှောက်လာခဲ့တယ်။ သူ၏ ခြေလှမ်း တစ်လှမ်းချင်းစီတိုင်းတွင် မြူခိုးများက ပိုမို၍ ပါးလွှာလာခဲ့၏။
"သူရောက်လာပြီ..."
စန်းယွန်းလီ၏ မျက်လုံးများက တောက်ပလာခဲ့သည်။
"သူရောက်လာပြီ"
ထာဝရ နတ်ဘုရား၏ မျက်လုံးများက သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်လျှံလာခဲ့သည်။
"သူရောက်လာပြီ..."
လင်းမင်က လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်၏။
"သူရောက်လာပြီ..."
ယန်ချောင်ယွီနှင့် ထျန်းလင်းယုတို့၏ မျက်လုံးများက ညင်သာစွာ တောက်ပနေခဲ့သည်။
"သူ နောက်ဆုံးတော့ ရောက်လာပြီ..."
လူတိုင်း၏ နှလုံးသားများက တဒိတ်ဒိတ် ခုန်နေခဲ့ကြလေတော့သည်။
***