← Chapters

လာဗန်ဒါ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်

Vol. 103 Ch. 1438

လာဗန်ဒါ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်

Vol. 103 Ch. 1438

“သူ… သူက…”

မူယုယ၏ အရောင်နှစ်မျိုး နှစ်စား ကွဲပြား ခြားနားနေသည့် မျက်ဝန်းများမှာ ထိတ်လန့်စွာ ပြူးကျယ် နေခဲ့၏။ စင်မြင့်ထက်၌ ရှိနေသည့် မိန်းကလေးမှာ လျှို့ဝှက် ကြယ်တာရာ အဆင့်တွင်ပင် ရှိနေသေးဆဲ ဖြစ်သည်။ သို့သော်လည်း သူမ၏ အော်ရာက အလွန်တရာပင် တောက်ပလှကာ အနည်းဆုံး နှစ်ပေါင်း တစ်ထောင် သက်တမ်းကို ပိုင်ဆိုင်ထားကြောင်း ထင်ရှားပေသည်။ သူမမှာ လျှို့ဝှက် ခြေချခြင်းတွင် ဆုံးရှုံးခဲ့သည့် အသက်အင်အား ၈၀၀ ကို ပြန်လည် ရရှိခဲ့ရုံမျှသာ မက အပိုဆု တချို့ပါ သိမ်းပိုင်နိုင်ခဲ့ဟန် ရသည်။

"ဒါက......"

စန်းလော့ယန်မှာလည်း ထိုပုံရိပ်ကို မှတ်မိသွားကာ အံ့အားသင့် နေခဲ့၏။

တစ်ချိန်တစ်ခါက ထိုမိန်းကလေးမှာ ထာဝရ အစည်းအရုံး၏ လူငယ် အဂ္ဂိရတ် ပညာရှင်များစွာကို ဆက်တိုက် စိန်ခေါ် အနိုင်ယူကာ တစ်လောကလုံးကို လှုပ်ခတ် စေခဲ့ဖူးသည်။ သို့သော်လည်း အဆိုပါ လုပ်ရပ်များကြောင့်ပင် အစည်းအရုံးက သူမကို နာမည်ပျက် စာရင်းသွင်းကာ နှင်ထုတ်ခဲ့သည်။ မိန်းကလေးထံတွင် အင်ပါယာ မျိုးနွယ်ထံ ထွက်ပြေး ခိုလှုံရန်မှလွဲ၍ အခြား ရွေးချယ်စရာမရှိခဲ့ပေ။

သို့သော်… အင်ပါယာ မျိုးနွယ်ကို ရောက်သော အခါတွင်လည်း သူမ၏ အလှတရားက ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ ထိုနေရာတွင် ထာဝရ အစည်းအရုံးလို စည်းမျဉ်းစည်းကမ်းများ မရှိပါချေ။ သူမအား မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဖြစ်သည့် လာဗန်ဒါ အဂ္ဂိရတ် အာဏာရှင် ဟွမ်ရီကောင်းက လိုချင်ခဲ့သည်။ သူမက ငြင်းပယ်ခဲ့သည်။ အကျိုးဆက် အနေဖြင့်… နောက်တစ်ကြိမ် လမ်းဘေး ရောက်ခဲ့ရပြန်သည်။

အကယ်၍ ခေါင်းမာခြင်းနှင့် မာနကြီးခြင်းတို့ ကြောင့်ဟာ မဟုတ်ပါက… သူမမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်းတွင် အဂ္ဂိရတ် လျှို့ဝှက် ဝိညာဉ်ကို တတိယမြောက် ပိုင်ဆိုင်သည့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်ပင် ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

ပထမမြောက်နှင့် ဒုတိယမြောက် အဂ္ဂိရတ် လျှို့ဝှက် ဝိညာဉ် ပိုင်ရှင်များကတော့ ထာဝရ ဧကရာဇ်နှင့် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထိုတို့မှ တစ်ပါး အခြား မည်သူ ဖြစ်နိုင်တော့မည်နည်း။

ထျန်းရှောင်ချွမ်းက သူမ၏ ရောထွေးနေသည့် စိတ်ခံစားချက်များ ဖုံးကွယ်ထားကာ ရှင်းလင်းစွာပင် ကြေညာလိုက်လေတော့သည်။

“မှန်ပါတယ်… သူက လာဗန်ဒါအာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် လော့နင်ပါပဲ…”

လော့နင်…

ထိုနာမည်မှာ လူအများစု သိရှိ ထားကြသည့် နာမည်တစ်ခု ဖြစ်သည်။

အထူးသဖြင့် လွန်ခဲ့သည့် ရာစုနှစ်ပေါင်း များစွာက ကျင်းပခဲ့သော ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲဝင် မျိုးဆက်မှ ပုဂ္ဂိုလ်များ ဆိုလျှင် ပို၍ပင် သိကြသည်။

ထာဝရ အစည်းအရုံး၏ လူငယ် မျိုးဆက်များကို အဂ္ဂိရတ် တိုက်ပွဲများတွင် အကြိမ်ကြိမ် ရှုံးနိမ့်စေခဲ့သူ…

တော်ဝင် အင်ပါယာ မျိုးနွယ်၏ ပြည်နှင်ဒဏ်ခံခဲ့ရသူ…

ထို့အပြင် သူမမှာ ပထမဆုံးနှင့် တစ်ဦးတည်းသော အဂ္ဂိရတ် ဝိညာဉ် ပိုင်ရှင် လေလွင့် ကျင့်ကြံသူလည်း ဖြစ်သည်။

သို့သော်လည်း… လော့နင်၏ အမည်မှာ မကြာသေးမီက ကျင်းပခဲ့သည့် မဟာစက်ဝန်း ရှန့်ထို ညီလာခံတွင်မှ ပြန်လည် တစ်ခေတ်ဆန်း လာခဲ့ခြင်း ဖြစ်သည်။ ညီလာခံတွင် ဝေ့ဝူယင်က သူမကို လမ်းညွှန်သူ အဖြစ် မမျှော်လင့်ဘဲ ရွေးချယ်ခဲ့သည်။ ထို့နောက် သူမကို ထိရောက်စွာ အသုံးချစွာ ပြိုင်ပွဲ တစ်ခုလုံးကို အနိုင်ယူခဲ့သည်။

သို့သော်လည်း လော့နင်မှာ ထိုအချိန်မှစ၍ အဖြစ်အပျက်များအားလုံးနှင့်အတူ ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ လူများက လော့နင်ကို မာနကြီးသည့်၊ ခေါင်းမာသည့်၊ လိုက်လျော ညီထွေ မနေတတ်သည့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် အဖြစ် တံဆိပ်ကပ်ထားကြသည်။ တစ်ချို့ကလည်း သနားစရာ သတ္တဝါတစ်ဦးအဖြစ် ရှုမြင်ကြသည်။

လောနင်မှာ အဂ္ဂိရတ် လမ်းစဉ်တွင် အလွန် ပါရမီ မြင့်မားကာ ထာဝရ ဧကရာဇ်၏ ခြေရာကိုပင် နင်းနိုင်ခဲ့သူ ဖြစ်သည်။ သို့သော်လည်း လူတစ်ဦး၏ အောင်မြင်မှုတွင် ပါရမီမှာ အဓိက အချက်မဟုတ်ကြောင်း သူမက သူတို့ကို နားလည်စေခဲ့သည်။

နှစ်ကြိမ်တိုင်တိုင် အမည်ပျက် စာရင်းသွင်းခံရပြီးနောက် လော့နင်၏ ပါရမီများမှာ မှေးမှိန်သွားခဲ့ကာ သူမ တစ်ချိန်က အနိုင်ယူခဲ့သူများကတော့ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများကို ရယူနိုင်ခဲ့ကြသည်။

သူတို့က လျှို့ဝှက် အာဏာရှင်များ ဖြစ်လာကြကာ သေမျိုးတစ်ဦး မမျှော်လင့်နိုင်သည့် စွမ်းအားနှင့် သက်တမ်းကို ရရှိခဲ့ကြသည်။ သူတို့ထဲမှ တစ်ဦး ဆိုလျှင် ထာဝရ အစည်းအရုံး၏ လက်အောက်တွင် အဂ္ဂိရတ် အာဏာရှင် တစ်ယောက်ပင် ဖြစ်လာခဲ့သည်။

တစ်ချိန်တစ်ခါက လော့နင်မှာ လူတကာ ငေးမောခဲ့ရသည့် အလှပဂေးတစ်ဦး ဖြစ်ခဲ့သည်။ ထိပ်တန်း အဆင့် အရည်အချင်းနှင့် ရုပ်ရည်တို့ကြောင့်ပင် သူမကို လိုချင်သူများ တန်းစီနေခဲ့သည်။ အကယ်၍ သူမသာ ခေါင်းမမာခဲ့ပါက လက်ရှိ အချိန်တွက် အဂ္ဂိရတ် ရှန့်ထို တစ်ပါးပင် ဖြစ်နေမည်လား မပြောတတ်ပါချေ။ ကံဆိုးစွာဖြင့်ပင်...

သို့သော်လည်း… ယခုတွင်တော့ သူမမှာ ဤနေရာသို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ အဆုံးမဲ့ အမှောင် ဟင်းလင်းပြင် အတွင်းရှိ လများနှင့် ကြယ်များကဲ့သို့ပင် တဖျပ်ဖျပ် တောက်ပနေပြီး ငယ်ရွယ်စဉ် အခါတုန်းကလို ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

သူမ၏ အသားအရေတွင် အရေးအကြောင်းနှင့် အစက်အပြောက်များ တစ်ခုပင် မရှိပါချေ။ ထို့အပြင် သူမ၏ ကျောရိုးက မတ်နေကာ မျက်လုံးများမှာလည်း ရွှန်းလဲ့စွာ တောက်ပရင်း ကြွယ်ဝလှသည့် အသက်ဓာတ်ကို ဖော်ညွှန်းနေသည်။

သူမက အဂ္ဂိရတ် စားပွဲ တစ်ခု၏ ရှေ့တွင် ရှိနေကာ လက်ဟန် မုဒြာ တစ်ခုကို ဖော်ဆောင် ထားသည်။ စားပွဲပေါ်တွင်တော့ လျှို့ဝှက်အဆင့် မှော်သန့်စင် ဆေးအိုး တစ်ခု အပါအဝင် အထောက်အကူပြု ပစ္စည်းများစွာ ရှိနေခဲ့၏။ နောက်ဆုံး၌… တက်ရောက်လာသူ အားလုံး အမှန်တရားကို သဘောပေါက် သွားခဲ့ကြပြီ ဖြစ်သည်။

"သူက ရပ်တန့်နေတာလား"

မှန်၏။ လော့နင်၏ လှုပ်ရှားမှုအားလုံးမှာ ရပ်တန့်လုနီးပါး နှေးကွေးနေသည်။ သူမမှာ အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်၏ အကျိုးသက်ရောက်မှုနှင့် ဆင်တူသော အခြေအနေ တစ်ခုတွင် ရှိနေသည်။

ထျန်းရှောင်ချွမ်းက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။

"ပရိသတ်များရှင်... ဒါဟာ အဂ္ဂိရတ် ပြပွဲ ဖြစ်တဲ့အတွက် ဒီနယ်ပယ်ရဲ့ စွမ်းရည်တွေကို ထုတ်ဖော် မပြဘူး ဆိုရင် ဘယ်လို အဓိပ္ပာယ် ရှိမှာလဲ... ဒါကြောင့်မလို့ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်က ပြပွဲကို ရှင်တို့ရဲ့ ဘဝ တစ်သက်တာလုံး အမှတ်ရနေစေမယ့် အဂ္ဂိရတ်ပညာရပ် သုံးခုနဲ့ ကောင်းချီးပေးဖို့ စီစဉ်ထားပါတယ်...”

"ပထမဆုံး အနေနဲ့ကတော့ ရှင်တို့အားလုံး သိကြတဲ့အတိုင်း အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်က အဂ္ဂိရတ် အင်ပါယာ သုံးဆယ့်သုံးဦးကို ဂရုတစိုက် သင်ကြားပေးခဲ့ပြီး တစ်ချိန်တည်းမှာပဲ သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို တက်လှမ်းစေခဲ့ပါတယ်... ဒါဟာ အံ့မခန်း စွမ်းဆောင်ချက်တစ်ခုပါပဲ... ဟုတ်တယ်မလား"

ထျန်းရှောင်ချွမ်းက ပြုံးရွှင်စွာဖြင့် မေးမြန်းလိုက်၏။

“မှန်ပါတယ်...”

“ဒါက ကျုပ်မြင်ဖူးသမျှ အခမ်းနားဆုံး မြင်ကွင်းပါပဲ...”

ပရိသတ်များထံမှ ဆူညံသည့် အားပေးသံများ ထွက်ပေါ်လာခဲ့သည်။ ထိုခမ်းနားသည့် မြင်ကွင်းနှင့် အံ့မခန်း စွမ်းဆောင်ရည်ကို သူတို့ မည်ကဲ့သို့ မေ့နိုင်ပါမည်နည်း။

ဝေ့ဝူယင်မှာ ဖီဆန် ဖန်တီးခြင်း အစည်းအရုံး၏ ဟက်တာ အာရုဏ်ဦး အဂ္ဂိရတ် အဖွဲ့ နာမည်ကို တစ်ကြိမ်သာ ကြေညာခဲ့သည်တိုင် ထိုစွမ်းဆောင်ရည် တစ်ခုတည်းဖြင့်ပင် သူတို့ အားလုံး၏ စိတ်ထဲတွင် စွဲထင်နေအောင် လုပ်ဆောင်ခဲ့သည်။

“အခု လော့နင်က အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်ကို ဖော်စပ် ဖန်တီးပြမှာလားဗျ...”

ရောင်စဉ်လှိုင်း အဂ္ဂိရတ် အာဏာရှင်က မေးလိုက်၏။ ဧကရီက ဆဋ္ဌမမြောက် ကောင်းချီးမှာ ‘ပြသခြင်း’ ဟု ဆိုခဲ့သည်။ ၎င်းမှာ အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်အား တင်ဆက် အပြီးတွင် ပေါ်လာခြင်း ဖြစ်လေရာ ထိုဆေးအနှစ်အား ဖော်စပ်သည့် နည်းလမ်းအား ပြသခြင်းဟု တွေးထင်စရာ ရှိပေသည်။

“ဒီလောက်ရိုးရှင်းနေမယ် ဆိုရင် ဘယ်လိုလုပ်ပြီး မမေ့နိုင်စရာ မြင်ကွင်း ဖြစ်မှာလဲ...”

ထျန်းရှောင်ချွမ်းက နှစ်လိုဖွယ် ပြုံးလိုက်၏။ သူမ၏ စကားလုံးများနှင့် အမူအရာများက ပရိသတ်များ၏ စိတ်ဝင်စားမှုများကို ပိုမို၍ မြင့်တက်သွားစေခဲ့သည်။ ထျန်းရှောင်ချွမ်းက အလွန့်အလွန် နှေးကွေးစွာ ရွေ့လျားနေသည့် လော့နင်ကို လှမ်းကြည့်လိုက်၏။ သူမ၏ မျက်ဝန်းများထဲတွင် မယုံကြည်နိုင်ခြင်းနှင့် မသေချာ၊ မရေရာသည့် အငွေ့အသက် တစ်ချို့က ဖျပ်ခနဲ တောက်ပသွားခဲ့သည်။

“ပထမဆုံး အနေနဲ့ ဒီအဂ္ဂိရတ် ပညာသယ် မိန်းကလေးရဲ့ ဘဝ လမ်းခရီး အကြောင်းကို ပြန်လည်ပြီးတော့ ပြောပြချင်ပါတယ်...”

ဧကရီက အစပျိုးလိုက်ရင်း လော့နင်၏ ငယ်ဘဝမှ စတင်ကာ မိတ်ဆက် ပြောပြလိုက်တော့သည်။ မိန်းကလေးမှာ ငယ်စဉ်ကတည်းက အဂ္ဂိရတ် လမ်းစဉ်တွင် အလွန် ထူးချွန်သည်။ သူမက ဒဏ္ဍာရီလာ ထာဝရ ဧကရာဇ်နှင့် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် အာဏာရှင်တို့၏ လမ်းစဉ်ကို လိုက်ဖို့ ကြိုးပမ်းခဲ့သည်။ ထို့နောက်တွင်တော့ ရုန်းကန်မှုများ ပြည့်နှက်နေသည့် ဘဝ ခရီးလမ်းကြောင်း တစ်ခုကို လျှောက်လှမ်းခဲ့ရသည်။

ပရိသတ်များမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားကာ စိတ်ဝင်တစား နားထောင်နေကြသည်။ မိန်းမလှလေးကို တိုက်ရိုက်ကြည့်ကာ သူမ၏ ဇာတ်လမ်းအား နားထောင်နေရခြင်းက အလွန် စိတ်ဝင်စားစရာ ကောင်းသည့် အတွေ့အကြုံ ဖြစ်ပေသည်။

မှန်ပေ၏။ အကယ်၍ လော့နင်သာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည့် အဘွားအို တစ်ဦး အဖြစ် ဆက်လက် တည်ရှိနေမည် ဆိုပါက မည်သူမှ သူမ၏ ဇာတ်ကြောင်းကို စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယခုတွင်တော့ သူမ၏ အလှတရားမှာ ပိုမို ကြီးမားသော စိတ်ခံစားမှုများကို လှုံ့ဆော်ပေး နေခဲ့လေသည်။ လူငယ် ကျင့်ကြံသူလေးများ ဆိုလျှင် သူမအတွက်ပင် စိတ်ထိခိုက် ခံစားခဲ့ကြရသည်။

လော့နင်၏ ဘဝဇာတ်ကြောင်းကို ရှင်းပြနေစဉ်အတွင်း ထာဝရ အစည်းအရုံး၏ ဂုဏ်သတင်းမှာ နောက်ထပ် ထိခိုက်စရာ တစ်ခုကို ရရှိခဲ့ပြန်သည်။ အဘယ်ကြောင့်နည်း။ သူတို့က အံ့မခန်း အရည်အချင်းရှိသော ပါရမီရှင် တစ်ဦးကို ရက်စက်စွာ နှိမ်နင်းခဲ့ကြောင်း ပေါ်လွင်ခဲ့သောကြောင့်ပင်။

တဖြည်းဖြည်းနှင့် လူများမှာ လော့နင်၏ ရှု့ထောင့်ဘက်မှ စတင်ကာ မြင်လာခဲ့ကြ တော့သည်။

***

All Chapters