← Chapters

အဆုံးစွန်သော ကမ်းလှမ်းမှု

Vol. 103 Ch. 1436

အဆုံးစွန်သော ကမ်းလှမ်းမှု

Vol. 103 Ch. 1436

ပရိသတ်များထံမှ တုန့်ပြန်မှုများကို လုံလောက်အောင် စောင့်ဆိုင်းပြီးမှ ထျန်းရှောင်ချွမ်းက မူလမေးခွန်းကို ပြန်လည် တုန့်ပြန်လိုက်သည်။

“ဒီရေ အဂ္ဂိရတ် အာဏာရှင်... ရှင် အထင်မှားနေပါတယ်... ကောင်းကင်ဓာတ်တော် တစ်ခုကို သန့်စင်ဖို့ အတွက် လိုအပ်ချက်တွေက အရမ်းကို ကျယ်ပြန့်ပါတယ်... မြေကြီးရှန့်ထိုများ တချို့တောင် နှစ်ပေါင်း ရာထောင် ချီပြီး အစဉ်တစိုက် သန့်စင်ဖို့ လိုအပ်ပါတယ်... ကျင့်ကြံခြင်း ဝိညာဉ်ရဲ့ အဆင့်မြင့်လေ... ဥပမာ ဇာတိဝိညာဉ်၊ ကြယ်တာရာ ဝိညာဉ်နဲ့ လျှို့ဝှက်တွေလိုမျိုးပေါ့... မူလ အဆင့်ကို ရောက်ဖို့ ပိုခက်ခဲလေပါပဲ... ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဝိညာဉ်ရဲ့ အရည်အသွေး နိမ့်ကျလေလေ မှန်ကန်တဲ့ ကျင့်ကြံခြင်း နည်းလမ်းတွေနဲ့ ကောင်းကင်ဘုံက ပေးအပ်တဲ့ ပစ္စည်းတွေ လိုအပ်လေပါပဲ..."

"မူလ အဆင့်က ပုံမှန်အားဖြင့် အာရင် မြေကြီးရှန့်ထိုအဆင့်ကို ကျော်လွန်ပြီးတဲ့ ကျင့်ကြံသူတွေသာ စတင်ပြီးတော့ ကြိုးစားကြတဲ့ အဆင့်တစ်ခု ဖြစ်ပါတယ်... ဒါကို အသေးစိတ်ရှင်းပြဖို့ ခက်ပါတယ်... ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါတွေအားလုံးကို ဒီဆေးအနှစ်ရဲ့ ဖန်တီးရှင် အာရုဏ်ဦး အာဏာရှင် အင်ပါယာဝေ့ ကိုယ်တိုင် ကျွန်မကို ပြောပြခဲ့တာပါ"

မည်သူမျှ ထိုစကားများကို ကောင်းစွာ နားမလည်နိုင်မီ၊ မေးခွန်းများ မမေးနိုင်မီမှာပင် ထျန်းရှောင်ချွမ်းက ဆက်လက်၍ ပြောလိုက်သည်။

"အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်နဲ့ ပတ်သက်ပြီး ရှင်တို့ အားလုံး နားလည်ဖို့ ခက်လိမ့်မယ် ထင်တယ်... ဒါပေမဲ့ ဒါကိုတော့ ကျွန်မ ပြောပါရစေ... အချိန်ကြာလာတာနဲ့အမျှ၊ ပိုပြီး ကြီးမားတဲ့ ကန့်သတ်ချက်တွေဆီကို ရောက်လာတာနဲ့ အမျှ အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်ရဲ့ တန်ဖိုး အပေါ် ရှင်တို့တွေရဲ့ နားလည်မှုက တိုးလာမှာပါ"

"အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်မှာ အကျိုးသက်ရောက်မှု နှစ်မျိုးရှိပါတယ်... ပထမ တစ်မျိုးက ဒီဆေးအနှစ်ကို လူတစ်ဦးရဲ့ ခန္ဓာကိုယ်ပေါ်မှာ လိမ်းတာ၊ ရေထဲ ဖျော်ပြီး စိမ်တာ၊ ဒါမှမဟုတ်လည်း ထျန်းတျန် ဧရိယာမှာ တိုက်ရိုက် လိမ်းတာပဲဖြစ်ဖြစ်... အဲဒီလို လိမ်းလိုက်ခြင်းအားဖြင့် ဒီအနှစ်က သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့် ကျင့်ကြံခြင်းဝိညာဉ်ကို မူလအဆင့် အဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲတိုးတက်အောင် ကူညီပေးပါလိမ့်မယ်"

"မူလအဆင့်ကို သေမျိုးအဆင့်ကလိုပဲ အဆင့်ဆယ်ဆင့် ခွဲခြားနိုင်ပါတယ်... ပထမအဆင့်ကနေ သေမျိုး မိုးကုပ်စက်ဝိုင်း အဆင့် အထိ လိုပေါ့လေ... ဒီအနှစ်ကို ဆက်တိုက် လိမ်းကျံခြင်းအားဖြင့် ကျင့်ကြံသူက တခြားနည်းလမ်းတွေ မလိုအပ်ဘဲ အနည်းဆုံး မူလ အဆင့်သုံးကို ရောက်ရှိနိုင်ပါတယ်... ဒါပေမဲ့ တစ်ခု သတိပြုရမှာက ကျင့်ကြံခြင်းအဆင့် မြင့်လေလေ၊ အလားတူ အကျိုးသက်ရောက်မှု ရရှိဖို့အတွက် ဆေးအနှစ် ပိုလိုအပ်လေလေပါပဲ"

"ဒုတိယမြောက် အကျိုးသက်ရောက်မှုအနေနဲ့ကတော့... အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်မှာ ငြိမ်သက်နေတဲ့ မန်နာ အမျိုးအစား သင်္ကေတတွေ ပါဝင်ပါတာပါပဲ... ဆေးအနှစ်တွေကို စုပ်ယူလိုက်ခြင်း အားဖြင့် မန်နာ အမျိုးအစား လမ်းစဉ်ကို နားလည်အောင် ကျင့်ကြံသူတွေကို ကူညီပေးနိုင်ပါတယ်"

"ကြယ်တာရာ သခင်တွေ အတွက်ဆိုရင် ဒါက သူတို့ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းတဲ့ အခါမှာ လမ်းစဉ်ကို တစ်ဆင့် မြှင့်တင်ပေးနိုင်တဲ့ အခွင့်အလမ်းကို တိုးစေပါလိမ့်မယ်... မြေကြီးရှန့်ထိုအဆင့်အောက် လျှို့ဝှက် အာဏာရှင်တွေ အတွက် ဆိုရင် သူတို့ ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက် လမ်းစဉ် အရေအတွက်ကို တစ်ဆင့် မြှင့်တင်ပေးနိုင်ပါတယ်... မန်နာ လမ်းစဉ်ကို သူတို့ နားမလည်သေး သရွေ့ပေါ့... “

ထျန်းရှောင်ချွမ်းက အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်၏ အကျိုးသက်ရောက်မှုများကို အသေးစိတ် မရပ်မနားပင် ရှင်းပြသွားခဲ့သည်။

ဧဒင်ကမ္ဘာ အတွင်းရှိ တစ်နေရာတွင်တော့ စန်းယွန်းလီ၏ ပတ္တမြား ရတနာ အလား မျက်လုံးများမှာ မယုံကြည်နိုင်မှု၊ ထိတ်လန့်မှုတို့နှင့် အတူ ပေါက်ကွဲ ထွက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"ဒါက တကယ့်ကို ရူးသွပ်စရာ ကောင်းလွန်းတယ်..."

ရှေးဟောင်း ဝိညာဉ်က ပင့်သက်တစ်ချက် ရှိုက်ရင်း ဆိုလိုက်၏။

“လောကမှာ အဲဒီလို လုပ်ပေးနိုင်တဲ့ အဂ္ဂိရတ် ထုတ်ကုန်ရော ရှိရဲ့လား…”

စန်းယွန်းလီက သံသယ ဖြစ်စွာဖြင့် မေးလိုက်သည်။ မူလ အဆင့်ကို ချီးမြှင့် ပေးနိုင်သည့် အပြင် လျှို့ဝှက် လမ်းစဉ် တစ်ခုကိုပင် ပေးအပ်နိုင်စွမ်း ရှိခြင်း… ထိုအာနိသင်နှင့် သက်ရောက်မှုများက အမှန်တကယ် ရူးသွပ်စရာ ကောင်းလွန်းလှသည်။

“ဒီလို အကျိုးသက်ရောက်မှုတွေကို တုပနိုင်တဲ့ အဂ္ဂိရတ်ထုတ်ကုန် တော်တော်များများ ရှိပါတယ်… ဒါပေမဲ့ နားလည်ဖို့ ခက်တာက ဘယ်လိုလုပ်ပြီး နဝမအဆင့် ဖြစ်နေရတာလဲ ဆိုတာပဲ… မူလ အဆင့် ဖြစ်ပေါ်အောင် ဒါမှမဟုတ်လည်း လျှို့ဝှက် လမ်းစဉ် အပေါ် နားလည်မှု တစ်ခု တိုးလာအောင် အတင်းအကျပ် မြှင့်တင်ပေးနိုင်တဲ့ ငါ သိသမျှ ထုတ်ကုန်အားလုံးက လျှိုဝှက် မြေကြီး ဒါမှမဟုတ်လည်း လျှို့ဝှက်လောက အဆင့် တွေချည်းပါပဲ…"

"..."

စန်းယွန်းလီ ရှေးဟောင်း ဝိညာဉ် ပြောသည့် အချက်အလက်များကို နားလည်အောင် ကြိုးစားလိုက်သော်လည်း ခေါင်းကိုက်လာသလိုသာ ခံစားလိုက်ရသည်။

"အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်ကိုတော့ ကျွန်မတို့ သရုပ်ဖော် ပြသနိုင်မှာ မဟုတ်ပါဘူး… အကြောင်းရင်းကိုတော့ အားလုံး သိပြီးသား ဖြစ်မှာပါ… ဆေးအနှစ်ရဲ့ အဓိက ပါဝင် ပစ္စည်းတွေထဲက တစ်ခုဖြစ်တဲ့ ကောင်းကင်ဓာတ်တော်က အရမ်းကို ရှားပါးတဲ့ ရင်းမြစ်တစ်ခု ဖြစ်လို့ပါပဲ…”

“ဒါပေမဲ့ ထာဝရ အစည်းအရုံးဟာ ကောင်းကင်ဓာတ်တော် နှစ်ခုကို ပိုင်ဆိုင်ထားတဲ့ အတွက် သူတို့သာ ကူညီ ပေးမယ် ဆိုရင်… ကျွန်မတို့ ဘက်ကနေ ဆေးအနှစ်နဲ့ ကောင်းကင် ဓာတ်တော် နှစ်ခုကို တစ်ပြိုင်နက်တည်း သန့်စင်ပြီး ခြားနားတဲ့ အကျိုးသက်ရောက်မှုတွေကို နှိုင်းယှဉ် သရုပ်ပြသနိုင်ပါတယ်"

ထျန်းရှောင်ချွမ်းက ထာဝရ နတ်ဘုရားဘက်ကို ကြည့်ကာ ပြုံးရင်း ကြေညာလိုက်၏။ ဝေ့ဝူယင်က ၎င်းမှာ လူများ၏ သံသယကို ချေဖျက်နိုင်ရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်ကြောင်း သူမကို ပြောဆိုထားခဲ့သည်။

ထိုအခိုက်၌ လူအများအပြား၏ အမြင်တွင် ကောင်းကင်ဓာတ်တော်မှာ ဤဆေးအနှစ်ထက် ပိုမို၍ အဖိုးတန်သည်ဟု ယူဆနေကြသည်။ ၎င်းကို ဆေးအနှစ်တစ်ခု အဖြစ် ဖန်တီးလိုက်သည်မှာ အချည်းနှီး ဖြစ်လွန်းသည် ဟု ခံစား နေကြရသည်။

မည်သို့ပင် ဆိုစေ… အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်မှာ သေမျိုး အဆင့်ကိုး ထုတ်ကုန်တစ်ခုမျှသာ ဖြစ်ပြီး ကောင်းကင်ဓာတ်တော် ကတော့ လျှို့ဝှက် ဆန်းကြယ်သည့် တည်ရှိမှု တစ်ခုကနေ ဖြစ်ပေါ်လာသည့် ရှေးဟောင်း ပစ္စည်းတစ်ခု ဖြစ်သည်။ မြေကြီး ရှန့်ထိုများပင်လျှင် ၎င်းကို ဝိုင်းကာ လုကြရသည်။

ကျင့်ကြံသူ မြောက်မြားစွာ၏ အကြည့်များက ထာဝရ နတ်ဘုရား ထံသို့ ရွေ့သွားခဲ့ကြသည်။

"..."

ထာဝရ နတ်ဘုရားမှာ ထျန်းရှောင်ချွမ်းကို စိုက်ကြည့်နေခဲ့၏။ ထိုမှတစ်ပါး သူက တုန့်ပြန်ခြင်း မပြုချေ။

ထာဝရ နတ်ဘုရားထံမှ စူးစူးရဲရဲ အကြည့်များကို ခံစားမိသည့်တိုင် ထျန်းရှောင်ချွမ်းမှာ စိတ်ပူခြင်း မရှိချေ။ အခြားသူများ ကဲ့သို့ပင် သူမမှာ ဝေ့ဝူယင် နှင့် ထာဝရ အစည်းအရုံး ကြားမှ အာဃာတကို ကောင်းစွာ သိရှိထားသည်။ ထိုအာဃာတမှာ သက်တံ့ကောင်းကင်နှင့် ဘီလီယံနှင့်ချီသော နေထိုင်သူများကို သေဆုံးစေခဲ့သည့် ထာဝရ နတ်ဘုရား၏ တိုက်ခိုက်မှုမှ စတင်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဝေ့ဝူယင် သေဆုံးသွားတာ သေချာစေရန် အတွက် ထာဝရ နတ်ဘုရားမှာ မည်သည့် အချိန် ပြောင်းပြန်လှန်ခြင်း စွမ်းအားကိုမှ အသုံးမပြုခဲ့ပေ။

သို့သော်လည်း ဝေ့ဝူယင်ကတော့ ရှင်သန်ခဲ့သည်။ အပြစ်မဲ့ သက်ရှိပေါင်း များစွာသာလျှင် မတရားသေဆုံးခဲ့ကြရသည်။

ထိုအချိန်မှ စ၍ ဝေ့ဝူယင်နှင့် ထာဝရ အစည်းအရုံးတို့ ကြားတွင် တင်းမာမှုနှင့် ယှဉ်ပြိုင်မှုများ ဆက်တိုက် ဆိုသလိုပင် မြင့်တက် လာခဲ့သည်။ ဝေ့ဝူယင်မှာ ထာဝရ နတ်ဘုရားနှင့် ထာဝရ အစည်းအရုံးတို့ကို ပစ်မှတ်ထား၍ ထိုးနှက်ခြင်းများ ပြုလုပ်ခဲ့ကာ၊ နယ်ပယ်အသီးသီးတွင် အနိုင်ယူဖို့ ကြိုးစားခဲ့သည်။ အကြမ်းမဖက် နည်းလမ်းဖြင့် ချေမှုန်းခဲ့သည်။

အကယ်၍ စန်းလော့ယန်သာ အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်း မရှိခဲ့ပါက ထာဝရ အစည်းအရုံးနှင့် ထာဝရ နတ်ဘုရား၏ အခြေအနေမှာ ယခုထက် အဆပေါင်း များစွာ ပိုမို ဆိုးရွား နေမည်မှာ သေချာသည်။

ကံမကောင်းစွာပင်… ဝေ့ဝူယင်၏ ထာဝရ အစည်းအရုံးအပေါ် အကြီးမားဆုံး ထိုးနှက်မှုကိုတော့ လူအနည်းငယ်သာ သိရှိကြပေသည်။ ထိုထိုးနှက်မှုမှာ အလွန်အမင်း ပြင်းထန်လွန်းရကား… ထာဝရ နတ်ဘုရား၏ နှလုံးသားမှာ မီးတောင်ပေါင်း တစ်ထောင် ပေါက်ကွဲသလို ဒေါသမျိုးဖြင့် တောက်လောင်နေခဲ့သည်။

"ပြဿနာတစ်ခုခု ရှိလို့လားရှင်…"

ငြိမ်သက်နေသည့် ထာဝရ နတ်ဘုရားကို ကြည့်ကာ ထျန်းရှောင်ချွမ်းက စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"ထာဝရ အစည်းအရုံးဘက်မှာ ဆုံးရှုံးမှုတွေ ကြုံတွေ့ရမှာကိုတော့ မစိုးရိမ်ပါနဲ့… အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်က နှိုင်းယှဉ်မှု လုပ်ငန်းစဉ်မှာ အသုံးပြုမယ့် ကောင်းကင် ဓာတ်တော် ပမာဏ တစ်ခုချင်းစီတိုင်း အတွက် တန်ဖိုး ဆယ်ဆကို ပေးချေပါ့မယ်လို့ အာမခံ ထားပါတယ်..."

"..."

ထာဝရ နတ်ဘုရားမှာ တိတ်ဆိတ်နေဆဲ ဖြစ်သော်လည်း ပရိသတ်များကတော့ မျှော်လင့်ချက်များဖြင့် ဆူညံနေခဲ့ပြီ ဖြစ်သည်။ နဝမအဆင့် ထုတ်ကုန်၏ အကျိုး သက်ရောက်မှုများကို မျက်မြင် တွေ့ရမည် ဆိုလျှင်တော့ သူတို့ ဝေ့ဝူယင် ပြောသည့် အာနိသင်ကို လက်ခံကောင်း လက်ခံနိုင်လိမ့်မည် ဖြစ်သည်။

"ဪ..."

ရုတ်တရက်… သတင်း အချက်အလက် တစ်ခုကို အချိန်နှင့် တစ်ပြေးညီ ရရှိလိုက် သကဲ့သို့ ထျန်းရှောင်ချွမ်း၏ မျက်ဝန်းများက စိတ်လှုပ်ရှားမှုများနှင့် တောက်ပသွား၏။ ထို့နောက် သူမက ထာဝရ နတ်ဘုရားကို ကြည့်ကာ ပျော်ရွှင်စွာဖြင့် ကြေညာလိုက်လေသည်။

"အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်က ကောင်းကင်ဓာတ်တော်ရဲ့ တန်ဖိုးကို အဆတစ်ထောင် အထိတောင် အဖိုးတန် ရင်းမြစ်တွေ သို့မဟုတ် ကုန်ကြမ်းတွေနဲ့ ပေးချေမယ်လို့ ကမ်းလှမ်းလိုက်ပါပြီ…”

“ကောင်းကင်ဓာတ်တော်ရဲ့ တန်ဖိုးကို ကျွန်မတို့ ကမ္ဘာရဲ့ ထိပ်တန်း အကဲဖြတ်သူ တစ်ဦးဖြစ်တဲ့ အင်ပါယာ အကြံပေးက လျှို့ဝှက်မြေကြီး အမတေ ကျောက်တုံး ၅၃၀,၀၀၀ သတ်မှတ်ထားတာ မလို့ ထာဝရ နတ်ဘုရား ဘက်ကနေ ပရိသတ်ရဲ့ ဆန္ဒကို လိုက်လျောဖို့အတွက် လုံလောက်မယ်လို့ မျှော်လင့်ပါတယ်"

"ဝိုး..."

ပရိသတ်များမှ ထံမှ အုတ်အုတ်ကြွပ်ကြွပ် အသံများ ထွက်ပေါ်လာခဲ့၏။

ထျန်းရှောင်ချွမ်းက လှပစွာ ပြုံးလိုက်ရင်း နောက်ဆုံး သံမှိုကို ထပ်ရိုက်လိုက်သည်။

"လိုအပ်ရင် အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်ဘက်ကနေ ကောင်းကင်ဘုံ ကျိန်စာ ကျိန်ဆိုဖို့တောင် ဆန္ဒရှိပါတယ်"

***

All Chapters