← Chapters

သံသယရှိစရာမလို

Vol. 22 Ch. 325

သံသယရှိစရာမလို

Vol. 22 Ch. 325

အကြီးအကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ဤအာနိသင်တစ်ခုတည်းဖြင့်ပင် သန့်စင်ယန်မီးတောက်စစ်ကို မီးတောက်စစ် ၁၀၈ မျိုးထဲတွင် ပထမအဆင့်အဖြစ် သတ်မှတ်နိုင်သည်။

မီးတောက်စစ် ၁၀၈ မျိုးသည် မတူညီသည့်လုပ်ဆောင်ချက်ကိုယ်စီရှိသည်။ တစ်ချို့က စွမ်းအားနည်းသည်။ သေမျိုးများကိုပင် ထိခိုက်အောင်မလုပ်နိုင်။ သို့သော် လေဟာနယ်မီးရှို့ရာတွင် အလွန်ထိရောက်သည်။ တစ်ချို့မီးတောက်စစ်များက စွမ်းအားပြင်းသော်လည်း ထိန်းချုပ်ဖို့မလွယ်။ ဖောက်ခွဲဖို့သာသုံးရသည်။ တစ်ချို့က အသားကိုလောင်ကျွမ်းနိုင်စွမ်းမရှိ၊ ဝိညာဉ်ကိုလောင်ကျွမ်းသည်။ ထိုသို့ အာနိသင်ကိုယ်စီ ကွဲပြားနေသဖြင့် ဘယ်ဟာကို ပထမ၊ ဒုတိယဟု သတ်မှတ်ဖို့ ခက်ခဲသည်။

သို့သော် မီးတောက်စစ်ဖြင့် ယောက်ျားအားကို တိုးတက်စေသည်ဆိုလျှင် တစ်ခြားဘယ်သူမှထုတ်ပြောရဲမည်မဟုတ်သော်လည်း ပဉ္စမအကြီးအကဲက သန့်စင်ယန်မီးတောက်စစ်ကိုသာ ထောက်ခံအားပေးပေလိမ့်မည်။

"မင်းရဲ့မီးတောက်စစ်ကို မီးစေ့အဖြစ် တည်ငြိမ်အောင်လုပ်နိုင်မလား ငါလေ့လာကြည့်မယ်။

ပြီးတော့ မင်းရဲ့ရသာသုံးမျိုးမီးတောက်စစ်ကိုလည်း လေ့လာကြည့်မယ်"

(**'မီးစေ့'ကို မီးသန္ဓေဟုဘာသာပြန်လျှင် ပိုသင့်တော်သော်လည်း Etran အတိုင်း တိုက်ရိုက်ဘာသာပြန်လိုက်ပါသည်)

အကြီးအကဲက လုယန်နှင့်မုန်ကျင်းကျိုးထံမှ မီးတောက်စစ်နှစ်မျိုးကိုယူပြီး အဆက်မပြတ်လောင်ကျွမ်းနိုင်မည့် မီးစေ့များအဖြစ် ဖန်တီးကြည့်သည်။ ထိုသို့မလုပ်လျှင် လုယန်တို့နှစ်ယောက် အော်တိုအသားကင်ဖိုကို အပူပေးဖို့ ဝိညာဉ်စွမ်းအင်များ အဆက်မပြတ်ထည့်သွင်းနေရမည်။ 'အော်တိုမှော်စက်ဝန်း'၏ ရည်ရွယ်ချက်နှင့် ကိုက်ညီတော့မည်မဟုတ်။

"မီးတောက်နှစ်မျိုးကို ပေါင်းစပ်လိုက်တာ အကောင်းဆုံးဖြစ်မယ်"

အကြီးအကဲ စဉ်းစားနေသည်။ ယန်ကျန်းသို့ရောက်ရောက်ချင်း စိန်ခေါ်မှုတစ်ခုကြုံရသဖြင့် အံ့ဩနေမိသည်။

"မီးတောက်စစ်နှစ်ခုကို ပေါင်းလို့ရလား"

ချင်ယန်ယန် တအံ့တဩမေးသည်။ ထိုနည်းလမ်းမျိုး သူတစ်ခါမှမကြားဖူး။

ပဉ္စမအကြီးအကဲ မော့မကြည့်ဘဲ ပြန်ဖြေသည်။

"ရနိုင်တယ်။ သမိုင်းမှတ်တမ်းအရ မီးတောက်စစ်နှစ်မျိုးသုံးမျိုးပေါင်းပြီး အံ့ဩလောက်စရာစွမ်းအားနဲ့ ရန်သူကိုပစ်လွှတ်တိုက်ခိုက်တဲ့လူတွေ ရှိခဲ့ဖူးတယ်။ ကျင့်စဉ်အဆင့်မြင့်တဲ့လူတွေကို စိန်ခေါ်တိုက်ခိုက်တဲ့နေရာမှာ အတော်လေးထိရောက်တယ်။

ကဲ...မင်းတို့အားလုံး အပြင်ထွက်ကြ။ ငါတစ်ယောက်တည်း လေ့လာချင်တယ်"

အကြီးအကဲက သူတို့လေးယောက်ကို နှင်ထုတ်သည်။

......

အဆင့်မြင့်စွမ်းအားရှင်သုံးယောက် ယန်ကျန်းသို့ရောက်လာသည်။ စွမ်းအင်ရောင်ကိုဖုံးကွယ်၍ လူအုပ်နှင့်ရောနှောပြီး ခရီးသွားကုန်သည်များအဖြစ် ဟန်ဆောင်ထားသည်။

"ခေါင်းဆောင်၊ မြေပုံအရ ယန်ကျန်းဆိုတာ ဒါပဲဖြစ်မယ်"

"အင်း၊ နေရာတစ်ခုအရင်ရှာကြတာပေါ့"

သုံးယောက်သား စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းထဲသို့ ဝင်ခဲ့ကြသည်။ အာရုံမခံနိုင်စေရန် မှော်စက်ဝန်းများကာသည်။ ထို့နောက် ရုပ်ဖျက်ထားသည့်အသွင်ကို ဖယ်ရှားလိုက်ကြသည်။

ထိုသုံးယောက်က တစ်ခြားမဟုတ်။ ကိုးငရဲဂိုဏ်းဒုဂိုဏ်းချုပ် ကျောက်ရိုးနှင့် သူ့လက်ထောက်နှစ်ယောက်ဖြစ်သည်။ တစ်ယောက်က ကျောက်ရိုးထံသို့ ချင်ဟော်ရန်၏အကြွေးစာချုပ် ယူလာခဲ့သည့် ဝိညာဉ်ပြောင်းအဆင့်ကျင့်ကြံသူ ဟော်ဟွာရှန်းဖြစ်သည်။

သီးသန့်ခန်း၏ ခန်းဆီးကို ကျောက်ရိုး မ,လိုက်သည်။ ပြတင်းပေါက်မှကြည့်လျှင် မျက်စောင်းထိုးမှ 'နောက်တစ်ခေါက်'အသားကင်ဆိုင်ကို မြင်နေရသည်။

ညနေစောင်းပြီဖြစ်၍ အသားကင်ဆိုင်က စည်ကားနေသည်။ အဝင်တံခါးတွင် လူတန်းရှည်ကြီးရှိနေသည်။

"လူများလှချည်လား"

ကျောက်ရိုး အံ့အားသင့်သွားသည်။ အသားကင်ဆိုင်သည် ကောင်းကင်ရုံးတော်ဂိုဏ်းနှင့် ဆက်သွယ်ရမည့်နေရာဖြစ်၍ ခပ်လျိုလျိုရှိနေသင့်သည်ဟု သူယူဆသည်။

ယခု ပြောင်းပြန်ဖြစ်နေသည်။ လမ်းမှန်ဂိုဏ်းများတွေ့သွားမည်ကို မကြောက်သည့်သဘော ကောင်းကင်ရုံးတော်ဂိုဏ်း၏စွမ်းအားကို ပြသနေခြင်းလားမသိ။

‌ကျောက်ရိုး အကြည့်ကိုပြန်ရုတ်သိမ်း၍ လက်ထောက်နှစ်ယောက်ကိုကြည့်လိုက်သည်။

"ဂိုဏ်းချုပ်ပေးလိုက်တဲ့တာဝန်က ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့အင်အားနဲ့ အလားအလာကို ငါတို့သေချာစုံစမ်းဖို့ပဲ။ ပူးပေါင်းနိုင်ခြေရှိရင် ဂိုဏ်းချုပ်ကိုယ်စား ငါက သူတို့နဲ့သဘောတူညီမှုယူခွင့်ရှိတယ်။

မင်းတို့နှစ်ယောက်က ငါယုံကြည်ရတဲ့လက်ထောက်တွေပါ။ ဒီတော့ အမှားအယွင်းလုံးဝမဖြစ်စေနဲ့။

ဟော်ဟွာရှန်း၊ မင်းက ကောင်းကင်ဂိုဏ်းနဲ့ ပထမဆုံးဆက်သွယ်ခဲ့တဲ့လူ။

ကျိုးရှန်၊ မင်းက ငါတို့ဂိုဏ်းမှာ ရှေးဟောင်းခေတ်သမိုင်းကို အနှံ့စပ်ဆုံးလူပဲ"

"ကျုပ်တို့အခု ကောင်းကင်ရုံးတော်ဂိုဏ်းနဲ့ သွားဆက်သွယ်ကြမလား"

ကျောက်ရိုး ခေါင်းခါသည်။

"အလျင်မလိုနဲ့။ ခဏစောင့်ကြည့်သေးတာပေါ့။ မင်းတို့နှစ်ယောက် ဒီအသားကင်ဆိုင်ရဲ့နောက်ကြောင်းကို စုံစမ်းပါ။ သံသယဖြစ်စစရာရှိမရှိကြည့်ပါ"

"ဟုတ်ကဲ့"

လက်ထောက်နှစ်ယောက် သံပြိုင်ဖြေ၍ အခန်းထဲမှ ထွက်သွားကြသည်။

ထို့နောက် သိပ်မကြာမီ ကျောက်ရိုးလည်း အခန်းထဲမှ ထွက်သည်။ ဆိုင်ဝန်ထမ်းက သူ့ကို ဘေလ်စာရွက် လှမ်းပေးသည်။

"ဆရာ့ရဲ့မိတ်ဆွေနှစ်ယောက် ထွက်သွားပါပြီ။ ဒါက ဆရာရှင်းရမယ့် အခန်းခပါ"

ကျောက်ရိုး မျက်နှာတင်းသွားသည်။ အစကတည်းက သူ့လက်ထောက်နှစ်ယောက် အခန်းခကြိုရှင်းပေးသွားသင့်သည်မဟုတ်ပါလော။

....

"ကျိုးရှန်၊ ရှေးဟောင်းသမိုင်းနဲ့ပတ်သက်လို့ မင်းကဗဟုသုတအများဆုံးလို့ ပြောကြတယ်။ အခုလက်ရှိ ရှေးဟောင်းခေတ်သမိုင်းနဲ့ပတ်သက်လို့ နောက်ဆုံးသိရတဲ့အချက်အလက်ကဘာလဲ"

ကျိုးရှန်ခေါင်းငြိမ့်သည်။

"မသေမျိုးတွေနဲ့ပတ်သက်တဲ့အကြောင်းတွေ သိထားတယ်"

"ဘယ်လိုအကြောင်းလဲ"

ကျိုးရှန်က ဘေးပတ်လည်ကို စိတ်မချဟန်ဖြင့် တစ်ချက်ကြည့်သည်။ ဘယ်သူမှမကြားနိုင်အောင် သိစိတ်အာရုံဖြင့် လှမ်းပြောသည်။

"ငါကြားတာက ကောလဟာလတစ်ခုပါ။ မှန်ချင်မှလည်းမှန်မယ်"

"ကိစ္စမရှိပါဘူး။ ငါ့ဘာသာသုံးသပ်ကြည့်ပါ့မယ်"

ဟော်ဟွာရှန်းက ပြောသည်။

"ရှေးဟောင်းခေတ်တုန်းက ယင်ထန်ဆိုတဲ့ မသေမျိုးတစ်ယောက်ရှိခဲ့တယ်။ ရုပ်ရည်အတော်ချောပြီး သူ့မျိုးစေ့တွေနေရာတိုင်းမှာ ချန်ခဲ့တယ်။ မိန်းမတွေအများကြီး ကိုယ်ဝန်တည်ခဲ့တယ်တဲ့"

ဟော်ဟွာရှန်း၏လည်ပင် နောက်သို့နည်းနည်းတွန့်သွားသည်။

"အဲဒါဖြစ်နိုင်ခြေရှိလား"

ကျိုးရှန် ဆက်ပြောသည်။

"ငါသုံးသပ်မိသလောက် ရှစ်ဆယ်ရာနှုန်း မှန်နိုင်ခြေရှိတယ်။ စဉ်းစားကြည့်လေ။ သူက ကျင့်ကြံမှုမှာ ထိပ်ဆုံးအဆင့်ရောက်နေတဲ့ မသေမျိုးတစ်ယောက်ပဲ။ တစ်ခြားဘာမှလုပ်စရာမရှိတော့ ဒီလိုဝါသနာမျိုးရှိနေတာ မဆန်းပါဘူး"

ကျိုးရှန်သုံးသပ်ချက် ယုတ္တိရှိသည်ဟု ဟော်ဟွာရှန်းယူဆသည်။

"ရှေးသမိုင်းကြောင်းကို မင်းအသိဆုံးလို့ပြောကြတာ အံ့ဩစရာမရှိတော့ပါဘူးလေ"

"အဲလိုလည်းမဟုတ်ပါဘူး"

ကျိုးရှန် ယဉ်ကျေးမှုအရ ပြုံးလိုက်သည်။

"ကဲ...စကားပြောမနေတော့ဘဲ အခုလုပ်ရမယ့်တာဝန်ကို အပြီးသတ်ရအောင်"

......

"ခေါင်းဆောင်၊ ကျုပ်တို့စုံစမ်းချက်အရ ဒီအသားကင်ဆိုင်က ပြဿနာနည်းနည်းတော့ရှိပါတယ်။

ဆိုင်ရှင်ရဲ့ မျိုးရိုးနာမည်က 'လု'ပါ။ သူ့နာမည်အစစ်ကို မသိကြဘူး။ ဖောက်သည်တွေက 'ဆိုင်ရှင်လု'လို့ ခေါ်ကြတယ်။

လွန်ခဲ့တဲ့လေးလက ဒီဆိုင်ကို သူဝယ်ပြီး အသားကင်ဆိုင်စဖွင့်တယ်။ အသားကင်အရသာက ထူးခြားတယ်။ ဝိညာဉ်စားဖိုမှူးတွေ လက်ရာကိုမီတယ်။ ဒါကြောင့် နာမည်ချက်ချင်းရလာတယ်။

တစ်ခြားလူသာဆို ဒီလိုလုပ်ငန်းတိုးတက်လာရင် ဆိုင်ခွဲတစ်ခုခုဖွင့်ပြီးရောပေါ့။ ဒါပေမယ့် ဒီဆိုင်က လုံးဝစိတ်ကူးရှိပုံမရဘူး"

ကျောက်ရိုး ခေါင်းငြိမ့်သည်။

"သဘာဝကျပါတယ်။ ဒါက ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ အခြေစိုက်စခန်းပဲ။ ဆိုင်ခွဲတွေ ဘာလို့ဖွင့်နေမှာလဲ"

"ပြီးတော့ ဒီဆိုင်က နယ်ခံအရာရှိတွေနဲ့လည်း ဆက်ဆံရေးကောင်းတယ်။ မကြာခဏ တရားခံတွေကူဖမ်းပေးခဲ့တယ်။ နယ်ခံအာဏာပိုင်တွေက သူတို့ကို ဂုဏ်ပြုစာတန်းတစ်ချို့ ပေးထားတယ်"

"တော်ဝင်လမ်းနဲ့ အလွမ်းသင့်အောင်ပေါင်းရင် ပြဿနာတွေအများကြီး ရှောင်နိုင်တယ်။ ယန်ကျန်းက ကျင့်ကြံသူတွေက အဆင့်သိပ်မမြင့်ပါဘူး။ အမြင့်ဆုံးမှ ရွှေသန္ဓေအဆင့်ပဲရှိတာ။ ဒီတော့ ကောင်းကင်ရုံးတော်ရဲ့ သရုပ်မှန်ကို ခွဲခြားသိနိုင်မှာမဟုတ်ဘူး"

"ပြီးတော့ တစ်ချိန်က ထာဝရဂိုဏ်းရဲ့ ယန်ကျန်းဂိုဏ်းခွဲအကြီးအကဲတွေဟာ ဒီဆိုင်မှာ တစ်ခါလာစားဖူးတယ်လို့လည်း သိရပါတယ်"

ကျောက်ရိုး ခေါင်းငုံ့၍ စဉ်းစားသည်။

"ကောင်းကင်ရုံးတော်က ယန်ကျန်းဂိုဏ်းခွဲကို အသုံးချပြီး ထာဝရဂိုဏ်းထိပ်တန်းဂိုဏ်းဝင်တွေနဲ့ ဆက်သွယ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်မယ်။ ဒါပေမယ့် အဲလိုမလုပ်နိုင်ခင် တာအိုလမ်းစဉ်ဂိုဏ်းက ထာဝရဂိုဏ်းကို ရှင်းလင်းပစ်တယ်။ တကယ်စိတ်မကောင်းစရာပဲ"

"လွန်ခဲ့တဲ့လေးလေက ဆိုင်ရှင်လုရဲ့ ကျင့်စဉ်အဆင့်ဟာ အခြေတည်အစောပိုင်းအဆင့်လို့ သိရပါတယ်။ အပြင်ပန်းဟန်ပြလား တကယ့်ကျင့်စဉ်စွမ်းအားအစစ်လားဆိုတာတော့ သေချာမသိပါဘူး"

"အဲဒါက အရေးမကြီးပါဘူး"

"အသားကင်ဆိုင်က သုံးလပဲဖွင့်ပြီး ပိတ်သွားတယ်။ လွန်ခဲ့တဲ့ဆယ့်ငါးရက်လောက်ကမှ ပြန်ဖွင့်တယ်။ ထူးခြားတဲ့ အကင်သစ်တစ်မျိုးရောင်းတယ်။ ယောက်ျားအားတိုးစေတဲ့ အကင်တွေပါ။ စရောင်းကတည်းက ဒီကောင်တီတစ်ခုလုံးမှာ နာမည်ပေါက်သွားတယ်။

ဆောင်ကြာမြိုင်တွေမှာ သွားစုံစမ်းကြည့်တော့ ဖောက်သည်အရေအတွက် သိသိသာသာတိုးလာတယ်လို့ သိရပါတယ်။ ယောက်ျားအားတိုးဆေးအာနိသင်က တကယ်အစစ်ဖြစ်လောက်တယ်။

အသားကင်အရသာလည်း လွန်ခဲ့တဲ့သုံးလတုန်းကထက်တောင် ပိုကောင်းလာတယ်လို့ စားသုံးသူတွေက ပြောပါတယ်"

"လွန်ခဲ့တဲ့လဝက်လောက်ကမှ ဖွင့်တာတဲ့လား။ ဒါက ယာယီဂိုဏ်းစခန်းဖြစ်မယ်ထင်တယ်။ ငါတို့ဆက်သွယ်နိုင်အောင် အခွင့်အရေးပေးတဲ့အနေနဲ့ သူတို့ဆိုင်ပြန်ဖွင့်ပေးထားတာဖြစ်မယ်။

တကယ့်ဂိုဏ်းစခန်းအစစ်ကို သူတို့ထုတ်မပြသေးဘူးဆိုတော့ ငါတို့ကို အပြည့်အဝမယုံသေးတဲ့သဘောပဲ။

ဟုတ်ပြီလေ...အသားကင်ဆိုင်က သံသယဖြစ်စရာမရှိဘူးဆိုတော့ ငါတို့သွားလည်ပြီး အခြေအနေကြည့်ကြတာပေါ့"

*********************************

All Chapters