← Chapters

နောင်တ

Vol. 103 Ch. 1435

နောင်တ

Vol. 103 Ch. 1435

နတ်ဘုရား ဖြစ်ရေး အိပ်မက်... ထိုအရာက ဘာကို ဆိုလိုသနည်း။

ထိုအရာက သေမျိုးများ လျှို့ဝှက် အာဏာရှင် တစ်ပါး ဖြစ်လာခြင်းကို ဆိုလိုသည်။ လျှို့ဝှက် အာဏာရှင် အဆင့်များမှာ ဒဏ္ဍာရီများထဲမှ စွမ်းအားများစွာကို ပိုင်ဆိုင်ထားကြသည်။ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့်ပင် သူတို့မှာ ဂြိုလ်များကို ဖျက်ဆီးနိုင်သည်။ နေကြယ်များကို ငြှိမ်းသတ်နိုင်သည်။ သေမျိုးများ မဖန်တီးနိုင်သည့် ကမ္ဘာများစွာကို ဖန်တီးနိုင်သည်။

သာမန် သေမျိုးများ အတွက် ကြယ်တာရာ နယ်မြေ တစ်ခု ဖန်တီးရန်မှာ မဖြစ်နိုင်သည့် အိပ်မက်တစ်ခု ဖြစ်သည်။ သို့သော်လည်း... လျှို့ဝှက် အာဏာရှင်များမှာ ကိုယ်ပိုင် ကြယ်ကွင်းပြင် တစ်ခုကိုပင် ဖန်တီးနိုင်သည်။ ထို့အပြင် သူတို့မှာ လတ်တလော သေဆုံးသွားခဲ့သည့် လူများကိုပင် ပြန်လည် အသက်သွင်းနိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားသည်။

သူတို့က မျက်စိတစ်မှိတ်အတွင်းမှာပင် ဂြိုလ်များစွာကို ဖြတ်ကျော်သွားလာနိုင်သည်။ မည်သည့် ပတ်ဝန်းကျင်တွင်မဆို၊ ပြင်ပ အကူအညီမလိုဘဲ အမှောင် ဟင်းလင်းပြင် အတွင်း၌ ရှင်သန်နိုင်သည်။ သူတို့က အလိုရှိသည့် မည်သည့်အရာကိုမဆို အောင်မြင်နိုင်ကြသည်။

ဧကရီ၏ စကားက ထိုကဲ့သို့သော အဆင့်ကိုပင် အခက်အခဲ မရှိ အောင်မြင်စွာ တက်လှမ်းနိုင်လိမ့်မည်ဟု ဆိုလိုသည်လား။

သူတို့၏ စိတ်အတွေးများမှာ မယုံကြည်နိုင်ခြင်းများနှင့် ပြည့်နှက် နေကြ၏။ မည်ကဲ့သို့ သူတို့ လွယ်ကူစွာ ယုံကြည်နိုင်မည်နည်း။

သို့သော်လည်း ဖြစ်နိုင်ချေ ရှိသည်ဟုတော့ ယူဆလို့ ရပေသည်။ အဘယ်ကြောင့်နည်း။ ကောင်းကင် ဓာတ်တော် အတွက် မြေကြီး ရှန့်ထိုများပင် တိုက်ခိုက်ခဲ့ကြသောကြောင့်ပင်။

ထျန်းရှောင်ချွမ်းက ပြုံးလိုက်၏။ အတွင်းစိတ်ထဲ၌ သူမသည်လည်း အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်မှာ အလွန်အမင်း ချဲ့ကားထားသည်ဟု ခံစားရသည်။ အကြောင်းရင်းကား... ထိုဆေးအနှစ်က အမှန်တကယ် အကျိုးသက်ရောက်မှု ရှိ၊ မရှိ သူမ ကိုယ်တိုင် မမြင်တွေ့ရသေးသောကြောင့်ပင်။

"အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်က ကောင်းကင်ဓာတ်တော်၏ အမတေ စွမ်းအင်တွေကို သန့်စင်ဖို့ အတွက် ထူးခြားတဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေ မလိုအပ်ဘဲ တူညီတဲ့ အကျိုးသက်ရောက်မှုကိုတော့ ပြီးပြည့်စုံစွာ ပေးစွမ်းနိုင်စွမ်း ရှိပါတယ်... ရိုးရိုးရှင်းရှင်း ပြောရလျှင် ဒီဆေးအနှစ်က ကျင့်ကြံခြင်း ဝိညာဉ် မူလ အဆင့်ကို ရောက်အောင် ကူညီပေးနိုင်ပါတယ်”

"..."

လူတိုင်းမှာ စိတ်လှုပ်ရှားစွာ အော်ဟစ်ရမည့် အစား အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် ငြိမ်သက် သွားကြ၏။

ထိုအခိုက်၌ အားလုံး၏ အတွေးများက ရိုးရှင်းလှသည်။ သေမျိုး အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန်တစ်ခုက သာမန် လူတစ်ယောက်ကို ကြီးကျယ် ခမ်းနားသည့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်လာအောင် ပြောင်းလဲ ပစ်နိုင်မည် ဆိုခြင်းက ယုတ္တိ မရှိချေ။

ဤအတွေးက ပရိသတ်များ ကြား၌ ကူးစက်ရောဂါပိုး တစ်ခုလို ပျံ့နှံ့နေကာ ဧဒင်ကမ္ဘာ တစ်လျှောက် စိတ်မသက်မသာ ဖြစ်စေသည့် ထူးဆန်းသော ပတ်ဝန်းကျင် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

"..."

"..."

"..."

ထျန်းရှောင်ချွမ်းမှာ ပရိသတ်များထံမှ သံသယ စိတ်များကို ချက်ချင်း ခံစားလိုက်ရ၏။ တမုဟုတ်ချင်းပင် 'အဆင့်လွန်' ဟူသော စကားလုံးအသစ်သည် တန်ဖိုးအားဖြင့် ကျဆင်းသွားကာ ထုတ်ဖော်ပြသခဲ့သမျှထဲတွင် အဆိုးရွားဆုံး ဖြစ်စေခဲ့သည်။

"ကောင်းကင်ဓာတ်တော်ကို ဒီလို အဆင့်နိမ့် ထုတ်ကုန်မျိုး ဖန်တီးပြီး ဖြုန်းတီးပစ်မယ့်အစား တိုက်ရိုက် သန့်စင်လိုက်တာကမှ ပိုပြီး အသုံးဝင်ဦးမယ် မဟုတ်ဘူးလား”

ထင်ရှားသည့် နောက်ခံနှင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ဦးက လူအများစု၏ စိတ်ထဲတွင် ရှိနေသည့် အတွေးကို ထုတ်ဖော် ပြောဆိုလိုက်သည်။

ထာဝရ အစည်းအရုံးအဖွဲ့ အတွင်းတွင်တော့...

"ဒါက... မဖြစ်နိုင်ဘူးမလား"

စန်းယွန်းလီ၏ လက်များက တုန်ရီနေကာ ရွှေရောင် သင်္ကေတများဖြင့် ပြည့်နှက်နေသည့် ဆေးအနှစ်ကို စိုက်ကြည့် နေခဲ့သည်။ ထိုအခိုက်၌ သူမ၏ နှလုံးသားက မြင်းပေါင်း တစ်ထောင် ပြေးလွှားနေသည့် အလား ပြင်းထန်စွာ တုန်ရီနေခဲ့သည်။

အခြားသူများ မသိနိုင်သော်လည်း သေမျိုးတစ်ဦး အတွက် မူလ အဆင့်ကို ရရှိရန်မှာ အလွန်ခက်ခဲကြောင်း သူမ သိသည်။ ထိပ်တန်း ပါရမီများ အပြင် သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့်နှင့် ထိပ်တန်း ကျင့်ကြံခြင်း နည်းလမ်း တစ်ခုကိုလည်း ပိုင်ဆိုင်ထားရမည်။

ထိုအခြေခံ လိုအပ်များထက် ပိုမို၍ အရေးကြီးသည်ကား... အင်မတန် ကံကောင်းမှသာ ရရှိနိုင်သည့် ကောင်းကင် ဓာတ်တော် လိုမျိုး ရှားပါး ရင်းမြစ် တစ်ခု၏ အထောက်အပံ့ကိုပါ လိုအပ်ခြင်း ဖြစ်သည်။

မူလ အဆင့်ကို ရောက်ရှိရန် ဆယ်စုနှစ် တစ်ခုနီးပါး ကြိုးပမ်း အားထုတ်ကာ ကျင့်ကြံခဲ့ရသည်ကို ပြန်လည် တွေးတောရင်း သူမ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ ကောင်းကင်ဓာတ်တော် အတွက် အသက် စွန့်၍ တိုက်ခိုက်ခဲ့ရခြင်းကိုတော့ ထည့်ပင် မပြောလိုတော့ချေ။

"ဒီထုတ်ကုန်က တော်တော်လေး ထူးဆန်းတယ်... ဆေးအနှစ်ထဲမှာ ကောင်းကင်ဓာတ်တော်ရဲ့ အရိပ်အမြွက် တစ်ခု ပါနေတာကို ငါ ခံစားမိတယ်"

ရှေးဟောင်း ဝိညာဉ်က ညင်သာစွာ မှတ်ချက်ပြုလိုက်၏။ ထိုအခိုက်၌ သူမ၏ အသံက စဉ်းစားတွေးခေါ်သည့် အငွေ့အသက်လှိုင်း များဖြင့် ပြည့်နှက် နေသည်။ ခဏတာမျှ ရပ်နားပြီးနောက် သူမ ဆက်ပြောလိုက်သည်။

"ကောင်းကင်ဓာတ်တော်က အခြား ပါဝင် ပစ္စည်းတွေနဲ့ ရောနှောနေပြီးတော့ သူ့ရဲ့ တည်ရှိမှုအဆင့်ကို လျှော့ချလိုက်တဲ့ပုံရတယ်... အဲဒါ ဖြစ်နိုင်မလား ငါတောင် သေချာ မပြောနိုင်ဘူး... ဒါပေမဲ့ သေချာတာ တစ်ခုက သေမျိုးတွေဟာ ဒီအနှစ်ကို သူတို့ရဲ့ ခန္ဓာကိုယ် ဒွါရပေါက်တွေကနေပဲ အလွယ်တကူ သန့်စင်နိုင်လိမ့်မယ်"

"ဒီဆေးအနှစ်က ဧကရီ ပြောသလို လုပ်နိုင်လိမ့်မယ်လို့ ရှင် ထင်သလား... ဒါပေမဲ့ အခြားလူတွေက..."

စန်းယွန်းလီက တွန့်ဆုတ်စွာဖြင့် မေးလိုက်၏။ ရှေးဟောင်း ဝိညာဉ်က ချက်ချင်း ပြန်မဖြေသေးပဲ သနားစွာဖြင့် ရယ်မောလိုက်သည်။ ထို့နောက်တွင်မှ အထင်အမြင်သေးမှုများ ပြည့်နှက်နေသည့် လေသံဖြင့်...

"ကောင်မလေး... ဒီနေရာမှာ ရှိတဲ့ ကျင့်ကြံသူတွေ အားလုံးက ဒီဆေးအနှစ်ရဲ့ အာနိသင် ဘယ်လောက် ကြီးမားတယ် ဆိုတာကို လုံးဝ မမြင်နိုင်ကြတဲ့ လူတွေချည်းပဲ... အင်းလေ... ဒီလို ဆင်းရဲတဲ့ လူ့အဖွဲ့အစည်းဆီကနေ ဘာကိုများ မျှော်လင့်နိုင်မှာလဲ..."

“...”

စန်းယွန်းလီ တစ်ယောက် တိတ်ဆိတ် သွားခဲ့၏။ သူမ မသိစိတ်ဖြင့် ပတ်ဝန်းကျင်ကို အကဲခတ် လိုက်မိသည်။ ရှေးဟောင်း ဝိညာဉ်၏ စကားက အမှန်ပင် ဖြစ်သည်။ ပရိသတ်များထဲ၌ ထုတ်ကုန်၏ အာနိသင် အပေါ် ချွင်းချက် မရှိ ယုံကြည်သူ အချို့ ပါကောင်း ပါနိုင်သော်လည်း သူမ မြင်တွေ့ရသမျှ အများစုကတော့ စိတ်ပျက်နေသူများသာ ဖြစ်သည်။

စန်းယွန်းလီ တိတ်တဆိတ်ပင် ရှေးဟောင်း ဝိညာဉ်ထံမှ ထုတ်ကုန်၏ အကျိုးသက်ရောက်မှုများနှင့် အာနိသင်များ အကြောင်း ရှင်းပြလာမည့် အချိန် အထိ စောင့်ဆိုင်းနေလိုက်တော့သည်။

တစ်ချိန်တည်းတွင်ပင် ဧဒင်ကမ္ဘာ၏ အခြား နေရာများတွင်လည်း လူများမှာ မတူကွဲပြားသည့် စိတ်ခံစားမှုများကို ခံစားနေခဲ့ကြရလေသည်။

"မဖြစ်နိုင်ဘူး..."

ထန်ရှင်းယွင်က လက်မခံနိုင်စွာဖြင့် ရေရါတ်လိုက်၏။ ထိုအချိန်တွင် အဘယ်ကြောင့်မှန်းမသိ... သူမ၏ နှလုံးသား တစ်ခုလုံး ဖျစ်ညှစ်ထားသကဲ့သို့ မွမ်းကြပ်မှုကို ခံစားနေရသည်။ သူမ၏ လက်များက အနည်းငယ် တုန်ရီနေကာ မသိစိတ်က သူမ၏ မိခင်ကို ကြည့်လိုက်မိ၏။

လင်းမင်ကတော့ နေရာတွင်ပင် ငေးငိုင်ကာ ရပ်နေခဲ့သည်။ အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်ကို ကြောင်တောင်တောင် အမူအရာဖြင့် စိုက်ကြည့်ရင်း သူ၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်မှုနှင့် မလိုလားမှုများ ထွက်ပေါ်နေခဲ့သည်။

စန်းယွန်းလီ ကဲ့သို့ပင် မူလ အဆင့်ကို ရရှိရန် သူ အစွမ်းကုန် ကြိုးပမ်း အားထုတ်ခဲ့ရသည်။ များစွာသော အရာများကို စွန့်လွှတ်ခဲ့ရသည်။

သို့သော်လည်း ဝေ့ဝူယင်မှာ သူ အသည်းအသန် ရရှိထားခဲ့သမျှ အရာ အားလုံးကို ဘာမှ မဟုတ်သလိုမျိုး အလွယ်တကူပင် သိမ်းပိုက် နေခဲ့သည်။

ပထမ ဒြပ်စင်နှလုံးသား ရည်ရွယ်ချက်...

ဒုတိယ အတုအယောင် လောကနယ်မြေ...

ယခု မူလ အဆင့်...။

ထိုအဂ္ဂိရတ် သမားမှာ တဖြည်းဖြည်းချင်းပင် သူ အပင်ပန်းခံ ရရှိထားခဲ့သည့် အားသာချက်တိုင်းကို ဖျက်ဆီးပစ်နိုင်မည့် နည်းလမ်းမျာအား ဖန်တီးနေခဲ့သည်။

သူ့အတွက် အတုအယောင် လောကနယ်မြေကို ဖန်တီးပေးရန် အသက်ကို စွန့်လွှတ်ခဲ့သည့် အစေခံငယ်လေး၏ မျက်နှာလေးကို လင်းမင် ပြန်လည် အမှတ်ရလိုက်မိသည်။ ပိုင်ယုရှီ နှင့် ထန်ရှင်းယွင်မှာလည်း ထိုအတွက် နောက်ဆက်တွဲ ပြဿနာ များစွာကို ရင်ဆိုင်ခဲ့ရသည်။

ယခင်က ထိုအရာ အားလုံးမှာ တန်ဖိုးရှိခဲ့ပါသည်။ သို့သော်လည်း ယခုမူ...

အကယ်၍ သူသာ စောင့်ဆိုင်းခဲ့လျှင်...

ဝေ့ဝူယင် ထိုထုတ်ကုန်များအား ဖော်စပ်ပြီးသည့် အချိန် အထိ စောင့်ဆိုင်းခဲ့လျှင်...။

ယခုတွင်တော့ အရာအားလုံးမှာ နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။

***

All Chapters