ချီလင်မသေမျိုး
Vol. 22 Ch. 323
"ဪ ဒါနဲ့ ငါဒီမြေဆီလွှာလေး ရှာတွေခဲ့တယ်။ ပင်ကိုယ်ပွားမြေဆီတဲ့"
ချီလင်မသေမျိုး မသေမျိုးတိုက်ပွဲဇာတ်လမ်းကြောင့် အံ့အားသင့်နေရာမှ ပြန်အသိဝင်လာပြီး မူရင်းကိစ္စကို သတိရလာသည်။
"ပင်ကိုယ်ပွားမြေဆီ...မြေကြီးနည်းနည်းလေးနဲ့ မြစ်ရေကိုတာဆီးနိုင်တဲ့ ဒဏ္ဍာရီမြေဆီမျိုးလား"
လုယန် စာအုပ်များထဲတွင်သာ ဖတ်ဖူးခဲ့သည်။ ထူးဆန်းအံ့ဩဖွယ်အစွမ်းသတ္တိများကြောင့် 'မသေမျိုးမြေဆီ'ဟု ခေါ်ကြသည်။
ထာဝရနတ်မယ်က ပင်ကိုယ်ပွားမြေဆီကို သုံးလေးကြိမ်လှည့်ပတ်ကြည့်နေပြီးနောက် မူလဇစ်မြစ်ကို မှတ်မိသွားသည်။
"ဪ...ဒါက ကိုးဆမသေမျိုးဖန်တီးခဲ့တဲ့မြေဆီပဲ။ ရေနဲ့ထိရင် ပွားလာတယ်။ မြစ်ရေလျှံတာကို တားဆီးဖို့သုံးခဲ့တာ။
အရင်က မြစ်ရေစီးကြောင်းတွေက မတည်ငြိမ်ဘူး။ မကြာခဏရေလျှံတယ်။ လူနေအိမ်တွေကလည်း မြစ်ဘေးမှာတည်ဆောက်တာများတယ်။ လူနေအထူထပ်ဆုံးနေရာတွေပဲ။ မြစ်ရေလျှံတိုင်း ထိခိုက်ပျက်စီးမှုတွေ အများကြီးရှိတယ်။ နောက်ပိုင်းပြန်လည်ထူထောင်ရတာတွေက အရမ်းခက်ခဲတယ်။
မျိုးနွယ်ကြီးတွေမှာက မြစ်ရေတားဆီးနိုင်တဲ့ စွမ်းအားမြင့်ကျင့်ကြံသူတွေရှိတော့ ဘာမှမဖြစ်ကြဘူး။ ဒါပေမယ့် အလတ်တန်းမျိုးနွယ်နဲ့ မျိုးနွယ်ငယ်တွေ ဒုက္ခရောက်ကြတယ်။ ကျင့်ကြံသူတွေကလည်း မြစ်ရေထိန်းချုပ်နိုင်လောက်အောင် စွမ်းအားမကြီးကြဘူးလေ။
ကိုးဆမသေမျိုးက အကြီးဆုံးမျိုးနွယ်ဖြစ်တဲ့ လျန်ရှန်းမျိုးနွယ်က လာပေမယ့် မျိုးနွယ်အားလုံးကို တန်းတူဆက်ဆံတယ်။
မသေမျိုးဖြစ်ပြီးတဲ့နောက် ရေလျှံတဲ့ပြဿနာကို ဖြေရှင်းဖို့ ရေနဲ့ထိရင်ပွားလာနိုင်တဲ့ မြေဆီတစ်မျိုးဖန်တီးတယ်။ အဲဒါ ဒီမြေဆီမျိုးပဲ။
အဲ..ဒါပေမယ့် လုယန်၊ ဒီပင်ကိုယ်ပွားမြေဆီကို နင်စားလို့မဖြစ်ဘူး"
နတ်မယ် သတိပေးသည်။
"ဘာဖြစ်လို့လဲ"
နတ်မယ်က လုယန်ကို သနားသည့်အကြည့်ဖြင့်ကြည့်သည်။
"ဒီမြေဆီက ရေနဲ့ထိရင် ပွားလာတယ်လေ။ တံတွေးရည်လည်းအတူတူပဲ။ နင်နည်းနည်းစားလိုက်ရုံနဲ့ ချက်ချင်းပွားလာပြီး တစ်ကိုယ်လုံးပြည့်သွားမှာ"
"ဒါဆိုရင်လည်း နေပါစေတော့"
လုယန် ပင်ကိုယ်ပွားမြေဆီနားမှ ခွာလိုက်သည်။
သုံးရွက်ကြယ်မြက်နှင် ကပ်ဆုံးပန်းတို့လည်း နောက်ထပ် အဖိုးတန်မြေဆီနှစ်မျိုး ယူလာကြသည်။ လုယန်ချက်ချင်းစားလိုက်သည်။ သို့သော် အာနိသင်မထူးခြား။
"အလုပ်မဖြစ်ဘူး"
မြေဆီသုံးမျိုး၏ အာနိသင်သည် ရုပ်ခန္ဓာတိုးတက်ရုံလောက် မဖြစ်သင့်။
"နည်းနည်းထပ်စားကြည့်ပါဦးလား"
နတ်မယ် လက်မလျှော့ချင်သေး။
ယူလာသမျှမြေကြီးအားလုံး လုယန်စားလိုက်သည်။ ဘာမှမထူးခြား။
မလုံလောက်သေးဟု ယူဆသဖြင့် ဆေးဘုရင်လေးများကို မြေကြီးထပ်ရှာပေးဖို့ တောင်းဆိုသည်။ အရုဏ်တက်ချိန်အထိ သူဆက်စားသည်။ သို့သော် ထူးခြားမှုကို မခံစားရ။
"နတ်မယ်၊ ဒီကောင်းကင်မျိုမြေစာပညာက ယုံရောယုံကြည်ရလို့လား"
နတ်မယ်လှည့်စားနေသလားဟု လုယန် သံသယဝင်လာသည်။
"ဘာလို့မယုံကြည်ရမှာလဲ။ ဒါငါ့ကို ချီလင်မသေမျိုးသင်ပေးခဲ့တဲ့ ထောင်ထျဲ့နတ်စွမ်းအားပညာပဲ"
ရုတ်တရက် လုယန် မကောင်းသည့်အာရုံကို ခံစားလိုက်ရသည်။
"နေပါဦး၊ ခင်ဗျားကို ဒီပညာသင်ပေးတာ ချီလင်မသေမျိုးလား"
"ဟုတ်တယ်လေ"
"ဘယ်အချိန်သင်ပေးတာလဲ။ သူ့လက်ထပ်ပွဲ ပြီးမှလား"
နတ်မယ်မျက်နှာတွင် အံ့ဩရိပ်ပေါ်လာသည်။
"နင်ဘယ်လိုသိတာလဲ။ သူလက်ထပ်ပြီး သိပ်မကြာခင်မှာ ငါ့ဆီလာပြီးမေးတယ်။ ထောင်ထျဲ့မျိုးနွယ်ရဲ့ ရှေးဟောင်းနတ်စွမ်းအားပညာတစ်ခု သင်ချင်သလားတဲ့။ ပညာသင်တယ်ဆိုတာ ရှုံးစရာမှမရှိတာပဲလို့ ငါပြောလိုက်တယ်။
ကောင်းကင်မျိုမြေစားပညာက သင်ဖို့မခက်ပါဘူး။ ငါချက်ချင်းတတ်ပါတယ်။ နောက်ပိုင်း မြေကြီးစားချင်သလားလို့ ချီလင်မသေမျိုးက ငါ့ကိုမေးတယ်။ မသေမျိုးဖြစ်နေပြီးမှ မြေကြီးစားလို့ ဘာအသုံးဝင်မှာလဲလို့ ငါပြန်မေးလိုက်တယ်။ သူစိတ်ပျက်ပြီးပြန်သွားတယ်"
လုယန် ခဏအသံတိတ်နေပြီးနောက် မရဲတရဲပြန်မေးသည်။
"နတ်မယ်၊ ဒီထောင်ထျဲ့မျိုးနွယ်အကြောင်း ရှေးကျမ်းစာတွေမှာဖတ်ဖူးတယ်လို့ ခင်ဗျားပြောတယ်နော်။ အဲဒီ့စာအုပ်တွေမှာ မြေကြီးစားရင် ကျင့်စဉ်ပါရမီတိုးတက်နိုင်တယ်လို့ ပြောထားလား"
"ဟင့်အင်း...အဲဒါက ငါ့ကိုချီလင်မသေမျိုးပြောပြတာ"
လုယန် - "...."
သဘောပေါက်သွားသည်။ ကောင်းကင်မျိုမြေစားပညာသည် တကယ်မြေကြီးစားသည့်ပညာဖြစ်သည်။ ထောင်ထျဲ့မျိုးနွယ်လည်း တကယ်မြေကြီးစား၍ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ သို့သော် မြေကြီးစားလျှင် ကျင့်စဉ်ပါရမီတိုးတက်သည်ဟူသည့် ဖော်ပြချက်မျိုး လုံးဝမရှိ။
ချီလင်မသေမျိုးက ထာဝရနတ်မယ်ကို လက်စားချေလိုခြင်းသာဖြစ်သည်။ ဤပညာတမင်သင်ပေးပြီး ကျင့်စဉ်ပါရမီတိုးတက်စေသည်ဟု နတ်မယ်စိတ်ဝင်စားအောင်ပြောသည်။ မြေကြီးစားဖြစ်အောင် ကြံစည်သည်။
သို့မှသာ နတ်မယ်မြေကြီးစားသည့်အကြောင်း လောကထဲတွင်ဖြန့်၍ သူလှောင်ရယ်နိုင်မည်ဖြစ်သည်။
သို့သော် အသိရိုးရှင်းသည့်နတ်မယ်က သူ့ထောင်ချောက်ထဲသို့မရောက်။
နှစ်သုံသိန်းအကြာတွင် ချီလင်မသေမျိုးပြင်ဆင်ခဲ့သည့် ထောင်ချောက်ထဲသို့ လုယန် အမှတ်မထင်ကျသည်။ တစ်ညလုံးမြေကြီးစားလိုက်ရသည်။
ချီလင်မသေမျိုး....ခင်ဗျားက နတ်မယ်ကို လှည့်စားမရလို့ ကျုပ်ကိုလှည့်စားဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ဒီအကြွေးကို ကျုပ်မှတ်ထားမယ်။
.........
အားလုံး ဆုံစည်းရာသို့ရောက်ချိန်အထိ လုယန်ကို မတွေ့ကြရသေး။
လိုက်ရှာရန် တွေးနေချိန်တွင် လုယန် ဒယိမ်းဒယိုင်ဖြင့် ရောက်လာသည်။ မျက်နှာကလည်း ဖြူရော်နေသည်။
"မင်းဘာဖြစ်တာလဲ။ အိပ်နေရင်း ရွှံ့တွင်းထဲ ပြုတ်ကျခဲ့တာလား"
သူ့ရုပ်ရည်ကိုကြည့်၍ မုန်ကျင်းကျိုး လန့်သွားသည်။
လုယန် အေးအေးလူလူ လက်ဝှေ့ယမ်းပြသည်။
"ဘာမှမဟုတ်ပါဘူး။ မှော်ပညာတစ်ခုလေ့လာရင်း နည်းနည်းနည်းလမ်းလွဲသွားတာပါ။ ကျင့်စဉ်လမ်းမှာ ဒါမျိုးကဖြစ်နေကျပဲ"
ရွှေသန္ဓေအဆင့်များ အိပ်ဖို့မလို၍သာတော်တော့သည်။ မဟုတ်လျှင် ယခုချိန်ထိ သူမျက်လုံးဖွင့်နိုင်မည်မဟုတ်။
"မင်းတကယ်အဆင်ပြေရဲ့လား"
ပဉ္စမအကြီးအကဲကလည်း စိုးရိမ်စိတ်ဖြင့်မေးသည်။
"တကယ်ပြေပါတယ်"
"ကောင်းပြီလေ"
အကြီးအကဲ သူ့အင်္ကျီလက်ထဲမှ ယာဉ်ပျံတစ်စင်းထုတ်၍ ညင်သာစွာပစ်လွှတ်လိုက်သည်။ အရွယ်အစားက တကယ့်ခရီးသွားလှေပျံအရွယ်သို့ ပြန့်ကားလာသည်။
ယာဉ်ပျံပွင့်သွားပြီး ထိုင်ခုံများနှင့် အတွင်းပိုင်းအသုံးအဆောင်မျိုးစုံပေါ်လာသည်။
ပဉ္စမကြီးအကဲသဘောကျဆုံး ယာဉ်ပျံဖြစ်သည်။ လှေပျံတစ်စင်းထက် ကုန်ကျစရိတ်ပိုများသည်။
"တက်ကြ"
အားလုံး ယာဉ်ပျံပေါ်တက်ပြီးနောက် တံခါးပိတ်သွားသည်။
"အားလုံး ထိုင်ခုံမှာထိုင်ပြီး ခါးပတ်ပတ်ထားပါ"
အကြီးအကဲက ရှေ့ဆုံးတွင်ထိုင် တည်ငြိမ်သည့်လေသံဖြင့်ပြောသည်။
ရည်ရွယ်ချက်ကို နားမလည်ကြသော်လည်း လူအားလုံး ပြောသလိုလိုက်လုပ်သည်။
အကြီးအကဲ ခေါင်းတစ်ချက်ငြိမ့်၍ လက်ညှိုးနှင့်လက်ခလယ်ကို မြှောက်ပြီး ယာဉ်ပျံကိုအသက်သွင်းသည်။
ပြင်းထန်သည့်အားလှိုင်းတစ်ခု ကျလာသလို ခံစားကြရသည်။ လူအားလုံး နေရာမှမလုပ်နိုင်ကြ။
ဖိအားက ကြီးမားလွန်းသဖြင့် လုယန် အံကိုတင်းတင်းကြိတ်၍ စွမ်းအားကုန်သုံးသည်။ သို့သော် လုံးဝမလှုပ်နိုင်။ သူ့ခန္ဓာကိုယ်ပတ်လည်တွင် စွမ်းအင်ဒိုင်းတစ်ခု တည်ဆောက်ရန်ကြိုးစားသည်။ သို့သော် မြန်လွန်းသည့်အရှိန်ကြောင့် စွမ်းအင်က ချက်ချင်းပြိုကွဲသွားသည်။
နောက်ဆုံးတွင် ဖိအားပျောက်ကွယ်သွားသည်။ လေးယောက်လုံး ရှေ့သို့ခါးကိုင်း၍ ဒူးပေါ်လက်ထောက်၍ တည်ငြိမ်အောင်ကြိုးစားရင်း အနားယူကြရသည်။
ကပ်ဆိုးတစ်ခုမှ လွတ်မြောက်လာသလို ခံစားရသည်။ ကိုးငရဲဂိုဏ်းနှင့် ရင်ဆိုင်စဉ်ကပင် ထိုမျှလောက်ဖိအားမရှိခဲ့။
ပဉ္စမအကြီးအကဲက သင်ပြသည်။
"မမျှော်လင့်တဲ့အခြေအနေတွေမှာ အလိုလိုတုံ့ပြန်တတ်အောင် လေ့ကျင့်စေချင်လို့ အရှိန်ကို ငါရုတ်တရက်မြှင့်လိုက်တာ။ ဒီခံစားချက်ကို မှတ်ထားကြပါ။ ကျင့်ကြံသူတွေဆိုတာ ကိုယ့်ဘေးပတ်လည်မှာ ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကို အမြဲတမ်းသတိထားကြရတယ်။
ငါငယ်ငယ်က နေရာစုံကလာတဲ့ ဥပဒေအရာရှိတွေနဲ့ မကြာခဏလှေပျံစီးပြိုင်ခဲ့တယ်။ ဘယ်သူမှငါ့ကို မဖမ်းနိုင်ဘူး"
လေးယောက်သား အကြီးအကဲကို သတိဖြင့်ကြည့်ကြသည်။ ယခုအကြီးဆုံးအန္တရာယ်က သူကိုယ်တိုင်ဖြစ်ကြောင်း ခံစားကြရသည်။
ယာဉ်ပျံအရှိန်က မယုံနိုင်လောက်အောင်မြန်ဆန်သည်။ အစောပိုင်းက အသစ်တတ်မြောက်ထားသည့် ကောင်းကင်မျိုပညာာကို လုယန်ကြွားလုံးထုတ်ချင်ခဲ့သည်။ သို့သော် အကြီးအကဲ၏စကားသံပေါ်လာသည်။
"ရောက်ပြီ"
မုန်ကျင်းကျိုး ငုံ့ကြည့်သည်။ အောက်ဘက်မှ ယန်ကျန်းကောင်တီကို မြင်လိုက်ရသည်။
သူတို့ယာဉ်ပျံက ကောင်တီအပေါ်တည့်တည့်တွင် ဖြတ်ပျံနေသည်။ သာမန်မျက်လုံးဖြင့် လုံးဝမြင်ရမည်မဟုတ်။
လုယန်တို့လေးယောက် အချင်းချင်းကြည့်ကြသည်။ အောက်သို့ဆင်းဖို့နည်းလမ်း အပြေးတစ်ပိုင်းစဉ်းစားသည်။
ရွှေသန္ဓေအဆင့်ရောက်သူများသာ ပျံသန်းနိုင်စွမ်းရှိသည်။ လီဟော်ယန်နှင့် ချင်ယန်ယန်က ထိုအဆင့်မရောက်သေး။ လုယန်က အမြင့်ကြောက်သည်။
ဘယ်လိုဆင်းကြမည်နည်း။
အကြီးအကဲ သူ့နဖူးသူတစ်ချက်ရိုက်လိုက်သည်။
"မင်းတို့ကို ငါခေါ်သွားပေးပါ့မယ်ကွာ"
သူ့အင်္ကျီလက်တစ်ချက်ယမ်းလိုက်သည်နှင့် လုယန်ဘာမှ တုံ့ပြန်ချိန်မရဘဲ အားလုံးအမှောင်ကျသွားသည်။ မျက်လုံးပြန်ဖွင့်လာချိန်တွင် အသားကင်ဆိုင်ကြမ်းပြင်ပေါ် လဲလျောင်းနေသည့်အဖြစ်ကို သူ့ဘာသာသတိထားမိသည်။ သူ့ဘေးနှစ်ဘက်တွင် လီဟော်ယန်နှင့် ချင်ယန်ယန်ရှိသည်။
"ဘာဖြစ်သွားတာလဲ။ အကြီးအကဲလည်း စကြာဝဠာအင်္ကျီလက်ပညာကို တတ်ထားတာလား"
လုယန် အံ့အားသင့်သွားသည်။ ထိုပညာသည် အလွန်တတ်မြောက်ဖို့ခက်သည့် နတ်စွမ်းအားပညာမျိုးဖြစ်သည်။
နတ်မယ်က ခပ်တိုးတိုးပြောည်။
"မဟုတ်ပါဘူး။ သူကနင်တို့အားလုံးကို သတိမေ့အောင်လုပ်ပြီး ဒီအထိသယ်လာတာပါ"
***********************************