လော့နင် (၂)
Vol. 103 Ch. 1440
လျှို့ဝှက် နယ်မြေ အတွင်း၌... ချောင်စွေ့ဖုန်းမှာ ဖြည်းညင်းစွာ လမ်းလျှောက်ရင်း ဝေ့ဝူယင် နံဘေးသို့ ရောက်ရှိလာခဲ့၏။
"သူသာ အောင်မြင်သွားရင် ဒါက ပရိသတ်တွေ အတွက် တော်တော် ရက်ရောတဲ့ လက်ဆောင် ဖြစ်လိမ့်မယ်..."
သူမက ညင်သာစွာ မှတ်ချက်ပြုလိုက်၏။ ဝေ့ဝူယင် က တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။ အဂ္ဂိရတ် ပညာရှင် တစ်ယောက် အဂ္ဂိရတ် ရှန့်ထို အဆင့်ကို ခြေချခြင်းမှာ ကိုယ်တိုင် ကြုံတွေ့ခွင့်ရသည့် လူများ အတွက် ကံကြမ္မာကောင်း တစ်ခု ဖြစ်ကြောင်း သူ ကောင်းစွာသိပေသည်။
မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ကျင့်ကြံသူများမှာ မကြာသေးခင် နှစ်များကပင် စန်းလော့ယန်၏ အဆင့်တက်မှုမှ တစ်ဆင့် ကံကောင်းမှုများကို ရရှိ ခံစားခဲ့ကြရသည်။
ယခုတွင်လည်း သူတို့မှာ လော့နင်၏ အဆင့်တက်မှုမှ တစ်ဆင့် ကံကြမ္မာကို သိမ်းပိုက်ရန် ကြိုးပမ်းကြ ပေလိမ့်မည်။ သို့သော်လည်း ဝေ့ဝူယင်ကတော့ ၎င်းတို့ကို အရေးပါသည်ဟု မယူဆပေ။ သူ့ အမြင်တွင် အစစ်အမှန် မြေကြီး အသိအမှတ်ပြုခြင်းမှာ ထူးခြားလွန်းသည်ဟု မဆိုနိုင်ပေ။
"အား..."
လော့နင်မှာ အံကြိတ်ကာ ညည်းတွားလိုက်၏။ သူမ၏ ဆေးဖော်စပ်မှုက အောင်မြင်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်ကာ ပေါင်းစည်းရန် နောက်ဆုံးအဆင့်ကို အာရုံစိုက်နေခဲ့သည်။ ထိုလုပ်ငန်းစဉ်မှာ အလွန်ခက်ခဲလှသည်။ ယခင် ကျရှုံးခဲ့မှုများက သူမ စိတ်အတွင်း ပြန်လည် တိုးဝင်လာခဲ့၏။ ဤတစ်ကြိမ်သာ ထပ်မံ ကျရှုံးပါက ဝေ့ဝူယင်က အလွန် စိတ်ပျက်သွားလိမ့်မည် ဖြစ်ကြောင်း သူမ သိပေသည်။
ထို့အပြင် ဤဆယ့်သုံးကြိမ်မြောက် ကြိုးစားမှုက သူမ အတွက် အလွန် အရေးကြီးသည်။ ဤသည်က သူမအပေါ် မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ရာစုနှစ်ချီ အမြင်များကို ပြောင်းလဲ ပစ်နိုင်မည့် အခွင့်အရေး ဖြစ်သည်။ သူမ၏ နှစ်ပေါင်းများစွာ ခေါင်းမာခဲ့မှုများက မှန်ကန်ကြောင်း သက်သေပြရမည့် အချိန်အခါလည်း ဖြစ်သည်။
လော့နင်၏ စိတ်ထဲ၌ အတိတ်မှ ဖြစ်ရပ်များ၊ ဆက်တိုက် ကျရှုံးမှုများနှင့် သံသယများမှာ ပြည့်နှက်နေခဲ့၏။ လက်ရှိအဆင့်ထိ တက်လှမ်းနိုင်ခဲ့သည့်တိုင် သူမ၏ ကြိုးပမ်း အားထုတ်မှုများက လုံလောက်၊ မလုံလောက် မသိလေရာ အခွင့်အရေးမှာ လက်ချောင်းများ ကြားမှ လျှောထွက်သွားနေသလို သူမ ခံစားနေရသည်။
သူမ၏ စိတ်များက ပိုမို၍ ရှုပ်ထွေးလာကာ အလွန်ပင် မငြိမ်မသက် ဖြစ်လာခဲ့၏။ အကျိုးဆက် အနေဖြင့် လေထုထဲရှိ မှိန်ဖျော့ဖျော့ သင်္ကေတများမှာ ပိုမို၍ မှိန်ဖျော့လာကာ လုံးဝ ပျောက်ကွယ်တော့မလို ဖြစ်လာခဲ့သည်။
ထာဝရ နတ်ဘုရား၏ မျက်လုံးများမှာ အလွန်အမင်း တောက်ပလာခဲ့၏။ သူမ ကျရှုံးတော့မည် ဖြစ်သည်။ သူ့နှလုံးသားထဲတွင် ဝမ်းသာ ပျော်ရွှင်မှုများ အလုံးလိုက် အရင်းလိုက် ပေါ်လာခဲ့၏။
လေထုထဲတွင် အစစ်အမှန် မြေကြီး အသိအမှတ်ပြုခြင်း လက္ခဏာများ စတင် ပေါ်လာသည်ကို မြင်တွေ့ခဲ့ရသော အခိုက်၌ ထာဝရ နတ်ဘုရားမှာ ကမ္ဘာကြီး ရုတ်တရက် ရပ်တန့်သွားသလို ခံစားခဲ့ရသည်။ အတိတ်မှာတုန်းက ထိုအဆင့်ကို ရောက်ရှိရန် အတွက် သူ ဂုဏ်သိက္ခာနှင့် ခန္ဓာကိုယ် နှစ်ခုစလုံးကို စွန့်လွှတ်ခဲ့ရသည်။ သို့သော်လည်း ယခုတွင်တော့ ၎င်းကို မာနကြီးပြီး စက်ဆုပ်ရွံရှာဖွယ် အမျိုးသမီး တစ်ဦးက ရရှိသွားတော့မည် ဖြစ်သည်။ သူ မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။
"ဝေ့ဝူယင် သူ့ကို ဘာကူညီနိုင်မှာ မဟုတ်ဘူး"
ထာဝရ နတ်ဘုရား ဝမ်းသာအားရ တွေးလိုက်၏။ အဂ္ဂိရတ် တာအိုမှာ ၎င်း၏ အသိအမှတ်ပြုမှုကို ပေးအပ်ရာတွင် အလွန် တင်းကြပ်သည်။ ပြင်ပ အကူအညီ အနည်းငယ်မျှ ပါဝင်သည်နှင့် ၎င်း၏ ခွင့်ပြုချက်ကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိမ့်မည် ဖြစ်သည်။ အကယ်၍ လော့နင်သာ ဆိုးဆိုးရွားရွား ကျရှုံးသွားခဲ့လျှင် ၎င်းမှာ အဂ္ဂိရတ် ကုန်စည်ပြပွဲတွင် အကောင်းဆုံး အဖြစ်အပျက် ဖြစ်လာလိမ့်မည် ဖြစ်သည်။
စန်းလော့ယန်ကတော့ ထာဝရ နတ်ဘုရား ကဲ့သို့ ခံစားရခြင်း မရှိပါပေ။ လော့နင် ကျရှုံးသည် ဖြစ်စေ၊ အောင်မြင်သည် ဖြစ်စေ... ဝေ့ဝူယင်က သူ၏ မျိုးရိုး အမွေအနှစ်မှာ အဂ္ဂိရတ် ပညာရှင် တစ်ဦးအား ရှန့်ထို အဆင့်ထိ ရောက်အောင် ကူညီနိုင်ကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။ ထိုမျှဖြင့်ပင် ဤအဂ္ဂိရတ် ကုန်စည်ပြပွဲက လုံလောက်နေပြီ ဖြစ်သည်။
အခြားတစ်ဖက်၌ စန်းယွန်းလီ၏ မျက်လုံးများမှာ စိတ်ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေ၏။ သူမက အစဉ်အလာ အတိုင်းပင် လော့နင်၏ နာမည်ကို ကောင်းကင်လမ်းစဉ်စာအုပ်ထဲတွင် ရှာဖွေလိုက်သော်လည်း အရိပ်အယောင် မျှကိုပင် ရှာမတွေ့ခဲ့ချေ။ ဝေ့ဝူယင်မှာ သူမ ကဲ့သို့ပင် အတိတ်မှ ပြန်လည်၍ မွေးဖွားလာသည့် လောကီ ပြန်လည် မွေးဖွားသူ တစ်ယောက် ဖြစ်ကြောင်း စန်းယွန်းလီ ပိုမို၍ သေချာ လာနေခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... အချက်အလက် အားလုံးက ထိုကဲ့သို့ ညွှန်ပြနေခဲ့သည် မဟုတ်ပါလား...။
အခြားသူများက အမျိုးမျိုး တွေးနေ နေချိန်တွင် လောင့်နင်မှာ နောက်ဆုံး အဆင့် ဖြစ်သည့် ပေါင်းစည်းခြင်းကို ထိန်းသိမ်းရန် ရုန်းကန်နေခဲ့သည်။ သူမ၏ အော်ရာက ပျက်စီးခါနီး ပင်လယ်လှိုင်းများလို လှုပ်ယမ်း နေ၏။ အကယ်၍ သတိထားကြည့်မည် ဆိုပါက သူမ၏ မျက်ဝန်းထောင့်မှ ကြည်လင်သော အရည်များ စီးကျလာနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။
၎င်းတို့မှာ သွေးမဟုတ်ဘဲ ဦးနှောက်အရည်ကြည်များ ဖြစ်သည်။ စိတ်စွမ်းအင်များကို အလွန်အကျွံ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဦးနှောက်၏ ပျက်စီးမှု လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ သူမ၏ စိတ်များက တဖြည်းဖြည်း ဝေဝါးလာနေသလို ခံစားလိုက်ရ၏။ မကြာခင် သူမ သတိလစ်တော့မှာ သေချာသလောက် ဖြစ်သည်။
လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုသာ ဖော်စပ်ရ လွယ်ကူမည်လျှင် မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင်တိုင်း လုပ်နိုင်ခဲ့ကြလိမ့်မည် ဖြစ်သည်။
"တောင်းပန်ပါတယ်..."
လော့နင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထို့နောက် အရာအားလုံးကို လွှတ်ချလု ဆဲဆဲမှာပင်...
"တောင်းပန်စရာ ဘာမှမရှိပါဘူး..."
ရုတ်တရက် သူမ၏ ပခုံးပေါ်တွင် ထိတွေ့မှုတစ်ခုကို ခံစားလိုက်ရ၏။ နွေးထွေးမှု တစ်ခုက စီးဝင်လာကာ သူမ၏ အတွေးများထံ တစ်နည်းတစ်ဖုံ သက်ရောက်လာသည်။ လော့နင် နောက်ကို လှည့်ကြည့်လိုက်ရာ ခန့်ညား ချောမောလှသည့် လူငယ်လေး တစ်ဦး၏ ဝေဝေဝါးဝါး ပုံရိပ်ကို မြင်တွေ့လိုက်ရ၏။ သူ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများအတွင်းတွင် အဂ္ဂိရတ် ကြယ်တာရာ ရှစ်လုံးက လှပစွာ လည်ပတ်နေသည်။
"ငါ ဒီလောက်ပဲ လုပ်ပေးနိုင်တယ်... လော့နင်... နင်က အထွတ်အထိပ်ကို ရောက်မယ့် လူတစ်ယောက် ဆိုတာ အားလုံးကို ပြလိုက်ပါ... ဒါက ပထမဆုံး ခြေလှမ်းပဲ ရှိပါသေးတယ်"
အသံက ညင်သာစွာပင် ပြန်လည်၍ မှေးမှိန်သွားခဲ့သည်။ အသံ လုံးဝ ပျောက်ကွယ်သွားချိန်၌ လော့နင်မှာ သူမ ခံစားနေရသည့် ဦးနှောက် နာကျင်မှုများက ပြန်လည် ပျောက်ကင်းသွားပြီး ရှင်းလင်းစွာ တွေးတောလာနိုင်သည်ကို တွေ့ရှိလိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်က အားအနည်းငယ်ကို ပြန်လည် ရရှိလာကာ နှလုံးက အစွမ်းကုန် ခုန်နေခဲ့၏။
"အား...."
သူမက နောက်တစ်ကြိမ် မာန်သွင်း အော်ဟစ်လိုက်ရင်း လက်ဟန် မုဒြာများကို ဖန်တီးကာ အဂ္ဂိရတ် စွမ်းအင်များကို မှော်သန့်စင် ဆေးအိုး အတွင်း လောင်းထည့်လိုက်ရင်း နောက်ဆုံးသော လုပ်ငန်းစဉ်ကို အပြီးသတ်လိုက်သည်။
ဟူး... ဟူး...
ဧဒင်လောက တစ်လျှောက် လေပြင်းများ တိုက်ခတ်သွားသလို ခံစားလိုက်ရကာ မှိန်ဖျော့စ ပြုနေသော သင်္ကေတများ ချက်ချင်းပင် ခိုင်မာလာခဲ့ကြ၏။
"ဘာလဲ..."
ထာဝရ နတ်ဘုရား နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
"သူ အောင်မြင်သွားပြီ..."
ချောင်စွေ့ဖုန်းက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်ဘက်ကို လှည့်ကြည့်လိုက်သော အခိုက်တွင်တော့ သူမ၏ ပျော်ရွှင်မှုများက ချက်ချင်း ပြန်လည် ပြိုကျသွားကာ ထိုနေရာတွင် ထိတ်လန့် တုန်လှုပ်မှုများက အစားထိုး နေရာယူလာခဲ့သည်။
ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှ မီးခိုးရောင်သွေးများ ထွက်ကျနေသည်။ သို့သော်လည်း သွေးများ စိုရွှဲနေသည့် မျက်နှာထက်တွင်တော့ ကျေနပ် အားရသည့် အပြုံးတစ်ခုကို သူမ မြင်တွေ့ရ၏။
"ရှင်..."
ချောင်စွေ့ဖုန်းက ချက်ချင်းပင် ဖေးမဖို့ ဟန်ပြင်လိုက်သော်လည်း ဝေ့ဝူယင်က လက်ကာကာ တားဆီးလိုက်သည်။
"ငါ အဆင်ပြေပါတယ်... နည်းနည်းလောက် ဝင်စွက်ဖက်ခဲ့ရုံပဲ"
ဝေ့ဝူယင်က ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ တဖြည်းဖြည်းချင်းပင် သူ၏ သွေးများက အငွေ့ပျံ၍ ပျောက်ကွယ်သွားကာ လူကလည်း တည်ငြိမ်အေးဆေးသော ပုံစံသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း သူ၏ စကားတစ်ခွန်းကြောင့် ချောင်စွေ့ဖုန်း၏ နှလုံးသားကတော့ အဆုံးမရှိ တုန်လှုပ် ချောက်ချား သွားခဲ့ရတော့သည်။
ဝင်စွက်ဖက်ခဲ့သည်တဲ့လား...
ဝေ့ဝူယင်မှာ အနည်းငယ် တုန်ယင်နေသည့် လော့နင်း၏ ပုံရိပ်ကို စိုက်ကြည့်နေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်တွင်းသို့ စွမ်းအင်အနည်းငယ် ထည့်သွင်းရန် သူ အနည်းငယ် စွန့်စားခဲ့ရသည်။ ၎င်းမှာ အဂ္ဂိရတ် တာအိုက ခွင့်ပြုသည့် အစွန်းဆုံးသော နယ်နိမိတ်ကို ကျော်လွန်ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဝေ့ဝူယင်မှာ ကိုယ်ပိုင်စွမ်းအင်ကို ထည့်သွင်းခဲ့ခြင်း မဟုတ်ချေ။ ဟိုးယခင်တည်းက လော့နင်ထံမှ ကြိုတင် ထုတ်ယူထားသည့် စွမ်းအင်များကိုသာ ပြန်လည်၍ ထည့်သွင်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုနည်းဖြင့် သူက အဂ္ဂိရတ် တာအို၏ ဥပဒေသကို ကျော်လွန်ဖို့ ကြိုးပမ်းခဲ့သော်လည်း တုံ့ပြန်မှုကိုတော့ ခံစားခဲ့ရဆဲ ဖြစ်သည်။
ထျန်းရှောင်ချွမ်းမှာ အဖြစ်အပျက်များကို ကြည့်၍ အံ့ဩမှင်သက်နေစဉ်မှာပင် ဝေ့ဝူယင်ထံမှ အချက်ပြမှုတစ်ခုကို ရရှိလိုက်၏။ သူမ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထို့နောက်... စိတ်ခံစားမှုများကို ကြိုးစားကာ ထိန်းချုပ်ထားရင်း ကြေညာလိုက်လေသည်။
"ပရိသတ်များရှင်... ကျွန်မရဲ့ ပဉ္စမမြောက် အဂ္ဂိရတ် ရှန့်ထိုကို ကြိုဆိုလိုက်ကြရအောင်...”
***