လျှို့ဝှက်မြေကြီး အဆင့် ဆေးလုံး
Vol. 103 Ch. 1441
ထရီလျံ ထောင်နှင့် သောင်းနှင့် ချီသည့် လူများ၏ နှလုံးသားများမှာ ထိတ်လန့် တုန်လှုပ်မှု လှိုင်းများနှင့် ပြည့်နှက်နေဆဲ ဖြစ်သော်လည်း လှပသော သင်္ကေတများကတော့ အမှောင် ဟင်းလင်းပြင်နှင့် ဧဒင်ကမ္ဘာ အတွင်းတွင် တောက်ပစွာ ထွန်းလင်း နေကြပြီ ဖြစ်လေသည်။ ဉာဏ်ရည် ထက်မြက်သူများကတော့ ထိတ်လန့် တုန်လှုပ်ခြင်း မရှိပဲ အပြောင်းအလဲများနှင့် လျော်ညီစွာ တုံ့ပြန်ခဲ့ကြကာ စတင်ကာ ကျင့်ကြံ လိုက်ကြတော့သည်။
အစစ်အမှန် မြေကြီး အသိအမှတ် ပြုခြင်း၏ အကျိုးကျေးဇူးများမှာ လျစ်လျူရှု၍ မရနိုင်လောက်အောင် အံ့အားသင့်ဖွယ် ကောင်းလှလေရာ အကြီးအကဲ အချို့မှာ ချက်ချင်းပင် သူတို့၏ မျိုးဆက်သစ်လေးများကို သတိပေးလိုက်ကြလေသည်။ ရွေးချယ်ခံများနှင့် ပါရမီရှင်များ အပါအဝင် လူငယ် ကျင့်ကြံသူ အားလုံးမှာ အလျှင်အမြန်ပင် လှုပ်ရှားကာ ကျင့်ကြံသည့် အခြေအနေ တစ်ခု အတွင်း ဝင်ရောက် သွားခဲ့ကြသည်။
မကြာခင်မှာပင် လျှို့ဝှက် အာဏာရှင် အဆင့်များမှာလည်း ကျင့်ကြံခြင်း ဈာန်ဝင်စားမှု အတွင်း နစ်မြုပ် သွားခဲ့ကြသည်။ အထူးသဖြင့် သေမျိုးတစ်ပိုင်း အရှင်များပင် ဖြစ်လေ၏။ သူတို့က သင်္ကေတများကို ဖမ်းဆုပ်ရင်း လျှို့ဝှက်လမ်းစဉ်ကို နားလည်ဖို့ အသည်းအသန်ပင် ကြိုးစား လိုက်ကြသည်။
အတွေ့အကြုံရှိသူများကတော့ အစစ်အမှန် မြေကြီး အသိအမှတ်ပြုခြင်း ဖြစ်စဉ်မှာ အံ့မခန်း အကျိုးသက်ရောက်မှုများ ရှိသော်လည်း အလွန် အချိန် တိုတောင်းကြောင်း သိရှိထားကြသည်။ ထာဝရ ဧကရာဇ်၏ ဖြစ်ရပ် ပင်လျှင် ခုနစ်မိနစ်သာ ကြာမြင့်ခဲ့ပြီး မကြာသေးခင်က အဆင့်တက်ခဲ့သည့် စန်းလော့ယန်ကတော့ စက္ကန့် ၇၀ သာ ရှိခဲ့သည်။ သို့ဖြစ်လေရာ ရရှိနိုင်သမျှ စက္ကန့်တိုင်းကို အကျိုးရှိစွာ အသုံးချရမည်ဖြစ်သည်။
"..."
အချိန်များက ဖြည်းညင်းစွာပင် ရွေ့လျား သွားခဲ့၏။ တစ်မိနစ်နှင့် လေးဆယ့်ရှစ် စက္ကန့်အကြာတွင် ထိုဖြစ်ရပ်မှာ ပြီးဆုံးခဲ့သည်။
"..."
ဧဒင်ကမ္ဘာ တစ်ခွင်လုံးတွင် တိတ်ဆိတ်မှုက မင်းမူ နေခဲ့၏။ ကြယ်တာရာ သခင်များ အပါအဝင် မရေမတွက်နိုင်သည့် ကျင့်ကြံသူများမှာ ဉာဏ်အလင်း ပွင့်ခြင်း အခြေအနေ တစ်ခု အတွင်း နစ်မြော နေခဲ့ကြသည်။
ထိုအခိုက်၌ တက်ရောက်လာသည့် ထရီလျံပေါင်း များစွာသော ကျင့်ကြံသူများထဲတွင် လျှို့ဝှက် သင်္ကေတများ အကြောင်း တစ်နည်းမဟုတ် တစ်နည်း မစဉ်းစားမိသူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ ထာဝရ အစည်းအရုံးဝင်များ ပင်လျှင် ချွင်းချက်မရှိခဲ့ချေ။
ထာဝရ နတ်ဘုရား၏ အမူအရာမှာ မည်းမှောင် နေခဲ့သော်လည်း သင်္ကေတများ ပေါ်လာသော အခိုက်၌ သူသည်လည်း ဈာန်ဝင်စားမှု အခြေအနေ တစ်ခု အတွင်း ဝင်ရောက်သွားခဲ့သည်။ စိတ်နှင့် နှလုံးသားကို သက်ရောက်နေသည့် ခံစားချက်လှိုင်းများကြောင့် အကျိုး သက်ရောက်မှုများကို အမြင့်ဆုံး ဆုပ်ကိုင်နိုင်ခဲ့ခြင်း မရှိသည့်တိုင် ထူးခြားသော အကျိုးကျေးဇူးအချို့ကိုတော့ ရရှိခဲ့ပေသည်။
စန်းယွန်းလီ၊ လင်းမင် ၊ ထျန်းရှင်းယွင်၊ ထျန်းပိုင်ယန်နှင့် ထျန်းကျန်းဟန်တို့ အပါအဝင် ထိပ်တန်း အင်အားစု များစွာမှ ရွေးချယ်ခံများမှာလည်း တရားထိုင်နေသည့် အခြေအနေများတွင် ရှိနေကာ သက်ဆိုင်ရာ အကျိုးအမြတ်များကို ဆုပ်ကိုင်ထားကြသည်။
လျှို့ဝှက်နယ်မြေ အတွင်း၌... ချောင်စွေ့ဖုန်းက ဝေ့ဝူယင်ကို ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်၏။
"ရှင် ဒီအကျိုးကျေးဇူးတွေကို မချေဖျက်တော့ဘူးလား..."
သူမကိုယ်တိုင်က အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လေရာ သင်္ကေတများကို နားလည်ရန် အားစိုက်ထုတ်၍ ရင်းနှီးမြှုပ်နှံရန် မလိုအပ်ပါချေ။ အဘယ်ကြောင့်ဆိုသော်... အဂ္ဂိရတ် ကြယ်တာရာ ထွန်းတောက်ခြင်း ဖြစ်စဉ်ကို သူမ ကိုယ်တိုင် ဖော်ထုတ်၍ လွတ်လပ်စွာ လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ အရွယ်အစားနှင့် အတိုင်းအတာပေါ် မူတည်၍ မြင့်မားသည့် ကုန်ကျစရိတ်များ ရှိသော်လည်း ၎င်းက သူမကိုယ်တိုင် ဖန်တီးနိုင်သည့် အရာတစ်ခု ဖြစ်နေဆဲပင်။
ဝေ့ဝူယင် တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်၏။ ချောင်စွေ့ဖုန်း ထပ်မမေးတော့ချေ။ ဝေ့ဝူယင်ထံတွင် ရေရာသည့် အကြောင်းပြချက် တစ်ခု ရှိမည် ဖြစ်ကြောင်း သူမ သိရှိထားပေသည်။
မှန်ပေ၏။ ဝေ့ဝူယင် အတွက် ၎င်းက မလိုအပ်သော လုပ်ရပ်တစ်ခုမျှသာ ဖြစ်သည်။ အချိန်မြစ်အတွင်းတွင် ဝတ်စုံနက် ဝေ့ဝူယင်၏ မှတ်ဉာဏ်အားလုံးကို သူ ရရှိခဲ့သည်။ ထိုအထဲတွင် လျှို့ဝှက် လမ်းစဉ် အပေါ် ထိုးထွင်း သိမြင်မှုများလည်း အပါအဝင် ဖြစ်သည်။
ကျင့်ကြံခြင်း စံနှုန်းများကို မမြှင့်ပဲ ပုံမှန်အတိုင်းသာ ကျင့်ကြံမည် ဆိုပါက ဝေ့ဝူယင်မှာ အခက်အခဲ သိပ်မရှိလှပဲ လမ်းစဉ် ကိုးခု မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိနိုင်သည်။ ထို့အပြင် သူ့ထံတွင် မူလ အဆင့် ကျင့်ကြံခြင်း ဝိညာဉ်လေးခု၊ ကြယ်တာရာ ပါရဂွန် ခန္ဓာကိုယ်တို့ အပြင် သေမျိုးနှင့် လျှို့ဝှက် လမ်းစဉ်တို့ အကြား ထူးခြားစွာ သဟဇာတဖြစ်သည့် ဖီဆန်လေးကိုလည်း ပိုင်ဆိုင်ထားသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ အနည်းငယ်မျှပင် ချို့ယွင်းချက်မရှိဘဲ ခိုင်မြဲစွာ တည်ဆောက်ထားပြီး ဖြစ်သည်။
ရက်အအနည်းငယ် ကြာမြင့်ပြီး နောက်မှ ကျင့်ကြံသူများမှာ ကျင့်ကြံမှု ဈာန်ဝင်စားခြင်း အခြေအနေ အတွင်းမှ သဘာဝအတိုင်း ထွက်ခွာလာကြသည်။ သို့သော်လည်း နိုးထလာသောအခါ အခြားသူများစွာမှာ တရားထိုင်နေဆဲ ဖြစ်ကြောင်း တွေ့ရှိလိုက်ရလေရာ မိမိတို့ကိုယ်တိုင်လည်း ကျင့်ကြံခြင်းကို ဆက်လက်လုပ်ဆောင်ရန်မှ တစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။ ထို့အပြင် သူတို့ အတွက် အလျင်လိုစရာလည်း မရှိချေ။
လူတိုင်း ဉာဏ်အလင်းပွင့်ခြင်း အခြေအနေများမှ ထွက်ခွာရန် အတွက် တစ်လလုံး အချိန်ယူခဲ့ရသည်။ ထိုအချိန်သို့ ရောက်မှသာ ထျန်းရှောင်ချွမ်းမှာ ဗဟိုစင်မြင့်ထက်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူမနှင့် ပခုံးချင်းယှဉ် ရပ်နေသူကတော့ လာဗင်ဒါ-အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုပင် ဖြစ်လေသည်။
လော့နင်မှာ သူမ၏ နေရာတွင် တိတ်ဆိတ်စွာ၊ ဂုဏ်ယူစွာ၊ လှပစွာ ရပ်နေခဲ့သော်လည်း အဆုံးမဲ့ ကြယ်တာရာ နယ်မြေ နံပတ်တစ် အလှမယ်ထံမှ အာရုံစိုက်မှု အားလုံးကို ခိုးယူနေခဲ့သည်။ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည် ပြပွဲတွင် ကြယ်နယ်မြေတစ်ခုလုံး၏ ပဉ္စမမြောက် အဂ္ဂိရတ် ရှန့်ထိုကို မိတ်ဆက်ပေးလိမ့်မည်ဟု မည်သူမျှ ထင်မှတ် မထားခဲ့ကြပေ။
မြေခွေးအိုကြီးများမှာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
"ခေတ်သစ်တစ်ခု ရောက်ပြီ..."
ထိုစကားက မရေမတွက်နိုင်အောင် များပြားလှသည့် သက်ကြီးတမ်း ကျင့်ကြံသူများ ကြားတွင် ပဲ့တင်ထပ်နေခဲ့သည်။ ပစ္စုပ္ပန်ခေတ်၏ လူငယ် မျိုးဆက်သစ်လေးများမှာ မကြုံစဖူး အခြေခံအုတ်မြစ်များကို တည်ဆောက်ရန် လိုအပ်ချက် အားလုံး စုံလင်နေလေရာ မကြာခင် လူကြီး မျိုးဆက်များကို ကျော်တက်သွားကြပေလိမ့်မည်။ လူငယ် မျိုးဆက်သစ်များနှင့် နှိုင်းယှဉ်ပါက သူတို့၏ အနာဂတ်က မှေးမှိန်သွားရန် သေချာနေခဲ့လေပြီ။
လွန်ခဲ့သည့် ဆယ်စုနှစ်များက မဟာ စက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးကို ကိုင်လှုပ်ခဲ့သည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ခေတ်သစ်တစ်ခုကို အချက်ပြမည့် မီးပွား၏ အစအနလေးမျှသာ ဖြစ်သည်။
"ဒါတွေအားလုံးက ထာဝရ ကြယ်တာရာ နယ်မြေသားတွေ ပြောင်းရွှေ့လာတဲ့ အချိန်တည်း စတင်ခဲ့တာပဲ...”
အသက်ကိုးထောင် နီးပါး ရှိပြီ ဖြစ်သည့် လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူ လူအိုကြီး တစ်ဦးက တုန်ရီစွာဖြင့် ဆိုလိုက်သည်။ ခေတ်ကာလများ ပြောင်းလဲလာခြင်းမှာ လက်ခံဖို့ ခက်ခဲသော်လည်း ငြင်းပယ်၍ မရသည့် အမှန်တရား တစ်ခုလည်း ဖြစ်သည်။
"ထုတ်ကုန် အသစ်တွေ၊ အဂ္ဂိရတ် ရှန့်ထို အသစ်တွေ ပေါ်ထွန်းလာတာနဲ့ အတူ လူငယ်တွေရဲ့ အနာဂတ်က ပိုပြီး တောက်ပလာတာတော့ ဟုတ်တယ်... ဒါပေမဲ့ ငါတို့ လူကြီး မျိုးဆက်တွေ အားလုံးက သူတို့ရဲ့ အရိပ်အောက်ကို ရောက်သွားလိမ့်မယ်လို့တော့ မဆိုလိုဘူးလေ... ငါတို့ အတွက် ကိုယ်ပိုင် အောင်မြင်မှုတွေကို ဖန်တီးဖို့ နည်းလမ်းတွေ ရှိနေပါသေးတယ်"
လက်မြှောက် အရှုံးပေးရန် ဆန္ဒမရှိသည့် အသက်လတ်ပိုင်း အရွယ် လျှို့ဝှက် ဝိညာဉ် အဆင့် အမျိုးသမီး တစ်ဦးက မှတ်ချက်ပြုလိုက်၏။ သူမ၏ စကားလုံးများက ပတ်ဝန်းကျင်ရှိ လူများ အတွက်တော့ အားပေးစကား တစ်ခွန်းလိုပင်။
တစ်ချိန်တစ်ခါတုန်းကလည်း ထာဝရ ဧကရာဇ်မှာ မဟာစက်ဝန်း ကြယ်ကွင်းပြင်ထံ ရောက်ရှိလာကာ အလားတူ အောင်မြင်မှုများကို ယူဆောင် လာခဲ့ဖူးသည်။ သို့သော်လည်း လက်ရှိအချိန် အထိ လောကကို ဆက်လက်၍ အုပ်စိုးနေသည်က ဟိုးယခင့် ယခင်က ထိပ်သီး အင်အားစုများသာ ဖြစ်သည်။ နတ်ဘုရား အင်ပါယာမှာလည်း လက်ရှိ အချိန်အထိ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အစွမ်း အထက်ဆုံး ကျင့်ကြံသူ ဖြစ်နေဆဲ ဖြစ်သည်။
သို့ဖြစ်လေရာ... သူတို့ အနေဖြင့် ကိုယ်ပိုင် ဒဏ္ဍာရီများကို တည်ထောင်ရန် အခွင့်အရေးများ ရှိနေဆဲပင်...။ ချက်ချင်းပင် များလှစွာသော လူများ၏ နှလုံးသားများတွင် ခပ်ရေးရေး မျှော်လင့်ချက် ရောင်ခြည်တစ်ခု ပေါ်ထွက်လာခဲ့၏။
အံ့အားသင့်မှုများ ပြန်လည် အသားကျသွားခဲ့ပြီးနောက်... အားလုံး၏ စိတ်ထဲတွင် မေးခွန်း တစ်ခု မွေးဖွားလာခဲ့သည်။
၎င်းကား...
‘လာဗင်ဒါ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုက မည်သည့် ထုတ်ကုန်မျိုးကို ဖန်တီးခဲ့သနည်း..’
ဟူ၍ပင်။
စင်မြင့်ထက်တွင် ထျန်းရှောင်ချွမ်းမှာ အားလုံးထံမှ အကြည့်များကို ခံစားမိလေရာ လော့နင်ကို လှည့်ကြည့်လိုက်၏။
အချိန်ကျပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်လေရာ လော့နင်မှာ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်သည်။ ထို့နောက် သူမက သေးငယ်သည့် ကျောက်စိမ်း သေတ္တာလေး တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ ချိပ်ပိတ် ခံထားရဟန် ရကာ မည်သည့် အော်ရာမှ ထွက်ပေါ်နေခြင်းမျိုး မရှိပါချေ။
"ဒီဆေးလုံးက ကျွန်မရဲ့ ဘဝမှာ ပထမဆုံး ဖန်တီး အောင်မြင်ခဲ့တဲ့ လျှို့ဝှက် မြေကြီး အဆင့် အဂ္ဂိရတ် ထုတ်ကုန်ပါပဲ... ဒါကို အသက်ဖြည့် သလင်းကျောက် နှလုံးသား ဆေးလုံးလို့ ခေါ်ပါတယ်... ဒါက အသစ်အဆန်း မဟုတ်ပါဘူး... တစ်ချို့လူတွေ သိပြီးသား ဖြစ်ချင် ဖြစ်မှာပါ... အကျိုးသက်ရောက်မှုကတော့ သက်တမ်းကို နှစ်တစ်ရာ ထပ်တိုးပေးနိုင်တာပါပဲ... ဒါ့အပြင် ဒဏ်ရာတွေ ကုသတဲ့ နေရာနဲ့ အချိန်ပြောင်းပြန်လှန်ခြင်းတို့လို သက်တမ်းကို အသုံးပြုရတဲ့ နည်းလမ်းတွေ အတွက်လည်း အထောက်အကူ ပေးနိုင်ပါတယ်”
သူမက ဖြည်းညင်းစွာပင် သေတ္တာလေးကို ဖွင့်လိုက်ရာ ပြင်းထန်သည့် အော်ရာများမှာ အရှိန်အဟုန်နှင့် ပေါက်ကွဲ လာခဲ့၏။
အသက်ဖြည့် သလင်းကျောက် နှလုံးသား ဆေးလုံး
၎င်းမှာ အဆင့်နိမ့် လျှို့ဝှက်မြေကြီး အဆင့် ထုတ်ကုန် တစ်ခုသာ ဖြစ်သည့်တိုင် လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူများ အတွက်တော့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုး ရှိလှသည်။ ၎င်းမှာ တစ်ချိန်က သူမ လိုချင်ခဲ့သည့် ထုတ်ကုန် တစ်ခု ဖြစ်ကာ ယနေ့တွင်တော့ ကိုယ်တိုင် ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
"အရည်အသွေးကတော့ အဆင့်နိမ့်ပါ"
လော့နင်က ဆက်လက်၍ ကြေညာလိုက်၏။ ပဉ္စမမြောက် အဂ္ဂိရတ် ရှန့်ထိုမှာ သူမ၏ အဂ္ဂိရတ် ထုတ်ကုန်နှင့် ပတ်သက်ပြီး အမှန်တကယ် ကြီးကျယ် ခမ်းနားစွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အဂ္ဂိရတ် ရှန့်ထို အဆင့်ကို တက်လှမ်းလိုသူ တစ်ဦးမှာ အမတေ ဆေးလုံး ကဲ့သို့ လွယ်ကူသည့် ထုတ်ကုန်များကိုသာ ရွေးချယ်လေ့ ရှိပေသည်။
၎င်းမှာ တစ်ခါတုန်းက ထာဝရ နတ်ဘုရား ရွေးချယ်ခဲ့သည့် လမ်းစဉ် တစ်ခု ဖြစ်ကာ စန်းလော့ယန်မှာလည်း အလားတူ လုပ်ဆောင်ခဲ့သည်ဟု လူအများက သံသယ ရှိကြသည်။
ပရိသတ်များ စိတ်လှုပ်ရှား လာကြပြီး တချို့ဆိုလျှင် ထုတ်ကုန်ကို လေလံဆွဲနိုင်မည်လား ဟူ၍ တွေးနေကြချိန်မှာပင် ထျန်းရှောင်ချွမ်းက ရှေ့ကို လျှောက်လာကာ လူတိုင်း၏ အာရုံစိုက်မှုများကို ပြန်လည် ရယူ လိုက်သည်။ ထို့နောက် သူမက လေးနက်သည့် အသံဖြင့် ကြေညာလိုက်လေတော့၏။
“အခု အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ ရဲ့ နောက်ဆုံးအပိုင်းကို ဆက်လက်တင်ဆက်ပါတော့မယ်ရှင်...”
***