အာနိသင်
Vol. 103 Ch. 1434
ချိပ်ပိတ်နယ်မြေ အတွင်းရှိ အဂ္ဂိရတ်ရှန့်ထို လေးဦးအနက် သုံးဦးမှာ လေ့လာသူ အဖွဲ့ကို ဦးဆောင်ကာ တက်ရောက်လာခဲ့ကြပြီ ဖြစ်သည်။ ဧဒင်ကမ္ဘာအတွင်းရှိ လူတိုင်း၏ ဆွေးနွေးသံများ တိတ်ဆိတ်သွားကာ ထိပ်သီး အဂ္ဂိရတ် ပညာရှင်များ၏ စကားသံများသာ ကျယ်လောင် ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထာဝရ နတ်ဘုရားမှာ စန်းလော့ယန်ကို စကားပြောလိုသော်လည်း အာရုံ စူးစိုက်မှုများ၏ ဗဟိုချက်သို့ ရောက်ရှိနေကြောင်း သဘောပေါက်လိုက်ရာ ပြန်လည် ရပ်တန့်လိုက်သည်။ သူက ရှင်းလင်းစွာပင် ဝေ့ဝူယင်၏ ထောင်ချောက်အတွင်း မကျရောက်လိုချေ။
"ဒီဆေးအနှစ်ရဲ့ ပျစ်နှစ်မှုက တော်တော်လေး ထူးဆန်းတယ်"
သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦးက အမြင်အာရုံ အစီအရင် တစ်ခုဖြင့် ဆေးအနှစ်ကို စစ်ဆေးရင်း မှတ်ချက်ပြုလိုက်၏။
"ထူးဆန်းတယ်... မင်း ခံစားမိလား"
နောက်တစ်ဦးက သူ့ဘေးနားရှိ လူကို မေးလိုက်၏။
"ငါတော့ မခံစားမိဘူး"
အမေးခံရသူက ခေါင်းခါလိုက်သည်။ သူတို့အားလုံးမှာ လျှို့ဝှက် အာဏာရှင် အဆင့်များ ဖြစ်ကြလေရာ တစ်မူ ထူးခြားသည့် အာရုံခံစားနိုင်စွမ်းများကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် သူတို့မှာ သာလွန်ခြင်း အဆင့် အရည်အသွေး ရှိသည့် ထုတ်ကုန် တစ်ချို့နှင့် ရင်းနှီးပေသည်။ သူတို့ ဤနေရာသို့ ရောက်ရှိနေရသည့် ပထမဆုံး ပန်းတိုင်က ဤထုတ်ကုန်မှာ သာလွန်ခြင်း အဆင့် ဖြစ်၊ မဖြစ်ကို ဆုံးဖြတ်ရန် ဖြစ်ပေသည်။
"ဒုခေါင်းဆောင်... ကျုပ် မှန်းတာ မမှားဘူး ဆိုရင်တော့ ဒီရွှေရောင် သင်္ကေတတွေက မန်နာ အမျိုးအစား လျှို့ဝှက် သင်္ကေတတွေပဲ... နောက်ပြီး သူတို့အပေါ်မှာ လျှို့ဝှက်အော်ရာကို လုံးဝ မတွေ့ရဘူး"
စန်းလော့ယန်မှာ ထာဝရ နတ်ဘုရားထံ ဝိညာဉ် အာရုံဖြင့် လျှို့ဝှက်စွာ ဆက်သွယ် ပြောဆိုဖို့ ကြိုးစားလိုက်သော်လည်း ကံဆိုးစွာပင် ထိုအသံက ဧဒင်ကမ္ဘာ တစ်လျှောက် ကျယ်လောင်စွာ ပျံ့နှံ့ သွားခဲ့သည်။ ထိုအခိုက်၌ သူတို့ကြားတွင် ဝိညာဉ်အာရုံ ဆက်သွယ်မှုကို ဖုံးကွယ်မထားတာ ရှင်းလင်းပေသည်။
စန်းလော့ယန်၏ စကားက သူတို့နောက်ရှိ သေမျိုး အဂ္ဂိရတ် အာဏာရှင် များစွာ၏ သံသယများကို ပိုမို နက်ရှိုင်း သွားစေခဲ့သည်။ မှန်ပေသည်။ ၎င်းတို့မှာ လျှို့ဝှက် သင်္ကေတ အစအနများ ဖြစ်ကြောင်း ထင်ရှားသော်လည်း လျှို့ဝှက် အော်ရာ အမှတ်အသား အနည်းငယ်မျှပင် မရှိခဲ့ချေ။
ထိုအခိုက်၌ သေမျိုး အဂ္ဂိရတ် ပညာရှင်များမှာ ထုတ်ကုန်၏ တည်ရှိမှုတွင်သာ လုံးလုံးလျားလျား နစ်မြောနေကြလေရာ တစ်လောကလုံးအား မှင်တက်စေနိုင်သည့် အလှပိုင်ရှင် ထျန်းတင်းကျန့်ကိုပင် သတိမထားမိခဲ့ကြချေ။ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုမှာ ဧဒင်ကမ္ဘာတွင် သူမ၏ အသွင်အပြင်ကို ပေါ်လွင် ထင်ရှားစွာ ထုတ်ဖော်ပြသထားခြင်းအပေါ် စိတ်အနှောင့်အယှက် ဖြစ်ပုံ မရချေ။
ထို့အပြင် သူမ ဝတ်ဆင်ထားသည့် ရိုးရှင်းသော အစိမ်းရောင် ဝတ်ရုံမှာ ဆွဲဆောင်မှု ရှိသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို ထုတ်ဖော် ပြသထားခြင်း မရှိပဲ ရင့်ကျက်တည်ငြိမ်ပြီး မိခင်ဆန်သည့် အသွင်အပြင်ကိုသာ ထိန်းသိမ်းထားသည်။ သူမက ကြည့်ရှုသူတိုင်းကို နှစ်သက်စေကာ ဝေဖန်ရန် ခက်ခဲသော ပုံစံမျိုးဖြစ်သည်။
"အဆင့်လွန် ထုတ်ကုန်... သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန်တွေလို လျှို့ဝှက် သင်္ကေတ ပုံစံတူတွေ ပါဝင်ပေမဲ့ လျှို့ဝှက်အော်ရာနဲ့ ဂုဏ်သတ္တိတွေ လုံးဝ မရှိတဲ့ ထုတ်ကုန်မျိုးကို အဆင့်လွန် ထုတ်ကုန်လို့ ခေါ်တာလား"
ထျန်းတင်းကျန့် က ညင်သာစွာ မေးမြန်းလိုက်၏။ သို့သော်လည်း သူမ၏ အသံက လှိုင်းများသဖွယ် ဧဒင်ကမ္ဘာ တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
"မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို မှန်ပါတယ်... အဆင့်လွန် အဂ္ဂိရတ် ထုတ်ကုန်မှာ သာလွန်ခြင်း အဆင့် ထုတ်ကုန် တစ်ခုရဲ့ အရည်အသွေးတွေ ပါဝင်ပေမဲ့ လျှို့ဝှက် အော်ရာနဲ့ လျှို့ဝှက် ဂုဏ်သတ္တိတွေ အရိပ်အမြွက်တောင် မပါဝင်ပါဘူး... ဒါပေမဲ့ ဒီသင်္ကေတတွေက အလှဆင်ရုံ သက်သက်တော့ မဟုတ်ပါဘူး"
ထျန်းရှောင်ချွမ်းက အတည်ပြုလိုက်၏။ သို့သော်လည်း ထျန်းတင်းကျန့် နှင့် စကားပြောသည့် သူမ၏ လေသံမှာ အတော်လေး တိုးလေရာ အာရုံစိုက်နေကြသည့် လူအနည်းငယ်မှ အပ မည်သူမှ မကြားလိုက်ပါချေ။
"ဒါမှမဟုတ် ဒါတွေက ငြိမ်သက်နေတဲ့ သင်္ကေတတွေလား...”
ထာဝရ အစည်းအရုံးမှ ဆည်းဆာ အဂ္ဂိရတ် အာဏာရှင် မူယုယက မေးလိုက်၏။
ငြိမ်သက်နေသည့် သင်္ကေတ...
သူမ၏ အသုံးအနှုန်းသစ်က သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အကြားတွင် ဆွေးနွေးမှု လှိုင်းလုံးတစ်ခုကို ဖြစ်ပေါ် လာစေခဲ့သည်။
"အဂ္ဂိရတ် အာဏာရှင်မူ... ထာဝရ အစည်းအရုံးမှာ ရှင် သင်ကြားခဲ့တာတွေက အခြားလူတွေထက် လုံးဝ မနိမ့်ကျဘူးပဲ”
ထျန်းရှောင်ချွမ်းက ချီးကျူးလိုက်၏။ သို့သော်လည်း သူမ၏ စကားလုံးများထဲတွင် မူယုယ ကိုယ်တိုင်ကိုပင် ထိတ်လန့် သွားစေခဲ့သည့် နက်ရှိုင်းသော အဓိပ္ပာယ်များ ပါဝင်နေပေသည်။
ထျန်းရှောင်ချွမ်းက ပြုံးလိုက်ရင်း...
"ဒီသင်္ကေတတွေက တကယ်ပဲ ငြိမ်သက်နေတဲ့ သင်္ကေတတွေပါ... ဒါပေမဲ့ ဆေးအနှစ်ထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေ ရောစပ်မှုကြောင့် သူတို့ဟာ အပြည့်အဝ အသက်ဝင်ပြီးပါပြီ... ဒါကြောင့်ပဲ ဒီဆေးအနှစ်ကို ဖန်တီးခဲ့တဲ့ အဂ္ဂိရတ် အာဏာရှင်ဝေ့က မတူညီတဲ့ အဆင့်တစ်ခုအဖြစ် သတ်မှတ်ခဲ့တာပါ... ဒါပေါ့... ဒီနေရာကို ရောက်နေကြတဲ့ ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာရှိ အဂ္ဂိရတ် ပညာရှင်တွေထဲက တစ်ယောက်ယောက်က ဒီအဆင့်သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး ငြင်းခုံချင်တယ်ဆိုရင် လွတ်လပ်စွာ လုပ်ဆောင်နိုင်ပါတယ်..."
"..."
အားလုံး ငြိမ်သက်နေကြ၏။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များထဲမှ တစ်ဦးတစ်ယောက်မျှ ဤခေါင်းစဉ်နှင့် ပတ်သက်၍ ငြင်းခုံနိုင်စွမ်း ရှိသည်ဟု မခံစားခဲ့ကြရချေ။
သူတို့က အဂ္ဂိရတ်ရှန့်ထိုများ (အထူးသဖြင့် ထာဝရ နတ်ဘုရား) ကို အကဲခတ်ရင်း ငြင်းခုံမှု ဖြစ်ပေါ်လာမည်လား စိတ်ဝင်စားစွာ စောင့်ကြည့်နေကြသည်။ ထာဝရ နတ်ဘုရားက ဝေ့ဝူယင် ကို တရားဝင် အဆင့်တစ်ခု သတ်မှတ်ခွင့် ပေးလိမ့်မည်လား။ အကယ်၍ ဝေ့ဝူယင်သာ လုပ်ဆောင်ခဲ့ပါက ထိုဒဏ္ဍာရီလာ ထာဝရ ဧကရာဇ်၏ အရိပ်အောက်မှ ချက်ချင်း လွတ်မြောက်ကာ ကိုယ်ပိုင် အမှတ်အသားတစ်ခု ဖန်တီးနိုင်သည့် တစ်ဦးတည်းသော အဂ္ဂိရတ် ပညာရှင် ဖြစ်လာလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ထာဝရ နတ်ဘုရားမှာ မမိုက်မဲခဲ့ချေ။ ထျန်းရှောင်ချွမ်းက ဤအနှစ်ကို ဝေ့ဝူယင် ကိုယ်တိုင် တီထွင်ထားခြင်းဟု ဆိုသည်။ သူ့ဘက်မှ အဆိုပါ အဆင့်သစ်၏ တရားဝင်မှု အပေါ် မေးခွန်းထုတ်သည့် စကားလုံး တစ်ခွန်း ပြောဆိုလိုက်သည်နှင့် နှစ်ဦးနှစ်ဖက် ပဋိပက္ခတစ်ခု စတင်မည်ဖြစ်ကာ ဝေ့ဝူယင်၏ ထောင်ချောက် အတွင်း ကျဆင်းသွားပေလိမ့်မည်။ ထိုအခါ သူသာလျှင် အရှက်ရရလိမ့်မည် ဖြစ်ကာ ဗဟုသုတ နည်းပါးသူအဖြစ် အများက သတ်မှတ်ကြလိမ့်မည် ဖြစ်သည်။
သို့သော်လည်း လူတိုင်းမှာ သူ့ထံမှ တုန့်ပြန်မှုကို မျှော်လင့် နေကြသည်။ သူ စကားပြောကို ပြောရတော့မည် ဖြစ်သည်။ အကယ်၍ သူသာ တစ်ချိန်လုံး ရေငုံနှုတ်ပိတ် နေနေပါက ဝေ့ဝူယင်ကို ထိတ်လန့်နေကြောင်း ပိုမို၍ ထင်ရှားသွားလိမ့်မည် ဖြစ်သည်။ အခြေအနေ တစ်ခုလုံးကို ခြုံငုံသုံးသပ်လိုက်ပြီးနောက် ထာဝရ နတ်ဘုရားက တည်ငြိမ်သော လေသံဖြင့်...
"ဒီဆေးအနှစ်က ဘာအကျိုးသက်ရောက်မှုတွေ ရှိလဲ..."
စစ်မှန်သော ငြင်းခုံမှုတစ်ခုကို စတင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်း၏ လုပ်ဆောင်ချက်ကို သိရှိနားလည်ရန် ဖြစ်သည်။ ထာဝရ နတ်ဘုရားမှာ အပူချိန်ကို နားမလည်ဘဲ ဒယ်အိုးထဲသို့ ခုန်ဆင်းရန် ငြင်းဆန်ခဲ့သည်။
ချက်ချင်းပင်... လူတိုင်း၏ အာရုံစိုက်မှုများမှာ ပြောင်းလဲသွားကြ၏။ လူတစ်ချို့မှာ မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုကို နောက်ဆုံးတွင် သတိထားမိသွားကြကာ မျက်ဝန်းများ တလက်လက် တောက်ပလာကြသည်။
မည်ကဲ့သို့ အလှမျိုးနည်း။
ထျန်းရှောင်ချွမ်းမှာ ဝေးလံခေါင်သီသည့်အရပ်မှ လဝန်းတစ်စင်း ကဲ့သို့ ထိတွေ့၍ မရနိုင်သော၊ အဝေးမှသာ လှမ်းမျှော်၍ ကြည့်နိုင်သော အလှတရား တစ်ပါး ဆိုလျှင် ထျန်းတင်းကျန့်ကတော့ သူမနှင့် ဆန့်ကျင်ဘက်ပင်။
ဥပမာ ပေးရပါက မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုမှာ ကောင်းကင်ယံတွင် ထွန်းလင်းနေသည့် နေကြယ် တစ်စင်းနှင့် တူသည်။ ၎င်းက နွေးထွေးပျူငှာကာ ကမ္ဘာလောကကို တောက်ပသော ရောင်ဝါဖြင့် ကောင်းချီးပေးသည်။
ရုတ်တရက်... သူတို့မှာ ထျန်းရှောင်ချွမ်းနှင့် ထျန်းတင်းကျန့်တို့ကို မသိစိတ်ထဲမှ နှိုင်းယှဉ် လိုက်မိကြ၏။ မည်သူမျှ နံပါတ်တစ် အလှမယ် ဖြစ်ကြောင်းကို သူတို့ အတည်တကျ မဆုံးဖြတ်နိုင်တော့ပေ။
သူမ အပေါ် ကျရောက်လာသည့် အကြည့်များကို ခံစားမိသည့်အခါ ထျန်းတင်းကျန့်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ ထိုလှုပ်ရှားမှုလေး တစ်ခုကပင် ဧဒင်ကမ္ဘာ အတွင်းရှိ များလှစွာသော စိတ်ဝိညာဉ် များကို သူတို့၏ လုပ်ရပ်များက မှားယွင်း နေသကဲ့သို့ ခံစားရစေကာ မသိစိတ်ကပင် ရှက်ရွံ့စွာ လှည့်ထွက် သွားစေခဲ့သည်။
ထျန်းရှောင်ချွမ်းမှာ ထိုအရာကို မြင်တွေ့လိုက်ရလေရာ... လူတိုင်း၏ အာရုံစူးစိုက်မှုကို ချက်ချင်းပင် ပြန်လည် ဆွဲယူဖို့ ဆုံးဖြတ်လိုက်၏။
"ရှင်တို့ သိထားကြတဲ့အတိုင်း အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်ကို ကောင်းကင်ဓာတ်တော်ထဲမှာ ကိန်းအောင်းနေတဲ့ အမတေ စွမ်းအင်တွေနဲ့ ဖန်တီးထားတာပါ... အဲဒီ အမတေတွေကို တိတိကျကျ ပြောရရင် ကောင်းကင်မန်နာလို့ခေါ်ပါတယ်... အဲဒီပစ္စည်းဟာ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း ဝိညာဉ်ကို ဒဏ္ဍာရီလာ အဆင့်တစ်ခုဖြစ်တဲ့ မူလ အဆင့် ရောက်အောင် မြှင့်တင်ပေးနိုင်ပါတယ်”
"ဒီအကြောင်းအရာကို သိရှိ မထားတဲ့ လူတွေ အတွက် ကျွန်မက နည်းနည်းလေး ပြန်ရှင်းပြပေးပါမယ်... မူလ အဆင့် ဆိုတာက ဆိုတာက သေမျိုးအဆင့်ကနေ ဆင့်ကဲပြောင်းလဲ တိုးတက်လာတဲ့ အဆင့် တစ်ခုပါပဲ... အဲဒါက မန်နာ အပေါ် ပြိုင်စံရှား ထိန်းချုပ်နိုင်စွမ်းကို ရရှိစေနိုင်တယ်... လျှို့ဝှက် တာအို အပေါ် နားလည်မှုကို အများကြီး ပိုပြီး တိုးတက်လာစေနိုင်ပါတယ်... တခြား အကျိုးသက်ရောက်မှုတွေလည်း အများကြီးရှိပါတယ်... ဒါပေမဲ့ အဲဒါတွေကို တစ်နာရီလောက် စာရင်းပြုစုနေရရင် ကျွန်မလည်း ပါးစပ်ညောင်းတယ်... ရှင်တို့လည်း နားငြီးမှာ အသေအချာပါပဲ... ဒါကြောင့် မူလ အဆင့်ရဲ့ အကျိုးသက်ရောက်မှုကို အကျဉ်းချုပ်ပဲ ပြောပြပါမယ်”
“မူလ အဆင့်ကို ပိုင်ဆိုင်ထားခြင်းအားဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရတာက အရည်အသွေးနိမ့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးတစ်လုံးကို သောက်သုံးပြီး လောက သခင် အဆင့်ကို တက်လှမ်းရတာလောက်ကို လွယ်ကူပါတယ်... ကျရှုံးဖို့ ဆိုတာ လုံးဝ နီးပါး မဖြစ်နိုင်ပါဘူး... ဆိုတော့ ဒီအဆင့်နဲ့ ဆိုရင် ရှင်တို့ရဲ့ နတ်ဘုရား ဖြစ်လာရေး အိပ်မက်က ပြေးမလွတ်တော့ပါဘူး”
ထျန်းရှောင်ချွမ်း၏ စကားကို နားထောင်ရင်း သေမျိုး အဆင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာ၏ နှလုံးသားများမှာ ပြင်းထန်စွာ ခုန်လာခဲ့ကြလေတော့သည်။
***