ဆဋ္ဌမမြောက် ကောင်းချီး
Vol. 103 Ch. 1437
လောက၌ ကျိန်ဆိုခြင်း သုံးမျိုးရှိသည်။ ၎င်းတို့မှာ ဝိညာဉ် ကျိန်ဆိုခြင်း၊ လျှို့ဝှက် ကျိန်ဆိုခြင်းနှင့် ကောင်းကင်ဘုံ ကျိန်ဆိုခြင်းတို့ ဖြစ်သည်။ ထိုသုံးခုထဲ၌ ကောင်းကင်ဘုံ ကျိန်စာကို ချိုးဖောက်ရန် ကြောက်စရာ အကောင်းဆုံး ဖြစ်သည်။ အသက်သာဆုံး အနေဖြင့် သင့်အသက်ကို ချမ်းသာပေးနိုင် သော်လည်း ကောင်းကင်ဘုံ၏ အမျက်ဒေါသကို အဆိုးရွားဆုံး ခံစားရမည် ဖြစ်ကာ အဆုံးမဲ့ ကံဆိုးခြင်းများကို ဆက်တိုက် ကြုံတွေ့ရလိမ့်မည်ဟု လူသိများသည်။
ရွှေရောင် ဂိတ်တံခါး နန်းတော်တွင် ကောင်းကင်ဘုံ ကျိန်စာကို ချိုးဖောက်ပြီး ပြင်ပ အကူအညီ တစ်ခုဖြင့် အသက်ရှင် ကျန်ရစ်သူများကို လိုက်လံ သတ်ဖြတ်သည့် မုဆိုးများပင် ရှိခဲ့သည်။ ထိုကဲ့သို့သော ကောင်းကင် ရာဇဝတ်သားများကို ခိုလှုံခွင့် ပေးသည့် မျိုးနွယ်စုများပင် လုံးဝ ချေမှုန်းခံခဲ့ရသည်။
အာရုဏ်ဦး အာဏာရှင် ဧကရာဇ်ဘက်ကတော့ အဆုံးစွန်စွာ ကမ်းလှမ်း နေခဲ့ပြီ ဖြစ်သည်။ လူများစွာမှာ ထာဝရ နတ်ဘုရားဘက်မှ တုန့်ပြန်မှုကို မျှော်လင့်တကြီး စောင့်စား နေကြ၏။ သို့သော်လည်း ထာဝရ အစည်းအရုံး၏ ထိုဒု-ခေါင်းဆောင်မှာ လက်ရှိ အချိန်ထိ တုတ်တုတ်မျှ မလှုပ်သေးသည်ကို တွေ့လိုက်ရသည်။
“...”
သံသယလှိုင်းလုံးများက လူများ အကြားတွင် စတင်ကာ နေရာယူ လာခဲ့ကြ၏။
ထာဝရ နတ်ဘုရားမှာ အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်က ကောင်းကင် ဓာတ်တော်ထက် ပိုမို အစွမ်းထက်သည်ကို သိရှိနေ၍ မထုတ်ဝံ့သည်လား…။ သို့မဟုတ် ခိုးယူခံရမည်ကို ကြောက်ရွံ့လား။
ထာဝရ နတ်ဘုရား အပေါ် ထိုမျှ ရက်စက်စွာ တိုက်ခိုက်နေသည်ကို ကြည့်ရင်း စန်းလော့ယန်မှာ ဝေ့ဝူယင်အား လေးစားမိသည့် အပေါ် ရှက်ရွံ့မိသလိုပင် ခံစားလိုက်ရသည်။
အထူးသဖြင့် ကောင်းကင်ဓာတ်တော်များမှာ ခိုးယူ ခံလိုက်ရပြီး ဖြစ်သည်။ ထာဝရ နတ်ဘုရားက ၎င်းတို့ကို မည်ကဲ့သို့ ထုတ်ပေး နိုင်မည်နည်း။
အဆုံးစွန်ထိ တွန်းပို့ ခံနေရသည့်တိုင် ထာဝရ နတ်ဘုရား မည်မျှ တည်ငြိမ်နေသည်ကို ကြည့်ရင်း စန်းလော့ယန် စိတ်ထဲမှ လေးနက်စွာ ချီးကျူး လိုက်မိသည်။
နောက်ဆုံးတွင် ထျန်းရှောင်ချွမ်းက မျက်နှာ ညှိုးငယ်စွာဖြင့် သက်ပြင်း တစ်ချက် ချလိုက်၏။
"ထာဝရ နတ်ဘုရားဘက်က ကျွန်မတို့ကို မယုံကြည်နိုင်တာ သဘာဝ ကျပါတယ်… ကောင်းကင်ဓာတ်တော် မပျောက်ရှဖို့ အတွက် ကျွန်မတို့ဘက်က ကတိကဝတ် တစ်ခုပေးဖို့ လိုအပ်ပါသလား… ဒါမှမဟုတ် ထာဝရ နယ်မြေအထိ အစောင့်အရှောက်နဲ့ ပြန်ပို့ပေးရမလား… ရှင့်ဘက်က လိုချင်တဲ့ လိုအပ်တဲ့ အခြေအနေကို ပြောနိုင်ပါတယ်”
သို့သော်လည်း… ထာဝရ နတ်ဘုရားကတော့ မည်သို့မျှ မတုံ့ပြန်ဘဲ ရှိနေဆဲဖြစ်သည်။
“...”
ထျန်းရှောင်ချွမ်း၏ ဆက်တိုက် အလျှော့ပေးမှုများ ကြားမှပင် ထာဝရ နတ်ဘုရားမှာ ဆက်လက် တိတ်ဆိတ် နေလေရာ လူများမှာ သံသယများ စတင် ဖြစ်ပေါ်လာခဲ့၏။
ထိုအရာများက လုံလောက်မှု မရှိသည်လား။ သို့မဟုတ်… ထာဝရ နတ်ဘုရားက ကောင်းကင်ဓာတ်တော်များကို အသုံးပြုပြီးသွားသည်လား။
ထိုကဲ့သို့ဆိုလျှင်လည်း ထာဝရ နတ်ဘုရားမှာ ပြောလိုက်ရုံသာ မဟုတ်ပေဘူးလား။
စန်းလော့ယန် သက်ပြင်းတစ်ချက် ချလိုက်၏။ ထာဝရ နတ်ဘုရားမှ ကောင်းကင်ဓာတ်တော် များ၏ အခြေအနေနှင့် ပတ်သက်ပြီး လိမ်ညာ ပြောဆိုခြင်းဖြင့် ဝေ့ဝူယင်၏ ထောင်ချောက် အတွင်း သက်ဆင်းလိမ့်မည် မဟုတ်ကြောင်း သူ သိပေသည်။ ထိုကဲ့သို့ ပြောလိုက်သည်နှင့် ဝေ့ဝူယင်က ချက်ချင်း ခုန်ဝင်ကာ သက်သေပြဖို့ တောင်းဆိုလိမ့်မည် ဖြစ်သည်။
ထိုအရာက မည်သည့် နည်းလမ်းနှင့်မျှ ရှောင်လွှဲလို့မရသည့် အခြေအနေ တစ် ဖြစ်သည်။ တိတ်ဆိတ်နေခြင်း ကသာလျှင် သူ့အတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်သည်။
ထိုအရာက သံသယနှင့် ကောလာဟလများကို ဖြစ်ပေါ်စေမှာ သေချာသည့်တိုင် မည်သည့် ထောင်ချောက်မျိုးကို မဆို ရှောင်လွှဲနိုင်လိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်မှာ ထိုအရာ အားလုံးကို လျှို့ဝှက် နယ်မြေထဲမှ နေ၍ ကြည့်နေခဲ့သည်။ ထာဝရ နတ်ဘုရား၏ အလွန်တရာ တည်ငြိမ်လှသည့် တုန့်ပြန်ပုံကို ကြည့်ရင်း သူ စိတ်ထဲမှ အထင်ကြီး နေမိသည်။ သို့သော်လည်း သု၏ ငွေရောင် မျက်လုံးတွေထဲတွင်တော့ သတ်ဖြတ်လိုစိတ်များက နေရာယူ နေခဲ့၏။
ကျဉ်းထဲကြပ်ထဲ ရောက်ရှိ နေသည့် အခြေအနေမျိုးတွင်ပင် တည်ငြိမ်စွာ နေထိုင်နိုင်သူများမှာ အန္တရာယ်အရှိဆုံး လူများ ဖြစ်သည်။
နောက်ထပ် ကမ်းလှမ်းမှုအနည်းငယ် ထပ်မံ ပြုလုပ်ပြီးနောက် ထျန်းရှောင်ချွမ်းက အချိန် မဖြုန်းတော့ဖို့ ဆုံးဖြတ်လိုက်သည်။
"ကြည့်ရတာ ထာဝရ နတ်ဘုရားဘက်က ဆန္ဒ မရှိဘူးလို့ ထင်ပါတယ်… ကောင်းကင် ဓာတ်တော်ဟာ အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်နဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ တွေးနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်… ဒါကြောင့် ဆက်ပြီး မပြောတော့ပါဘူး..."
"..."
ထျန်းရှောင်ချွမ်းက လိမ္မာ ပါးနပ်စွာပင် အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်၏ အကျိုးသက်ရောက်မှုများကို ကောင်းကင် ဓာတ်တော်၏ အထက်တွင် တိတ်တဆိတ် ထားရှိလိုက်သည်။ လူအများအပြားမှာ ထာဝရ နတ်ဘုရား ငြင်းဆိုလိမ့်မည်ဟု မျှော်လင့် ထားခဲ့ကြသော်လည်း… လူအိုကြီးမှာ ဆိတ်ဆိတ် နေခြင်းဖြင့် ဝန်ခံနေသကဲ့သို့ ပြုမူ နေလေရာ ထိုအပြုအမူက လူတိုင်းကို အံ့အားသင့်စေသည်။
အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်က ထိုမျှလောက် အံ့မခန်း ဖြစ်နေသည်လား။
အကျိုးဆက် အနေဖြင့် အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ် အပေါ် လူများ၏ လိုချင်စိတ်များမှာ ပိုမို ကြီးထွားလာခဲ့ကာ ထိပ်သီး လူငယ် ပါရမီရှင် များစွာမှာလည်း ၎င်းအား ရရှိနိုင်မည့် အလားအလာကို မျှော်လင့်လာခဲ့ကြတော့သည်။
"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ မိစ္ဆာလဲ"
စန်းလော့ယန်က စိတ်ထဲမှ သက်ပြင်း တစ်ချက် ချလိုက်မိသည်။
ဝေ့ဝူယင်၏ လှုပ်ရှားမှုများမှာ ထာဝရ နတ်ဘုရား၏ ဂုဏ်သတင်းကို ထိခိုက်စေခဲ့ရုံ မျှသာ မက တစ်ချိန်တည်းတွင် သူ့ ဆေးအနှစ်၏ အရေးပါမှုကိုလည်း မြှင့်တင်ပေးဖို့ လုံလောက်ခဲ့သည်။
ပို၍ ထိတ်လန့်စရာကောင်းသည့် အရာကား… သူက ထျန်းရှောင်ချွမ်းကို နှုတ်ခမ်းလှလှလေး အဖြစ် အသုံးချကာ ကိုယ်တိုင်ပင် ပါဝင် လှုပ်ရှားခဲ့စရာ မလိုအပ်ခဲ့ခြင်း ဖြစ်သည်။
"သောက်လောဘအိုး ကလိမ်ကကျစ် အဘိုးကြီး..."
စန်းယွန်းလီ ထာဝရ နတ်ဘုရားကို ကြည့်ကာ စိတ်ထဲမှ ကျိန်ဆဲ လိုက်၏။
ကောင်းကင်ဓာတ်တော် အကြောင်းကို ပြန်စဉ်းစားမိသည့် အခါတိုင်း သူမ၏ နှလုံးသားထဲတွင် ဒေါသများမှာ အဆုံးမရှိ ပေါက်ကွဲ ထွက်လာစမြဲ ဖြစ်သည်။ အကယ်၍ အချိန် အလုံအလောက်သာ ရခဲ့မည် ဆိုလျှင် သူမ ပိုင်ဆိုင်ထားသည့် လျှို့ဝှက် နည်းလမ်းများဖြင့် ကောင်းကင်ဓာတ်တော်ကို သန့်စင်ကာ မူလ အဆင့် ခုနစ်လောက် အထိကိုပင် သူမ ကျင့်ကြံနိုင်ခဲ့လိမ့်မည် ဖြစ်သည်။
ထျန်းရှောင်ချွမ်း၏ အဆို အရ… အာရုဏ်ဦး မူလကောင်းကင် ဆေးအနှစ်မှာ မူလ အဆင့်သုံးကိုသာ ပေးစွမ်းနိုင်စွမ်း ရှိသည်ဟု ဆိုသည်။ ၎င်းက သူမ၏ နည်းလမ်းများကို မယှဉ်နိုင်သည်မှာ ရှင်းလင်းပေသည်။
သူမ၏ အမြင်အရ ဆိုလျှင်… ထာဝရ နတ်ဘုရားမှာ ကောင်းကင်ဓာတ်တော်၏ အစစ်အမှန် တန်ဖိုးကို သိရှိကာ သရုပ်ပြမှု တစ်ခု အတွက် တစ်စွန်းတစ်စကိုမျှပင် မဖြုန်းတီးချင်ရုံ သက်သက် ဖြစ်သည်။ ၎င်း၏ အဖိုးထိုက်တန်မှုများကို သာမန် ရင်းမြစ်များနှင့် နှိုင်းယှဉ်လို့ မရနိုင်ပါချေ။
"ကဲ… အချိန်လည်း အတော်လင့် သွားပြီ ဆိုတော့ အစီအစဉ်ရဲ့ နောက်တစ်ပိုင်းကို စတင်ပါတော့မယ်… ဒါဟာ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည် ပြပွဲရဲ့ ဆဋ္ဌမမြောက် ကောင်းချီး ဖြစ်ပါတယ်… အကျိုးကျေးဇူးကတော့ ပြသခြင်း ပါပဲ..."
ထျန်းရှောင်ချွမ်းက တက်ကြွစွာ ပြောလိုက်ရင်း နောက်ဘက်ကို ညွှန်ပြလိုက်သည်။
သူပ၏ လှပသည့် လက်ချောင်း ရှည်ရှည် သွယ်သွယ်လေးများမှာ ဝိညာဉ် အလင်းတန်းများနှင့် တဖျပ်ဖျပ် လှုပ်ရှားသွားခဲ့ကာ မီတာ ဒါဇင် အနည်းငယ်ခန့် အကွာတွင် ခရုပတ်ပုံစံ အလင်းလုံးတစ်လုံး ပေါ်လာခဲ့သည်။
ဝမ်… ဝမ်…
တဒင်္ဂ အတွင်းမှာပင် အလင်းလုံးက ပိုမို၍ ကြီးမားလာကာ တောက်ပသော ဝိညာဉ် အလင်းတန်းများနှင့် လင်းလက် လာခဲ့သည်
ဘုန်း…
ထို့နောက်တွက်တော့… ကြောက်မက်ဖွယ် အရှိန်အဟုန် တစ်ခုမှာ ဧဒင်ကမ္ဘာ အတွင်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။
“ဘာကြီးလဲ…”
မြောက်မြားစွာသော ကျင့်ကြံသူများ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ အလင်းလုံးကို အာရုံစိုက်ရင်း… သူတို့၏ စိတ်လှုပ်ရှားမှုများက တဖြည်းဖြည်း တိုးပွားလာခဲ့၏။
"အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင်ဝေ့ ကိုယ်စား ဖီဆန်အာရုဏ်ဦး အဖွဲ့ ခေါင်းဆောင်တွေထဲက တစ်ယောက်ကို ထုတ်ဖော် တင်ဆက်ခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်…"
ထျန်းရှောင်ချွမ်းက လက်ခုပ်တီးလိုက်ရာ တောက်ပသော မီးရှူးမီးပန်းများ ပေါက်ကွဲ ထွက်ပေါ်လာကာ ကြည့်ရှုနေသူတိုင်း၏ မျက်လုံးများကို ကျိန်းစပ်သွားစေခဲ့သည်။ ထို့နောက်တွင်တော့ ပရိသတ်များမှာ အလင်းတန်းများ၏ အလယ်တွင် ခရမ်းရောင်ဝတ်စုံနှင့် အသက်ရှူ မှားလောက်အောင် လှပသည့် ပုံရိပ်တစ်ခုကို တွေ့မြင်လိုက်ရလေ၏။
သူမက ပါးလွှာသည့် ဇင်ယော်တောင် မျက်ခုံးများ၊ ကော့ညွှတ်နေသည့် မျက်တောင်များ၊ သေးသွယ်သော နှာတံ၊ ပန်းနုရောင် နှုတ်ခမ်းများနှင့် အပြစ်အနာအဆာ ကင်းသော အသားအရည်တို့ကို ပိုင်ဆိုင်ထား၏။
သူမ၏ ခရမ်းရောင် မျက်လုံးဝိုင်းများကတော့ မည်သည့် ယောက်ျားတိုင်း မဆို၏ နှလုံးသားများကို တဒိတ်ဒိတ် မြည်လာအောင် ထူးခြားသော ဆွဲဆောင်မှုတစ်မျိုးကို ထုတ်လွှတ် နေခဲ့သည်။
သူမက ရင်သားဖွံ့ဖြိုးသည့် မိန်းကလေး တစ်ယောက် မဟုတ်သလို ခန္ဓာကိုယ် အချိုးအစားကျန လှပသည့် မိန်းကလေး တစ်ယောက်လည်း မဟုတ်ချေ။ သို့သော်လည်း ကြည့်ရှုသူတိုင်း၏ မျက်လုံးများထဲတွင် တမူထူးခြားသည်ဟု ခံစားရစေသည့် သွယ်လျလျ ခန္ဓာကိုယ် အချိုးအစား တစ်ခုကို ပိုင်ဆိုင်ထားသည်။
"သူက ဘယ်သူလဲ..."
လူငယ်မျိုးဆက်များ အံ့ဩနေကြချိန်တွင် လူကြီးမျိုးဆက်များကတော့ ဤပုံရိပ်မှာ အလွန် ရင်းနှီးနေသကဲ့သို့ ခံစား နေကြရသည်။ သူမသည် နတ်မိမယ် စာရင်းဝင်များနှင့်ပင် နှိုင်းယှဉ်နိုင်သည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။
“နေဦး…”
အခြားတစ်ဖက်၌… အင်အားစု နှစ်ခုမှ စီနီယာ ကျင့်ကြံသူများကတော့ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြပြီ ဖြစ်လေသည်။ ထိုအင်အားစု နှစ်ခုမှာ ထာဝရ အစည်းအရုံးနှင့် အင်ပါယာ မျိုးနွယ် တို့မှ တစ်ပါး အခြား မည်သူ ဖြစ်နိုင်တော့မည်နည်း။
***