သုံးခေါက်ပြန်
Vol. 22 Ch. 326
"ယောက်ျားအားတိုးလို့ နာမည်ကျော်တဲ့အသားကင်ဆိုင်ဆိုတာ ဒါလား"
"ဟုတ်ပါတယ်။ မြန်မြန်ဝင်တန်းစီအောင်။ ကျုပ်တို့လာတာစောတယ်ထင်ခဲ့တာ။ အခု စောင့်ရဦးမယ့်သဘောပဲ"
"ဒီဆိုင်က လွန်ခဲ့တဲ့သုံးလကပိတ်သွားပြီး အခုမှပြန်ဖွင့်တာ။ လုပ်ငန်းက အရင်ထက်တောင် ပိုအောင်မြင်လာတယ်။ နွေဦးပွဲတော်တုန်းက ငါလာစားဖူးတယ်။ အရသာက သိပ်ကောင်းတယ်ကွ"
"ဒါဆို ဆိုင်တစ်ခုလုံး အသားကင်အရည်အသွေးမြှင့်ဖို့ သွားလေ့ကျင့်ပြီးမှ ပြန်လာတာဖြစ်နိုင်မလား"
"အဲလိုထင်ရတာပဲ"
"ဒီနေ့ စားပွဲတစ်ဝိုင်းရပါ့မလား။ တစ်ချို့ဆို လေးငါးရက်တန်းစီစောင့်ခဲ့တာတောင် ဆိုင်ထဲဝင်ခွင့်မရဘူးလို့ပြောတယ်"
.....
"အတော်အောင်မြင်တဲ့ဆိုင်ပဲ"
ကျောက်ရိုး ဆိုင်ရှေ့တွင်ရပ်ကြည့်နေသည်။ သူတို့တည်းခိုဆောင်မှမြင်ရသည်ထက်ပင် ဆိုင်လုပ်ငန်းက ပိုအောင်မြင်ကြောင်း သိလိုက်ရသည်။
ကိုးငရဲဂိုဏ်းတွင် စီးပွားရေးလုပ်ငန်းများစွာရှိသည်။ သို့သော် ဘယ်လုပ်ငန်းမှ ဤဆိုင်လောက် ဖောက်သည်မများ။
ဆိုင်တံခါးမှ တန်းစီနေသည့်လူတန်းက ဘေးဆိုင်၏ဂိတ်တံခါးထိရောက်ပြီး ပိတ်ဆို့နေသည်။
ထိုအဖြစ်ကို ဘေးဆိုင်ကလည်း ဒေါသမထွက်။ တန်းစီစောင့်နေသူများ စိတ်မရှည်လျှင် သူတို့ဆိုင်တွင် လာစားကြသဖြင့် အရင်ထက်ပိုရောင်းကောင်းသည်။
ဟော်ဟွာရှန်း သိစိတ်အာရုံမှ လှမ်းပြောသည်။
"အရင်က ဒီဆိုင်မှာ အရောက်ပို့ဝန်ဆောင်မှုလည်းရှိတယ်ပြောတယ်။ ဒါပေမယ့်အခု ဆိုင်မှာစားတဲ့လူများလွန်းလို့ အရောက်ပို့တဲ့လုပ်ငန်းကို ရပ်လိုက်ရတာတဲ့။
ဟိုနေ့က ကျိုးရှန်နဲ့ကျုပ် အရသာကို ကိုယ်တိုင်မြည့်ကြည့်ဖို့ ကြိုးစားတယ်။ ဒါပေမယ့် တန်းစီခွင့်မရလို့ ဆိုင်မှာစားဖူးတဲ့ ဖောက်သည်တွေကိုပဲ အကျိုးအကြောင်းမေးခဲ့ရတယ်"
ကျောက်ရိုး အေးစက်စက်နှာခေါင်တစ်ချက်ရှုံ့ပြီး ဆိုင်ဆီတန်းသွားသည်။
"မင်းတို့ကိုယ်မင်းတို့ ဘယ်သူလဲမေ့နေပြီလား။ ငါတို့က တန်းစီနေဖို့ လိုသေးလားကွ"
ဝိညာဉ်ပြောင်းအဆင့်နှစ်ယောက်နှင့် စုစည်းခြင်းဆင့်တစ်ယောက်သည် ဒုတိယ်တန်းစားဂိုဏ်းတစ်ခု တည်ထောင်နိုင်သည်။ ပထမအဆင့်ဂိုဏ်းသည်ပင် သူတို့ကို လေးလေးစားစားဖိတ်ခေါ်ရမည်။
ယခု သာမန်အသားကင်ဆိုင်လေးတစ်ခုသာဖြစ်သည်။ ကောင်းကင်ရုံးတော်ဂိုဏ်း၏ ဌာနချုပ်လည်းမဟုတ်။
"လူတစ်ယောက် ကြားဖြတ်ဝင်နေပြီဟေ့"
"ဟေ့၊ မင်းတို့သုံးယောက် ယဉ်ကျေးမှုမရှိဘူးလားကွ"
"ရိုင်းစိုင်းလိုက်တာ"
တန်းစီနေသူများ လှမ်းဆဲကြသည်။ သို့သော် ကျောက်ရိုးတို့သုံးယောက် အရေးမစိုက်။ ထိုစဉ် လှပသည့်သဏ္ဌာန်တစ်ခု သူတို့ရှေ့မှ လမ်းပိတ်ရပ်သည်။
"ရပ်လိုက်၊ တန်းစီရမယ်ဆိုတာ ရှင်တို့မသိဘူးလား"
တံခါးဝတွင်ရပ်နေသည့် ချင်ယန်ယန်၏မျက်လုံးတွင် ဒေါသရိပ်များ တောက်ပနေသည်။ ကျန်သည့်လူအားလုံး တန်းစီကြသည်။ ဘာကြောင့် ထိုသုံးယောက်က စည်းကမ်းမလိုက်နာသနည်း။
ချင်ယန်ယန် သူတို့ကိုမသိ။ ထင်းရှူးမြို့တွင်တွေ့ခဲ့စဉ်က ဟော်ဟွာရှန်း ကိုယ်ရောင်ဖျောက်ထားသည်။ လုယန်သာ သူရှိနေကြောင်း သိခဲ့သည်။
ကျောက်ရိုး ဒေါသပေါက်ကွဲမတတ်ဖြစ်လာချိန်တွင် ဟော်ဟွာရှန်းက သိစိတ်အာရုံမှ အမြန်လှမ်းပြောသည်။
"ခေါင်းဆောင်၊ သူက ဂိုဏ်းချုပ်ချင်လူဝင်စား ချင်ယန်ယန်ပါ"
"ဘာ"
ကျောက်ရိုး အံ့အားသင့်သွားသည်။ ချင်ဟော်ရန်သည် ကိုးငရဲဂိုဏ်းချုပ်အဖြစ် နှစ်ကိုးရာကြာခဲ့သည်။ သေသွားပြီးနောက်မှာပင် ဂိုဏ်းထဲတွင် သူ့ကိုလေးစားနေကြဆဲဖြစ်သည်။
ချင်ဟော်ရန်၏ လုပ်နည်းလုပ်ဟန်များနှင့် ကျင့်စဉ်စွမ်းအားက သူ့ထက်သာသည်။ ဂိုဏ်းချုပ်ဟောင်းအပေါ် ကျောက်ရိုး အတိုင်းအတာတစ်ခုထိ လေးစားသည်။
'ကောင်းကင်ရုံးတော်က ငါတို့ရောက်လာမှန်းသိလို့ ဂိုဏ်းချုပ်ချင်လူဝင်စားကို တမင်လွှတ်ပြီး တားခိုင်းတာဖြစ်မယ်။
သူ့တို့ဂိုဏ်းနယ်မြေဖြစ်လို့ သူတို့စည်းကမ်းကို လိုက်နာရမယ်လို့ ရည်ညွှန်းတဲ့သဘောလား။
ဂိုဏ်းချုပ်ချင်လူဝင်စားက စည်းကမ်းထိန်းသိမ်းနေလို့ ငါတို့နောက်ခံဘယ်လောက်ထူးခြားထူးခြား ကောင်းကင်ရုံးတော်ရှေ့မှာ ဘာမှမဟုတ်ဘူးလို့ ရည်ညွှန်းချင်တာလား'
ဉာဏ်ထက်သူကျောက်ရိုး နောက်ခံအဓိပ္ပါယ်ကို အမျိုးမျိုးစဉ်းစားသည်။
ကောင်းကင်ရုံးတော်ဂိုဏ်းကို သူတို့သွားစော်ကား၍မဖြစ်။ ရှေးဟောင်းခေတ်မှ ရောက်လာသူများဖြစ်သည်။ စွမ်းအားကြီးသည်။ အနည်းဆုံး ကူးဖြတ်ခြင်းအဆင့်တစ်ယောက်တော့ ရှိမည်။ သူ့လို စုစည်းခြင်းအဆင့်တစ်ယောက် သွားစော်ကား၍မဖြစ်။
"ငါတို့တန်းစီပါ့မယ်"
ကိုးငရဲဂိုဏ်း ထိပ်တန်းဂိုဏ်းဝင်သုံးယောက် လူတန်း၏နောက်ဆုံးတွင် သွားတန်စီရသည်။ ညာဉ့်နက်ပိုင်းအထိ သူတို့စောင့်ကြသည်။ သူတို့ရှေ့၌ လူလေးငါးယောက်သာ ကျန်တော့သည့်အချိန်တွင် ချင်ယန်ယန် တံခါးဝမှ ခေါင်းပြူထွက်လာသည်။
"စိတ်မကောင်းပါဘူးရှင်၊ အခုကျွန်မတို့ ဆိုင်ပိတ်ပါပြီ"
ကျောက်ရိုးမျက်နှာ တင်းမာသွားသည်။ သို့သော် ဒေါသမထွက်ရဲ။
"မနက်ဖြန်မှ ပြန်လာမှာပေါ့ကွာ"
..........
နောက်တစ်နေ့မနက်တွင် သူတို့သုံးယောက် ဆိုင်မဖွင့်မီ ရောက်လာကြသည်။
နေ့ခင်းပိုင်းတွင်တော့ ဆိုင်ထဲဝင်ဖို့ တန်းစီစောင့်စရာလိုမည်မထင်။
အသားကင်ဆိုင်တံခါး ဖွင့်ထားသည်။ ဆိုင်ထဲတွင် လုယန်နှင့် တပ်မှူးဝေတို့ ပြောဆိုရယ်မောနေကြသည်။
"ဂုဏ်ယူပါတယ် တပ်မှူးဝေ။...အင်းအခုတော့ တပ်မှူးချုပ်ဝေပေါ့လေ"
လုယန်ပြုံး၍ပြောသည်။ ကောင်တီနယ်စားကို ဖြုတ်ချပြီးနောက် တပ်မှူးချုပ်က ကောင်တီနယ်စားအဖြစ် ရာထူးတိုးသွားသည်။ တပ်မှူးဝေက တပ်မှူးချုပ်နေရာသို့ ရောက်လာသည်။ ဆယ်နှစ်လောက်အချိန်ကုန်သက်သာ၍ ချက်ချင်းရာထူးတိုးသွားခြင်းဖြစ်သည်။
တပ်မှူးချုပ်ဝေမျက်နှာလည်း ပြုံးရွှင်နေသည်။
"မင်းငါ့ကို မြှောက်ပင့်နေပြန်ပါပြီ။ တပ်မှူးချုပ်ဆိုတာ နာမည်သာအထင်ကြီးစရာကောင်းတာ။ နေ့တိုင်းသေမတတ်ပင်ပန်းတဲ့အလုပ်ပဲ။ ငါ့လစာကလည်း မင်းအသားကင်ဆိုင်ရဲ့ တစ်နေ့စာဝင်ငွေတောင်မရှိလောက်ဘူး"
လုယန် ဘာမှပြန်မပြောဘဲ ပြုံးနေသည်။ အမှန်တရားကို စကားမပြောဘဲ အသိအမှတ်ပြုသည်။
တပ်မှူးဝေ ထိုကိစ္စကိုဆက်မပြောဘဲ စကားလမ်းကြောင်းပြောင်းသည်။
"ငါရာထူးတိုးတာ မင်းတို့အသားကင်ဆိုင်ရဲ့ကျေးဇူးလည်းပါတယ်။ မင်းတို့ဆိုင်မှာလာစားတဲ့ မိတ်ဆွေတွေ ရန်ဖြစ်လို့ အဖမ်းခံရဖူးတယ်လေ။ သူတို့ကို ရက်ပိုင်းလောက် ထောင်ချနိုင်ခဲ့တယ်။ နောက်ပိုင်း ထာဝရဂိုဏ်းဖြိုခွဲခံရတော့ အဖွဲ့ဝင်စာရင်း တရားဝင်ထွက်လာတယ်။ ဖမ်းထားတဲ့လူတွေထဲကနှစ်ယောက်က ထာဝရဂိုဏ်းသားတွေဖြစ်နေတယ်။
ရှောင်လု၊ နောက်ဆို မိတ်ဆွေဖွဲ့တဲ့အခါ မင်းပိုပြီးသတိထားဖို့လိုမယ်။ အန္တရာယ်များတယ်ကွ။ သူတို့က ထာဝရဂိုဏ်းအတွက် လက်တုံ့ပြန်ဖို့ မင်းကိုပစ်မှတ်ထားလာနိုင်တယ်"
လုယန် ရယ်မော၍ သတိထားပါမည်ဟု ကတိပေးလိုက်သည်။
"အခုမင်းတို့ဆိုင်ဖွင့်တာ လဝက်ကျော်ပြီ။ ဒါပေမယ့် ဘယ်ရာဇဝတ်သားမှ ထောင်ချောက်ထဲဝင်မလာသေးတာ ဆိုးတယ်ကွာ။ အကြောင်းမသိတဲ့လူတစ်ယောက်ယောက် ဒါမှမဟုတ် ပိုကောင်းတာက နတ်ဆိုးဂိုဏ်းဝင်တစ်ယောက်ယောက် ဒီဆိုင်ကိုဝင်လာရင် သိပ်ကောင်းမှာပဲ။ အဲလိုဆို ငါ့ရဲ့တပ်မှူးချုပ်ရာထူး ပိုခိုင်မာလာမှာကွ"
ထိုသို့ပြောပြီး စကားမှားသွားမှန်းသိသဖြင့် တပ်မှူးချုပ်ဝေ ပြုံးလိုက်သည်။
"ငါပြောတာက မင်းတို့ဆိုင်ကို နတ်ဆိုးဂိုဏ်းဝင်တွေလာအောင် ကျိန်စာတိုက်သလို ဖြစ်နေပြီလားမသိဘူး"
ထိုသို့ပြောရင်း ဆိုင်တံခါးဝမှ ကျောက်ရိုးတို့သုံးယောက်ကို သူသတိထားမိသွားသည်။
"ဟိုလူသုံးယောက်က မင်းမိတ်ဆွေတွေလား"
"ဘယ်မှာလဲ"
လုယန် လှည့်ကြည့်လိုက်သည်။ သို့သော် ကျောက်ရိုးတို့လူစု မရှိတော့။
"ဘယ်သူမှမရှိပါလား"
"လမ်းသွားလမ်းလာတွေထင်ပါရဲ့"
....
"ကောင်းကင်ရုံးတော်ဂိုဏ်းက တကယ်ကြွားလုံးထုတ်ကြတာပဲ။ တော်ဝင်လမ်းကလူတွေနဲ့ ရယ်ရယ်မောမောပြောနေတယ်။ တပ်မှူးကလည်း နတ်ဆိုးဂိုဏ်းဝင်တွေကို ဖမ်းချင်တယ်ဆိုပဲ။ သူတို့သုံးနေတဲ့နည်းလမ်းကို ထုတ်ပြနေကြတာလား"
အစိုးရအရာရှိများနှင့် ကြိမ်ဖန်များစွာ ဆက်ဆံဖူးသဖြင့် ထိုတပ်မှူးအဆင့်တွင် တံဆိပ်တစ်ခုပိုင်ဆိုင်မှန်း ကျောက်ရိုးသိသည်။ မကိုင်တွယ်နိုင်သည့် ရန်သူတစ်ယောက်နှင့်ကြုံလျှင် ထိုတပ်မှူးက တံဆိပ်ကိုဖျက်ဆီးလိုက်မည်။ စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက် တပ်ကူရောက်လာလိမ့်မည်။
"ကျုပ်တို့ဘယ်လိုလုပ်မလဲ ခေါင်းဆောင်"
"ညရောက်မှာ နောက်တစ်ခါသွားတန်းစီကြတာပေါ့"
.........
"ငါတို့ဒီမှာ အယောင်ပြနေတာ လဝက်ကျော်ပြီ။ ကိုးငရဲဂိုဏ်းကလူတွေ ဘာလို့ရောက်မလာသေးတာလဲ"
မုန်ကျင်းကျိုး တွေးမရ။ ကိုးငရဲဂိုဏ်းမှလူများ ရောက်နေသင့်ပြီဟု သူထင်သည်။
"တူမလေး၊ တံခါးဝမှာ မင်းနေ့တိုင်းစောင့်ကြည့်နေတာ။ ကိုးငရဲဂိုဏ်းသားနဲ့တူတဲ့ တစ်ယောက်ယောက် မမြင်မိဘူးလား"
ချင်ယန်ယန် ရိုးသားစွာ ခေါင်းခါပြသည်။ တစ်ခါတစ်ရံ စည်းမရှိကမ်းမရှိ ကြားဖြတ်ဝင်လာသူများရှိသည်။ သို့သော် သူတစ်ခွန်းနှစ်ခွန်းပြောလိုက်သည်နှင့် အပိုးကျိုးကျိုး လူတန်းနောက်ဘက်တွင် သွားတန်းစီကြသည်။ ကိုးငရဲဂိုဏ်းသားများသည် ထိုမျှလောက် စည်းကမ်းလိုက်နာမည်မဟုတ်။
လုယန်လည်း တွေးရကြပ်နေသည်။ ကောင်းကင်ရုံးတော်ဂိုဏ်းကို လုပ်ကြံဖန်တီးခဲ့သည်။ ရှေးဟောင်းခေတ်အကြောင်း ဗဟုသုတရှိသည့်လူတိုင်း ယုံကြည်ကြမည်။ ကိုးငရဲဂိုဏ်းတွင်လည်း ထိုကဲ့သို့လူများ ရှိရမည်သာဖြစ်သည်။
ကောင်းကင်ရုံးတော်ကို ယုံကြည်လျှင် တစ်ယောက်ယောက်တော့ လွှတ်သင့်သည်။
"နည်းနည်းထပ်စောင့်ကြသေးတာပေါ့"
.....
ထိုနေ့ညတွင် သင်ခန်းစာရပြီးသွားသည့် ကျောက်ရိုးတို့လူစု စောစောစီးစီး လာတန်းစီသည်။ ဤတစ်ကြိမ် သူတို့ကံကောင်းပါသည်။ သူတို့ရှေ့တွင် လူနှစ်ဆယ်လောက်သာရှိသည်။
နေ့တစ်ဝက်လောက် စောင့်ပြီးနောက် သူတို့အလှည့်ရောက်လာသည်။
"သိုးသားကင်သုံးပေါင်ပေးပါ"