← Chapters

လှပသည့် လည်ဆွဲတစ်ခု အကြောင်း

Vol. 103 Ch. 1430

လှပသည့် လည်ဆွဲတစ်ခု အကြောင်း

Vol. 103 Ch. 1430

ကောင်းကင်ဓာတ်တော်...

ကောင်းကင်ဓာတ်တော် ဟူသော ဝေါဟာရမှာ တစ်ချိန်က မဟာစက်ဝန်း ကြယ်ကွင်းပြင် ထိပ်တန်း အင်အားစုများ၏ နှလုံးသားကို တုန်လှုပ်စေခဲ့သော အရာတစ်ခု ဖြစ်သည်။ ၎င်းမှာ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် ကတိကဝတ် ပြုထားသည့်အတိုင်းပင် အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ၌ ပြန်လည်၍ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။

"..."

ထာဝရ နတ်ဘုရားမှာ ဂရုမစိုက်သည့် အမူအရာကို ထိန်းသိမ်းထား၏။ ကောင်းကင်ဓာတ်တော် ဟူသော အသုံးအနှုန်း ပြန်လည် ပေါ်ထွက်ခြင်း အပေါ် သူက လုံးဝ စိတ်မဝင်စားဟန် ရသည်။

သို့သော်လည်း ပရိသတ်များမှာ ထာဝရ နတ်ဘုရား ထိုကဲ့သို့ တုန့်ပြန်မည် ဖြစ်ကြောင်း မျှော်လင့်ထားခဲ့ကြပြီး ဖြစ်သည်။ မည်သို့ပင် ဆိုစေ... သူသည်လည်း ကောင်းကင်ဓာတ်တော် တစ်ခုကို ပိုင်ဆိုင်ထားပြီး ဖြစ်သည် မဟုတ်ပါလား...။

မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ လူများမှာ ကောင်းကင်ဓာတ်တော် အပါအဝင် ထာဝရ အစည်းအရုံး၏ ဘဏ္ဍာတိုက် အဖောက်ခံရသည့် ကိစ္စကို ယနေ့တိုင် သိရှိထားကြခြင်း မရှိပါသေးချေ။

အင်ပါယာ မျိုးနွယ် အုပ်စု အတွင်း၌... ထျန်းမူယန်က ထာဝရ နတ်ဘုရား ရှိရာဘက်သို့ မသိမသာ လှမ်းကြည့်လိုက်ရင်း...

"ခုချိန်ထိ ထာဝရ နတ်ဘုရားဆီကနေ ကောင်းကင်ဓာတ်တော် နဲ့ အဂ္ဂိရတ် ထုတ်ကုန်တစ်ခု ဖန်တီးနေတယ်ဆိုတဲ့ သတင်းမျိုး မကြားရသေးတာ အံ့ဩစရာပဲ... တကယ်ဆို သူတို့ဆီမှာ ရှိတဲ့ အဂ္ဂိရတ် ရှန့်ထို နှစ်ယောက်နဲ့ နှစ်ပေါင်း သုံးဆယ်လောက် ကာလ အတွင်းမှာ စမ်းသပ်ထုတ်ကုန်တစ်ခုတော့ အနည်းဆုံး ထုတ်လုပ်နိုင်ခဲ့သင့်တယ်"

ထိုအရာက ထျန်းမူယန်၏ စကားများသာ မက ထိပ်သီး ပုဂ္ဂိုလ်များစွာ၏ အတွေးများလည်း ဖြစ်သည်။ ထာဝရ နတ်ဘုရားမှာ ကောင်းကင်ဓာတ်တော် နှစ်ခုကို ပိုင်ဆိုင်ထားသည်ဟု သူတို့ သိရှိထားကြသော်လည်း ၎င်းနှင့် ပတ်သက်သည့် အစီအစဉ်များကို ပွင့်လင်း မြင်သာစွာ ထုတ်ဖော် မပြခဲ့သည်ကတော့ စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။

"သူက အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်ဝေ့ ထုတ်ကုန် ပြသမယ့် အချိန်ကို စောင့်နေတာဖြစ်နိုင်တယ်... နောက်ပိုင်းမှ ပိုပြီးကောင်းတဲ့ အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ပြသပြီး အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကို နှောင့်ယှက်တာမျိုး ဖြစ်နိုင်တယ်"

ထျန်းလင်းယုက စဉ်းစားရင်း ကောက်ချက်ချလိုက်၏။ တစ်ချိန်တည်းမှာပင် သူမမှာ အင်ပါယာ မျိုးနွယ် လူငယ်လေးများ၏ အခြေအနေကို စစ်ဆေးနေခဲ့သည်။ အိပ်မက်သန့်စင်ရည်ကို စုပ်ယူ သန့်စင်ပြီး နောက်တွင် သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများက ယခင်ကထက်ပင် ပိုမို၍ တိုးတက်လာနေကြောင်း တွေ့ရှိခဲ့ရသည်။

"ဒါပေမဲ့ ကံဆိုးတာပဲ... ကောင်းကင်ဓာတ်တော်က အရမ်းကို ရှားပါးပြီး တန်ဖိုးရှိတဲ့ ရင်းမြစ် တစ်ခု ဆိုတော့ ဘယ်လို ထုတ်ကုန်ပဲ ဖန်တီးသည်ဖြစ်စေ... ရရှိနိုင်တဲ့ ပမာဏကတော့ အကြီးအကျယ် ကန့်သတ်ခံရမှာပဲ... ငါတို့ရဲ့ အခြေအနေနဲ့ဆိုရင် ဒါကို ရနိုင်ဖို့က မဖြစ်နိုင်သလောက်ပဲ"

ကောင်းကင် ဧကရာဇ်ပိုင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရင်း ဆိုလိုက်၏။ ချက်ချင်းပင် အင်ပါယာ မျိုးနွယ်ဝင် များစွာ၏ တက်ကြွနေသည့် ခံစားချက်များက ပြန်လည်၍ ပြုတ်ကျသွားကြသည်။

ကောင်းကင်ဓာတ်တော်မှာ မြေကြီးရှန့်ထို အဆင့်လွန် ကျင့်ကြံခြင်း အလွှာ တစ်ခု၏ လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။ ၎င်းကို ကျင့်ကြံသူပေါင်းများစွာက လိုချင်ကြသည်။ သို့သော်လည်း အင်ပါယာ ထျန်းမျိုးနွယ်မှာ လက်ရှိတွင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေနှင့် ပြဿနာလေးများ ရှိနေခဲ့သည်။ အခြေအနေများက အလွန် ရှုပ်ထွေးနေလေရာ... အင်ပါယာ မျိုးနွယ် အနေဖြင့် ဝေ့ဝူယင်ထံမှ အဆိုပါ ထုတ်ကုန်ကို ဝယ်ယူခွင့်ကို ရရှိနိုင်ခြေမှာ သုညနီးပါး ဖြစ်သည်။

တစ်စုံတစ်ယောက်မှအပ...။

“...”

တော်တော်များများ၏ မျက်လုံးများမှာ ယန်ချောင်ယွီထံသို့ ရောက်ရှိသွားကြ၏။ ထိုအကြည့်များကို ခံစားမိလေရာ သူမက လှပစွာ ပြုံးလိုက်၏။ ထိုအပြုံးထဲ၌ ဝံ့ကြွားမှု၊ ဂုဏ်ယူမှု၊ ပျော်ရွှင်မှုများ ထုံလွှမ်းနေကြောင်း မည်သူမဆို အတိအကျ ပြောနိုင်ပေသည်

"ဟိုနှစ်ယောက်ရော အခြေအနေ ဘယ်လိုနေလဲ..."

ထျန်းမူယန်က စကားစ ပြောင်းလိုက်၏။ ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် မင်းသားများမှာ ဝေ့ဝူယင်၏ ပဉ္စမမြောက် ကောင်းချီး စမ်းသပ်မှုတွင် အောင်နိုင်သူ နှစ်ဦး ဖြစ်သည်။ သူတို့မှာ ဧကရာဇ်မျိုးနွယ် လူငယ် မျိုးဆက်ထဲတွင် အထူးချွန်ဆုံးများ ဖြစ်လေရာ အားလုံး မျှော်လင့်ထားကြသည့် အတိုင်းပင် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... နတ်ဘုရား အင်ပါယာတွင် သားသမီးပေါင်း ရာနှင့်ချီ ရှိသည့် အနက် သူတို့မှာ နံပတ်စဉ်တပ် အသိအမှတ်ပြုခံထားရသည့် ထိပ်သီး ပါရမီရှင်များ ဖြစ်သည် မဟုတ်ပါလား။

ထျန်းလင်းယုက မျက်မှောင် ကြုတ်လိုက်၏။

“အိပ်မက် သန့်စင်ရည်က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အဆင့်တစ်ဆင့်၊ နှစ်ဆင့်လောက် တိုးတက်စေခဲ့တယ်... သူတို့ရဲ့ စိတ်အခြေအနေက တည်ငြိမ်နေတယ်လို့ ပြောလို့ရတယ်"

"ဝေ့ဝူယင်က အရည်ကို တစ်ခုခုလုပ်ထားတယ်လို့ ထင်လား"

ထျန်းရှန့်ယန်က မေးလိုက်၏။ စိတ်စွမ်းအင် ဆိုင်ရာ ထုတ်ကုန်များ၊ ရင်းမြစ်များမှာ လူတစ်ယောက်ကို ထိခိုက်အောင် အလုပ်နိုင်ဆုံး ပစ္စည်းများ ဖြစ်သည်။ အထူးသဖြင့် ထာဝရ အစည်းအရုံးမှာ ထိုတန်ဖိုးရှိသည့် ကောင်းချီးများကို လျစ်လျူထားလေရာ သူ၏ စိုးရိမ် ပူပန်မှုများက အဓိပ္ပာယ် ရှိပေသည်။

"အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်ဝေ့ တစ်ခုခုလုပ်ချင်တယ် ဆိုရင်တောင် သူ့ရဲ့ အဂ္ဂိရတ် ကုန်စည်ပြပွဲမှာတော့ လုပ်မှာ မဟုတ်ဘူး..."

ထျန်းမူယန်က လေးနက်စွာဖြင့် ဆိုလိုက်၏။ သို့သော်လည်း ထိုစကားလုံးများက အင်ပါယာ မျိုးနွယ် ထိပ်သီး ပုဂ္ဂိုလ် အချို့၏ စိုးရိမ်စိတ်ကို အပြီးတိုင် ပယ်ဖျက်ပေးဖို့တော့ မလုံလောက်ပါချေ။ အဂ္ဂိရတ် ကုန်စည်ပြပွဲ ပြီးဆုံးသည်နှင့် မင်းသား နှစ်ပါး အမှန်တကယ် ထိခိုက်မှု ရှိ၊ မရှိ သူတို့ စစ်ဆေးကြည့်ရမည် ဖြစ်သည်။

"တကယ်လို့ နတ်ဘုရား အင်ပါယာသာ ဝေ့ဝူယင်က သူ့ရဲ့မျိုးဆက်တွေကို တိုက်ခိုက်ရဲလိမ့်မယ်လို့ ထင်ရင် ဒီကို လာခွင့်ပြုမယ် ထင်လား"

ထျန်းလင်းယုက အနည်းငယ် ပြုံးလိုက်ရင်း ထောက်ပြလိုက်၏။ ချက်ချင်းပင် လူများမှာ ဉာဏ်အလင်း ရသွားသလို ခံစားလိုက်ကြရသည်။ အဂ္ဂိရတ် ကုန်စည်ပြပွဲ တက်ရောက်လာသည့် မင်းသား မင်းသမီးငယ်များအား ထိခိုက်အောင် မလုပ်ရန် နတ်ဘုရား အင်ပါယာနှင့် ဝေ့ဝူယင်တို့ ကြားတွင် ကြိုတင် သဘော တူညီချက် ယူထားတာမျိုး ဖြစ်နိုင်မည်လား။ ဧကရီ ကိုယ်တိုင် အစီအစဉ် တင်ဆက်သူ လုပ်နေခြင်းအား ထောက်ချင့်ရပါက ထိုအရာက အဓိပ္ပာယ်တော့ ရှိပေသည်။

ဝေ့ဝူယင်ကတော့ သူတို့၏ ဆွေးနွေးဝိုင်းကို နားထောင်ကာ ပြုံးနေခဲ့မိ၏။ နတ်ဘုရား အင်ပါယာက အဘယ်ကြောင့် သူ့ မျိုးဆက်များကို စေလွှတ်ခဲ့ကြောင်း မသိသော်လည်း သူတို့ကြားတွင် ဘယ်လို သဘောတူညီချက်မျိုးမှ မရှိခဲ့ချေ။ သို့သော်လည်း... ဝေ့ဝူယင်မှာ သူ၏ အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် လူငယ် မျိုးဆက်များကို တိုက်ခိုက်ခြင်းဖြင့် ကိုယ့်သိက္ခာကို ကိုယ်ချမည် မဟုတ်ပါချေ။ သူ၏ အဂ္ဂိရတ်ကုန်စည်ပြပွဲ ရည်ရွယ်ချက်မှာ ဧကရာဇ်မျိုးနွယ်စုထက် အများကြီး ပိုအရေးကြီးပေသည်။

တကယ်တမ်းတွင် အင်ပါယာ မျိုးနွယ်ဝင်များ၏ အတွးများမှာ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုလွန်းနေခြင်း ဖြစ်သည်။ ကမ္ဘာကြီးက သူတို့ကို လည်ပတ်နေခြင်း မဟုတ်သလို ဝေ့ဝူယင်၏ လုပ်ဆောင်ချက်တိုင်းမှာလည်း သူတို့၏ ပျက်စီးရာ ပျက်စီးကြောင်းကို ရည်ရွယ်နေခြင်း မဟုတ်ပါချေ။

ထာဝရ အစည်းအရုံး အတွက်လည်း အတူတူပင် ဖြစ်သည်။ အကယ်၍ ကောင်းချီးများကို သူတို့ ရရှိသွားလျှင်ပင် သူ့အတွက် အဆင်ပြေသည်။ မည်သို့ပင် ဆိုစေ... အဂ္ဂိရတ် ကုန်စည်ပြပွဲ အတွက် ရန်ပုံငွေကို သူတို့ကပင် ထောက်ပံ့ပေးထားခဲ့တာ မဟုတ်ပါလား။ နည်းနည်းလောက် ပြန်ပေးရတော့လည်း ဝေ့ဝူယင် အတွက် ဘာမှ မဖြစ်ပါချေ။

သုံးပတ်တာ အနားယူခြင်း စတင်ခဲ့ပြီ ဖြစ်လေသည်။ လူငယ်ပေါင်းများစွာမှာ လွန်ခဲ့သည့် ငါးမိနစ်တာ အချိန်အတွင်း သူတို့ စုပ်ယူထားခဲ့ကြသည့် အိပ်မက်သန့်စင်ရည်ကို သန့်စင်နေခဲ့ကြသည်။ ရလဒ်အနေနဲ့ မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာ သူတို့၏ ခန္ဓာကိုယ်များက ပေါ့ပါးလာသလို ခံစားလိုက်ရသည်။ သူတို့၏ ထိခိုက်ဒဏ်ရာများမှာလည်း သက်သာလာသလို ဝိညာဉ်များမှာလည်း လန်းဆန်းလာသည်။

ထိုခံစားချက်က တချို့အတွက်တော့ ဘုရားပေးသည့် ကောင်းချီးသဖွယ် ဖြစ်သည်။ အဘယ်ကြောင့်နည်း။ သူတို့၏ ဘဝမှာ အမြဲတမ်း ပြင်းထန်သည့် ရုန်းကန်မှုများနှင့်သာ ပြည့်နှက် နေခဲ့ရကာ ယနေ့လို ငြိမ်းချမ်းသည့် နေ့ရက်မျိုး တစ်ခါမှ မရခဲ့ဖူးသောကြောင့်ပင်။

အိပ်မက်သန့်စင်ရည်၏ အာနိသင်များကို ခံစားပြီးမှသာ သူတို့မှာ စိတ်ငြိမ်သက်မှုကို ရရှိခဲ့ကြသည်။ ထိုယာယီအိပ်မက်များမှာ သူတို့၏ နှလုံးသားနှင့် ဝိညာဉ်တို့ကို နှိပ်နယ်ပေးကာ မကောင်းသော အတွေးအမြင်များကို သန့်စင်ပေးနေသလိုပင်။

...

တစ်ခါက လယ်သမား လူငယ်တစ်ဦးမှာ မီးလျှံများ စီးဆင်းနေသည့် မုန်လာဥနီ စိုက်ခင်း တစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ မီးလျှံမုန်လာဥနီမှာ ချိုမြမြ အရသာ ရှိသည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး၊ မီးဖုတ်၍ ဟားမည် ဆိုပါက လူတစ်ဦး၏ အတွင်းပိုင်း မသန့်ရှင်းမှုများကို သန့်စင်ရာတွင် အလွန်ကောင်းမွန်ပြီး ဗိုက်ပြည့်စေသည်။ ၎င်းမှာ အဆင့်နိမ့် ကြယ်တာရာ အဆင့် ရင်းမြစ် တစ်မျိုး ဖြစ်သည်။

လယ်သမား လူငယ်သည် ပျော်ရွှင်စွာ နေထိုင်ခဲ့ပြီး ချစ်လှစွာသော ဇနီးနှင့် သားတစ်ဦးပါသည့် မိသားစု တစ်ခုကို ပိုင်ဆိုင်ခဲ့သည်။ သူက အခြား အပေါင်းအသင်းများနှင့် အတူ စိုက်ခင်းဧရိယာထဲ၌ နေ့စဉ်နေ့တိုင်း အလုပ်ဆင်းခဲ့သည်။ ဇနီး ဖြစ်သူ၏ မွေးနေ့အတွက် လှပသော လည်ဆွဲတစ်ခု ရရှိရန် ကိုးလ ကြာအောင် ပင်ပင်ပန်းပန်း အလုပ်လုပ်ကာ ပိုက်ဆံများကို ချွေတာခဲ့သည်။

မွေးနေ့ မတိုင်ခင် ညနေခင်းတွင်တော့ သူက အောင်မြင်သူ တစ်ဦး၏ အပြုံးဖြင့် လည်ဆွဲကို ဝယ်ယူရန် မိုင်တစ်ရာတိတိကို ခရီးနှင်ခဲ့သည်။ မိန်းမ၏ ပီတိ အပြုံးတစ်ခုတည်းကို မြင်ရခြင်းမှာ သူရုန်းကန်ခဲ့ရသမျှ အရာ အားလုံး အတွက် ထိုက်တန်လိမ့်မည်။

သို့သော်လည်း ပြန်လည် ရောက်ရှိသောအခါ သူ့ကို ဆီးကြိုနေခဲ့သည်က အပြုံးများနှင့် နွေးထွေးသော အိမ်တစ်အိမ် မဟုတ်ပါချေ။ တဟုန်းဟုန်း လောင်ကျွမ်းနေသော မီးလျှံများနှင့် အဝေးမှ တလူလူတိုက်နေသော မီးခိုးလုံးကြီးများကိုသာ သူ တွေ့ခဲ့ရသည်။ ထို့နောက်... ခြစ်တူးနေသည့် အိမ်နီးချင်းများ၊ မိတ်ဆွေများ၏ အလောင်းများ...။

မျှော်လင့်ချက်က လယ်သမား လူငယ်၏ စိတ်ထဲတွင် လောင်မြိုက်နေသည်။ သူတို့ အဆင်ပြေကြလိမ့်မည်။ သူတို့ တစ်နေရာရာမှာ ပုန်းနေကြလိမ့်မည်။

အပျက်အစီးများနှင့် အလောင်းများကြားတွင် အဆုံးမရှိ ရှာဖွေပြီး နောက်ဆုံး၌ အနီးအနားရှိ မြစ်ကမ်း နံဘေးတွင် ပွေ့ဖက်လျက်၊ မီးလျှံများ ဝန်းရံနေသည့် အလောင်းနှစ်လောင်းကို သူ တွေ့ရှိခဲ့ရသည်။ ထိုမြင်ကွင်းမှာ သူ၏ မှတ်ဉာဏ်များထဲတွင် ထာဝရစွဲထင် ကျန်ရစ်ခဲ့နေသည်။

***

All Chapters