ယွမ်ကျိနှင့်အဆင့်တူသည်
Vol. 22 Ch. 330
ကျောက်ရိုး အကြီးအကျယ်အံ့အားသင့်သွားသည်။ အသံတိတ်ခပ်တည်တည်နေသည့် ဟော်ဟွာရှန်းပင် အမူအရာမထိန်းနိုင်တော့။
အသားကင်ဆိုင်လုပ်ငန်း အောင်မြင်နေသည်ကို သူတို့အားလုံး လက်တွေ့မြင်ပြီးဖြစ်သည်။ ရောင်းလိုအားထက် ဝယ်လိုအားက များစွာပိုသည်။ ဘဏ်ဓားပြတိုက်သည်ထက် ဝင်ငွေရှာရပိုလွယ်သည်။
ဆိုင်ပိတ်ချိန်ထိပင် အပြင်ဘက်တွင် လူတန်းကမပြတ်။ ဘယ်လောက်နာမည်ကျော်မှန်း သက်သေခံနေသည်။
စုစည်းခြင်းကျင့်ကြံသူကျောက်ရိုးလည်း လောကကြီးထဲမှ အရသာမျိုးစုံ မြည်းစမ်းဖူးသည်။ ဤအသားကင်များထက် အဆင့်မြင့်သည့် ဝိညာဉ်ကျောက်ဖြင့်ပင် ဝယ်မရအောင်ရှားပါးသည့် ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အစားအသောက်များကို စားဖူးသည်။
သို့သော် ဤအသားကင်ဆိုင်က ဈေးတွင်တွေ့ရသည့် ပါဝင်ပစ္စည်းများကိုသာသုံးသည်။ ပုံမှန် ဟင်းချက်ပစ္စည်းများဖြစ်သည်။ သို့သော် ရောင်းဈေးမြင့်သည်။ အမြတ်များသည်။
အသားကင်ဆိုင်တစ်ခုတည်းမှ အမြတ်ငွေဖြင့် ဝိညာဉ်ပြောင်းအဆင့် သို့မဟုတ် စုစည်းခြင်းအဆင့်စွမ်းအားရှင်များကို စည်းရုံးဖို့မဖြစ်နိုင်။
သို့သော် လယ်ပိုင်းတိုက်နိုင်တစ်ခုလုံးတွင် အသားကင်ဆိုင်များဖွင့်နိုင်လျှင်...
အကျိုးအမြတ်များစွာ ရလာမည်။ လူတိုင်းကို ဆွဲဆောင်နိုင်လာမည်။
ထို့ပြင် သူကိုယ်တိုင်လည်း ဝိညာဉ်ကျောက်တစ်ဘီလျံ အကြွေးတင်နေသည်။ ပြန်မဆပ်နိုင်လျှင် တစ်လတစ်ကြိမ် မိုးကြိုးပစ်ခံရမည်။ ငွေအရမ်းလိုနေသည်။
သို့သော် အတွေ့အကြုံရင့်ပြီး သတိရှိသူဖြစ်၍ စိတ်လှုပ်ရှားမှု သိပ်မပေါ်အောင် ထိန်းထားသည်။
"ခင်ဗျားတို့ဂိုဏ်းရဲ့ အသားကင်လုပ်ငန်းက တကယ်ကောင်းပါတယ်။ ကျုပ်တို့ကိုးငရဲဂိုဏ်းမှာလည်း လုပ်ငန်းတွေရှိတယ်။ ဒါပေမယ့် ဒီလုပ်ငန်းထက် အများကြီးဝင်ငွေနိမ့်ပါတယ်"
မှောင်ခိုလုပ်ငန်း၊ တိရစ္ဆာန်ရုံလုပ်ငန်း။ ဘယ်ဟာမှ အသားကင်လုပ်ငန်းကိုရှင်မရ။ အမြတ်ငွေဆယ်ဆကျော်သာလွန်သည်။
အဓိကအချက်က တရားဝင်လုပ်ငန်းဖြစ်နေသောကြောင့်ဖြစ်သည်။ အစမ်းသပ်အစစ်ဆေးမခံရ။ ကိုးငရဲဂိုဏ်းက တရားမဝင်လုပ်ငန်းများ အဓိကလည်ပတ်သည်။
နာရေးဝန်ဆောင်မှုလုပ်ငန်းပင် အန္တရာယ်ရှိသည်။ ကိုးငရဲဂိုဏ်း၏ အဆင့်မြင့်ဂိုဏ်းဝင်တစ်ယောက်က အလောင်းသန့်စင်ပညာ ကျွမ်းကျင်သည်။ ရွှေဉာဏ်တော်စူးရှပြီး မြှုပ်ထားသည့်အလောင်းများကို တူးဖော်သန့်စင်သည်။
ထိုအကြောင်းကို ဖောက်သည်များ သိသွားပြီး တိုင်ချက်ဖွင့်သည်။ သူတို့အမြန်လှုပ်ရှားနိုင်ခဲ့၍ တော်သေးသည်။ ထိုအရူးနှင့် လုံးဝမပတ်သက်ကြောင်း အကြောင်းပြနိုင်ခဲ့သည်။
"ဒါပေမယ့် တိုက်နယ်တစ်ခုလုံးဖြန့်ဖို့ ဒီလုပ်ငန်းကို ဘယ်လိုအရောင်းမြှင့်တင်နိုင်မှာလဲ။ အသားကင်တွေအများကြီးစားဖူးပေမယ့် ဒီနေ့စားခဲ့တာတွေကို ဘယ်ဟာမှမမီဘူး။
ခင်ဗျားတို့ဂိုဏ်းမှာ ထူးခြားတဲ့အသားကင်နည်းတွေ ရှိလို့ဖြစ်မှာပေါ့။ အရေးကြီးဆုံးက ယောက်ျားအားမြှင့်တင်တဲ့ လျှို့ဝှက်ချက်ပဲ။ ဒါတွေကိုရော အရောင်းမြှင့်လို့ရပါ့မလား"
ဉာဏ်ရည်ထက်သူဖြစ်၍ တစ်နိုင်ငံလုံးအတိုင်းအတာ ရောင်းချရမည့် အခက်အခဲများကို ချက်ချင်းတွက်ဆနိုင်သည်။
လုယန် ခပ်ညှင်းညှင်း ရယ်လိုက်သည်။
"ကျုပ်တို့အသားကင်နည်းက ရှေးဟောင်းခေတ်ကနည်းလမ်းပါ။ ဂိုဏ်းချုပ်ကျောက်ရိုး တစ်ခါမှမမြည်းစမ်းဖူးတာ သဘာဝကျပါတယ်။
...ကျုပ်နောက်က လိုက်ခဲ့ပါ"
လုယန်ထရပ်၍ ကျောက်ရိုးကို ဆိုင်နောက်ဖေးသို့ ဦးဆောင်ခေါ်သွားသည်။ အော်တိုအသားကင်စင်များနှင့် အော်တိုအသားတုတ်ထိုးမှော်စက်ဝန်းကို ပြသည်။ ကျောက်ရိုး မင်သက်မိသွားသည်။
ကောင်းကင်ရုံးတော်ဂိုဏ်း၏သခင်လေး ပီသလှသည်။ အားလုံးကို ကောင်းစွာကြိုတင်ပြင်ဆင်ထားသည်။
"အသားကင်ဖိုကို ရတနာများရှင်ကာကွယ်သူက ဖန်တီးထားတာပါ။ ဒီအော်တိုအသားတုတ်ထိုးမှော်စက်ဝန်းကတော..."
လုယန် အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။
"ဒီအသားတုတ်ထိုးမှော်စက်ဝန်းက ဘယ်ကရတာလဲ"
"ကျုပ်တို့ဂိုဏ်းချုပ်လက်အောက်က စုစည်းခြင်းအဆင့်ဝိညာဉ် လေးငါးယောက်ပေါင်းပြီး ဖန်တီးခဲ့တာပါ"
တုန်လှုပ်ခြောက်ခြားစရာကောင်းသည့် အချက်တစ်ခုကို လုယန် ထုတ်ပြောသည်။
ကျောက်ရိုး မျက်ခုံးလှုပ်သွားသည်။
စုစည်းခြင်းဝိညာဉ်တို့သည် အမြင့်ဆုံးဝိညာဉ်အဆင့်ဖြစ်သည်။
ထိုထက် ကျင့်စဉ်တစ်ဆင့်မြင့်သူသာ ထိုဝိညာဉ်မျိုးကို သန့်စင်နိုင်သည်။
သို့ဆိုလျှင် လုယန်ပြောသည့် 'ဂိုဏ်းချုပ်'သည် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင် ဖြစ်ပေလိမ့်မည်။
ကောင်းကင်ရုံးတော်ဂိုဏ်းတွင် ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်တစ်ယောက် တကယ်ရှိနေသည်။
"ခင်ဗျားတို့ဂိုဏ်းချုပ် ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား"
လုယန် တိုက်ရိုက်မဖြေဘဲ ပြုံး၍ပြောသည်။
"တာအိုလမ်းစဉ်ဂိုဏ်းကယွမ်ကျိအကြောင်း ဂိုဏ်းချုပ်ကျောက်ရိုး ကြားဖူးသလား"
မသေမျိုးငါးဂိုဏ်းအကြောင်း သတင်းတော်များများ ကျောက်ရိုးစုစည်းထားပါသည်။ မသေမျိုးငါးဂိုဏ်း ဂိုဏ်းချုပ်များထက် စွမ်းအားသာလွန်သည့် ယွမ်ကျိအကြောင်းလည်းပါသည်။
ထိုယွမ်ကျိသည် ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်သို့ ရောက်နေပြီဟု သူသုံးသပ်ထားသည်။ အသက်ငယ်ငယ်ဖြင့် ထိုအဆင့်ရောက်နေသူသည် မဟာကပ်ခေတ် မသေမျိုးအခွင့်အလမ်းယှဉ်ပြိုင်ပွဲတွင် အန္တရာယ်များသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်လာမည်မှာသေချာသည်။
"ကျုပ်တို့ဂိုဏ်းချုပ်က ယွမ်ကျိနဲ့ တိုက်ခိုက်ဖူးတယ်။ သူတို့ရဲ့ကျင့်စဉ်အဆင့်ချင်းက တန်းတူပါ"
"ဘယ်လို.."
ကျောက်ရိုး မျက်လုံးပြူးသွားသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်သည် တကယ့်ပြိုင်ဘက်ကင်းကျင့်စဉ်စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်။
ထိုအဆင့်မျိုးရှိမှလည်း ကောင်းကင်ရုံးတော်ဂိုဏ်းချုပ်ဖြစ်ဖို့ အရည်အချင်းမီမည်။
မနိုးထသေးသည့် ကောင်းကင်ရုံးတော်ဂိုဏ်းဝင်များစွာ ကျန်သေးသဖြင့် အင်အားအတော်လျော့နေလိမ့်မည်ဟု ကျောက်ရိုး ထင်ခဲ့သည်။ ယနေ့မှ သူ့အထင်နှင့်အမြင် တစ်ခြားစီဖြစ်ကြောင်း နားလည်လာသည်။
ကောင်းကင်ရုံးတော်ဂိုဏ်းသည် ရှေးခေတ်ကောင်းကင်ရုံးတော်လောက် စွမ်းအားကြီးချင်မှကြီးမည်။ သို့သော် ကိုးငရဲဂိုဏ်းထက် အဆများစွာ စွမ်းအားကြီးသည်မှာ သေချာသွားသည်။
ထိုဂိုဏ်းမျိုးနှင့် ဆက်သွယ်ဖို့ရွေးချယ်ခြင်းသည် တကယ်မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြစ်သည်။
"ပြီးတော့ ဒီမီးတောက်က ကျုပ်တို့ဂိုဏ်းက ဖန်တီးထားတဲ့ မီးတောက်စစ်အသစ်တစ်မျိုးပါ။ အသားကင်အရသာကို တိုးတက်စေသလို ယောက်ျားအားတိုးစေတဲ့အာနိသင်လည်းရှိတယ်"
ရသာသုံးပါးမီးတောက်နှင့် သန့်စင်ယန်မီးတောက်ပေါင်းစပ်ထားသည့် မီးတောက်တစ်ခုကို လုယန်ကောက်ကိုင်လိုက်သည်။
ကျောက်ရိုး ဝိညာဉ်အာရုံဖြင့် သေချာစစ်ဆေးသည်။ တကယ်မီးတောက်စစ်အမျိုးစားသစ်ဖြစ်နေသည်။ ပုံမှန်သိထားသည့် ၁၀၈ မျိုးထဲတွင်မပါ။
သမာဓိမီးတောက်စစ်နှင့်သန့်စင်ယန်မီးတောက်စစ် အငွေ့အသက်များပါသည်။ သို့သော် မတူ။
သန့်စင်ယန်မီးတောက်တစ်မျိုးတည်းဖြင့် ယောက်ျားအားတိုးစေသည့် အာနိသင်မရှိ။
ကောင်းကင်ရုံးတော်ဂိုဏ်းသည် ဇာတ်မြှုပ်နေစဉ်ကာလအတွင်း လျှို့ဝှက်ဗျုဟာကျလှုပ်ရှားမှုများ လုပ်နေပြီး လူလုံးထွက်ပြမည့် အချိန်အခါကို စောင့်နေပုံရသည်။
ထိုသို့မဟုတ်လျှင် အသားကင်ဖို့ မီးတောက်စစ်အသစ်ကို ဖန်တီးခဲ့စရာအကြောင်းမရှိ။
"သခင်လေး၊ ဒီပစ္စည်းတွေ အပြင်လူကို မပြသင့်ဘူး။ ဒါတွေ ကျုပ်တို့ဂိုဏ်းတိုးချဲ့ဖို့နည်းဗျူဟာနဲ့ တီထွင်ဖန်တီးမှုတွေရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းတွေပါ"
ပဉ္မမအကြီးအကဲက မျက်မှောင်ကျုံ့၍ အကြံပြုသည်။
လုယန်က သူ့စကားကို အရေးမစိုက်။
"ကိစ္စမရှိပါဘူး။ ရှေးဟောင်းခေတ်မှာ ကောင်းကင်ရုံးတော်နဲ့ ငရဲကိုးထပ်က ရင်းနှီးခဲ့ကြတာပဲ။
အခု ကိုးငရဲဂိုဏ်းကို တွေ့ပြီဆိုတော့ သူတို့ရဲ့မူလဂုဏ်သရေမျိုး ပြန်ယူနိုင်အောင် ကူညီပေးတာ သဘာဝကျပါတယ်။
ဒီအကြောင်း ဂိုဏ်းချုပ်နဲ့ကျုပ်ဆရာသိရင်လည်း အပြစ်တင်မှာမဟုတ်ဘူး။
ပြီးတော့ ကောင်းကင်ရုံးတော်မှာ အဖွဲ့ဝင်နည်းတယ်။ လူတိုင်းကို တာဝန်ခွဲပေးရင်တောင် ကျုပ်တို့အနေနဲ့ အသားကင်ဆိုင်ဘယ်နှခုဖွင့်နိုင်မှာလဲ"
ပဉ္စမအကြီးအကဲ အသံတိတ်သွားသည်။ ဂိုဏ်းသခင်လေးက တာဝန်အပြည့်ယူမည်ဟုပြောသဖြင့် ကာကွယ်သူဖြစ်သည့်သူ့အနေနှင့် ဘာမှထပ်ပြောစရာမရှိတော့။
ကျောက်ရိုး အကြီးအကျယ် လေးစားသွားသည်။ သူတို့ကိုးငရဲဂိုဏ်းတွင် ထိုမျှချမ်းသာသည့်ဆွေမျိုးများရှိမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့။
ဤဂိုဏ်းသခင်လေးသည် မြင့်မြတ်သည်။ တစ်ကိုယ်ကောင်းစိတ်မရှိ။ ဂိုဏ်းချုပ်နှင့်ပဲဝါအရှင် အဆူအငေါက်ခံရမည်ကို ထည့်မတွက်ဘဲ ကိုးငရဲဂိုဏ်းကို ကူညီသည်။
လုယန် အပြုံးမျက်နှာဖြင့် နောက်လှည့်ကြည့်သည်။
"ဂိုဏ်းချုပ်ကျောက်ရိုး၊ ခင်ဗျားကြားတဲ့အတိုင်းပဲ။ ကျုပ်က ပဲဝါအရှင်တပည့်ဖြစ်လို့ ကိစ္စအားလုံးကို မဆုံးဖြတ်နိုင်ပေမယ့် ကျုပ်တို့ပူးပေါင်းရေးကိစ္စအတွက်တော့ မထိခိုက်နိုင်ပါဘူး။
ခင်ဗျားတို့ဂိုဏ်းကို အသားကင်ဆော့ချဉ်စပ်နည်းနဲ့ အသားတုတ်ထိုးမှော်စက်ဝန်းတွေကို အခမဲ့ထောက်ပံ့ပေးမယ်"
အသားကင်ဆော့ချဉ်ရည်နှင့် အသားတုတ်ထိုးမှော်စက်ဝန်းများသည် ဝိညာဉ်အာရုံဖြင့် ခွဲခြားလေ့လာနိုင်သည်။ ထို့ကြောင့် လျှို့ဝှက်ထားစရာမလို။ အခမပေးခြင်းဖြင့် ကိုးငရဲဂိုဏ်း၏ ယုံကြည်မှုကို ရနိုင်သည်။
"အော်တိုအသားကင်ဖိုနဲ့ မီးစေ့တွေကိုတော့ သတ်မှတ်အတိုင်းအတာနဲ့ ပုံမှန်ပေးမယ်။ ဒါပေမယ့် ကျုပ်တို့ကောင်းကင်ရုံးတော်က အမြတ်ငွေခြောက်ဆယ်ရာနှုန်းရဖို့လိုတယ်"
အော်တိုအသားကင်ဖိုသည် ပဉ္စမအကြီးအကဲ၏ သီးသန့်လက်ရာဖြစ်သည်။ ပြန်လည်ခွဲခြားလေ့လာ၍မရနိုင်။
မီးစေ့ကလည်း လုယန်နှင့်မုန်ကျင်းကျိုးတို့ ပါဝင်ဖို့လိုအပ်သည်။
အသားကင်ဆိုင်ဖွင့်ခြင်းသည် ကောင်းကင်ရုံးတော်ဦးဆောင်သည့် အလုပ်ဖြစ်၍ အမြတ်ငွေပိုယူသည်က သဘာဝကျသည်။ ကျောက်ရိုး နားလည်သည်။
သို့သော် သူ့အဆင့်အတန်းအရ လုယန်၏တောင်းဆိုချက်ကို တိုက်ရိုက်လက်ခံ၍မဖြစ်။
"ခင်ဗျားတို့လေးဆယ်ယူပါ။ ကျုပ်တို့ခြောက်ဆယ်ယူမယ်"
"ကျုပ်တို့ ခြောက်ဆယ်ရာနှုန်းယူမယ်"
လုယန် တည်ငြိမ်စွာ ပြန်ပြောသည်။
"ငါးဆယ်-ငါးဆယ်ထားပါ"
"ကျုပ်တို့ ခြောက်ဆယ်ရာနှုန်းယူမယ်"
လုယန်က ဆက်အတည်ပြုသည်။ ကျောက်ရိုးကို ဈေးဆစ်ခွင့်မပေး။
အသာစီးမရနိုင်မှန်း နားလည်သွားသဖြင့် ကျောက်ရိုး အံတင်းတင်းကြိတ်၍ လက်ခံလိုက်ရသည်။
အချက်အလက်တစ်ချို့ ဆက်ဆွေးနွေးပြီးနောက် သဘောတူညီမှုကို အမြန်အဆုံးသတ်သည်။
"အခုလိုပူးပေါင်းဆောင်ရွက်ရတာ ဝမ်းသာပါတယ်"
လုယန် လက်ဆွဲနှုတ်ဆက်ရင်း ပြုံး၍ပြောလိုက်သည်။
****************************************