အဆင့်လွန် ထုတ်ကုန်
Vol. 103 Ch. 1433
အခြားတစ်ဖက်တွင်တော့...
စန်းယွန်းလီ၏ အနီရောင် မျက်လုံးများမှာ အေးစက်နေကာ မထိန်းချုပ်နိုင်သော ဒေါသများနှင့် ပြည့်နှက် နေခဲ့သည်။ ထာဝရ နတ်ဘုရားမှာ သူမ၏ ကောင်းကင် ဓာတ်တော်ကို ရုပ်တည်နှင့် အပိုင်သိမ်း သွားခဲ့ခြင်း ဖြစ်သည်။ ထိုအတွက် အာမခံပေးခဲ့သည့် မွေးစားဖခင် အပေါ်တွင်လည်း သူမထံတွင် မကျေနပ်မှုများစွာ ရှိနေခဲ့သည်။
ထိုထက် ပို၍ စိတ်ပျက်စရာကောင်းသည်က လျော်ကြေးပင် မရရှိခဲ့ခြင်း ဖြစ်သည်။ ကောင်းကင်ဓာတ်တော် တစ်ခု၏ တန်ဖိုးမှာ ကြယ်တာရာ နယ်မြေ တစ်ခုနှင့် ညီမျှကြောင်း လူတိုင်း သိကြပေသည်။
ထိပ်တန်း အကဲဖြတ်သူများထဲမှ တစ်ဦး ဖြစ်သည့် အင်ပါယာ အကြံပေးက ဆိုလျှင် ၎င်းမှာ လျှို့ဝှက်မြေကြီး အမတေ ကျောက်တုံး ၅၃၀,၀၀၀ တန်ဖိုးရှိသည်ဟုပင် ခန့်မှန်းခဲ့သည်။
အဆိုပါ ကောင်းကင်ဓာတ်တော်ကို ရရှိရန် အတွက် သူမမှာ အသက်ကိုပင် လောင်းကြေးထပ်ကာ စွန့်စားခဲ့ရခြင်း ဖြစ်သည်။ သို့ဖြစ်လေရာ သူမ မည်ကဲ့သို့ ဒေါသ မထွက်ပဲ နေနိုင်ပါမည်နည်း။
ဒုတိယ အကြိမ်မြောက် အခွင့်အရေး ရခဲ့သည့် နေ့ကတည်းက စလို့ စန်းယွန်းလီမှာ အခြားလူများ၏ ကံကောင်းခြင်းများ၊ ကံကြမ္မာများကိုသာ ခိုးယူခြင်း၊ သိမ်းဆည်းခြင်းများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း... ထာဝရ နတ်ဘုရားမှာ သူမထံမှ ပြန်လည်၍ ကွက်ကျော်ရိုက် သွားခဲ့ခြင်း ဖြစ်သည်။ ထိုအဘိုးကြီးအား မကြည့်မိရန် သူမ မနည်းထိန်းထားခဲ့ရ၏။ မဟုတ်ပါက သတ်ဖြတ်လိုသည့် အငွေ့အသက်များကို သူမ ထိန်းချုပ် နိုင်လိမ့်မည် မဟုတ်ပါချေ။
"..."
စန်းလော့ယန် မွေးစားသမီးဖြစ်သူကို ကြည့်ကာ ညင်သာစွာ သက်ပြင်းချလိုက်၏။ အကယ်၍ စန်းယွန်းလီသာ အမှန်တရားကို သိရှိခဲ့ပါက...။
အခြားတစ်ဖက်၌ ထာဝရ နတ်ဘုရားမှာ မတုန်မလှုပ်ပင် ရှိနေသေးဆဲ ဖြစ်သည်။ ရည်ရွယ်ချက် ပေါင်းစုံဖြင့် ရောက်ရှိလာသည့် မှတ်ချက်များ အပေါ် သူ အနည်းငယ်ပင် တုန့်ပြန်ခြင်း မပြုချေ။ သူ့အတွက်တော့ ထိုအရာ အားလုံးမှာ ဝေ့ဝူယင်၏ လှည့်ကွက်တွေသာ ဖြစ်သည်။ ဝေ့ဝူယင်မှာ ထာဝရ အစည်းအရုံး၏ ဂုဏ်သတင်းကို ပိုမို ထိခိုက်အောင်၊ သို့မဟုတ်လည်း သူ့ဆီမှ တုံ့ပြန်မှု တစ်ခုခု ရအောင် လျှို့ဝှက် ဆော့ကစားနေခြင်း ဖြစ်သည်။ သို့သော်လည်း သူကတော့ ဘယ်လိုနည်းနှင့်မှ လိုက်ပါကစားပေးမည် မဟုတ်ပါချေ။
ထို့အပြင်... ဒုတိယမြောက် သုံးပတ်ကြာ အနားယူချိန်တွင်လည်း ထာဝရ အစည်းအရုံး ဘဏ္ဍာတိုက်မှ ရင်းမြစ် အချို့နှင့် အတူ နောက်ထပ် စာတစ်စောင်ကို သူ လက်ခံ ရရှိခဲ့သည်။ ထိုစာထဲတွင် ရေးထားသည်ကား...
‘အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ အတွက် အကြီးမားဆုံး အလှူရှင် ခင်ဗျာ...
သင်၏ ရက်ရောသည့် အကူအညီမပါဘဲ သည်အရာအားလုံး ဖြစ်လာနိုင်လိမ့်မည် မဟုတ်ပါ။ ထိုအတွက် အထူးအထူး ကျေးဇူးတင်ရှိပါသည်။
ပုံ - အာဏာရှင် အင်ပါယာ ဝေ့’
ထာဝရ နတ်ဘုရားမှာ စိတ်ခံစားမှု အားလုံး ပေါက်ကွဲထွက် မသွားအောင် မနည်းတင်းကာ ထိန်းချုပ် ထားရသည်။ ဤစကားများ၏ နောက်ကွယ်ရှိ အဓိပ္ပာယ်မှာ သူ၏ ဝိညာဉ်ကိုပင် နာကျင်စေနိုင်လောက်အောင် ထက်ရှလှပေသည်။
ကံဆိုးစွာပင်... ကမ္ဘာပေါ်ရှိ ကျန်လူများမှာ သူခံစားနေရသော နာကျင်မှုများကို မသိကြပါချေ။
"ဒီဆေးအနှစ်က ဘယ်အဆင့်မှာ ရှိနေလဲ ဆိုတာ ရှင်တို့ သိချင် နေလောက်ပြီ ထင်တယ်"
ထိုအခိုက်တွင်ပင် ထျန်းရှောင်ချွမ်းက နောက်တစ်ကြိမ် စကားစလိုက်ကာ အားလုံး၏ အာရုံ စူးစိုက်မှုများကို ပြန်လည်၍ သိမ်းပိုက်လိုက်သည်။
အဆင့်...
အားလုံး၏ မျက်ဝန်းများမှာ တဖျပ်ဖျပ် လင်းလက် လာကြ၏။ မှန်သည်။ အဆင့်... သူတို့မှာ ဆေးအနှစ် ဆိုသည့် ဝေါဟာရ အတွင်း နစ်မြုပ် နေခဲ့ကြကာ ဆေးလုံးက မည်သည့် အဆင့် ဖြစ်သည်ကို မေးမြန်းရန် မေ့လျော့ နေခဲ့ကြသည်။ ၎င်းက မည်သည့် အဆင့်တွင် ရှိနေသနည်း။
"ဒီထုတ်ကုန်ရဲ့ အဆင့်က တရားဝင် မဟုတ်ဘူးလို့တောင် ပြောလို့ ရပါတယ်... ကောင်းကင်ဓာတ်တော်ရဲ့ အမတေ စွမ်းအင်ကို အံ့သြဖွယ် နည်းလမ်း တစ်ခုနဲ့ ပေါင်းစပ်ထားတဲ့ အတွက် အရမ်းကို ထူးခြားပါတယ်...”
"အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်ကို စျေးကွက်ရဲ့ ပထမဆုံး အဆင့်လွန် ထုတ်ကုန်လို့ ရည်ညွှန်းရင် လွန်မယ် မထင်ပါဘူး”
“အဆင့်လွန် ထုတ်ကုန်...”
ကျင့်ကြံသူပေါင်း မြောက်များစွာမှာ ထိုအသုံးအနှုန်းကြောင့် အံ့အားသင့် သွားကြ၏။ ထိုအရာက မည်သည်ကို ဆိုလိုသနည်း။
"ဆေးအနှစ်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ရရင် ရှင်းပြဖို့ ခက်ပါတယ်... ဒါကြောင့် ကျွန်မကို ခွင့်ပြုပါဦး"
ထျန်းရှောင်ချွမ်းက လှပစွာ ပြုံးလိုက်၏။ ထိုအခိုက်၌ သူမမှာ တစ်လောကလုံး၏ အာရုံ စူးစိုက်မှု အလယ်ဗဟိုတွင် တည်ရှိနေသလို ခံစားရသည်။ သူမထံမှ စကားလုံး တစ်ခု ထွက်လာတိုင်း လူတိုင်းမှာ အုတ်အုတ်ကြွပ်ကြွပ် တုန့်ပြန်သွားကြသည်ချည်း ဖြစ်သည်။
ဝေ့ဝူယင် စတင် ကမ်းလှမ်းခဲ့စဉ် အခါက အစီအစဉ် တင်ဆက်သူ အလုပ်ကို နိမ့်ကျသည်ဟု ဆိုကာ သူမ မုန်းတီးခဲ့သော်လည်း ယခုတွင်တော့ ဤထူးခြားသော အတွေ့အကြုံကို နှစ်ခြိုက်နေခဲ့ပြီ ဖြစ်သည်။ ဧကရီ တစ်ယောက် အနေဖြင့်ပင်... ဘယ်တုန်းကများ ထရီလျံ ထောင်နှင့် သောင်းနှင့် ချီသည့် လူများမှာ သူမထံမှ စကားကို မျှော်လင့်တကြီး စောင့်စား နားထောင်ခဲ့ဖူးလို့နည်း။
ဘုန်း...
ထျန်းရှောင်ချွမ်း ကျောက်စိမ်းသေတ္တာ အဖုံးကို မြှောက်လိုက်သည်နှင့် အလွန်ပြင်းထန်သော အော်ရာတစ်ခု ပေါက်ကွဲ ထွက်လာခဲ့ကာ ကမ္ဘာတစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့သည်။ ၎င်းသည် ဆဋ္ဌမမြောက် ကောင်းချီး မဟုတ်သော်လည်း... လူပေါင်း များစွာမှာ ချက်ချင်းပင် ပြင်းထန်သော လွှမ်းမိုးနိုင်စွမ်းကို ခံစားလိုက်ကြရသည်။
ခပ်သေးသေး ပန်းကန်လုံး တစ်ခုထဲတွင်တော့ ပန်းရောင် ဖျော့ဖျော့နှင့် ရွှေရောင်ပေါင်းစပ်ထားသော ထူထဲ နူးညံ့သည့် အနှစ်တစ်မျိုး ရှိနေခဲ့သည်။ ပန်းရောင်ဖျော့ဖျော့မှာ အနှစ်၏ ကိုယ်ပိုင် အရောင် ဖြစ်ကာ ရွှေရောင်ကတော့ အနှစ်အတွင်း ဟိုသည် ရွေ့လျားနေသည့် အရာဝတ္ထုများမှ လာခြင်းဖြစ်သည်။
ဧဒင်ကမ္ဘာ၏ တစ်နေရတွင်တော့ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို၏ မျက်လုံးသူငယ်အိမ်များမှာ ပြင်းထန်စွာ ကျဉ်းမြောင်းသွားခဲ့သည်။
"လျှို့ဝှက် သင်္ကေတ အစအနတွေ..."
သူမ နှုတ်ဖျားမှ ခပ်တိုးတိုး တိုးတိုးလေး ရေရွတ်လိုက်၏။ သို့သော်လည်း ထိုစကားသံမှာ အဆိုပါ အခိုက်အတန့်တွင် သူမ ခံစားနေခဲ့ရသည့် စိတ်ခံစားမှုအားလုံးကို သိမ်းပိုက်လျှက် ဧဒင်ကမ္ဘာ တစ်ခုလုံးထံ အလွန် ကျယ်လောင်စွာ ပျံ့နှံ့သွားခဲ့သည်။ ကျင့်ကြံသူမြောက်မြားစွာတို့၏ နှလုံးသားများမှာ တုန်လှုပ်သွားခဲ့ကြ၏။
အဘယ်ကြောင့်နည်း။ သူတို့ မြင်နိုင်သောကြောင့်ပင်။
လျှို့ဝှက် သင်္ကေတများ...
မှန်ပေသည်။ ယနေ့တွင် ထရီလျံ ထောင်နှင့် သောင်းနှင့်ချီသော သေမျိုးများမှာ သူတို့ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် လျှို့ဝှက် သင်္ကေတ အပိုင်းအစများကို မြင်တွေ့ခဲ့ရလေသည်။
"ဒါတွေက ဘာတွေလဲ..."
ချက်ချင်းပင်... ဧဒင်ကမ္ဘာတစ်လျှောက် ပြင်းထန်သည့် ဆွေးနွေးမှု လှိုင်းလုံးများ ဖြစ်ပေါ် လာခဲ့၏။ အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်မှာ အလွန်ပင် ထူးဆန်းကာ ခွဲခြား၍ မရနိုင်သော သင်္ကေတ များစွာ ပါဝင်နေပေသည်။ ထို့အပြင် ၎င်းမှာ သူတို့၏ နှလုံးခုန်နှုန်းကိုပင် ဖိနှိပ်နိုင်သည့် အော်ရာ တစ်ခုကို ထုတ်လွှတ်နေသည်။
သေမျိုး အလွှာထဲ၌ အဆိုပါ ရွှေရောင် သင်္ကေတလေးများမှာ မည်သည် အရာများ ဖြစ်ကြောင်း နားလည်နိုင်သည့် တစ်ခုတည်းသော ချွင်းချက်က ကြယ်တာရာ သခင်များပင် ဖြစ်သည်။ သူတို့မှာ ထျန်းတျန်ထဲတွင် လျှို့ဝှက် သင်္ကေတ မျိုးစေ့များကို စတင် သန့်စင်ကာ၊ ထိုသင်္ကေတများကို လေ့လာရင်း အဆင့်တက်ဖို့ ကြိုးစား နေကြသူများ ဖြစ်သည်။ သို့သော်လည်း... ပြင်ပကမ္ဘာတွင် လျှို့ဝှက် သင်္ကေတများကို ထိုမျှ ရှင်းရှင်းလင်းလင်း မြင်တွေ့နေရခြင်းက သူတို့ကို အံ့အားသင့်စေခဲ့သည်။
သူတို့၏ ထျန်းတျန်များထဲတွင် ဆိုလျှင် လျှို့ဝှက် မျိုးစေ့များမှာ မှေးမှိန်ကာ မြင်ရခဲသော်လည်း ဤသင်္ကေတများကတော့ အာရုဏ်ဦး ဖီဆန် နေကြယ်၏ အလင်းရောင်ကဲ့သို့ ကြည်လင် ထင်ရှားလွန်းလှသည်။
သို့သော်... လျှို့ဝှက် အာဏာရှင် အဆင့်များကတော့ ခြားနားစွာ တုံ့ပြန်ခဲ့ကြ၏။
"ဒါတွေက လျှို့ဝှက် သင်္ကေတတွေလား"
လျှို့ဝှက်ဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦးက သူ မြင်တွေ့နေရသည့် အရာကို အတည်ပြုရန် အတွက် ဆရာ ဖြစ်သူ သေမျိုးတစ်ပိုင်း အရှင် အဆင့်ထံ မေးလိုက်သည်။
"သေမျိုးအဆင့်ရဲ့ သာလွန်ခြင်း အရည်အသွေး ရှိတဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေမှာ ဆိုရင် လျှို့ဝှက် သင်္ကေတတွေ ပါဝင်တယ်လို့ ပြောကြတယ်"
သေမျိုးတစ်ပိုင်း အရှင်က အတိမကျ လေသံဖြင့် ပြန်လည် တုန့်ပြန်လိုက်၏။ မည်သည့် အဂ္ဂိရတ် ထုတ်ကုန်တွင် မဆို သာလွန်ခြင်း အဆင့် အရည်အသွေးကို ရရှိရန်မှာ ခက်ခဲလှသည်။ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်များ အတွက် ဆိုလျှင် အဂ္ဂိရတ်ရှန့်ထိုများသာလျှင် ထိုအဆင့် အရည်အသွေး ရရှိအောင် စွမ်းဆောင်နိုင်သည်ဟု ဆိုသည်။
ကောလာဟလများ အရ ဆိုလျှင် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်း တစ်လျှောက်လုံးတွင် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုနှင့် ထာဝရ ဧကရာဇ်တို့ နှစ်ယောက်သာ အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ခု၏ သာလွန်ခြင်း အဆင့် အရည်အသွေးကို အောင်မြင်ခဲ့သည်ဟု ဆိုသည်။
အဆင့်ကိုး၏ အောက်အဆင့်များကတော့ ချွင်းချက်များ ရှိပေသည်။ တစ်ခါတစ်ရံ သေမျိုး အဆင့် အဂ္ဂိရတ် ပညာရှင်များမှာလည်း ရုတ်ချည်း ဉာဏ်အလင်းနှင့် ဈာန်ဝင်စားမှုများ ရရှိကာ အဆင့်ရှစ်နှင့် အောက် အဂ္ဂိရတ် ထုတ်ကုန်များ အတွက် သာလွန်ခြင်း အရည်အသွေးကို ဖန်တီးနိုင်ခဲ့ခြင်းမျိုးလည်း ရှိသည်။ ဝေ့ဝူယင်သည်ပင် ချင်ကူးယဉ်နှင့် အဂ္ဂိရတ် တိုက်ပွဲမှာတုန်းက ထိုကဲ့သို့ ထုတ်ကုန် တစ်ခုကို မတော်တဆ ဖန်တီးခဲ့မိသည်ဟု စတင်းများ ပျံ့နှံ့ခဲ့သေးသည်။
တစ်ချိန်တည်း၌... သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အပါအဝင် ထိပ်သီး အဆင့် ကျင့်ကြံသူပေါင်း များစွာမှာ ထိတ်လန့်တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှု ခံစားချက်များထဲတွင် နစ်မြုပ် နေခဲ့ကြသည်။ သူတို့က အနီးကပ် လေ့လာနိုင်ရန် အတွက် ကိုယ်ပွား ချိပ်ဆက်မှုကို သုံးကာ စင်မြင့် အနားသို့ ကပ်လိုက်ကြ၏။
ဝှစ်... ဝှစ်...
ချက်ချင်း ဆိုသလိုပင် အခြားသော ကျင့်ကြံသူများမှာ နောက်သို့ အနည်းငယ် တွန်းဖယ်ခံလိုက်ရသလို ခံစားလိုက်ကြရသည်။ နာမည်ကြီးပြီး ထင်ရှားကျော်ကြားသော အဂ္ဂိရတ်ပညာရှင်များစွာမှာ ဘေးချင်းယှဉ်ကာ ပေါ်ထွက်လာခဲ့ကြ၏။ မဟာစက်ဝန်း ကြယ်ကွင်းပြင် အဂ္ဂိရတ်တာအို၏ ဦးဆောင် ပုဂ္ဂိုလ်များမှဦ စင်မြင့်ပေါ်သို့ တက်လာခဲ့ကြပြီ ဖြစ်လေသည်။
သူတို့ကို ဦးဆောင်ထားသူများကတော့ ထာဝရ နတ်ဘုရား၊ စန်းလော့ယန်နှင့် ထျန်းတင်းကျန့် တို့မှလွဲ၍ အခြားမည်သူ ဖြစ်နိုင်တော့မည်နည်း။
***