ရွှေဖုန်းပေါင်
Vol. 103 Ch. 1431
မီးလောင်ထားသော ခြစ်တူးတူး အသားနံ့...
မြစ်ဘက်သို့ ဦးတည်နေသော ခြေရာများ...
မီးလျှံများ၏ တဟုန်းဟုန်း တောက်လောင်နေသော အလင်းရောင်...
လယ်သမား လူငယ်၏ မျက်လုံးများက တဖျပ်ဖျပ်လက်နေကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့မိ၏။ သူ ထိုမြင်ကွင်းကို ဝိညာဉ်ထဲတွင် ထာဝရထွင်းထုထားခဲ့သည်။ သွေးမျက်ရည်များ စီးကျနေရင်း လက်စားချေမည်ဟု ကျိန်ဆိုခဲ့သည်။
သို့သော် သူ မအောင်မြင်ခဲ့ပေ။
သူက အလွန်အားနည်းခဲ့သည်။ သူ့ထံတွင် ပါရမီ မရှိချေ။ ထို့အပြင်... ကျင့်ကြံခြင်း လမ်းစဉ်ကို တစိုက်မတ်မတ် လျှောက်လှမ်းရန် သူက အိုမင်းလွန်းနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူက အလွန်ဆင်းရဲသည်။
လက်စားချေခြင်းအား ဖြစ်ပေါ် မလာစေရန် အကြောင်းပြချက်များစွာက သူ့ကို တားဆီးခဲ့သည်။ ကျင့်ကြံသည့် အခါတိုင်း သူ၏ နှလုံးသားနှင့် စိတ်ဝိညာဉ်တို့ကို ဇနီးနှင့် သားကလေးတို့၏ ပုံရိပ်များဖြင့် ဝိုင်းရံထားခဲ့သည်။ သူတို့က ဖခင်တစ်ဦး၊ ဇနီးခင်ပွန်း တစ်ဦး အနေဖြင့် သူတို့ကို ကာကွယ်ရန် ပျက်ကွက်ခဲ့ကြောင်း သူ့ကို အကြိမ်ကြိမ် အခါခါ အပြစ်ဆိုခဲ့ကြသည်။
နောက်ဆုံးတွင်တော့ လယ်သမားမှာ ဓားပြများကို အသက်ချင်းလဲကာ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့သည်။ သူ့ထံတွင် အားနည်းချက်များစွာ ရှိသော်လည်း အနည်းဆုံး တစ်ယောက်လောက်ကို ဖယ်ရှားရန် အတွက် မိမိကိုယ်ကို ဖောက်ခွဲ ပစ်ရန်ပင် အသင့်ရှိခဲ့သည်။
သို့သော်လည်း ပထမအချီ၌ပင် သူ အရေးနိမ့်ခဲ့သည်။ လက်စားချေရန် ရူးသွပ်စွာ မြည်တမ်းမှုများကို ကြားပြီးနောက် သူတို့က သူ့ကို မသတ်ခဲ့ကြချေ။ ထို့အစား သူ၏ ကျင့်ကြံခြင်းကို ဖျက်ဆီးကာ လက်များနှင့် ခြေထောက်များကို ချိုးဖဲ့ရင်း နောက်တစ်ကြိမ် လာရောက် လက်စားချေမည့် အချိန်ကို စောင့်နေမည် ဖြစ်ကြောင်း လှောင်ပြောင်သံများ၊ ရယ်မောသံများဖြင့် ထားရစ်ခဲ့ကြသည်။
သူ မြစ်ကမ်းနံဘေးတွင် လှဲလျောင်းရင်း ကိုယ့်ကိုယ်ကို အဆုံးသတ်ဖို့ အဆင်သင့် ဖြစ်နေစဉ်မှာပင် အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ သတင်းမှာ ကမ္ဘာအဝှမ်း ပဲ့တင်ထပ်လာခဲ့သည်။ 'ကောင်းချီး' ဟူသော ဝေါဟာရက အဆုံးမရှိ ပျံ့နှံ့လာခဲ့သည်။ ထိုနေရာသို့ မသွားရန် အကြောင်းပြချက် မရှိဟု သူ တွေးခဲ့သည်။
သို့သော်လည်း... အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ၏ ကံကြမ္မာများ ဤမျှလောက် အံ့ဩစရာကောင်းလိမ့်မည်ဟုတော့ လယ်သမား လူငယ် လုံးဝ မျှော်လင့် မထားခဲ့ချေ။ ညီလာခံ စတင်ပြီး မကြာခင်မှာပင် ပထမဆုံးသော ကောင်းချီးမှာ သူ့ထံသို့ ညင်သာစွာ ဝင်ရောက်လာကာ ပျက်စီးနေသော ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ပေးခဲ့သည်။ ငြိမ်းသတ် ခံခဲ့ရသည့် ကျင့်ကြံခြင်း အခြေခံကို ပြန်လည်၍ လောင်ကျွမ်းစေခဲ့ကာ အားအင်အသစ်များကို ပေးစွမ်းခဲ့သည်။ ထို့နောက် သူ၏ ဘဝတစ်လျှောက်လုံး စိတ်ကူးပင် မယဉ်ခဲ့ဖူးသည့် အရင်းအမြစ်များကို ရရှိခဲ့သည်။
အာကာသနှင့် အချိန် လမ်းစဉ် အပေါ် ဉာဏ်အလင်းများနှင့် အိပ်မက်သန့်စင်ရည် အားလုံးမှာ သူ့အတွက် ကောင်းကင်ဘုံမှ ပေးအပ် ချီးမြှင့်သည့် ဆုလာဘ်များဖြစ်ကာ မဖြစ်နိုင်ဟု တွေးထင်ထားခဲ့သည့် အရာများထက်ပင် အများကြီး သာလွန်နေခဲ့သည်။
သူက ထိုကံကောင်းခြင်းနှင့် ထိုက်တန်ပါ၏လော။ ဤအရာက မှန်ကန်ပါ၏လော။
မည်သို့ပင် ဆိုစေ... သူ့အတွက် အခွင့်အရေး တစ်ခုက ပြန်လည်၍ မွေးဖွားလာခဲ့ပြီ ဖြစ်သည်။ သူ့ဘဝ၏ အကြီးမားဆုံးသော ဆန္ဒကို ဖြည့်ဆည်းရန် အခွင့်အရေးပင်။
...
"မင်း နာမည် ဘယ်လိုခေါ်လဲ..."
ရုတ်တရက် ယောက်ျား တစ်ယောက်၏ အသံက သူ့စိတ်အတွင်း ပဲ့တင်ထပ်ကာ ဝင်ရောက်လာ၏။ လယ်သမားမှာ လန့်ဖျန့် သွားခဲ့သည်။ သူ၏ အဝတ်အစားများက ရှုပ်ပွနေကာ ဆံပင်မှာလည်း ညစ်ပတ် ပေရေနေသည်။ ဝါကျင်နေသည့် သွားများနှင့် ရှည်လျား၍ မညီညာ ဖြစ်နေသည့် လက်သည်းများမှာ သူ တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းနေကြောင်း ဖော်ပြနေသည်။
"ဟမ်..."
လယ်သမားက အံ့အားသင့်စွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်၏။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ လူများမှာ ထိုအသံကို တစ်ယောက်မှ ကြားကြဟန် မရချေ။ ကြည့်ရသည်က သူ တစ်ယောက်တည်းသာ အသံကို ကြားနေရဟန် ရသည်။
"မင်းနာမည် ဘယ်သူလဲ..."
အသံက နောက်တစ်ဖန် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာပြန်၏။ လယ်သမား၏ ခန္ဓာကိုယ်က ကြောက်ရွံ့စွာဖြင့် စတင် တုန်ရီလာခဲ့သည်။ သို့သော်လည်း... ခဏ အကြာတွင် ထိုအရာမှ ဤထူးဆန်းသော ဝိညာဉ်ကမ္ဘာ၏ လုပ်ဆောင်ချက်ပင် ဖြစ်ကြောင်း သူ ကောက်ချက် ချလိုက်နိုင်သည်။ ဧကရီကလည်း ထိုကဲ့သို့ ရှင်းပြခဲ့ပေသည်။
"ခင်ဗျား ဘယ်သူလဲ..."
သူ အရဲစွန့်ကာ မေးလိုက်၏။
"ဟား ဟား... မင်းမှာ နာမည်မရှိဘူးလား..."
အသံပိုင်ရှင်က သူ့ မေးခွန်းကို ပြန်မဖြေပဲ ခုနက မေးခွန်းကိုသာ ဆက်မေးလိုက်သည်။
"ကျွန်တော့် နာမည် ရွှေဖုန်းပေါင်ပါ...”
"အိုး... တကယ်ကို အံ့ဩစရာကောင်းတဲ့ နာမည်ပဲ... စိတ်ဝင်စား စရာ ကောင်းတယ်... မင်းကို မုန်တိုင်းတိုက်နေတုန်း မွေးတာလို့ ပြောရင် ငါ အံ့ဩမိမှာ မဟုတ်ဘူး"
"ဟုတ်ပါတယ်... အမှန်ပါပဲ..."
ရွှေဖုန်းပေါင်က ရှက်ရွံ့စွာဖြင့် ရှင်းပြလိုက်သည်။
"ကျွန်တော့်မိဘတွေက နာမည်ပေးတဲ့ နေရာမှာ စိတ်ရှုပ်ခံချင်ပုံ မရဘူး... သူတို့က ရိုးရှင်းတဲ့သူတွေပါ..."
"..."
"လူက နာမည်ကို ဖန်တီးတယ်... နာမည်က လူကို မဖန်တီးဘူး..."
အသံပိုင်ရှင်က မှတ်ချက်ချလိုက်၏။
"ခင်ဗျား ဘာကို လိုချင်လို့လဲ..."
ရွှေဖုန်းပေါင်က ပတ်ဝန်းကျင်ကို ကြည့်ရင်း ဧဒင်ကမ္ဘာ ထဲမှ အသံ၏ မူလရင်းမြစ်ကို ရှာဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း သူ ဘာကိုမှ ရှာမတွေ့ခဲ့ချေ။ ကြည့်ရသည်က အသံပိုင်ရှင်မှာ ထိပ်သီး ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်သည်။
"မင်းကို ငါစိတ်ဝင်စားတယ်..."
“ဟမ်...”
လယ်သမားမှာ အံ့အားသင့် သွားခဲ့၏။ သူက တစ်စုံတစ်ယောက်၏ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်လိုက်သည်လား။ သို့သော်လည်း သူက အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည့် အဆင့်နိမ့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူ့ကို မည်သူက စိတ်ဝင်စားနိုင်မည်နည်း။
"အကြီးအကဲ... ခင်ဗျား လူမှားနေပြီ ထင်တယ်..."
"မမှားဘူး"
အသံက ယုံကြည်မှုရှိစွာ ပြောလိုက်၏။ "
“မင်းလိုလူ အများကြီး မရှိဘူး... ငါ အခြား တစ်ယောက်ပဲ တွေ့ဖူးတယ်"
"ဘာ... ဘာကိုဆိုလိုတာလဲ... အကြီးအကဲ"
ရွှေဖုန်းပေါင် နားမလည်နိုင်စွာ မေးလိုက်၏။ ငယ်ငယ်တုန်းကတော့ သူက တစ်နည်းတစ်ဖုံ ထူးခြားသည့် လူတစ်ယောက် ဖြစ်ကြောင်း၊ အနာဂတ်တွင် ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ယောက် ဖြစ်နိုင်ကြောင်း ရွှေဖုန်းပေါင် ယုံကြည်ခဲ့ဖူးသည်။ သို့သော်လည်း ဘဝ၏ ကျရှုံးမှု များစွာကို ရင်ဆိုင် ကြုံတွေ့ခဲ့ရပြီးချိန်တွင်တော့ သူ၏ အတွေးအမြင်များက ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
"တစ်ချိန်က မိစ္ဆာ အဖွဲ့အစည်း တစ်ခုဟာ လူငယ်လေး တစ်ယောက်ကို ဖမ်းဆီးပြီး သူရဲ့ ယန်စွမ်းအင်တွေကို ထုတ်ယူဖို့ စီစဉ်ခဲ့ဖူးတယ်... ကံကောင်းစွာနဲ့ပဲ ငါ သူ့ကို ကယ်ခဲ့တယ်... သူက ဘယ်လို လျှို့ဝှက်လမ်းညွှန်မှု၊ ကောင်းချီးမင်္ဂလာမျိုးကိုမှ မရဘဲ သူ ကိုယ်တိုင် သတိမထားလိုက်မိခင် ထူးခြားတဲ့ အဆင့် တစ်ခုကို ရောက်ရှိခဲ့တယ်"
အသံက စိတ်ခံစားချက် အငွေ့အသက်တို့ဖြင့် ဆိုလိုက်၏။
"အခု မင်းလည်း တူတူပဲ... မင်းကိုယ်မင်း သတိမထားမိသေးပေမယ့် မင်းက တကယ်ကို ထူးခြားတယ်"
"ထူးခြားတယ်..."
ရွှေဖုန်းပေါင် တစ်ယောက် မည်ကဲ့သို့ တုံ့ပြန်ရမည်မှန်း မသိခဲ့ချေ။
"တော်လောက်ပြီ... အာဏာရှင် အင်ပါယာ အကြောင်း မင်း ကြားဖူးလား..."
အသံက မေးလိုက်၏။ ရွှေဖုန်းပေါင်၏ မျက်လုံးများက တောက်ပလာသည်။ အာဏာရှင် အင်ပါယာ အကြောင်း သူ မည်ကဲ့သို့ မကြားဖူးပဲ နေပါမည်နည်း။ ရွှေဖုန်းပေါင် စကားဖြင့် မဖြေပဲ ခေါင်းငြိမ့်လိုက်၏။
"ကောင်းပြီလေ... အာဏာရှင် အဖွဲ့ ကို ဝင်း ဝင်ချင်လား..."
အသံက ကမ်းလှမ်းလိုက်၏။
အာဏာရှင် အဖွဲ့ကို ဝင်ရမည်လား။
"ကျွန်... ကျွန်တော်...ဝင်လို့ရလား..."
ရွှေဖုန်းပေါင်မှာ သူ့နားကို မယုံကြည်နိုင်ခဲ့ချေ။ အဘယ်ကြောင့် ထိုအံ့မခန်း အဖွဲ့အစည်းက သူ့ကို လာရှာရသနည်း။
"မင်း ဝင်ချင်ရင်ပေါ့..."
"ဝင်ချင်တယ်... ကျွန်တော် ဝင်ချင်ပါတယ်”
ရွှေဖုန်းပေါင်မှာ သာမန် လယ်သမား တစ်ယောက် ဖြစ်သော်လည်း အာရုဏ်ဦး ကြယ်တာရာနယ်မြေသို့ လာရာလမ်းတွင် အာဏာရှင် အဖွဲ့ အကြောင်း အများကြီး ကြားသိခဲ့ရသည်။ သူတို့က အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ဝေ့ဝူယင်ကိုယ်တိုင် ပြုစု ပျိုးထောင်ပေးနေသည့် အင်အားစု တစ်ခု ဖြစ်သည်။
"ဟားဟား... ကောင်းပြီလေ... ဒါဆို ကုန်စည်ပြပွဲပြီးရင် မင်းကို လာခေါ်မယ်"
အသံက ပြောလိုက်ပြီးနောက်... ဤနေရာမှ ထွက်ခွာသွားသလို တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားခဲ့၏။
"..."
ရွှေဖုန်းပေါင် တစ်ယောက်ကတော့ မည်သည့် အရာများ ဖြစ်သွားကြောင်း လုံးဝ နားမလည်နိုင်ခဲ့တော့ချေ။ ထိုအရာက ယာယီ အိပ်မက် တစ်ခုလား၊ သို့မဟုတ်... တကယ်လား...။ သူ မသိနိုင်ခဲ့ပါချေ။
...
ဝေ့ဝူယင် နေထိုင်ရာ လျှို့ဝှက် နယ်မြေ အတွသ်းတွင်တော့ ရွှေဖုန်းပေါင်၏ ပိန်လှီ ဖျော့တော့သော ပုံရိပ်ကို ပြသ နေခဲ့၏။
"သူ့က ဘာများ ထူးခြားနေလို့လဲ"
ချောင်စွေ့ဖုန်းက ဘေးမှ မေးလိုက်သည်။ သူမ၏ အမြင်တွင် ရွှေဖုန်းပေါင်မှာ သာမန် အဆင့်တွင်ပင် မရှိချေ။ သူက အသက်တစ်ရာနီးပါး ရှိနေပြီ ဖြစ်ပြီး ယန်ဖွံ့ဖြိုးခြင်း အဆင့်တွင်သာ ရှိနေသေးသည်။ မှားသေ အမှန်အဆင့်ကိုပင် မတက်လှမ်းနိုင်သေးခြင်းအား ထောက်ချင့်ရပါက ပါရမီ မြင့်မားသူ တစ်ယောက် မဟုတ်သည်မှာ ထင်ရှားသည်။
ဝေ့ဝူယင်က ပြုံးလိုက်၏။
"သူက မီး ဥပဒေသမျိုးစေ့ကို မွေးဖွားထားနိုင်ခဲ့တယ်..."
"ဟမ်..."
အဆုံးမဲ့ ခရီးသွား နယ်မြေတွင် ကျင်လည်ခဲ့သည့် အတွေ့အကြုံများ အရ ချောင်စွေ့ဖုန်းမှာ ဥပဒေသများ အကြောင်း အတန်အသင့် ဗဟုသုတ ရှိထားသူ တစ်ယောက် ဖြစ်သည်။ သို့သော်လည်း... ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ဥပဒေသမျိုးစေ့ကို မည်ကဲ့သို့ မွေးဖွားနိုင်မည်နည်း။ သူမ မြင်ရသလောက် သူ့ထံတွင် အခြေခံဒြပ်စင်များမှ အပ မည်သည့် ရည်ရွယ်ချက် ရောင်ဝါမျှ မရှိခဲ့ချေ။
"ကောင်းကင်ဘုံဆီကနေ ကောင်းချီး မင်္ဂလာကို ရမထားပေမဲ့ မီးဥပဒေသက သူ့ကို ရွေးချယ်ထားတယ်... ဘာကြောင့်လဲတော့ မသိဘူး... ဘာပဲဖြစ်ဖြစ်... ကောင်းတာတစ်ခုတော့ ငါ ရလိုက်ပြီ"
ဝေ့ဝူယင်က ဆိုလိုက်၏။ ဧဒင်ကမ္ဘာ အတွင်းရှိ ထရီလျံပေါင်း များစွာသော ကျင့်ကြံသူ များထဲတွင် ထူးခြားသော ကျင့်ကြံသူ များစွာရှိခဲ့သော်လည်း၊ ကောင်းချီးခံ မဟုတ်သည့် တစ်ဦးတည်းသောသူမှာ ရွှေဖုန်းပေါင်ပင် ဖြစ်သည်။
ထိုဖြစ်ရပ်က ဝေ့ဝူယင်ကို အလွန်စိတ်ဝင်စားစေခဲ့၏။ သို့သော်လည်း အလားတူ ဖြစ်ရပ်မျိုး သူ ကြုံတွေ့ရသည်မှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။
ထူးခြားသည့် တိုက်ဆိုင်မှု တစ်ခုက သူ ရှာဖွေတွေ့ရှိခဲ့သည့် နှစ်ယောက်စလုံးမှာ စောစီးစွာပင် သေဆုံးလုနီးပါး ဖြစ်နေကြခြင်း ဖြစ်သည်။ သူတို့မှာ ဘဝ၏ အစစ်အမှန် ပါရမီကိုပင် ရှာဖွေ တွေ့ရှိခြင်း မရှိခဲ့ကြချေ။
ထိုထူးခြားချက်က မည်သို့ပင်ဖြစ်စေ အရေးကြီးသည်ဟု ဝေ့ဝူယင် ခံစားခဲ့ရသည်။ မသိစိတ်၏ စေ့ဆော်မှုဖြင့် ဝေ့ဝူယင် အပြစ်သား တက်တူးကိုပင် ငုံ့ကြည့်လိုက်မိလေ၏။
...
သုံးပတ်ကြာမြင့်ပြီးနောက်...
ထျန်းရှောင်ချွမ်းမှာ စင်မြင့်ထက်တွင် နောက်တစ်ကြိမ် ပြန်လည် နေရာယူလာခဲ့သည်။ သူမက ကောင်းကင်ဓာတ်တော်ကို ပါဝင်ပစ္စည်း တစ်ခု အဖြစ် အသုံးပြုထားသည့် မကြာခင် ပေါ်ထွက်လာတော့မည့် ထုတ်ကုန်အကြောင်း ပရိသတ်ကို ပြန်လည်သတိပေးကာ စိတ်လှုပ်ရှားမှုများကို တစ်ဖန်ပြန်လည် နှိုးဆွလိုက်သည်။
"ကျွန်မ အခု တင်ပြသွားမှာကတော့ ‘အထွတ်အထိပ်’ အဆင့်လို့ သတ်မှတ်နိုင်ပေမဲ့ ဖန်တီးရှင် ကိုယ်တိုင်ကတော့ ခြားနားတဲ့ အဆင့်တစ်ခုလို့ ခေါ်ဆိုထားတဲ့ အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်ပါပဲ”
***