ဆေးဘုရင်များကို နှိပ်ကွပ်သူ
Vol. 22 Ch. 321
တာအိုလမ်းစဉ်ဂိုဏ်း ဆေးဥယျာဉ်။
ညကောင်းကင်အောက်၌ ခါတိုင်းကဲ့သို့ပင် လောင်ပါးက စောင့်ကြပ်နေသည်။ သူ့နှင့်မျက်နှာချင်းဆိုင်တွင် ကိုယ်ပွားတစ်ခုဖန်တီးပြီး ကျားကစားနေသည်။
"လောင်ပါး"
ရင်းနှီးနေသည့်စကားသံတစ်ခု သူ့နားထဲသို့ ဝင်လာသည်။
"ရှောင်လု၊ ဒီလောက်ညာဉ့်နက်မှ မင်းဘာလာလုပ်တာလဲ"
ကျင့်ကြံသူတို့၏ လှုပ်ရှားမှုများသည် နေ့ညဟူ၍ သတ်မှတ်မထားပါ။ သို့သော် ဂိုဏ်းတပည့်များသည် ဆေးစိုက်ခင်းသို့ ညဘက်တွင်လာခဲသည်။
လုယန်က ရှက်ကိုးရှက်ကန်းမျက်နှာဖြင့်
"အကြီးအကဲဆီမှာ တန်ဖိုးကြီးတာတစ်ခုခုရှိလား..."
"ဆေးမြစ်လား"
"မြေကြီးပါ"
"မြေကြီးကို ဘာလုပ်ဖို့လဲ"
"စားဖို့ပါ"
လောင်ပါး - "..."
ယွမ်ကျိသည် အပြင်လောကအကြောင်း လုံးဝနားမလည်ဘဲ တစ်ခြားလူများကို နှိပ်စက်တတ်ကြောင်း သူကြားဖူးခဲ့သည်။ လုယန်ကို ဤအတိုင်းအတာထိပင် နှိပ်စက်နေပြီထင်သည်။
"မဟုတ်ဘူး။ အဲလိုမဟုတ်ပါဘူး။ ကျုပ်က မြေကြီးစားနိုင်တဲ့ ပညာရပ်တစ်ခုကို လေ့လာနေတာပါ။ အရသာသိအောင် နည်းနည်းစမ်းစားကြည့်ချင်လို့ပါ"
လောင်ပါး မေးကိုပွတ်၍ လုယန်ကို အထက်အောက် အကဲခတ်ကြည့်သည်။
"နောက်ဆုံးတစ်ခေါက် ဆေးစိုက်ခင်းကိုလာတုန်းက မြေအောင်းပညာကို မင်းတတ်ပြီးစအချိန်ဆိုတာ ငါမှတ်မိတယ်။ ဒီတစ်ခါ မြေကြီးစားဖို့ ရောက်လာပြန်ပြီပေါ့။ တီကောင်မျိုးနွယ်ဆီက အမွေရထားတဲ့ပညာများလား"
မြေအောင်းခြင်းနှင့် မြေစားခြင်းတို့သည် ငွေလက်စွပ်ကောင်းကင်တီကောင်တို့၏ ထူးခြားစွမ်းရည်များဖြစ်သည်။
"ရှေးဟောင်းပညာအမွေပါ"
လုယန် အလေးအနက်ပြောသည်။
"ရှေးဟောင်းတီကောင်လား"
လောင်ပါး ထပ်မစူးစမ်းတော့။ တာအိုလမ်းစဉ်ဂိုဏ်းတပည့်များ ဘယ်လိုကိစ္စမျိုးလုပ်လုပ် သူမအံ့ဩ။ အားလုံးကို သူတွေ့ကြုံဖူးသည်။
"ထားပါတော့လေ။ မင်းဒီကိုရောက်ဖူးတာ ပထမဆုံးအကြိမ်လည်းမဟုတ်တော့ဘူး။ တီကောင်တစ်တွဲက အနားယူနေတယ်။ ကျန်တဲ့တစ်တွဲက ပျားရည်ဆန်းခရီးထွက်နေတယ်။ စိုက်ခင်းထဲက ဆေးဘုရင်လေးတွေနားမှာ မင်းဘာသာသွားရှာရုံပဲ။
လုယန် စိုက်ခင်းထဲဝင်ရန်ပြင်နေစဉ် လောင်ပါးက လှမ်းပြောသည်။
"ဒါနဲ့...တစ်ယောက်ယောက်ကို ချစ်ဖူးသလား"
"ဟင့်အင်း"
လောင်ပါး တွေးတွေးဆဆဟန်ဖြင့် ခေါင်းငြိမ့်သည်။
"မိန်းကလေးတွေ ဘယ်လိုစကားမျိုးကို အကြားချင်ဆုံးလဲဆိုတာ မင်းသိလား"
လုယန် သိစိတ်နယ်မြေမှ နတ်မယ်ကို မေးသည်။
"ခင်ဗျားတစ်ခြားလူတွေဆီကနေ ဘယ်လိုစကားမျိုးအကြားချင်ဆုံးလဲ"
"ငါ့အလှနဲ့ ဉာဏ်ပညာကို ချီးကျူးတဲ့စကားပေါ့"
လုယန် လောင်ပါးကို ပြန်လှည့်ပြောသည်။
"သူ့အလှနဲ့ဉာဏ်ရည်ကို ချီးကျူးလိုက်ပေါ့"
လောင်ပါး ခဏစဉ်းစားသည်။
"သဘောပေါက်ပြီ။ မင်းသွားလို့ရပါပြီ"
......
အတော်ကြာမှ ဆေးစိုက်ခင်းသို့ နောက်တစ်ကြိမ်ပြန်ရောက်ခြင်းဖြစ်သည်။ လုယန် ဆေးဘုရင်လေးများ၏ နေအိမ်သို့ တန်းသွားသည်။
မြင့်မားသည့် ဉာဏ်အလင်းသစ်ပင်အောက်တွင် ဆေးဘုရင်လေးများ မီးပုံဘေးတွင် လက်ချင်းချိတ်၍ သီဆိုကခုန်နေကြသည်။
"ဘာနံ့လဲကွာ...မွှေးလိုက်တာ"
"ဂျင်ဆင်းဘုရင်၊ မင်းအမြစ်တွေ မီးလောင်နေပြီကွ"
"မီးမြန်မြန်ကူသတ်ပေးပါဦး"
ဆေးဘုရင်လေးများ ဂျင်ဆင်းဘုရင်ဆီ စုပြုံပြေးဝင်လာပြီး မီးမငြိမ်းမချင်း ခြေဖြင့်ဖိနင်းကန်ကျောက်ကြသည်။
"လုယန်၊ မင်းဘာလာလုပ်တာလဲ"
ဉာဏ်အလင်းသစ်ပင်က လုယန်ကို အရင်သတိထားမိပြီး ပြုံး၍နှုတ်ဆက်သည်။
"လုယန်လား"
တစ်ခြားဆေးဘုရင်လေးများလည်း မြင်သွားသည်။ လုယန်ခြေရင်းတွင် လှည့်ပတ်ခုန်ပေါက်နေသည်။ အတော်ပျော်သွားကြဟန်ရှိသည်။
လုယန်ခန္ဓာကိုယ်ကိုချုံ့၍ လအတော်ကြာအောင်မတွေ့ခဲ့ရသည့် ဆေးဘုရင်များကို ကြည့်သည်။ ဂျင်ဆင်းဘုရင်၊ သုံးရွက်ကြယ်မြက်၊ ကပ်ဆုံးပန်း၊ ချီလင်ဆေးဘုရင်။
လုယန် သူတို့အရွယ်အစားအတိုင်း ချုံ့လိုက်သဖြင့် ပိုကျေနပ်နေကြသည်။
"ကဲ...ဟိုနတ်ဆိုးမကို ပူးပေါင်းတိုက်ခိုက်ဖို့အစီအစဉ်က ဘယ်လိုလဲ"
ပြီးခဲ့သည့်တစ်ခေါက် စိုက်ခင်းမှထွက်မလာမီ ထိုဆေးဘုရင်လေးများကို လုယန်လှည့်စားခဲ့သည်။ သူတို့ပြောသည့် နတ်ဆိုးမယွမ်ကျိကို သူလည်းမုန်းတီးကြောင်း၊ အတူတူပူးပေါင်းတိုက်ခိုက်ချင်ကြောင်း ပြောသည်။
ထိုစဉ်က ယွမ်ကျိ၏စွမ်းအားအစစ်ကို သူမသိသေး။ စုစည်းခြင်းအဆင့်လောက်သာရှိမည်ထင်ခဲ့သည်။ နှစ်တစ်ထောင်လောက်လေ့ကျင့်ပြီးလျှင် ယွမ်ကျိထက်သာမည်ဟု ထင်ခဲ့သည်။
ယခုအမြင်အရ နှစ်ထောင်ချီလေ့ကျင့်၍ ထာဝရနတ်မယ်ကို စွမ်းအားဖြည့်ပေးနိုင်လျှင်ပင် အမယွမ်ကို အနိုင်ယူနိုင်ဖို့မသေချာတော့။
"ငါသိသားပဲ လုယန်။ နင်လည်း ရှောင်ယွမ်ကို ပညာပေးချင်နေတာမဟုတ်လား"
စိတ်တူကိုယ်တူမိတ်ဆွေကို တွေ့ရသဖြင့် ထာဝရနတ်မယ် သိစိတ်နယ်မြေမှ ဝမ်းသာအားရ ထွက်လာသည်။
"ဟာ...ဝိညာဉ်လား လူလား။ မင်းဘယ်သူလဲ"
ဂျင်ဆင်းဘုရင်က အမြစ်နှစ်ခုဖြင့် ခါးထောက်ကြည့်သည်။
လူသားကျင့်ကြံသူများသည် အဆင့်မြင့်ဝိညာဉ်များ မွေးမြူထိန်းချုပ်ထားတတ်သည်ကို သူမြင်ဖူးကြားဖူးသည်။ ထိုဝိညာဉ်များသည် အလွန်ဆုံး ကူးဖြတ်ခြင်းအဆင့်သာ ရှိကြသည်။
ကူးဖြတ်ခြင်းအဆင့်ဆိုလျှင် သူတို့လောက် အသက်ရှည်ရှည်နေနိုင်သည့်သဘောဖြစ်သည်။
"ဆေးပင်ကလေး၊ ဒီနတ်မယ်ကို လေးစားမှုနည်းနည်းထားစမ်းပါ။ ငါဘယ်သူလဲ နင်သိလား"
ရှေးဟောင်းခေတ်မသေမျိုးငါးယောက်၏ ခေါင်းဆောင်ဖြစ်၍ နတ်မယ် မမြင်ဖူးသည့်အရာမရှိ။ ဆေးဘုရင်ဆိုသည်မှာ သူ့အတွက်ဘာမှမဟုတ်။ လိုချင်သလောက်ရနိုင်သည်။ မရေမတွက်နိုင်သည့် ဆေးဘုရင်ပေါင်းများစွာ သူ့နောက်သို့လိုက်ချင်ခဲ့ကြသည်။ သို့သော် ဂရုစိုက်ရမည့်အလုပ်ကို သူပျင်းသည်။
ထာဝရနတ်မယ် စွမ်းအင်ရောင်တစ်ခုထုတ်လွှတ်လိုက်သည်။ ဆေးဘုရင်များ ချက်ချင်းမြေပေါ်လဲကျပြီး အံ့ဩတုန်လှုပ်သွားကြသည်။ ထိုနတ်မယ်ရှိနေသည်ကပင် သူတို့အပေါ် သဘာဝဖိအားတစ်မျိုး ကျနေသယောင်ထင်ရသည်။
"မင်း...မင်းဘယ်သူလဲ"
ဉာဏ်အလင်းသစ်ပင်လည်း လန့်ဖျတ်သွားသည်။ ထိုဝိညာဉ် ဘယ်လိုဖြစ်တည်မှုမှန်း မသိသော်လည်း စိတ်ထဲတွင် အကြောက်တရားနှင့်ဆန္ဒရောယှက်နေသည့် ထူးဆန်းသည့်စိတ်ခံစားချက်မျိုး အလိုလိုပေါ်လာသည်။
ဆေးဘုရင်များသည် အချိန်ကြာမြင့်စွာရှင်သန်နိုင်ကြသည်။ သို့သော် သက်တမ်းအကန့်အသတ်မှ မလွတ်မြောက်နိုင်ကြ။ နောက်ဆုံးတွင် သူတို့ဘဝအဆုံးသတ်ကြရမည်။
သို့သော် နတ်မယ်က ထာဝရအသက်၏သင်္ကေတဖြစ်သည်။ တစ်နည်းအားဖြင့် ဆေးဘုရင်များ ရယူချင်ကြသည့် နောက်ဆုံးပန်းတိုင်ဖြစ်သည်။ ထို့ကြောင့် နတ်မယ်က သူတို့ကိုဖိနှိပ်နိုင်သည်။
ဥပမာ နတ်ဆိုးချုပ်တောင်ကြားမြို့ပြင်မှ တောနက်ထဲတွင် လုယန် မူထန်မြက်နှင့် အလူးအလဲတိုက်ခိုက်ခဲ့သည်။ ထိုစဉ်က ထာဝရနတ်မယ် စွမ်းအင်ရောင်ထုတ်လွှတ်၍ ထိုမြက်ပင်ကို နှိပ်ကွပ်ချင်ခဲ့သည်။ သို့သော် လုယန်ဉာဏ်အလင်းရလာသည့် အခြေအနေကိုမြင်သဖြင့် သူမလှုပ်ရှားခဲ့ခြင်းဖြစ်သည်။
"ငါက ထာဝရနတ်မယ်ပဲ။ လွန်ခဲ့တဲ့နှစ်သုံးသိန်းက မသေမျိုးငါးယောက်ရဲ့ခေါင်းဆောင်ပေါ့။ အခုလက်ရှိမှာ ယွမ်ကျိကိုယ်တိုင် လေးလေးစားစားဖိတ်ခေါ်ထားတဲ့ တာအိုလမ်းစဉ်ဂိုဏ်းရဲ့ တစ်ဦးတည်းသော ဧည့်သည်အကြီးအကဲပဲ။
ရှေးဟောင်းခေတ်မှာ ပထမဆုံးမသေမျိုးဖြစ်ခဲ့တဲ့ ကောင်းကင်ရုံးတော်ကို တည်ထောင်ခဲ့တဲ့ မဟာအဓိပဓိ ကောင်းကင်ရုံးတော်အရှင်၊ ပဲဝါမသေမျိုးပဲ"
"အံ့ဩစရာပါလား"
နတ်မယ်၏ ရှည်လျားသည့်ဘွဲ့ထူးဂုဏ်ထူးများကြောင့် ဆေးဘုရင်လေးများ အံ့ဩလေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်။
"ဟီးဟီး၊ ဒီနတ်မယ်ဘယ်လောက်စွမ်းအားကြီးလဲ နင်တို့သိပြီမဟုတ်လား။ ငါ့စွမ်းအားပြန်ပြည့်လာတဲ့အခါ နင်တို့ကိုဦးဆောင်ပြီး ယွမ်ကျိကို တိုက်ခိုက်မယ်။ ဒါမှ ဘယ်သူအသန်မာဆုံးလဲ သူသိသွားမှာ"
ဆေးဘုရင်များ စိတ်အားထက်သန်စွာ လက်ခုပ်တီးသည်။ နတ်မယ်သည် စွမ်းအားကြီးပြီး ယုံကြည်အားကိုးရသည်ဟု တွေးနေကြသည်။
"နတ်မယ်က လောလောဆယ် လုယန်ကိုယ်ထဲမှာ စွမ်းအားပြန်ဖြည့်နေတာလား"
"နင်ပြောတာ တစ်ဝက်ပဲမှန်တယ်။ စွမ်းအားဖြည့်ရုံသက်သက်မဟုတ်ဘူး။ သူ့အတွက် စမ်းသပ်မှုမျိုးစုံဖန်တီးပေးတယ်။ ဒီစမ်းသပ်မှုတွေကို ဖြတ်ကျော်နိုင်တာနဲ့ ငါသူ့ကို အမွေခံအဖြစ် ခန့်အပ်မယ်။
ဩဇာရလာတဲ့ခံစားချက်ကို လုယန် တွေ့ကြုံခံစားနိုင်ဖို့ တာအိုလမ်းစဉ်ဂိုဏ်းချုပ်အဖြစ် သုံးရက်လုပ်ခွင့်ပေးခဲ့တယ်။ အမြင့်ဆုံးဩဇာကို ယူခိုင်းတယ်။ ခမ်းနားထည်ဝါမှု ခံစားခိုင်းတယ်။ သုံးရက်ပြည့်ပြီးတော့ သူ့ဂိုဏ်းတူအကိုအမတွေအားလုံး သူနဲ့လာတွေ့ဖို့ တန်းစီစောင့်ကြရတယ်။
သူ့ကျင့်ကြံမှုကို ငါလမ်းညွှန်ပေးတယ်။ ရှေးဟောင်းလျှို့ဝှက်ချက်တွေပြောပြတယ်။ တစ်လက်မမြေချုံ့ပညာ၊ ကောင်းကင်မျိုမြေစားပညာလို အဆင့်မြင့်ပညာတွေ သင်ပေးတယ်။ သူ့ခန္ဓာကိုယ်ကိုသုံးပြီး အင်အားကြီးပြိုင်ဘက်တွေကို စိန်ခေါ်တိုက်ခိုက်တယ်။ ပြိုင်ဘက်ကင်းစိတ်ဓာတ်ကို ငါတည်ဆောက်ပေးခဲ့တယ်။
အခု လုယန်က ငါ့လမ်းညွှန်မှုအော်ကမှ အမြဲတမ်းပထမဖြစ်ခဲ့တဲ့ ပြိုင်ဘက်ကင်းရွှေသန္ဓေကို တည်ဆောက်ထားတယ်"
ဆေးဘုရင်များ ပါးစပ်အဟောင်းသားဖြစ်ကုန်သည်။ မသေမျိုးတစ်ယောက်၏ လမ်းညွှန်မှုခံယူရသည့် လုယန်အဖြစ်သည် မယုံနိုင်လောက်အောင် ကံထူးသည်ဟု တွေးနေကြသည်။
အလွန်တရာထူးခြားသည့် ကံဇာတာမျိုးဖြစ်သည်။
ပြိုင်ဘက်ကင်းသန္ဓေအကြောင်း မကြားဖူးသော်လည်း အမြဲတမ်းပထမဖြစ်ခဲ့သည့်ရွှေသန္ဓေဟု မသေမျိုးတစ်ယောက်က ပြောသည်။ ထိုသန္ဓေ၏စွမ်းအားကို ခန့်မှန်းကြည့်နိုင်သည်။
နတ်မယ်တမင်ဇာချဲ့နေခြင်းဖြစ်ကြောင်း လုယန်ပြောလိုက်ချင်သည်။ သို့သော် သေချာပြန်တွေးကြည့်လျှင်လည်း နတ်မယ်ပြောသည့်စကားက မှန်သလိုလိုရှိသည်။
ထိုသို့ပြောတတ်ဖို့ သူ့ကိုဘယ်သူသင်ထားသလဲ မသိ။
ကိုယ့်ကိုယ်ကို အမွှမ်းတင်နေသည့်နတ်မယ်စကားကို လုယန် ကြားဖြတ်ပြောလိုက်သည်။
"ကျုပ်တို့ ဆေးစိုက်ခင်းကိုလာတာ ထူးခြားတဲ့အဖိုးတန်မြေဆီလွှာမျိုး ရှိသလားမေးချင်လို့ပါ။ ကျုပ်ကျင့်ကြံဖို့အတွက် လိုအပ်တယ်"
*******************************************