ထောင်ထျဲမျိုးနွယ်သမိုင်းကြောင်း
Vol. 22 Ch. 320
"မြေစားပညာလား..."
လုယန် ခါးကုန်း၍ မြေပြင်မှ မြေကြီးတစ်ခဲကောက်ယူလိုက်သည်။ စားချင်စိတ်ကိုထိန်း၍ ပြန်ချထားလိုက်သည်။
နတ်မယ် အော်ဟစ်၍ခုန်ထလာသည်။
"ဟေ့...ဟုတ်တယ်လေ။ မြေစားပညာဆိုတာ မြေကြီးစားတာပဲပေါ့။ ဒါကိုနားလည်ဖို့ အဲလောက်ခက်လို့လား"
လုယန်၏ဉာဏ်ရည်သည် သူ့ကိုမမီဟု နတ်မယ်တွေးနေသည်။ ထိုစကားက နားလည်ဖို့အလွန်လွယ်ကူရိုးရှင်းပါသည်။
လုယန် - "..."
ဒါဆို ခင်ဗျားတို့ခေတ်မှာ မြေစားပညာဆိုတာ တကယ်မြေကြီးစားတဲ့ပညာလား။
လုယန်၏ အူကြောင်ကြောင်အမူအရာကိုကြည့်၍ ထာဝရနတ်မယ် သက်ပြင်းချသည်။ သိစိတ်နယ်မြေတွင် အကြံပေးလမ်းညွှန်နိုင်သည့် သူ့လိုလူတစ်ယောက်ရှိနေသည်မှာ လုယန်အတွက် အတော်ကံကောင်းသည်ဟု သူယူဆသည်။ မဟုတ်လျှင် အပြင်လောက၌ ဤကောင်လေး အလွယ်တကူ လှည့်စားခံရနိုင်သည်။
နတ်မယ် ဆက်ရှင်းပြသည်။
"ထောင်ထျဲမျိုးနွယ်က ရှေးဟောင်းနတ်ဆိုးမျိုးနွယ်လေးခုထဲကတစ်ခုဆိုပေမယ့် နောက်မှနာမည်ကြီးလာတာ။ အစက အတော်ခက်ခက်ခဲခဲရှင်သန်ခဲ့ကြရတာ။ စားသောက်ချင်စိတ်မြင့်မားပေမယ့် အစွမ်းအစမရှိကြဘူးလေ။ အမြဲလိုလို ဗိုက်ဆာနေကြရတာ။ အစားအသောက်မရှိရင် စွမ်းအားမရှိဘူး။ အမဲမလိုက်နိုင်ဘူး။ ဒီတော့ သူတို့ဘဝက အရမ်းခက်ခဲတာပေါ့။
ထောင်ထျဲမျိုးနွယ်အတွက် ဒီလိုအစာမရှိဘဲ ဆက်သွားလို့မရဘူး။ သူတို့က တစ်သက်လုံး အစားအသောက်ရှားပါးတဲ့ဘဝနဲ့ ရှင်သန်ကြရတာ။ ဗိုက်အရမ်းဆာလွန်းတဲ့အခါ သစ်ခေါက်နဲ့ သစ်ရွက်တွေကိုစားကြတယ်။ ဒါပေမယ့် ဒါတွေနဲ့လည်း ဗိုက်မပြည့်ဘူးလေ။
အဲလိုနဲ့ တစ်နေ့မှာ ထောင်ထျဲဘိုးဘေးတွေရဲ့ ကောင်းချီးရလာတယ်ထင်ပါရဲ့။ ပါရမီရှင်တစ်ယောက် ပေါ်လာတဲ့။ ကျင့်စဉ်ပါရမီရော ဉာဏ်ရည်ပါရမီပါ မြင့်မားတယ်။
အဲဒီ့ထောင်ထျဲသားရဲက တွေးတယ်။ သစ်ခေါက်သစ်ရွက်တွေ စားလို့ရတယ်ဆိုရင် မြေပြင်ကမြေကြီးကိုရော စားလို့မရနိုင်ဘူးလားပေါ့။
သုံးရက်လောက် တံခါးပိတ်ကျင့်တယ်။ အစာမစား ရေမသောက်ဘူး။ သေတော့မယ်လို့ ထင်နေချိန်မှာ သူ့မျိုးနွယ်၊ သူ့မိသားစု၊ အရိုးပေါ်အရေတင်ဖြစ်နေတဲ့ သူညီအကိုမောင်နှမတွေ၊ မျှော်လင့်နေတဲ့ သူတို့မျက်နှာတွေကို ပြန်မြင်ရောင်လာတယ်။
ဒီလိုနဲ့တော့ သူသေလို့မဖြစ်ဘူး။ တိုက်ခိုက်ရှင်သန်ရမယ်။
သေမင်းနဲ့ရင်ဆိုင်တွေ့တော့ မျှော်လင့်ချက်အရိပ် ပေါ်လာတယ်။ နောက်ဆုံးမှာ မဟာနတ်စွမ်းရည် ကောင်းကင်မျိုမြေစားပညာကို ဖန်တီးခဲ့တယ်။
ဒီစွမ်းရည်က သူတို့သွေးဆက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာတယ်။ ထောင်ထျဲသွေးဆက်ထဲမှာ ပေါင်းစည်းထားတယ်။ မျိုးနွယ်ဝင်တိုင်း ဒီနတ်စွမ်းရည်အလိုလိုရလာပြီး မြေကြီးကိုစားနိုင်လာတယ်"
"ခဏနေပါဦး။ ထောင်ထျဲမျိုးနွယ်ရဲ့ ဒီပညာဟာ လေဟာနယ်ကိုတောင်ထိုးခွဲနိုင်တယ်လို့ ကျုပ်ကြားဖူးတယ်။ ခင်ဗျားပြောတဲ့ထဲမှာ လေဟာနယ်ထိုးခွဲနိုင်တာမျိုးလည်း မပါပါလား"
လုယန် နားမလည်အောင်ဖြစ်နေသည်။ စာအုပ်ထဲတွင် ဖော်ပြထားသည်နှင့်မတူ။
နတ်မယ်ကသူ့ကို ဒေါသမျက်လုံးဖြင့်ကြည့်သည်။
"နင်အတော်စိတ်လောတာပဲ။ ငါပြောတာဆုံးအောင် နားထောင်ပါဦး"
"ကောင်းပါပြီ၊ ဆက်ပြောပါ..."
"အရင်ကတော့ ထောင်ထျဲမျိုးနွယ်ရဲ့ဘဝက အတော်ဆိုးဝါးတယ်။ သူ့တို့ကျင့်စည်အဆင့်ကလည်းနိမ့်တယ်။ ကျင့်ကြံနိုင်တဲ့စွမ်းအင်မရှိကြဘူး။ သူတို့ဗိုက်ပြည့်မှ ကျင့်ကြံဖို့ အပိုစွမ်းအင်ထုတ်နိုင်ကြတာ။
ကျင့်ကြံမှုအတွက် သူတို့ဗီဇပါရမီက ထိပ်တန်းနတ်ဆိုးမျိုးနွယ်တွေဖြစ်တဲ့ နဂါး၊ ဖီးနစ်၊ ခွန်ဖုန်၊ ချီလင်တို့နဲ့ တန်းတူရှိတယ်။
သူတို့ကျင့်စဉ်နှုန်းမြန်တာက တစ်ခြားအကြောင်းတစ်ခုရှိတယ်။ မြေပြီးစားတဲ့အတွက် သူတို့ပိုသန်မာလာတယ်။ မြေကြီးအရည်အသွေပိုကောင်းလေ ကျင့်စဉ်တိုးတက်တာမြန်လေပဲ။ တစ်ချိန်တုန်းက သူတို့စားတဲ့ မြေနက်ဈေးနှုန်းက မိုးထိခေါင်ခိုက်အောင် ထိုးတက်ခဲ့ဖူးတယ်။
တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ဈေးစိုက်ခင်းထဲကမြေကြီးဟာ အရည်အသွေးမြင့်တယ်။ နင်စိတ်ဝင်စားရင် စမ်းကြည့်လို့ရတယ်။ နင့်ကျင့်ကြံမှု အရှိန်မြင့်လာမယ်ဆိုတာ ငါအာမခံပါတယ်"
"စည်းစားကြည့်ပါဦးမယ်"
လုယန်စဉ်းစားချင်ယောင်ဆောင်နေစဉ် နတ်မယ်ဆက်ပြောသည်။
"ထောင်ထျဲမျိုးနွယ်ကျင့်ကြံမှုတွေ အလျင်အမြန်တိုးတက်လာတော့ နတ်ဆိုးမျိုးနွယ်တွေကြားမှာ ထင်ရှားလာတယ်။ နောက်ဆုံးကျတော့ သူတို့ပါရမီတင်မဟုတ်ဘူး။ မျိုးနွယ်တစ်ခုလုံးရဲ့စွမ်းအားပါ ထိပ်တန်းမျိုးနွယ်တွေနဲ့ ယှဉ်နိုင်လာတယ်။
အဲလိုနဲ့ နတ်ဆိုးမျိုးနွယ်လေးခုထဲက တစ်ခုဖြစ်လာတာပေါ့။
သူတို့ဖွံ့ဖြိုးတိုးတက်လာချိန်မှာ နတ်ဆိုးမျိုးနွယ်ကြီးတစ်ခုအနေနဲ့ မြေကြီးစားတတာဟာ မသင့်တော်ဘူးလို့ တွေးမိလာတယ်။ ဒါကြောင့် ကောင်းကင်မျိုမြေစားပညာကို အရာအားလုံးဝါးမျိုနိုင်တဲ့ စွမ်းရည်အဖြစ် အဆင့်မြှင့်ကြတယ်။ အဲလိုနဲ့ ဒီနေ့နင်ကြားဖူးတဲ့ ပညာဖြစ်လာတာပဲ"
လုယန်ခဏအသံတိတ်သွားပြီး ပြန်မေးသည်။
"ဒါဆိုဘာလို့ခင်ဗျားကျုပ်ကို ခေတ်သစ်ကောင်းကင်မျိုမြေစားပညာကို သင်မပေးတာလဲ"
နတ်မယ် လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။ သူ့မေးခွန်းကို နားမလည်နိုင်ဖြစ်နေပုံရသည်။
"နင်တောင်းဆိုတာ ဒါမျိုးမဟုတ်ဘူးလား။ နင်က ရှေးအကျဆုံးပညာမျိုးကို လိုချင်တာလေ။ တစ်ချက်ကြည့်ရုံနဲ့ ရှေးဟောင်းပညာမျိုးသိသာတဲ့ ပညာမဟုတ်လား။
ဒီပညာက တကယ်ရှေးဟောင်းပညာရပ်ပါ။ ငါ့အနေနဲ့တောင် ရှေးကျတယ်လို့ ပြောလို့ရတယ်။ ဒါကို ချီလင်မသေမျိုးပြောတဲ့ဇာတ်လမ်းနဲ့ ရှေးကျမ်းစာတွေကနေ ငါသိခဲ့တာ။
ဒီပညာက ပျောက်ဆုံးသလောက်တောင်ရှိနေပြီ။ ထောင်ထျဲမျိုးနွယ်မှာတောင် ဒီပညာရပ်ကို သိတဲ့သူမရှိနိုင်တော့ဘူး။ နင်သာမတောင်းဆိုရင် ငါဘယ်သင်ပေးပါ့မလဲ"
လုယန် - "..."
ကျေးဇူးကြီးလှသည်...ဟုထင်ပါသည်။
"ဒီပညာက မြေကြီးပဲ စားလို့ရတာလား"
မျှော်လင့်ချက်ရေးရေးဖြင့် လုယန် ထပ်မေးသည်။
"မဟုတ်ပါဘူး"
"ဪ"
လုယန် ပျော်သွားသည်။ နတ်မယ်သည် တကယ်အားကိုးရသည်ဟု သူတွေးမိသည်။
"မြေကြီးတစ်ဆုပ်စားကြည့်လေ။ ခြောက်ကပ်နေတော့ မျိုရခက်တယ်။ ရေထပ်သောက်ရင်လည်း ရွှံ့ဖြစ်သွားမယ်။ မျိုချရတာအဆင်မပြေနိုင်သေးဘူး။ လည်ပင်းထဲမှာ ကပ်နေမယ်။
အဲဒါကြောင်း 'ကောင်းကင်မျို'ဆိုတဲ့ ပညာပေါ်လာတာပဲ။ ဒီပညာနဲ့ မြေကြီးစားရတာချောမွေ့အောင် ဝိညာဉ်စွမ်းအင်ကို သုံးလို့ရတယ်"
"...ဪ တကယ်ကောင်းတဲ့ပေါင်းစပ်ပညာပဲ"
"ဒါပေါ့၊ တီထွင်ခဲ့တဲ့လူက ထောင်ထျဲပါရမီရှင်ပဲလေ။ သာမန်စဉ်းစားတွေးခေါ်မှုမျိုး ဘယ်ဟုတ်နိုင်ပါ့မလဲ။ ကောင်းကင်မျိုပညာကို ဝိညာဉ်စွမ်းအင်စုပ်ယူဖို့လည်း သီးသန့်သုံးလို့ရတယ်"
"ကျုပ်ကြိုးစားကြည့်မယ်"
လုယန် မန္တာန်ကို အသံတိတ်ရွတ်ဆို၍ ပါးစပ်ကိုဟလိုက်သည်။ ဝိညာဉ်စွမ်းအင် ပမာဏများစွာလှိမ့်ဝင်လာပြီး သူ့ကိုယ်ထဲတွင် ပြည့်ကြပ်သွားသည်။
"အဟွတ် အဟွတ်"
လုယန် အသက်ရှူမဝသလို ခံစားလိုက်ရပြီး ပါးစပ်ကိုအလိုလိုပိတ်၍ ချောင်းဆိုးနေသည်။
"နင်စုပ်ယူတဲ့နှုန်းက မြန်လွန်းတယ်။ နင့်လက်ရှိအဆင့်နဲ့ ဒီလောက်မြန်မြန်မစုပ်ယူနိုင်သေးဘူး။
လုယန် စုပ်ယူနှုန်းကို ချိန်ညှိလိုက်သည်။ သူ့ကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များ တည်ငြိမ်သွားသည်။ ထို့နောက် ပါးစပ်ကိုပြန်ဟ၍ ဖြေးဖြေးချင်း စုပ်ယူသည်။
ဝိညာဉ်စွမ်းအင်က ချိုမြိန်သည့်နှင်းရည်နှင့်တူသည်။ အရသာရှိ၍ လတ်ဆတ်သည်။ ဝမ်းဗိုက်ထဲတွင် အစာချေပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ သက်တောင့်သက်သာခံစားရသည်။
"တကယ်သက်တောင့်သက်သာရှိတာပဲ"
လုယန် သက်ပြင်းချသည်။
"နေပါဦး၊ ဝိညာဉ်စွမ်းအင်စုပ်ယူရတဲ့ ခံစားချက်က ဝိညာဉ်စုမှော်စက်ဝန်းသုံးနေရသလိုပါပဲလား"
"နင်မှန်းတာ မှန်သွားပြီ။ လူသားတွေရဲ့ ရှေးအကျဆုံး ဝိညာဉ်စုမှော်စက်ဝန်းတွေက ဒီပညာရပ်ကိုအခြေခံပြီး တီထွင်ခဲ့တာ"
နောက်ထပ်ရှေးဟောင်းလျှို့ဝှက်ချက်တစ်ခုကို နတ်မယ်ထုတ်ပြောပြန်သည်။
မှော်အဆောင်လို မှော်စက်ဝန်းလို ကျင့်စဉ်ပညာအများစုသည် သဘာဝတရားနှင့် သားရဲများကိုအတုယူ၍ ရှေးခေတ်လူသားများ တီထွင့်ခဲ့ခြင်းဖြစ်သည်။
ထောင်ထျဲမျိုးနွယ်ကိုလည်း တုပခဲ့ကြသည်။
"မဆန်းတော့ပါဘူး...ဒါပေမယ့် နေဦး။ ဒီရှေးခေတ်ကောင်းကင်မျိုမြေစားပညာကို ကျုပ်တတ်ထားလည်း အသုံးမဝင်နိုင်ဘူး။ ဒီနေ့ခေတ်မှာ ထောင်ထျဲမျိုးနွယ်သမိုင်းကြောင်းကို ဘယ်သူသိတော့မှာလဲ။ မြေကြီးကိုကျုပ်စားပြရင်တောင် ကိုးငရဲဂိုဏ်းသားတွေက ကောင်းကင်မျိုမြေစားပညာမှန်း ဘယ်သိတော့မလဲ"
လုယန် အတွေးတစ်ခု ရုတ်တရက်ပေါ်လာသည်။ ဤပညာသည် ရှေးကျလွန်းသည်။ ဘယ်သူမှသိနိုင်မည်မဟုတ်တော့။
ထာဝရနတ်မယ်ရှင်သန်ခဲ့သည့်ခေတ်မှာပင် ထိုပညာအကြောင်းသိသူ များများစားစားရှိမည်မထင်။
နတ်မယ် နည်းနည်းတုံ့ဆိုင်းသွားသည်။
"ဒါဆိုနင်က ခေတ်သစ်ကောင်းကင်မျိုမြေစားပညာကို သင်ချင်တာလား"
လုယန် ခေါင်းကိုအတင်းငြိမ့်သည်။
နတ်မယ် စိတ်သက်သာရာရသွားသည်။
"ဒါဆိုရင်တော့ ကိစ္စပြီးပြီ"
"ဘာလို့လဲ"
"ဒီပညာကိုငါမသိဘူးလေ"
သူမသိသဖြင့် လုယန်လေ့လာဖို့မလို။ ရိုးရှင်းသည့်အဖြေတစ်ခုဖြစ်သည်။
*************************************