ပဥ္စမအကြီးအကဲ၏စိတ်ကူးစိတ်သန်း
Vol. 22 Ch. 317
"ငါ့နတ်မယ်လက်သီးကို လုယန်မသင်ခဲ့တာ ဆိုးတာပဲ။ မဟုတ်ရင် သူသတိလစ်မှာမဟုတ်ဘူး"
လုယန်သည် လူကောင်းဟု သူထင်ပါသည်။ သို့သော် ခေါင်းမာလွန်းသည်။ သူ့လက်သီးပညာများကို မသင်ချင်။
"နတ်မယ်လက်သီးပညာလား"
ယွမ်ကျိ စိတ်ဝင်စားသွားသဖြင့် တူကိုအောက်သို့ချလိုက်သည်။
"ကျန်းမာရေးထိန်းသိမ်းတဲ့ လက်သီးပညာလို့လည်း ခေါ်ပါတယ်။ အောင်မြင်အောင်လေ့ကျင့်ရ၍် ခန္ဓာကိုယ်က ဆေးပေါင်းစုတစ်ခုလိုဖြစ်လာမယ်။ ကျင့်ကြံဖို့အတွက် ရောဂါဝေဒနာတွေအတွက် ဆေးတွေးသောက်စရာမလိုတော့ဘူး။ လောကထဲက ဘယ်အဆိပ်မှ မင်းအပေါ်သက်ရောက်မှာမဟုတ်ဘူး။
ဒါပေမဘ့် နတ်မယ်လက်သီးကို သင်ယူဖို့အတွက် လက်သီးပညာတစ်ထောင်ကျော်ကို အရင်ကျွမ်းကျင်ဖို့လိုတယ်။ ဘုန်းကြီးတာအိုလက်သီး၊ အဆီပင်လယ်လက်သီး၊ ဂျင်ဆင်းလက်သီး အဲဒါမျိုးတွေပေါ့။ ဒါတွေကို ပေါင်းစပ်ရမယ်၊ အမှားကိုစွန့်ပယ်ပြီး အမှန်ကိုရွေးချယ်မယ်။ အကာဖယ်ရှားပြီး အနှစ်ကိုထိန်းထားမယ်။ ခန္ဓာကိုယ်ကို မီးဖိုအဖြစ်သုံးပြီး လက်သီးပညာရပ်တစ်ထောင်ကို တစ်ခုတည်းအဖြစ်စုစည်းမယ်။ အဲဒါ မသေမျိုးလက်သီးပညာပဲ"
ယွမ်ကျိ ခဏအသံတိတ်သွားသည်။ ထို့နောက် ထရပ်၍ အလေးအနက် မေးသည်။
"စီနီယာ၊ ဒီပညာကို ရှင့်ဆီက သင်ယူလို့ရမလား"
"သိပ်ရတာပေါ့"
....
လုယန် နိုးလာချိန်တွင် မီးဖိုချောင်ထဲမှ ထွက်လာခဲ့ပြီဖြစ်သည်။
"နိုးလာပြီလား။ ဘယ်လိုခံစားရလဲ"
စပ်လွန်းသည့်အရသာကြောင့် သတိလစ်သွားသည်ဟု လုယန်စိတ်ထဲတွင် ယူဆသည်။ ယခု နတ်မယ်က သူဘယ်လိုခံစားရသလဲဟု မေးနေသည်။
"ငါ့ကျင့်စဉ်အဆင့်..."
လုယန် အနည်းငယ်လှုပ်ရှားကြည့်သည်။ သူ့ကျင့်စဉ်စွမ်းအား နည်းနည်းတိုးတက်လာသည်။ ရွှေသန္ဓေအခြေခံအဆင့်မှ အလတ်တန်းအဆင့်သို့ ရောက်လာသည်။
သူဘာမှ မလုပ်လိုက်ရ။
"ဟီးဟီး၊ ငါက သာမန်ကြက်ဥမွှေကြော်ဟင်းမျိုး လုပ်ခဲ့တယ်ထင်နေလား။ ဘယ်ဟုတ်မှာလဲ။ ကျင့်စဉ်အဆင့်တိုးမြှင့်ပေးနိုင်တဲ့ဟင်းမျိုး လုပ်ခဲ့တာ။
နင်က တစ်ဖဲ့ပဲစားလို့ နင့်တိုးတက်မှုက နည်းတာ။ တစ်ပန်းကန်လုံးသာစားခဲ့ရင် ရွှေသန္ဓေထိပ်တန်းအဆင့်ကို နင်ရောက်သွားမယ်ဆိုတာ ငါအာမခံနိုင်တယ်"
ယခုလို ဖြေးဖြေးမှန်မှန် တိုးတက်ခြင်းက ပိုကောင်းသည်ဟု လုယန်တွေးနေသည်။ စိတ်ချရသည်။
နတ်မယ်ပြောသလို တစ်ပန်းကန်လုံးသာစားလျှင် ကောင်းကင်ဘုံသို့ ချက်ချင်း'တက်'သွားမည်ကို စိုးရိမ်မိသည်။
လှိုဏ်ဂူအပြင်ဘက်မှ မုန်ကျင်းကျိုး၏ အော်ဟစ်သံ ပေါ်လာသည်။
"လုယန်၊ မင်းနိုးပြီလား"
"နိုးပြီ"
လုယန် ဂူထဲမှ ထွက်လိုက်သည်။ နေအလင်းစူးသဖြင့် မျက်လုံးကို မှေးထားသည်။
လှိုဏ်ဂူရှေ့တွင် မုန်ကျင်းကျိုး လီဟော်ရန်နှင့် ချင်ယန်ယန်တို့ ရပ်နေကြသည်။
လုယန်ကြည့်၍ မုန်ကျင်းကျိုး သက်ပြင်းချသည်။
"နောက်ဆုံးတော့ မင်းနိုးလာပြီပေါ့။ မင်းသတိမေ့နေတာ သုံးလကြာပြီကွ"
လုယန် အံ့အားသင့်သွားသည်။ ထာဝရနတ်မယ်၏အဆိပ်က ထိုမျှပြင်းထန်မည်ဟု ထင်မထား။
လီဟော်ရန်က စိတ်ပျက်လက်ပျက်လေသံဖြင့်
"အကိုမုန်၊ အကိုလုက နှစ်နာရီလောက်ပဲ အိပ်ပျော်သွားတာပါ"
"ဟေ့ ညီလေးလီ၊ မင်းအတော်ဆိုးတာပဲ။ လုယန်ကို တစ်ခါလိမ်နိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူးကွ။ မင်းက ဖော်ကောင်လုပ်နေတယ်ပေါ့"
ချင်ယန်ယန် ထိုမြင်ကွင်းကို အသံတိတ်အကဲခတ်နေသည်။ ထူးခြားပါရမီရှင်နှစ်ယောက်ဖြစ်သည့် လုယန်နှင့် မုန်ကျင်းကျိုးသည် ယခုလိုနေ့စဉ် အပြန်အလှန်ဆက်ဆံရင်း ကောက်ကျစ်လှည့်စားတတ်သည့် စွမ်းရည်များကို လေ့ကျင့်ကြသဖြင့် အံ့ဩစရာပါရမီများ တိုးပွားလာကြလေသလားဟု သူတွေးနေသည်။
ဖြစ်နိုင်လောက်သည်။
"ပဥ္စမအကြီးအကဲကို သွားတွေ့ရအောင်။ ပဥ္စမအကြီးအကဲက ငါတို့ကောင်းကင်ရုံးတော်ကို ဝင်မှာဆိုတော့ ဂိုဏ်းတည်အဖွဲ့ဝင်တစ်ယောက် ဖြစ်လာတော့မှာလေ"
.....
လီဟော်ရန်၏ ဦးဆောင်မှုဖြင့် ပစ္စည်းများ သန့်စင်နေသည့် ပဥ္စမအကြီးအကဲကို ချက်ချင်းတွေ့ကြသည်။
ပဥ္စမအကြီးအကဲက သူ့ဝတ်ရုံကို မီးထဲသို့ ပစ်ထည့်သည်။ မီးတောက်များကြားတွင် သန့်စင်သည်။ ဝတ်စုံတစ်ခုလုံး နီရဲလာချိန်တွင် တည်ငြိမ်သည့်အမူအရာဖြင့် ပြန်ထုတ်သည်။
သူ့ခါးမှ တူငယ်တစ်လက်ထုတ်သည်။ ဝတ်ရုံကို လေးငါးဆယ်ကြိမ် ရိုက်သည်။ ထို့နောက် ရေထဲသို့နှစ်လိုက်သည်။ တရှဲရှဲအသံထွက်လာပြီးနောက် သန့်စင်သည့်လုပ်ငန်း ပြည့်စုံသွားသည်။
အသစ်သန့်စင်ထားသည့် ဝတ်ရုံကို ကျေနပ်ဟန်ဖြင့်ကြည့်ပြီး ဝတ်လိုက်သည်။ ထို့နောက်တွင်မှ မလှမ်းမကမ်းတွင် ရပ်နေသည့် လုယန်တို့ကို သူသတိထားမိသည်။
"ရှောင်လုလား"
"အကြီးအကဲ၊ ဝတ်စုံတွေ သန့်စင်နေတာလား"
လုယန် နားမလည်သဖြင့် မေးလိုက်သည်။ လုပ်သွားသည့်အလုပ်က ဝတ်စုံသန့်စင်သည်ထက် သတ္တုပစ္စည်းတစ်ခု သန့်စင်သည်နှင့် တူနေသည်။
"ဝတ်စုံတွေကို သယ်ယူပို့ဆောင်ရေးပစ္စည်းတွေနဲ့ ပေါင်းစပ်ကြည့်နေတာပါ"
"ပေါင်းစပ်တယ်..."
အားလုံး အံ့အားသင့်သွားကြသည်။ ထိုပစ္စည်းနှစ်မျိုးက ဆက်စပ်လို့ရနိုင်ပါ၏လော။
"ဘာလို့မရနိုင်ရမှာလဲ"
သန့်စင်မှုပါရဂူကြီးက အားလုံးကို ဉာဏ်အလင်းပြသည်။
"ရလားလုံးဖြစ်ဖြစ် လှေပျံဖြစ်ဖြစ် သယ်ယူပို့ဆောင်ရေးပစ္စည်းဆိုတာ ခရီးသွားဖို့ပဲမဟုတ်လား။
ရထားလုံးတွေ လှေပျံတွေ ဓားပျံတွေအားလုံးဟာ လုပ်ဆောင်ပုံချင်းအတူတူပဲ။ အားလုံးက ငါတို့ကို သယ်ဆောင်ပေးတယ်။
ဒီတော့ ငါတို့ကိုသယ်ဆောင်ပေးတဲ့ အသုံးအများဆုံးပစ္စည်းကို ဘာလို့မျက်စိရှန်းနေကြတာလဲ။ အဝတ်အစားတွေလေ"
လုယန် စဉ်းစားကြည့်သည်။ မှန်သည်ဟု ယူဆသည်။ အဝတ်အစားများသည် ခန္ဓာကိုယ်ကို ရစ်ပတ်ဖုံးလွှမ်းဖို့သုံးသည်။ တစ်နည်းဆိုရလျှင် လူများသည် အဝတ်အစားများကို သယ်ဆောင်ထားခြင်းဖြစ်သည်။
"ဒီတော့ အဝတ်အစားတွေဟာ သယ်ယူပို့ဆောင်ရေးအတွက် အသင့်တော်ဆုံးပစ္စည်းတွေလို့ ငါယုံကြည်တယ်။ ဒီမှာကြည့်ပါ"
ပဥ္စမအကြီးအကဲ ဝိညာဉ်ချီတစ်ချို့ ပို့လွှတ်လိုက်သည်။ သန့်စင်ထားသည့်ဝတ်စုံက ပျံတက်သွားပြီး သူ့ကိုပါဆွဲခေါ်သွားသည်။
လေထဲတွင် ခဏပတ်ပျံနေပြီးနောက် အောက်သို့ပြန်ဆင်းလာသည်။
"ပုံမှန်ဆိုရင် ရွှေသန္ဓေအဆင့်ကျင့်ကြံသူတွေဟာ ကိုယ်ပိုင်ပျံသန်းနိုင်စွမ်းရှိကြတယ်။ ဓားကျင့်ကြံသူတွေကတော့ အခြေတည်အဆင့်မှာတင် သူတို့ဓားနဲ့ပျံသန်းနိုင်ကြတယ်။
အခြေတည်အဆင့် ဓားကျင့်ကြံသူတွေဟာ ဓားနဲ့ပျံသန်းနိုင်တယ်ဆိုရင် ဘာကြောင့် အဝတ်အစားနဲ့ မပျံသန်းနိုင်ရမှာလဲ။
အင်း..ငါ့လက်ရှိ ဝတ်စုံသန့်စင်တဲ့နည်းက အကြမ်းထည်ဆန်လွန်းသေးတယ်။ အခြေတည်အဆင့်တွေ မသုံးနိုင်သေးဘူး။ ဒါပေမယ့် ငါဒါကိုရိုးရှင်းအောင် သန့်စင်ပြီး မူပိုင်ခွင့်တင်မယ်၊ ကျင့်ကြံသူလောကမှာ ဖြန့်ဖြူးနိုင်မယ်ဆိုရင် ငါတို့သန့်စင်မှုတစ်ရာတောင်ထိပ်အတွက် အဆုံးအစမရှိတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ရလာမယ်လေ"
ပဥ္စမအကြီးအကဲ စိတ်အားထက်သန်စွာရှင်းပြသည်။ ကုန်ကြမ်းပစ္စည်းများထပ်ဝယ်ပြီး ပိုကောင်းသည့်ပစ္စည်းများ သန့်စင်၍ ငွေရှာနိုင်ဖို့ မျှော်မှန်းထားသည်။
"အကြီးအကဲက တကယ်ပါရမီထူးတာပဲ"
ဤစိတ်ကူး တကယ်အကောင်အထည်ဖော်နိုင်လောက်သည်ဟု လုယန် ယူဆသည်။
တာအိုလမ်းစဉ်ဂိုဏ်း၏ ဥစ္စာဓနတို့သည် ပဥ္စမအကြီးအကဲလို ပစ္စည်းသန့်စင်သည့် ထူးခြားပါရမီရှင်များ၊ သတ္တမအကြီးအကဲလို ဆေးပညာရှင်များပေါ် မူတည်နေသည်။ အထူးသဖြင့်ကျင့်ကြံမှုလောကတွင် ပစ္စည်းသန့်စင်မှုကို ချီးကျူးကြသည်။
"ဒါနဲ့ ဒီမိန်းကလေးက ဘယ်သူလဲ"
အကြီးအကဲက ချင်ယန်ယန်ကို လက်ညှိုးထိုးပြသည်။
"ညီလေးလီဇနီးဟောင်းရဲ့ သမီးပါ"
လုယန် ရှင်းပြသည်။
အကြီးအကဲ အံ့အားသင့်သွားသည်။ သူ့တပည့် ဘယ်အချိန် အိမ်ထောင်ကျသွားသည်မသိ။
"ကျွန်တော့်အတိတ်ဘဝတုန်းကမိန်းမရဲ့ သမီးပါ"
လီဟော်ရန် အမြန်ရှင်းပြလိုက်ရသည်။
အကြီးအကဲ နားလည်သွားသည်။
"ဪ...ချင်ယန်ယန်လား။ မင်းအကြောင်း ဟော်ရန်ပြောဖူးတယ်။ ဒါဆို ပြောရရင် မင်းက ငါ့ရဲ့မြေးတပည့်ပေါ့"
ချင်ယန်ယန် - "..."
တာအိုလမ်းစဉ်ဂိုဏ်းသို့ လာမိသည်ကို သူနည်းနည်းနောင်တရနေသည်။ ဤနေရာတွင် သူ'ဝါ'အငယ်ဆုံးဖြစ်နေသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့က သူ့ကို 'တူမလေး'ဟု အဆက်မပြတ်ခေါ်သည်။ ယခုလည်း မြေးတပည့်ဘဝသို့ အလိုလိုရောက်သွားသည်။
အတိတ်ဘဝသည် အတိတ်ဘဝဖြစ်ကြောင်း ယခုဘဝနှင့် ဘမှမဆိုင်ကြောင်း သူပြောလိုက်ချင်သည်။ သို့သော် ပဥ္စမအကြီးအကဲက သူ့ဝတ်ရုံထဲမှ မှော်ရတနာတစ်ခုထုတ်လိုက်သည်ကို သူမြင်ရသည်။
"ငါတို့ချင်း ပထမဆုံးတွေ့ဆုံကြတာဆိုတော့ တစ်ခုခုလက်ဆောင်ပေးရမယ့် ဝတ္တရားရှိတယ်။ လောလောဆယ် ငါ့လက်ထဲမှာလည်း ဘာထူးခြားပစ္စည်းမှမရှိဘူး။ ဒါပေမယ့် မင်းက မှော်အဆောင်ကျင့်ကြံသူဆိုတော့ ဒီအဆောင်စုတ်တံလေးယူလိုက်ပါ။ သာမန်မှော်အဆောင်ဆယ့်ရှစ်ခုပါတယ်။ ဝိညာဉ်ချီပို့လွှတ်ပြီး တစ်ပြိုင်တည်းထုတ်သုံးလို့ရတယ်။ မင်းအတွက် နည်းနည်းတော့အကူအညီဖြစ်လောက်မှာပါ"
စုတ်တံစွမ်းရည်ကြောင့် ချင်ယန်ယန် အံ့အားသင့်သွားသည်။ မှော်စုတ်တံသည် မှော်အဆောင်ကျင့်ကြံသူများအတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းဖြစ်သည်။ ယခု သူ့လက်ထဲရှိနေသည့် မှော်စုတ်တံက မှောင်အဆောင်ဆယ်ခုပါသည်။ နာမည်ကျော်ပစ္စည်းသန့်စင်သူကို စုယီရန်က အခကြေးငွေပေး၍ အထူးတလည်လုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ရွှေသန္ဓေအဆင့်မှော်စုတ်တံတစ်ချောင်း အများဆုံးထိန်းနိုင်သည့် မှော်အဆောင်အရေအတွက်က ဆယ်ခုသာဖြစ်သည်ဟု ထိုပညာရှင်ကပြောခဲ့သည်။
"ဒါက တန်ဖိုးကြီးလွန်းတယ်။ ကျွန်မလက်မခံနိုင်ဘူး"
"ယူလိုက်ပါ။ ဒါက ငါအားတဲ့အချိန်မှာ လုပ်ထားတဲ့ ပစ္စည်းလေးပါ။ သိပ်လည်း တန်ဖိုးမကြီးလှပါဘူး"
ပဥ္စမအကြီးအကဲက ရက်ရောလှသည်။
လီဟော်ရန် ချန်ယန်ယန်ကို အားကျသည့်အကြည့်ဖြင့်ကြည့်နေသည်။ သူဆရာက ချင်ယန်ယန်ကို ပထမဆုံးစတွေ့ချိန်တွင် လက်ဆောင်ပေးခြင်းဖြင့်စသည်။ သူ့ကိုစတွေ့စဉ်က ချော်ရည်ကန်ထဲသို့ ပစ်ချခံရသည်။
"ဒါနဲ့...မင်းတို့ငါ့ကို လာတွေ့တာ ဘာကိစ္စရှိလို့လဲ"
လုယန်တို့ ရောက်လာသည်မှာ အကြောင်းတစ်ခုရှိမည်ဟု အကြီးအကဲယူဆသည်။
"ဒီလိုပါ..ကျုပ်တို့ ကောင်းကင်ရုံးတော်ဂိုဏ်းကို တည်ထောင်ပြီးပါပြီ။ ရှေးခေတ်မသေမျိုး အမွေအနှစ်တွေနဲ့ တောင့်တင်းတဲ့နောက်ခံအင်အားရှိပါတယ်။ နာမည်ကျော်မိသားစုတွေနဲ့ တစ်ချိန်ကကူးဖြတ်ခြင်းအကြိုအဆင့် ကိုးငရဲဂိုဏ်းပထမဆုံးအမွေခံရဲ့ ထောက်ခံအားပေးမှု ရထားပါတယ်။ အကြီးအကဲကို ကျုပ်တို့ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ကာကွယ်သူလုပ်ပေးဖို့ တောင်းဆိုချင်တာပါ"
*****************************************