လော့နင်
Vol. 103 Ch. 1439
စန်းလော့ယန်မှာ မရေမတွက်နိုင်သည့် လူများထံမှ အကြည့်များကို ခံစားမိလေရာ စိတ်ထဲတွင် မခံချိ မခံသာ စတင် ခံစား လာခဲ့ရ၏။
လော့နင်၏ ဇာတ်လမ်းကို အရင်တည်းက လူတိုင်း သိရှိခဲ့ပြီး ဖြစ်သည်။ ငယ်ရွယ်စဉ် အခါတည်းက သူမမှာ အလွန် မောက်မာကာ ထာဝရ အစည်းအရုံး အတွင်းရှိ လူတိုင်းကို မလေးမစား ပြုမူ ဆက်ဆံခဲ့သည်။ မကြာခဏ ဆိုသလို ပြိုင်ဘက်များကို ဟာသလုပ်ကာ အကြီးအကဲများကိုလည်း တန်ပြန် မေးခွန်းထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။
သေမျိုး အဂ္ဂိရတ် အာဏာရှင်များက တပည့် အဖြစ် လက်ခံပါမည်ဟု ကမ်းလှမ်းခဲ့သည့်တိုင် သူမက အကြိမ်ကြိမ် ပယ်ချခဲ့သည်။ သူမကိုယ် သူမ နောက်ထပ် ထာဝရ ဧကရာဇ် တစ်ယောက် ဖြစ်လာလိမ့်မည်ဟုပင် စိတ်ကြီးဝင်နေခဲ့ကာ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ သို့မဟုတ်လည်း ထာဝရ နတ်ဘုရား ကိုယ်တိုင် ကမ်းလှမ်းမှသာ တပည့်ဖြစ်ရန် လက်ခံမည်ဟု ကြေညာခဲ့သည်။ မရှက်စတမ်း ဝန်ခံရပါက ထာဝရ အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူးချုပ် သူကိုယ်တိုင်ပင်လျှင် ငြင်းပယ်ခံခဲ့ရသည်။
ကံဆိုးစွာပင်... ထိုအခိုက်၌ ထျန်းရှောင်ချွမ်း ကိုယ်တိုင် ပြောနေသည့် ဇာတ်လမ်းနှင့် ညှိုးငယ်သည့် မျက်နှာအမူအရာများက ပရိသတ်များ၏ တစ်ဖက်သတ် သနားခြင်းကို ဆွဲဆောင်ထားခဲ့သည်။
ဤသို့ဖြင့် သူမမှာ အင်ပါယာ မျိုးနွယ် အတွင်း ဝင်ရောက်ခဲ့သည်။ သို့သော်လည်း... ကလန်သား တစ်ချို့မှာ သူမ၏ ပါရမီထက် အလှအပများကိုသာ ကွက်၍ မြင်ခဲ့ကာ ဟွမ်ရီကောင်းထံ ကိုယ်လုပ်တော် အဖြစ် ဆက်သလိုခဲ့ကြသည်။ ထိုအတွက် ဘက်ပေါင်းစုံမှ ဖိနှိပ်မှုများ ခံစားခဲ့ရသော်လည်း လော့နင်မှာ လက်နက်ချရန် ငြင်းဆန်ခဲ့သည်။
ယနေ့ မတိုင်ခင် အချိန် အထိ... လူတချို့၏ အမြင်တွင် မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး၏ ကိုယ်လုပ်တော် ဖြစ်ရခြင်းမှာ အဂ္ဂိရတ် ရှန့်ထို တစ်ယောက်လို မြင့်မြတ်သည့် ဂုဏ်ထူးဆောင် ရာထူးတစ်ခုနှင့် တန်းတူကောင်း တူနိုင်ခဲ့သော်လည်း၊ ဟွမ်ရီကောင်း၏ အခြေအနေ မသိရခြင်းနှင့် ဝေ့ဝူယင်ကို စော်ကားခဲ့ခြင်း တို့ကြောင့်ပင်... လော့နင်၏ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း အော်ဟစ် အားပေးခဲ့ကြသည်။
ထျန်းရှောင်ချွမ်း ပြောပြခဲ့သည့် ဇာတ်လမ်းမှာ အလွန် ဆွဲဆောင်မှုရှိသည်။ သူမက အချို့ အချက်အလက်များကို အနည်းငယ် ကပြောင်းကပြန် ပြုလုပ်ခြင်း သို့မဟုတ် မသိမသာ မြှင့်တင်ခြင်းမျိုး ပြုလုပ်ထားခဲ့သည့်တိုင် မည်သူကမျှ ငြင်းပယ်နိုင်ခြင်း မရှိခဲ့ပေ။ ငြင်းပယ်လိုလျှင်ပင် သူတို့၏ အသံများကို ထိုအခိုက်၌ ရည်ရွယ်ချက်ရှိရှိ ပိတ်ဆို့ထားလေရာ အခြားလူများ ကြားနိုင်ရန် နည်းလမ်းမရှိခဲ့ပေ။
ဤသို့နှင့် မဟာ စက်ဝန်း ရှန့်ထို ညီလာခံတွင် ဟွမ်ရီကောင်းမှာ သူမကို တုလင် အတွက် လမ်းညွှန်သူ အဖြစ် ရွေးချယ်ပေးခဲ့သော အခါတွင်တော့ လော့နင်နှင့် ဝေ့ဝူယင်၏ ကံကြမ္မာ ဆုံဆည်းမှုမှာ စတင်ခဲ့တော့သည်။
"...အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်က သူရဲ့ အလားအလာကို မြင်ခဲ့တယ်... အဲ့ဒီနေ့ သူ့ကို တွေ့တွေ့ချင်းမှာပဲ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာအောင် လုပ်ပေးမယ်လို့ ကျိန်ဆိုခဲ့တယ်... အခုအချိန်မှာ လာဗန်ဒါ အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်ဟာ အဲ့ဒီ ကျိန်ဆိုမှု အတိုင်း ရှင်တို့ အားလုံးရှေ့မှာ ရပ်တည်နေခဲ့ပါပြီ"
ထျန်းရှောင်ချွမ်းက ကြေညာလိုက်ရင်း လော့နင်ဘက်သို့ ညွှန်ပြလိုက်၏။ ထိုအခိုက်တွင်ပင် လော့နင်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့ကာ၊ မျက်လုံး တစ်ဖက်ချင်းစီတွင် တောက်ပသော ကြယ် ခုနစ်လုံးက ညင်သာစွာ လှည့်ပတ်နေသည်ကို မြင်တွေ့လိုက်ရလေတော့သည်။
သေမျိုးဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများ...
၎င်းတို့မှာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ပါး ဖြစ်လာခြင်း၏ အထင်ရှားဆုံးသော နိမိတ်လက္ခဏာပင် ဖြစ်လေတော့သည်။
လူတိုင်း၏ အသက်ရှူသံများ ရင်ဘတ်ထဲတွင်ပင် ဆို့နစ်သွားခဲ့ကြ၏။ ထိုအထဲတွင် သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ချို့လည်း အပါအဝင် ဖြစ်သည်။ ဝေ့ဝူယင်မှာ သူမကို သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်လာစေရမည်ဟု ကတိပေးရုံသာမက၊ သူမ လျှို့ဝှက် ကြယ်တာရာ အဆင့်တွင် ရှိနေစဉ်ပင် ထိုသို့ ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
သေမျိုး အဂ္ဂိရတ် အင်ပါယာ သုံးဆယ့်သုံးဦးကို မွေးထုတ်ပေးခဲ့သည်မှာ အံ့အားသင့်စရာ ကောင်းသော်လည်း ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် အမွေအနှစ်၊ နောက်... အာရုဏ်ဦး လေပွေဇုန် ဆေးတောင့်၏ အကူအညီတို့ဖြင့် ဆိုပါက မဖြစ်နိုင်သော အရာမဟုတ်ဟု ယူဆနိုင်သည်။
ဝေ့ဝူယင်မှာ အသက် တစ်ရာ မပြည့်ခင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အဆင့်ကို တက်လှမ်းခဲ့သည့် ခရီးလမ်းတွင် ထိုဆေးတောင့်ကို အသုံးပြုခဲ့ဖွယ် ရှိလေရာ သူ၏ အစစ်အမှန် အသက်အရွယ်ကို သံသယရှိသူ များစွာပင် ရှိသည်။
"ပရိသတ်များရှင်... ဒီနေ့ ကျွန်မ ရှင်တို့ကို ပြသသွားမှာကတော့..."
ထျန်းရှောင်ချွမ်း၏ လေသံက စကားလုံး တစ်လုံးချင်းစီတိုင်း၌ ပိုမို၍ မြင့်မားလာခဲ့လေရာ ပရိသတ်များ၏ နှလုံးခုန်သံများမှာ ပိုမို မြန်ဆန်လာခဲ့ပြီး အာရုံစူးစိုက်မှုများမှာလည်း တဖြည်းဖြည်း မြင့်တက် လာခဲ့လေသည်။ သို့သော်လည်း စကားအဆုံးမသတ်ခင်မှာပင် သူမက တိခနဲ ရပ်လိုက်ကာ လက်ဖျောက် တစ်ချက် တီးလိုက်၏။
ဖောင်း...
ရုတ်ချည်းပင် ပူဖောင်းတစ်ခု ပေါက်ထွက်သွားသကဲ့သို့ လော့နင်နှင့် သူမ၏ အဂ္ဂိရတ် စားပွဲကို ဝန်းရံထားသည့် အလင်းလုံးမှာ ပေါက်ကွဲထွက် သွားခဲ့တော့သည်။
ဆေးတောင့်၏ အာနိသင် ပျက်ပြယ်သွားသည်နှင့် အမျှ လော့နင်၏ လှုပ်ရှားမှုများမှာ ပုံမှန် အနေအထားသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သူမက ထူးခြားသော ထိန်းချုပ်မှုဖြင့် လက်ဟန် မုဒြာများကို ဆက်တိုက် ဖန်တီးနေကာ အဂ္ဂိရတ် စွမ်းအင်များကို မှော်သန့်စင် ဆေးအိုး အတွင်း လောင်းထည့် နေခဲ့သည်။ သူမ ပိုင်ဆိုင်ထားသည့် အဂ္ဂိရတ် စွမ်းအင် သန့်စင်မှုမှာ မြေကြီး ရှန့်ထို တစ်ပါးထက် မနိမ့်ကျချေ။ ထိုအရာက အဂ္ဂိရတ် ဝိညာဉ် ပိုင်ဆိုင်ထားခြင်း၏ အကျိုးကျေးဇူးများပင် ဖြစ်သည်။
ဘုန်း...
ရုတ်ချည်းပင် အလွန်တရာ တောက်ပလှသည့် ခရမ်းရောင် အလင်းတန်းများမှာ မှော်သန့်စင် ဆေးအိုး အတွင်းမှ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။
တစ်ချိန်တည်းတွင်ပင် ဧဒင်ကမ္ဘာ တစ်လျှောက်နှင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ အတွင်းရှိ အမှောင် ဟင်းလင်းပြင် အတွင်းတွင် လျှို့ဝှက် သင်္ကေတများစွာ ထွန်းလင်း ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့မှာ လူတိုင်း၏ ပတ်ဝန်းကျင်တွင် လွင့်လူး ကူးခပ် နေကြလေ၏။
"မဖြစ်နိုင်ဘူး..."
စန်းလော့ယန်၏ မျက်လုံးများက ပြူးကျယ်လာ၏။ စန်းယွန်းလီ၏ အသက်ရှူသံများမှာလည်း ရပ်တန့် သွားခဲ့သည်။ သူတို့နှစ်ဦးစလုံး ဤဖြစ်ရပ်ကို ကောင်းစွာ သိရှိပေကြသည်။
အစစ်အမှန် မြေကြီး အသိအမှတ်ပြုခြင်း...
တစ်ချိန်လုံး တည်ငြိမ်နေသည့် ထာဝရ နတ်ဘုရား၏ အမူအရာသည်ပင် ပြောင်းလဲသွားကာ မျက်ဝန်းများထဲတွင် မသေချာ မရေမရာဖြစ်မှုများ ဖြစ်ပေါ်လာသည်။
အဘယ်ကြောင့်နည်း။
ထိုအရာက လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုကို ဖန်တီးနေသည့် ရှေ့ပြေး လက္ခဏာ ဖြစ်ခြင်းကြောင့်ပင် ဖြစ်လေသည်။
သင်္ကေတများမှာ လေထုထဲတွင် ထင်ရှားစွာ ပေါ်လွင်နေကာ ခိုဖြူများ ပျံဝဲသကဲ့သို့ ကမ္ဘာနှစ်ခုစလုံးတွင် ကခုန်နေကြ၏။ ၎င်းတို့မှာ လွတ်လပ်ပြီး လျင်မြန်ကြသည်။ လှပပြီး စွဲမက်ဖွယ်ကောင်းသည်။ ရုပ်ခန္ဓာနှင့် နှလုံးသားကို ဖမ်းစားပြီး အစစ်အမှန် ဝိညာဉ်ကိုပင် သိမ်းပိုက်နိုင်သည့် မြင်ကွင်းတစ်ခု ဖြစ်သည်။
“အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲကို တက်ရောက်လာတဲ့ လူကြီးမင်း အပေါင်းတို့ရှင်...”
ထျန်းရှောင်ချွမ်း၏ အသံက မိုးကောင်းကင်ယံကို ရောက်သည် အထိ ပိုမို၍ ဟိန်းတက်လာခဲ့၏။ လေထုထဲ၌ ပျံဝဲနေသည့် သင်္ကေတများ သဖွယ် သူမက လက်များကို ကောင်းကင်သို့ မြှောက်တင်လိုက်ရင်း ...
"ကျွန်မ အခု တင်ပြမှာကတော့ ဆဋ္ဌမမြောက် ကောင်းချီးဖြစ်တဲ့ လာဗင်ဒါ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို မွေးဖွားခြင်းပဲ ဖြစ်ပါတော့တယ်...”
ထိုအခိုက်၌ ထျန်းရှောင်ချွမ်းမှာ သူမ၏ နှုတ်မှ ထွက်ပေါ်လာသည့် စကားများကိုပင် ယုံကြည်နိုင်စွမ်း မရှိပါတော့ချေ။ သို့သော်လည်း... မှိန်ဖျော့နေသည့် သင်္ကေတများ ပိုမိုခိုင်မာလာနေသည့် မြင်ကွင်းက လော့နင် တစ်ယောက် အဂ္ဂိရတ် တာအို၏ နောက်ဆုံးအဆင့် ဖြစ်သည့် ပေါင်းစည်းခြင်းသို့ ချဉ်းကပ်လာနေသော လက္ခဏာပင် ဖြစ်လေသည်။
လျှို့ဝှက်နယ်မြေ အတွင်း၌ ဝေ့ဝူယင်က လက်ဟန် ချိပ်စည်း တစ်ချို့ကို ပုံဖော် လိုက်၏။ ရုတ်ချည်း ဆိုသလိုပင် မယုံနိုင်စရာ ကောင်းလောက်အောင် အစွမ်းထက်သည့် စွမ်းအားတစ်ခု ပေါ်ထွက်လာကာ ကျင့်ကြံသူ အားလုံး၏ အာရုံများကို ဧဒင်ကမ္ဘာနှင့် ချိတ်ဆက်ပေးလိုက်သည်။
များလှစွာသော ကျင့်ကြံသူများ အံ့အားသင့်ကာ အသက်ရှူရပ်သွားကြသည်။ လောကနယ်မြေနှင့် တိုက်ရိုက် ချိတ်ဆက်နေသည့် ခံစားချက်က သူတို့ကို လွှမ်းခြုံထားသည်။ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူများမှာ သူတို့ နားလည်နိုင်စွမ်း မရှိသည့် စွမ်းအားတစ်ခုကို ခံစားခဲ့ကြရ၏။ အကျိုးဆက် အနေဖြင့် လောက၏ စွမ်းအင်များ၊ အမတေများနှင့် မန်နာတို့အပေါ် သူတို့၏ အာရုံခံစားမှုများမှာ ယခင်ကထက် ပိုမို၍ ရှင်းလင်းလာခဲ့သည်။
ကြယ်တာရာ အမြုတေ အဆင့်များ... အထူးသဖြင့် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်များနှင့် အောက်များသည်လည်း အလားတူပင် တုန်လှုပ်သွားခဲ့ကြသည်။ ထိုအခိုက်၌ သူတို့ အားလုံး၏ စိတ်များမှာ ရှုပ်ထွေး နေကြသော်လည်း ကျင့်ကြံခြင်း၏ အကြီးမြတ်ဆုံး ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်သော အစစ်အမှန် ရှန့်ထို မြေကြီး နိုးထခြင်း အကြောင်းကို ခံစားသိရှိရန် နောက်ထပ် မည်သည့်လုပ်ဆောင်မှုမျှ ပြုလုပ်ရန် မလိုအပ်တော့ပေ။
လော့နင်၏ မျက်နှာအမူအရာမှာ အလွန်လေးနက်နေခဲ့၏။ သူမက ကိုယ်လုပ်ဆောင်ရမည့် အလုပ်ကိုသာ လုံးဝ အာရုံစိုက်နေခဲ့သည်။ သူမ၏ လက်များက ဝေ့ဝူယင် သင်ကြားပေးခဲ့သည့် ပေါင်းစည်းမှု နည်းလမ်း အတိုင်း အတိအကျပင် လိုက်လံ ဆောင်ရွက်နေသည်။
ချွေးစများက သူမ၏ နဖူးနှင့် လည်ပင်းတို့ကို ဖုံးလွှမ်းနေကာ နူးညံ့သော လက်ကလေးများနှင့် နားထင်တို့တွင် သွေးကြောမျှင်လေးများပင် ထွက်ပေါ်လာခဲ့သည်။ သူမက မေးရိုးကို တင်းတင်းကြိတ်ထားကာ မျက်လုံးများမှာ စိတ်စွမ်းအင်များ အလင်းများနှင့် တောက်လောင်နေသည်။ ဖန်တီးနေသည့် အဂ္ဂိရတ် ထုတ်ကုန်ကို မပျက်စီးစေရန် အတွက် သူမက ဝိညာဉ်အာရုံ အသုံးပြုခြင်းကို ရှောင်ရှားရန် ကြိုးပမ်းနေကြောင်း ထင်ရှားပေသည်။
ဝေ့ဝူယင်မှာ ဧဒင်လောကနှင့် ပရိသတ်များ အကြား ဆက်သွယ်မှု တစ်ခု တည်ဆောက်ခဲ့ပြီး နောက်တွင် လော့နင်ထံသို့ ပြန်လည်၍ အာရုံစိုက်လိုက်သည်။ ချောင်စွေ့ဖုန်းမှာ သူမ၏ အောင်မြင်မှု အခြေအနေကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။
၎င်းမှာ သူမ၏ ၁၃ ကြိမ်မြောက် ကြိုးစားမှုဖြစ်ပြီး ထိုကာလ တစ်လျှောက်လုံး အာရုံဦး လေပွေဇုန် ဆေးတောင့်ကို အသုံးပြု၍ အချိန်အချိုးအစားကို ၁၀း၁ မှ ၁၀၈း၁ အထိ မြှင့်တင်ထားသည်။ ဆိုလိုသည်က လက်တွေ့ကမ္ဘာတွင် တစ်ရက် ကြမည် ဆိုလျှင် သူမ အတွက် ရက်ပေါင်း တစ်ရာ့ရှစ်ရက် အချိန် ရှိပေသည်။
လော့နင်မှာ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ကြေညာပြီးသည့် အချိန်ကတည်းက စလို့ ထိုထုတ်ကုန်ကို စတင် ဖန်တီးနေခဲ့ခြင်း ဖြစ်သည်။ အချိန် စီးဆင်မှု ယန္တရား အတိုင်း အတိအကျ ဆိုရပါမူ သူမမှာ လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော်ကတည်းက ထိုထုတ်ကုန်ကို ဖန်တီးနေခဲ့ခြင်းဖြစ်သည်။ ဤနှစ်ပေါင်း လေးဆယ်ကျော် ကာလအတွင်း သူမမှာ အကြောင်းအမျိုးမျိုးကြောင့် အဆင့်အမျိုးမျိုးတွင် ဆယ့်နှစ်ကြိမ် ဆက်တိုက် ကျရှုံးခဲ့ပြီး တစ်ကြိမ်ချင်းစီ၏ နောက်ပိုင်းတွင် ချောင်စွေ့ဖုန်းထံမှ ညွှန်ကြားချက်များကို ပြတ်တောင်းပြတ်တောင်း လက်ခံရရှိလာခဲ့သည်။
တစ်ချို့သော အချိန်များ၌ ဝေ့ဝူယင်မှာ သူမ ခံစားနေရသည့် အချိန် ကွဲလွဲမှုကြောင့် ဖြစ်ပေါ်လာသော ယာယီ ဖျားနာမှုကို ကုသရန် သူ၏ သာမည အချိန် ဥပဒေကိုပင် အသုံးပြုခဲ့ရသည်။
ထိုဖျားနာမှုမှာ အချိန် စီးဆင်းမှုများအား အလွန်အကျွံ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတတ်သည့် ပြဿနာ တစ်ရပ် ဖြစ်သည်။ အချိန်သင်္ကေတကို ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထို တစ်ယောက်သာလျှင် အချိန် စီးဆင်းမှုအား အလွန်အကျွံ အသုံးပြုခြင်းကို ကိုင်တွယ်နိုင်ပေလိမ့်မည်။ ကံကောင်း ထောက်မစွာပင် သူမထံတွင် ဝေ့ဝူယင် ရှိနေလေရာ သောကြောင့် ယင်းကပင် ပိုမိုကောင်းမွန်သော ရွေးချယ်စရာပင် ဖြစ်ခဲ့ပေသည်။
***